#Local_Sport
Published-6-8-2023
ရာသီကြိုခြေစမ်းပွဲစဉ်တွေက အသင်းရဲ့ ခြေစွမ်းကို ကျေနပ်အားရပေမယ့်ကြီးမားတဲ့အားနည်းချက် တွေကိုပြုပြင်ရဦးမယ်လို့ ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီကဆိုလိုက်ပါတယ်။ရီးရဲလ်အသင်းဟာ ရာသီကြို အဖွင့်ပွဲစဉ်မှာ အေစီမီလန်ကို ၃-၂ နဲ့အနိုင်ရပြီး မန်ယူကို၂-၀နဲ့ ဆက်နိုင်ခဲ့ပေမယ့် နောက်ပွဲစဉ်တွေမှာ ဘာစီလိုနာကို ၀-၃၊ ဂျူဗင်တပ်ကို ၁-၃ ဂိုးတွေနဲ့အသီးသီး ဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ်။ နောက်ဆုံး၂ပွဲမှာ ၆ ဂိုးအထိ ပေးခဲ့ရတဲ့အတွက် ခံစစ်ပိုင်းကို အဓိကထားပြင်ဆင်ဖို့လိုကြောင်း နည်းပြ က၀န်ခံပြောဆိုပါတယ်။
"တိုက်စစ်ပိုင်းအလွန်ကောင်းပေမယ့် ခံစစ်ပိုင်းလိုအပ်ချက်တွေရှိနေတဲ့အတွက် ဘာစီလိုနာနဲ့ ဂျူဗင်တပ် တို့ကို ၃ ဂိုးစီ ပေးခဲ့ရတာကိုပြုပြင်ဖို့လိုပါတယ်။နေရာယူမှု၊ အာရုံစူးစိုက်မှုနဲ့ စိတ်ခံယူချက်တွေကို ပြင်ဆင်ရမှာပါ။ဒီအချက်တွေမှာ ဟန်ချက်မညီ ဖြစ်နေပါတယ်"လို့အန်ဆယ်လော့တီက ဆိုပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာလာလီဂါအဖွင့်ပွဲစဉ်အဖြစ် ဩဂုတ်၁၂ရက် ကျရင်အဝေးကွင်းမှာ ဘီလ်ဘာအိုနဲ့ရင်ဆိုင်ရမှာပါ။အန်ဆယ်လော့တီကတော့ အသစ်ပြင်ဆင်လေ့ကျင့်နေတဲ့ ၄-၁-၂-၁-၂ ကစားကွက်ကို ဆက်သုံးစွဲဦးမယ်လို့ ပြောပါတယ်။အခြားသတင်းတစ်ရပ်မှာတော့ ရီးရဲလ်မက်ဒရစ်ကို ၂၀၂၄ ခုနှစ်မှာပြောင်းရွှေ့လာဖို့ သတင်းထွက်နေတဲ့ နည်းပြဇာဘီ အလွန်ဆိုဟာလေဗာကူဆင်အသင်းနဲ့ ၂၀၂၆ ခုနှစ်အထိစာချုပ်သက်တမ်း တိုးမြှင့်လိုက်တယ်လို့သိရပါတယ်။ရီးရဲကစားသမားဟောင်းဖြစ်တဲ့အလွန်ဆိုဟာ ထိပ်တန်း နည်းပြသက်တမ်း ၁နှစ်သာရှိသေးပေမယ့် လေဗာကူဆင်အသင်းကိုပြီးခဲ့တဲ့ရာသီက အောင်မြင်မှုတွေရအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
#Local_Sport #အန်ဆယ်လော့တီ
#Ref: Managing Madrid
အီလွန်မတ်စ်က သူနှင့် မက်တာ Meta စီအီးအို မတ်ခ်ဇူကာဘတ်တို့ရဲ့ သတ်ပုတ်ပွဲကို သူ့ရဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်း အိတ်စ် X မှာ တိုက်ရိုက်ထုတ်လွှင့်ပြသမယ်လို့ပြောလိုက်ပါတယ်။ အိတ်စ်ဆိုတာ ယခင်တွစ်တာကို နာမည်ပြောင်းခဲ့ တာဖြစ်ပါတယ်။
