#WorldHealth
Published - 19 March 2022
တစ်ကမ္ဘာလုံးမှာ ကိုဗစ်ရောဂါကူးစက်မှုများ ပြန်လည်များပြားနေပြီဖြစ်တယ်လို့အကြောင်းကြားလာကြကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အစည်း WHO က မတ်လ ၁၆ ရက်နေ့က သတိပေးခဲ့ပါတယ်။
ဒါပေမဲ့ ရောဂါပိုးစစ်ဆေးမှုနှုန်းကတော့ သိသိသာသာကျဆင်းနေပြီလည်းဖြစ်ပါတယ်။
အရင်ရက်သတ္တပတ်တွေတုန်းက ကူးစက်မှုနှုန်းကျဆင်းနေခဲ့ရာမှ အခုနောက်ဆုံးအပတ်အတွင်း တစ်ကမ္ဘာလုံးအတိုင်းအတာအရ ကိုဗစ်ရောဂါကူးစက်မှု ၈ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း သတင်းပို့ လာကြပါတယ်။
ရောဂါကူးစက်မှုပေါင်း ၁၁ သန်းကျော်နဲ့ နောက်ထပ်သေဆုံးသူပေါင်း ၄၃,၀၀၀ ရှိခဲ့တယ်လို့ WHO က အတည်ပြုခဲ့ပါတယ်။ အနောက်ပစိဖိတ်ဒေသတွေမှာ ပြီးခဲ့တဲ့အပတ်က ရောဂါကူးစက်သူ ၂၉ ရာခိုင်နှုန်း ပိုများလာခဲ့ပါတယ်။
အဆိုပါဒေသတွေမှာ ဒီဇင်ဘာလကုန်ကတည်းက ကူးစက်မှုနှုန်းမြင့်တက်နေခဲ့ပြီး နောက်ထပ်ရောဂါပိုးတွေ့ရှိသူ ၅.၀၂ သန်းရှိခဲ့တာကြောင့် ကူးစက်မှု ၄.၉၉ သန်းရှိခဲ့တဲ့ဥရောပထက် ပိုများနေခဲ့တာဖြစ်ပါတယ်။
WHO မှ ကိုဗစ်ဆိုင်ရာပညာရှင် ဒေါက်တာ'မာရီယာဗန်ကာခိုဗ်'က ရောဂါပိုးစစ်ဆေးမှုနှုန်းသိသိသာသာကျဆင်းလာပေမယ့် ရောဂါကူးစက်မှုကတော့ မြင့်တက်လာခဲ့တယ်လို့ ထောက်ပြလိုက်ပါတယ်။
WHO ညွှန်ကြားရေးမှူးချုပ် 'တက်ဒရိုစ်အက်ဒါနွန်ဂေဘရီယေးဆက်စ်'က "ကူးစက်မှုတွေများလာရင် သေဆုံးသူတွေလည်း များလာမှာပါပဲ။ ကာကွယ်ဆေးထိုးနှံမှုနှုန်းနည်းပါးတဲ့နိုင်ငံတွေမှာ အသက်သေဆုံးမှုနှုန်းများလာမှာဖြစ်ပါတယ်။ နိုင်ငံအားလုံးနိုးနိုးကြားကြားရှိနေဖို့ လိုပါတယ်။ ကပ်ရောဂါကြီးက မပြီးဆုံးသေးပါဘူး" လို့ သတိပေးသွားပါတယ်။
ကမ္ဘာတဝန်းမှာ အိုမီခရွန်မျိုးဗီဇကွဲက ကူးစက်နှုန်းမြင့်မားနေဆဲဖြစ်ပြီး အထူးသဖြင့် BA.2 မျိုးနွယ်ခွဲက ပိုမိုကူးစက်မြန်ကြောင်း ဒေါက်တာ'ဗန်ကာခိုဗ်'က ဆိုပါတယ်။
အိုမီခရွန်က ရောဂါပျော့တယ်ဆိုတဲ့သတင်းမှားတွေ၊ ကပ်ရောဂါက ပြီးဆုံးသွားပြီဆိုတဲ့သတင်းမှားတွေ၊ ဒီမျိုးဗီဇကွဲက နောက်ဆုံးကြုံတွေ့ရမယ့်မျိုးဗီဇကွဲတွေဆိုတဲ့သတင်းမှားတွေ အများကြီးရှိနေပါတယ်။
ဒါပေမဲ့ရောဂါကူးစက်မှုကိုလျှော့ချလို့တဲ့ နည်းလမ်းတွေအများကြီးရှိပါတယ်။
နှာခေါင်းစည်းတပ်ဆင်ခြင်း၊ ခပ်ခွာခွာနေထိုင်ခြင်း၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းတို့ ဖြင့် ရှေ့ဆက်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ဒေါက်တာ'ဗန်ကာခိုဗ်'က ပြောကြားသွားပါတယ်။
Source: The Straits Times.
