Published 3 June 2024
ရန်ကုန်မြို့တွင်း၌ ရေစီးရေလာကောင်းမွန်စေရေး အတွက် မြစ်ထွက်ပေါက် လေးခု နှင့် လှိုင်မြစ်အတွင်းစီးဝင်သည့် ကွင်းကျောင်းမြောင်းအား တစ်ရက်ထဲ ဆယ်ယူရှင်းလင်းခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား မြန်မာ့မီးရထားကုန်ရုံဝင်းအတွင်းရှိ ဗိုလ်မြတ်ထွန်းမြစ်ထွက်ပေါက်၊ လမ်းမတော်မြို့နယ်၊ မော်တင်ယာယီစျေးရပ်ကွက်၊ ကမ်းနားလမ်းသစ်ရှိ ရွာသစ်ချောင်းမြစ်ထွက်ပေါက်၊အလုံမြို့နယ်၊ ဧရာဝတီရပ်ကွက်၊ မိုးကောင်းလျှပ်စစ်အိမ်ရာဝင်းအတွင်းရှိ ဟာဘိချောင်းမြစ်ထွက်ပေါက်၊ အလုံမြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်အကြား အောက်ကြည့်မြင်တိုင် လမ်းရှိ ကွင်းကျောင်းမြောင်းနှင့် ကမာရွတ်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်အကြား ဟံသာဝတီလမ်းရှိ ဟံသာဝတီမြစ်ထွက်ပေါက်တို့ကို အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု)မှ ဝန်ထမ်းများက ရေစီးရေလာကောင်းမွန်စေရေးအတွက် အမှိုက်များ၊ မြောင်းချေးနှင့် နုန်းများဆယ်ယူ ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဗိုလ်တထောင်မြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား မြန်မာ့မီးရထားကုန်ရုံဝင်းအတွင်းရှိ ဗိုလ်မြတ်ထွန်းမြစ်ထွက်ပေါက် သည် ဗိုလ်တထောင်မြို့နယ်၊ အမှတ် (၅)၊ အမှတ်(၆)၊ အမှတ်(၈)ရပ်ကွက် များနှင့် မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်းတို့ကို ဖြတ်သန်းစီးဆင်းပြီး ရန်ကုန်မြစ်အတွင်းသို့စီးဝင်ကြောင်း၊ ဗိုလ်မြတ်ထွန်းမြစ်ထွက်ပေါက်အား ရေစီးရေလာကောင်းမွန်စေရေး ရှင်းလင်းဆောင်ရွက်ခြင်းအားဖြင့် ဗိုလ်တထောင်မြို့နယ်၊ အမှတ် (၅)၊ အမှတ်(၆)၊ အမှတ်(၈) ရပ်ကွက်များ ရေကြီးရေလျှံမှုမှ ကာကွယ်နိုင် မည်ဖြစ်ကြောင်းသိရသည်။
၎င်းအပြင် လမ်းမတော်မြို့နယ်၊ မော်တင်ယာယီစျေးရပ်ကွက်၊ ကမ်းနားလမ်းသစ်ရှိ ရွာသစ်ချောင်းမြစ်ထွက်ပေါက် ရေတံခါး ချောင်းမြေထိန်း နံရံတွင်ပေါက်နေသည့် တွယ်ကပ်သစ်ပင်များရှင်းလင်းရန်၊ ဒီရေတက်ချိန်ရေတံခါးများပိတ်ထားပြီး မိုးရွာသွန်းချိန် ရေတံခါးများဖွင့်ထားရန်၊ အမှိုက်နှင့်နုန်းများအား ဆယ်ယူပြီးစနစ်တကျစွန့်ပစ်ရန် မှာကြားခဲ့ကြောင်းသိရသည်။
လသာမြို့နယ်နှင့် လမ်းမတော်မြို့နယ်မှ ရေများသည် ကျုံးကြီးမြောင်းအတွင်းသို့စီးဝင်ပြီး ထိုမှတစ်ဆင့် ရွာသစ်ချောင်းမြစ်ထွက်ပေါက် ရေတံခါးအား ဖြတ်သန်းစီးဆင်း၍ ရန်ကုန်မြစ်အတွင်းသို့စီးဝင်ကြောင်း၊ ရွာသစ်ချောင်းအား ရေစီးရေလာကောင်းမွန်စေရေး ရှင်းလင်းဆောင်ရွက်ခြင်းအားဖြင့် လသာမြို့နယ်နှင့် လမ်းမတော်မြို့နယ်များ ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်းသိရသည်။
ထို့အပြင် ဟာဘိချောင်းအတွင်းသို့ အလုံမြို့နယ်၊ စောရန်ပိုင်အရှေ့ရပ်ကွက်၊ စောရန်ပိုင်အနောက်ရပ်ကွက်၊ ဧရာဝတီရပ်ကွက်တို့မှ ရေများဝင်ရောက်ပြီး ဟာဘိချောင်းမှတစ်ဆင့် လှိုင်မြစ်အတွင်းသို့စီးဝင် ကြောင်း၊ ဟာဘိချောင်း ရေစီးရေလာကောင်းမွန်စေရေး ရှင်းလင်းဆောင်ရွက်ခြင်းအားဖြင့် အလုံမြို့နယ်၊ စောရန်ပိုင်အရှေ့ရပ်ကွက်၊ စောရန်ပိုင်အနောက်ရပ်ကွက်၊ ဧရာဝတီရပ်ကွက်များ ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်းသိရသည်။
အလုံမြို့နယ်၊ ကရင်ခြံရပ်ကွက်နှင့် ကြည့်မြင်တိုင်မြို့နယ်၊ ကရင်အမျိုးသားရပ်ကွက်အကြား အောက်ကြည့်မြင်တိုင်လမ်းရှိ ကွင်းကျောင်းမြောင်းသည် စမ်းချောင်းမြို့နယ် အောင်ချမ်းသာမြောင်း၊ အလုံမြို့နယ်၊ ဂဠုန်ရပ်ကွက်၊ ကရင်ခြံရပ်ကွက်တို့မှ ရေများစီးဝင်ပြီး လှိုင်မြစ်အတွင်းသို့ စီးဝင် ကြောင်း၊ ကွင်းကျောင်းမြောင်း အား ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ခြင်းအားဖြင့် စမ်းချောင်းမြို့နယ်နှင့် အလုံမြို့နယ်များ ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်မည်ဖြစ်သည်။
ကမာရွတ်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်နှင့် ကြည့်မြင်တိုင်မြို့နယ်၊ သရက်တောမြောက်ရပ်ကွက်အကြား ဟံသာဝတီလမ်းရှိ ဟံသာဝတီမြစ်ထွက်ပေါက်တည်ရှိပြီး ဟံသာဝတီချောင်းသည် ကမာရွတ်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်နှင့် မြန်မာ့သင်္ဘောကျင်းဝင်းတို့ကို ဖြတ်သန်းစီးဆင်းပြီး လှိုင်မြစ်အတွင်းသို့စီးဝင်ကြောင်း၊ ဟံသာဝတီမြစ်ထွက်ပေါက်အား ရေစီးရေလာကောင်းမွန်စေရေး ရှင်းလင်းဆောင်ရွက်ခြင်းအားဖြင့် ကမာရွတ်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅) ရပ်ကွက်များ ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_03 June 2024
#YMG #Yangon_Times #Yangon_Media_Group