ဇွန်လကတည်းကစပြီး အီလွန်မတ်စ်နှင့် ဇူကာဘတ်တို့ ဆိုရှယ်မီဒီယာသူဋ္ဌေးကြီးနှစ်ဦးဟာ တစ်ဦးနှင့်တစ်ဦး လက်စ်ဗီးဂါးမှာ ကိုယ်ခံပညာတွေရောနှောထားတဲ့ သတ်ပုတ်ပွဲလုပ်ကြဖို့ ပြောဆိုနေခဲ့ကြပါတယ်လို့ ရိုက်တာက သတင်းရေးသားပါတယ်။
“ဇူနှင့် မတ်စ်တို့ရဲ့ ထိုးကြိတ်သတ်ပုတ်ပွဲကို အိတ်စ်မှာ တိုက်ရိုက်ထုတ်လွှင့်ပြသပေးပါမယ်။ ရတာတွေအားလုံးကို စစ်ပြန်တွေအတွက် လှူဒါန်းသွားပါမယ်” လို့ မတ်စ်က တနင်္ဂနွေ(ဩဂုတ်၆) ရက်မနက်က သူ့ရဲ့ပလက်ဖောင်း အိတ်စ်မှာ ပို့စ်တင်ထားပါတယ်။ဒါပေမယ့် သူက အသေးစိတ်ကိုတော့ပြောမထားပါဘူး။
ရိုက်တာသတင်းဌာနက ဇူကာဘတ်ရဲ့ မက်တာ Meta ကိုဆက်သွယ်ပြီး မှတ်ချက်တောင်းပေမယ့် ချက်ခြင်းမတုန့်ပြန်သေးပါဘူးလို့ သတင်းကရေးသားထားပါတယ်။
Source Reuters
#Local_News
Published-6-8-2023
ဂျပန်နိုင်ငံ၊ ချီဘားမြို့တွင် ကျင်းပမည့် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲတွင် သွားရောက်ကစားမည့် မြန်မာ ယူ ၁၂ လက်ရွေးစင် လူငယ်ဘောလုံးသမား (၁၈) ဦး ကို အပြီးသတ်ရွေးချယ်ပြီးစီးသွားပြီဖြစ်ကြောင်း အဖွဲ့ချုပ်ထံက သိရသည်။
အဆိုပါ ပြိုင်ပွဲဝင် လက်ရွေးစင် ၁၈ ဦး ကို ဩဂုတ်လ ၅ ရက်က သု၀ဏ္ဏ လေ့ကျင့်ရေး အားကစားကွင်းအတွင်း ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ယူ၁၂ လက်ရွေးကစားသမားများအဖြစ်ဂိုးသမား လရောင်လင်း (ရန်ကုန် အကယ်ဒမီ)၊ ဘုန်းထွန်းခန့် (ရန်ကုန်)နောက်တန်းကစားသမား မင်းဘုန်းသစ် (ပုသိမ်အကယ်ဒမီ)၊ မြင့်မြတ်သူ (ပုသိမ် အကယ်ဒမီ)၊ ရှင်းပြည့်ကျော် (မကွေး) စိုင်းခမ်စိုး (မန္တလေး အကယ်ဒမီ)၊ ဝေယံဦး (နေပြည်တော်)၊ နေဇင်မင်း (ရန်ကုန် အကယ်ဒမီ)၊ ပရင့်ဒိုဒိုလျန်တောင်း (မြောက်ဒဂုံ)တို့ဖြစ်သည်။
အလယ်တန်းကစားသမားများအနေဖြင့် ခွန်မောင်ဘွေ(မြောက်ဥက္ကလာပ)၊ဇင်မင်းမြတ်သူ (ပြင်ဦးလွင်)၊အောင်လ(မန္တလေးအကယ်ဒမီ)၊နေယံထွဋ်(စစ်ကိုင်း)၊ ရှိုင်း၀င်းထွဋ်(ရန်ကုန်အကယ်ဒမီ)တို့ဖြစ်သည်။
ရှေ့တန်းကစားသမားများအဖြစ်
တေဇာဖြိုး(ရန်ကုန် အကယ်ဒမီ)
ခွန်ဝေဖြိုး(မန္တလေး အကယ်ဒမီ)
အံ့မင်းမြတ်(ရန်ကုန် အကယ်ဒမီ)
ခိုင်မြဲခန့်(ပုသိမ် အကယ်ဒမီ)တို့ဖြစ်ကြသည်။
မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်းသည်ဩဂုတ်၂၄ ရက်တွင် အုပ်စုအဖွင့် ပွဲစဥ်အရ ဘာစီလိုနာအသင်းဖြစ်လည်းကောင်း၊ အုပ်စုဒုတိယပွဲစဉ်တွင် Daiwa House Dream လူငယ်အသင်းဖြင့်လည်းကောင်း၊ ဩဂုတ် ၂၅ ရက်တွင် အုပ်စုနောက်ဆုံးပွဲစဥ် အရ JEF United Chiba U-12 လူငယ်အသင်းများနှင့် ယှဥ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။
#YMG/my
#Yangon _Times
‘‘အာဆီယံအွန်လိုင်းအရောင်းအဝယ်နေ့’ကျင်းပရတာဟာ ဒေသတွင်းနယ်စပ်ဖြတ်ကျော်e-Commerce ကိုအားပေးကူညီဖို့၊ e-Commerce ကို စားသုံးသူယုံကြည်မှု ပိုမိုတိုးတက်လာစေဖို့ ၊အာဆီယံနိုင်ငံတွေရဲ့ e- Commerce စီးပွားရေးလုပ်ငန်းတွေ၊ အသေးစားနဲ့အလတ်စား SME၊ MSMEs လုပ်ငန်းတွေနဲ့စားသုံးသူတွေ အတွက်အကျိုးဖြစ်ထွန်းစေဖို့ရည်ရွယ်တယ်’ စားသုံးသူရေးရာဦးစီးဌာန
Published_ 6 August 2023
#အာဆီယံအွန်လိုင်းအရောင်းအဝယ်
#tthl
#Yangon_Times
#Local_News
Published-6-8-2023
မြန်မာ့ထွက်ကုန် ဂျင်းတက်ကို ပြည်ပနိုင်ငံများဘက်က အဝယ်နည်းသွားတာကြောင့် ဈေးများပြန်လည်းထိုးကျလျက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ဂျင်းဈေးသည် ယခင် တက်ဈေးထက် ယခုတွင် ကျပ် ၅၀၀၀ အထိ ဈေးပြန်ကျဆင်းလာနေသည်ဟု သိရသည်။
ပြီးခဲ့သည့် မေလကစတင်၍ ဂျင်းဈေးသည် တစ်ပိဿာလျှင် ကျပ် (၅၀၀၀)အထိဈေးတက်ခဲ့သလို ဇွန်လနှင့် ဇူလိုင် လဆန်းပိုင်းတွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဝယ်ယူမှုများရှိခြင်းကြောင့် ဂျင်းတစ်ပိဿာလျှင် ကျပ် ၇၀၀၀ အထိ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။
လက်ရှိ သြဂုတ်လအတွင်း ဂျင်းတကဈေးပြန်လည်ကျဆင်းလာကာ တစ်ပိဿာလျှင် အနိမ့်ဆုံး ကျပ်၂၀၀၀ နှုန်းသာ ရှိလာပြီး၊ ယခင်ဈေးနှုန်းထက် ကျပ် ၅၀၀၀ ကွာဟသွားကြောင်း သိရသည်။
#Local_News #အဝယ်နည်းလာသဖြင့် ဂျင်းဈေးထိုးကျ
#YMG/my #Yangon _Times
#Local_News
Published-6-8-2023
မြန်မာ ယူ ၁၂ လူငယ်ဘောလုံးအသင်းနှင့် ဘာစီလိုနာ လူငယ်အသင်းတို့ ယခုလ ဩဂုတ်(၂၄)ရက်နေ့တွင် အုပ်စုအဖွင့်အနေဖြင့် ပွဲဦးထွက်ယှဉ်ပြိုင်ကစားရသွားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)က သိရသည်။
ဂျပန်နိုင်ငံ၊ ချီဘားမြို့တွင် ကျင်းပမည့် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲတွင် မြန်မာယူ ၁၂ လူငယ်ဘောလုံးအသင်းက သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
မြန်မာအသင်းနှင့် ဘာစီလိုနာအသင်း ပွဲဦးထွက်ယှဉ်ပြိုင်ကစားရမည့်အပေါ် ပရိတ်အကြား စိတ်ဝင်စားမှုလည်း မြင့်တက်နေသည်။
မြန်မာလူငယ်အသင်းအနေဖြင့် အုပ်စုဒုတိယပွဲစဉ်တွင် Daiwa House Dream လူငယ်အသင်းဖြင့်လည်းကောင်း၊ ဩဂုတ် (၂၅) ရက်တွင် အုပ်စုနောက်ဆုံးပွဲစဥ်အရ JEF United Chiba U-12 လူငယ်အသင်းများနှင့် ထပ်မံယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။
ပြိုင်ပွဲအတွက် ဩဂုတ် (၅) ရက်နေ့က လက်ရွေးစင် လူငယ်ဘောလုံးသမား (၁၈) ဦး ကို အပြီးသတ်ရွေးချယ်ပြီးစီးသွားပြီဖြစ်ကြောင်း အဖွဲ့ချုပ်ထံက သိရသည်။
#Local_News #မြန်မာ ယူ ၁၂ လူငယ်ဘောလုံးအသင်း
#YMG/my#Yangon_Times
ထိုင်းကိုပြန်လာဖို့ စီစဉ်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာဟာ မထင်မှတ်ဘဲ ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ မွေးနေ့ပွဲကို နှမဖြစ်သူ ယင်လတ်ရှင်နာဝါထရာနှင့်အတူ ဩဂုတ် ၅ ရက် သွားရောက်ခဲ့ပါတယ်။ ဟွန်ဆန်ရဲ့ ၇၂နှစ်မြောက်မွေးနေ့ပွဲကို တက်ရောက်လာတဲ့ သက်ဆင်ရဲ့ ပုံတွေကို ဖနွမ်းပင်ပို့စ် သတင်းစာမှာဖော်ပြထားပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ တက်မောင်းမြို့က ဟွန်ဆန့်နေအိမ်မှာကျင်းပခဲ့တဲ့ အဆိုပါမွေးနေ့ပွဲကို မကြာမီကမ္ဘောဒီးယားဝန်ကြီးချုပ်ဖြစ်လာမယ့် သားဖြစ်သူ ဟွန်မန်နက်နှင့် အခြားမိသားစုဝင်တွေပါတက်ရောက်ကြပါတယ်။
သက်ဆင်ဟာ နှမဖြစ်သူ ယင်လတ်နှင့်အတူ သူ့အိမ်မှာ တစ်ညတာ တည်းခိုသွားခဲ့တယ်လို့ ဟွန်ဆန်က ပြည်တွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ ဖရက်ရှ်နယူးစ်ကို ပြောပါတယ်။ ဩဂုတ် ၆ရက် တနင်္ဂနွေနေ့မှာ ကမ္ဘောဒီးယားက မထွက်ခွာခင် သူတို့ အတူတကွ မနက်စာ သုံးဆောင်ခဲ့ကြတယ်လို့လည်း ဟွန်ဆန်ကပြောပါတယ်။
၁၉၉၂ခုနှစ်ကစပြီး ဟွန်ဆန်နှင့်သက်ဆင်တို့ဟာ ဘုရားပေးတဲ့ညီအစ်ကိုတွေအဖြစ် တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေး အလွန်နီးကပ် ရင်းနှီး ခင်မင်ခဲ့ကြပါတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။ ထိုင်းမှာစစ်တပ်က အာဏာသိမ်းပြီး သက်ဆင်နှင့် သူ့နှမ မယင်လတ်တို့ ဖြုတ်ချခံခဲ့ရသော်လည်း သူတို့ဟာ နီးကပ်တဲ့ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားတာဖြစ်ပါတယ်။
ဟွန်ဆန့်မွေးနေ့ပွဲကို သက်ဆင်နှင့်နှမဖြစ် မမျှော်လင့်ဘဲ တက်ရောက်တာတာဟာ အဲဒီစိတ်ဝင်စားစရာကောင်းလှတဲ့ ဆက်ဆံရေးအတွက် နောက်ထပ် စာမျက်နှာအသစ်တစ်ခုဖြစ်ဖွယ်ရှိတယ်လို့ သတင်းစာကရေးသားပါတယ်။
သက်ဆင်ဟာ ပြည်ပြေးအဖြစ်ကနေ ထိုင်းနိုင်ငံကို ဩဂုတ်လဆန်းပိုင်းပြန်လာမယ်လို့ စီစဉ်ထားပေမယ့် ဝန်ကြီးချုပ် ရွေးချယ်ပွဲ ဆိုင်းငံ့သွားတာကြောင့် ပြန်လာမယ့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ပြီး အစိုးရသစ်ပေါ်တဲ့အထိ စောင့်မယ် လို့ ပြောကြားထားပါတယ်။
Source: Agencies
ထိုင်းစစ်တပ်ဟာ ထိုင်းနိုင်ငံကို ကာကွယ်ပေးဖို့ ဆက်လက်ဦးဆောင်နေမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက ဩဂုတ် ၅ရက်စနေနေ့က ပြောကြားလိုက်ပါတယ်။ နိုင်ငံရေးတင်းမားမှုတွေရှိနေလို့ စစ်တပ်ရဲ့ တည်ငြိမ်မှုနှင့်ပတ်သက်လို့ သတင်းထောက်တွေကမေးမြန်းတဲ့အခါ ထိုင်းဝန်ကြီးချုပ်က ယင်းကဲ့သို့ ပြောကြားခဲ့တာ ဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာမှာရေးသားထားပါတယ်။
မေ ၁၄ ရက်ရွေးကောက်ပွဲအပြီး သုံးလနီးပါးကြာပြီးနောက် အစိုးရဖွဲ့ဖို့ကြိုးစားမှုတွေ တုံ့ဆိုင်းသွားခဲ့တဲ့ အလျောက် ထိုင်းနိုင်ငံဟာ နိုင်ငံရေးတင်းမာမှုတွေနှင့် ရင်ဆိုင်နေကြရပါတယ်။ ဒီမိုကရေစီလိုလားသူတွေနှင့် စစ်တပ်လိုလားသူတွေ အကြား ပဋိပက္ခတွေကြောင့် စစ်တပ်က ဝင်ရောက်စွက်ဖက်တော့မှာကို စိုးရိမ်မှုတွေရှိနေကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
အိမ်စောင့်အစိုးရဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချူပ်ကြီးပရာရွတ်ဟာ သူ့ပါတီနှင့်သူ့မဟာမိတ်တွေ ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ပြီးနောက် အစိုးရအသစ်ကို အာဏာလွှဲပြောင်းပေးဖို့ စောင့်ဆိုင်းနေတာဖြစ်ပါတယ်။
ထိုင်းစစ်တပ်ရဲ့အနာဂတ်နှင့် နိုင်ငံရေး ဝရုန်းသုန်းကားဖြစ်နေတဲ့အပေါ်မေးမြန်းရာမှာ သူက နုပျိုတဲ့ စစ်သားတွေ ရှိနေပြီး တပ်ရဲ့အရေးပါးမှုကို အာမခံတဲ့ ဥပဒေတွေရှိနေသမျှကာလပတ်လုံး သူ့အနေနှင့် ဘာတစ်ခုကိုမျှစိတ်မပူဘူး လို့ ပြန်ဖြေခဲ့ပါတယ်။ သူဟာ အစိုးရသစ်တာဝန်ယူချိန်အထိ ဝန်ကြီးချုပ်တာဝန်ကို အကောင်းဆုံးထမ်းဆောင်မယ်လို့ သူက ဆက်ပြောပါတယ်။ သူဟာ အာဏာလွှဲပြီးနောက်ပိုင်းမှာ နောက်ကွယ်မှာဆက်ရှိနေဦးမလားလို့မေးတဲ့အခါသူက “ အဲဒီ အထိမစဉ်းစားရသေးဘူး” လို့သူကပြန်ပြောပါတယ်။
ဗိုလ်ချုပ်ကြီးပရာရွတ်ဟာ ချူလာချွမ်ကလောင်စစ်တက္ကသိုလ်ရဲ့ ၁၃၆နှစ်ပြည့်အခမ်းအနားတက်ရောက်ပြီး မိန့်ခွန်းပြောခဲ့ ပါတယ်။
သူဟာ အဲဒီကျောင်းမှာ အပတ်စဉ် ၂၃ ဆင်းဖြစ်ပြီး ကျောင်းသားဟောင်းတွေဖြစ်တဲ့ အထက်လွှတ်တော်အမတ်တွေနှင့် စကားပြောဆိုနေတာကို အခမ်းအနားမှာတွေ့မြင်ခဲ့ရပါတယ်။ ထိုင်းစစ်တပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နာရွန်ပန် ဂျစ်ကောတေးကိုလည်း အခမ်းအနားမှာဗိုလ်ချုပ်ကြီး ပရာရွတ်နှင့် နာရီဝက်ကြာစကားပြောဆိုနေတာတွေ့ခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်ကသတင်းရေးသားပါတယ်။
စစ်တပ်ရာထူးအပြောင်းအရွှေ့ကိစ္စကို ဝန်ကြီးချုပ်နှင့်ဆွေးနွေးခဲ့တာလားဆိုတဲ့မေးခွန်းကို ဗိုလ်ချုပ်ကြီး နာရွန်ပန်ကဖြေကြားဖို့ငြင်းဆန်ခဲ့ပါတယ်။ တစ်နှစ်တစ်ကြိမ်ပြုလုပ်နေကြဖြစ်တဲ့ စစ်တပ်ရာထူးအပြောင်းအရွှေ့ကိစ္စ ယခုထိ တရားဝင်အစည်းအဝေးထိုင်တာမတွေ့ရသေးပါဘူး။
Ref: Bangkok Post
#World_Health
Published 6 August 2023
အသက် ၄၂ နှစ်ရှိ အမျိုးသမီးတစ်ဦးဟာ လူတွေသုံးစွဲပြီး စွန့်ပစ်လေ့ရှိတဲ့ ပစ္စည်းတစ်ခုရဲ့အခွံကြောင့် အိုမင်းရင့်ရော်ခြင်းလက္ခဏာများ ကာကွယ်နိုင်ခဲ့ကြောင်းကို တစ်တော့ပေါ်မှာ ဖော်ပြခဲ့ပါတယ်။
သူမဟာ ဘိုတောက်စ် သို့မဟုတ် ဟိုင်ယာလူရွန်နစ်အက်ဆစ်၊ မျက်နှာကုသမှုတို့ အသုံးမပြုဘဲ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်နိုင်ခဲ့ပုံကို ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့ရာ သဘောကျနှစ်သက်သူ ၂၈,၀၀၀ ရှိခဲ့ပါတယ်။
ငှက်ပျောသီးဟာ အိမ်တိုင်းလိုလိုမှာရှိပြီး စားသုံးပြီးနောက် အခွံတွေကို လွှင့်ပစ်ကြပေမယ့် သူမကတော့ အခွံတွေကို အပိုင်းလေးတွေလှီးဖြတ်ကာ မျက်နှာပေါ်မှာ တင်ထားခဲ့ပါတယ်။
မိနစ်အနည်းငယ်ကြာပြီးနောက် မျက်နှာသစ်ကာ ကြက်ဆူဆီလိမ်းခဲ့ပါတယ်။
အသုံးမပြုခင်ကပုံတွေကို တင်ထားခဲ့ရာမှာ မျက်နှာမှာ မြင်သာတဲ့အရေးကြောင်းများနဲ့ အိုမင်းခြင်းလက္ခဏာများ မြင်တွေ့နိုင်ပါတယ်။
ငှက်ပျောသီးအခွံများဖြင့် ပုံမှန်အသုံးပြုပြီး ၂ လကြာပြီးနောက် ဓာတ်ပုံကိုလည်း တင်ခဲ့ပါတယ်။
ထိုပုံမှာတော့ အသက် ၄၂ နှစ်ရှိ 'ကေတီ'ဟာ အတော်လေးငယ်ရွယ်တဲ့ပုံ မြင်တွေ့ရပြီး ထိုနည်းလမ်းတစ်မျိုးတည်းဖြင့်ပင် တောက်ပတဲ့အသားအရေ ရရှိခဲ့တယ်လို့ အခိုင်အမာဆိုလိုက်ပါတယ်။
@365gethappy အမည်ဖြင့် တစ်တော့မှာဗီဒီယိုများ တင်ပြနေကာ ဘာဆေးမှထိုးခြင်းသောက်ခြင်းမရှိဘဲ ဒီလိုအနေအထား ရရှိခဲ့တယ်လို့ ပြောပြထားပါတယ်။
ကေတီက ထိုနည်းလမ်းကို ညစဉ် ၄ လတိုင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ကြည့်ရှုသူအများအပြားက သူ့မျက်နှာပြောင်းလဲသွားပုံကို အားကျနေကြပြီး နည်းလမ်းမျှဝေခဲ့တဲ့အတွက် ကျေနပ်အားပေးနေကြပါတယ်။
#World_Health #စွန့်ပစ်ပစ္စည်းငှက်ပျောသီးအခွံ
Source: The Jerusalem Post
#World_News
Published 6 August 2023
ဂျော်ဂျီယာမှ ကျောင်းသူတစ်ဦးဟာ ရှားပါးတဲ့ ဦးနှောက်စားအမီးဘားပိုးကြောင့် အသက်သေဆုံးသွားရပါတယ်။
အသက် ၁၇ နှစ်အရွယ် 'မီဂန်အက်ဘီနော့သ်'ဟာ ဂျော်ဂျီယာရှိ ရေကန်တစ်ခုမှာ ရေကူးရင်း Naegleria fowleri လို့ခေါ်တဲ့ အမီးဘားပိုးကူးစက်ပြီးနောက် ဇူလိုင် ၂၂ ရက်နေ့မှာ ဆုံးပါးသွားခဲ့ပါတယ်။
ဂျော်ဂျီယာပြည်သူ့ကျန်းမာရေးဌာနမှ ရောဂါပိုးကူးစက်မှုအကြောင်း သတိပေးစာထုတ်ပြန်ပြီး ရက်ပိုင်းမှာပဲ သေဆုံးသူရဲ့အမေဖြစ်သူ 'ခရစ္စတီနာအက်ဘီနော့သ်'က သူ့သမီးအသက်ဆုံးပါးသွားကြောင်း အတည်ပြုလိုက်ပါတယ်။
ဆေးရုံက သူမကို ကျောရိုးဆေးထိုးပြီး ရောဂါရှာဖွေဖို့ ကြိုးစားခဲ့ကာ အပြင်းအထန် ကြိုးပမ်းခဲ့ကြတယ်လို့ ပြောပြခဲ့ပါတယ်။
အက်ဘီနော့သ်သေဆုံးမှုဟာ ၁၉၆၂ ခုနှစ်နောက်ပိုင်း ဂျော်ဂျီယာမှာ ၆ ဦးမြောက်ဖြစ်ခဲ့ပါတယ်။
ကူးစက်နိုင်ချေနည်းပေမယ့် ရေကူးသူတွေအနေနဲ့ ဒီလိုရောဂါပိုးကူးစက်နိုင်ချေက အမြဲတမ်းရှိနေတတ်တယ်လို့ သတိပေးလိုက်ပါတယ်။
ရောဂါကူးစက်ပြီဆိုရင် ဦးနှောက်တစ်ရှူးတွေထိခိုက်ကာ ဦးနှောက်ဖောရောင်ခြင်းနဲ့ သေဆုံးခြင်းတို့ပါ ဖြစ်ပွားနိုင်ကြောင်း ဂျော်ဂျီယာပြည်သူ့ကျန်းမာရေးဌာနက ပြောကြားခဲ့ပါတယ်။
ကူးစက်ပြီး ၁ ရက်မှ ၁၂ ရက်အတွင်း ရောဂါလက္ခဏာပြနိုင်ကာ အပြင်းအထန် ခေါင်းကိုက်ခြင်း၊ ဖျားနာခြင်း၊ မူးဝေအော့အန်ခြင်း၊ လည်ပင်းတောင့်ခြင်း၊ အကြောဆွဲခြင်း၊ ကိုမာတို့ဖြစ်နိုင်ကာ အသက်သေဆုံးနိုင်ပါတယ်။
အက်ဘီနော့သ်ဟာ ဆေးရုံမှာ ရက်အနည်းငယ်ကြာ နေထိုင်ခဲ့ရပြီး ဦးနှောက်ရောဂါပိုးကူးစက်ခြင်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။
#World_News #ရေကူးပြီးနောက် ဦးနှောက်စားအမီးဘားပိုးကူးစက်
Source: People
အစိုးရက တစ်နိုင်ငံလုံးအတွက် EV ကား Charging Station များကို Pilot project ဖြင့်ဆောင်ရွက်နေသည့်အတွက် ဝယ်ယူစီးနင်းသင့်တယ်လို့ ဆိုထားပါတယ်။
Published_ 6 August 2023
#EV ကားများအတွက် ချာဂျင်စတေရှင်
#YMG/my
#Yangon_Times
#Local_News
Published_ 6 August 2023
ကျောက်စာရုံစေတီများကို ပညာရှင်များစွာဖြင့် စနစ်တကျတည်ဆောက်ထားခြင်းဖြစ်တယ်လို့ သက်ဆိုင်ရာ ဩဂုတ် ၅ ရက် စနေနေ့တွင် သတင်းထုတ်ပြန်ခဲ့ပါတယ်။
ကျောက်စာရုံစေတီများကို တည်ဆောက်ရာတွင် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ ပညာရှင်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ပညာရှင်များ၊ အခြားအရပ်ဘက်ကျွမ်းကျင်ပညာရှင်များမှ ... ခေတ်မီစက်ပစ္စည်းကိရိယာများ အသုံးပြု၍ စနစ်တကျတည်ဆောက်ခဲ့သည့်အတွက် ကျောက်စာရုံစေတီ ၇၂၀ ဆူအား ရှု့ထောင့်ပေါင်းစုံမှသပ္ပါယ်စွာဖြင့် ကြည်နူးစွာ ဖူးမြော်နိုင်ပါသည် လို့ အဆိုပါသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြသူများ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ချိန်တွင် ပိဋကတ်သုံးပုံတော်လာ အဋ္ဌကထာဋီကာကျမ်းစာများကို ဖတ်ရှုလေ့လာနိုင်ရန်အတွက် ရုပ်ပွားတော်မြတ်ကြီး၏ ရှေ့မျက်နှာစာတွင်ကျောက်စာရုံစေတီ ၇၂၀ ဆူကို စနစ်တကျတည်ဆောက်ထားရှိထားတာဖြစ်ပါတယ်။
ကျောက်စာရုံစေတီ တစ်ဆူချင်း၏အတွင်းတွင် ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ရေးထိုးထားသော ကျောက်စာ ၂ ချပ်စီအား လေ့လာဖတ်ရှုနိုင်စေရေး ခေတ်မီစက်ကိရိယာများအသုံးပြု၍ ရေးထိုးပူဇော်ထားရှိတာဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဩဂုတ်လ ၈ ရက်နေ့မှစ၍ ၁၆ ရက်နေ့အထိလုံခြုံရေးအရ လိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်ကာ အခမဲ့ဝင်ရောက်ဖူးမြော် ချိန်၌ကျောက်စာရုံစေတီတော်များ၏ တရားတော်များနှင့် ဗိသုကာလက်ရာ၊ အင်ဂျင်နီယာပညာရပ်များကို ဖူးမြော်လေ့လာနိုင်ပါကြောင်းလည်း နှိုးဆော်ထားပါတယ်။
#Local_News #ကျောက်စာရုံစေတီများကိုပညာရှင်များစွာဖြင့်စနစ်တကျတည်ဆောက်ထား #Yangon_Times
Page 830 of 1706