#Local_News
Published_ 19 March 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများသက်သာသော ဈေးနှုန်းဖြင့်ဝယ်ယူ ရရှိနိုင်ရန်ရည်ရွယ်၍ မတ်လ ၁၉ ရက်မှစတင်ကာ ကုမ္ပဏီ ၁၂ ခုက တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင် ၁၁၃ ဆိုင်တွင် အထူးဈေးနှုန်းဖြင့် ဒီဇယ်ဆီများ ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။
ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၃၉ သန်းဖြင့် စက်သုံးဆီမှာယူတင်သွင်းခဲ့သည့် ကုမ္ပဏီ ၂၆ ခုက ဒီဇယ်ဆီ ဂါလံ ၁၂ ဒသမ ၅၄ သန်းခန့်ကို အထူးဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိနေပါတယ်။
ပြည်သူများအနေဖြင့် အထူးဈေးနှုန်းဖြင့်ရောင်းချပေးမည့် စက်သုံးဆီအရောင်းဆိုင်များတွင် ဒီဇယ်ဆီများကို ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော ရည်ညွှန်းဈေးနှုန်းအတိုင်း ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး၊ နေ့စဉ်ဒီဇယ်ဆီဈေးနှုန်းများအား မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း၏ www.mpta.org.mm တွင်နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါတယ်။
ပြည်သူများအနေဖြင့် ဒီဇယ်ဆီများကို တိုင်းဒေသကြီး/ပြည်နယ်အလိုက် သတ်မှတ်စက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ်ဈေးနှုန်းများအတိုင်း ဝယ်ယူရရှိခြင်းမရှိပါက ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ ဖုန်း ၀၉-၆၆၄၀၇၅၆၈၃၊ ၀၉-၆၆၄၅၉၆၃၂၇၊ ၀၉-၆၈၇၆၃၅၉၄၃၊ ၀၉-၆၇၆၃၂၀၈၂၆ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဖုန်း ၀၁-၂၅၀၂၇၀၊ မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း ဖုန်း ၀၉၄၂၁၀၀၆၇၉၄ တို့သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သတင်းရရှိပါတယ်။
ဒီကနေ့ မတ်လ ၁၈ ရက် ရန်ကုန်ဈေးကွက်၌ စက်သုံးဆီဈေးနှုန်းများမှာ အောက်တိန်း ၉၂ တစ်လီတာလျှင် ၁,၉၁၅ ကျပ်၊ ၉၅ တစ်လီတာလျှင်၁,၉၉၀ ကျပ်၊ ၉၇ တစ်လီတာလျှင် ၂,၂၁၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၁,၉၇၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၁,၉၈၅ ကျပ်ရှိနေကြောင်း သိရပါတယ်။
#ymg_mnn
#Yangon_Media_Group.
#WorldHealth
Published- 19 March 2022
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စတုတ္ထအကြိမ်ထိုးနှံခြင်းက ရောဂါကူးစက်မှုကိုကာကွယ်ရာမှာ အရင်ကထက်အနည်းငယ်သာ ပိုပြီးကာကွယ်ပေးနိုင်ကြောင်း အစ္စရေးလ်နိုင်ငံ ရှီဘာဆေးရုံက လေ့လာဖော်ထုတ်လိုက်ပါတယ်။
ဖိုင်ဇာနဲ့ မိုဒါနာကိုဗစ်ကာကွယ်ဆေးတို့ရဲ့ စတုတ္ထအကြိမ်ကာကွယ်ဆေးထိရောက်မှုကို လေ့လာသုံးသပ်ခဲ့ကြပြီး နယူးအင်္ဂလန်ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့ကြပါတယ်။
ထွက်ပေါ်လာတဲ့ရလာဒ်များအရ စတုတ္ထအကြိမ်ကာကွယ်ဆေးထိုးနှံခြင်းရဲ့ ရောဂါပိုးကိုကာကွယ်နိုင်စွမ်းက ငယ်ရွယ်ကျန်းမာတဲ့လူတွေမှာ တတိယအကြိမ်ကာကွယ်ဆေးထိုးနှံခြင်းကြောင့်ရတဲ့ ကာကွယ်နိုင်စွမ်းထက် အနည်းငယ်မျှသာပိုများခဲ့တာဖြစ်ပါတယ်။
ငယ်ရွယ်ကျန်းမာတဲ့သူတွေမှာ စတုတ္ထအကြိမ်ကာကွယ်ဆေးထိုးနှံခြင်းကတော့ တတိယအကြိမ်ထိုးနှံသူတွေထက်စာရင် ရောဂါကူးစက်မှုကာကွယ်နိုင်စွမ်းက အတိုင်းအတာတစ်ခုအထိ မြင့်တက်လာခဲ့ပါတယ်။
"လူပေါင်း ၆၀၀ ကိုစမ်းသပ်စစ်ဆေးခဲ့ရာမှာ ဖိုင်ဇာ သို့မဟုတ် မိုဒါနာကာကွယ်ဆေးစတုတ္ထအကြိမ်ထိုးနှံခဲ့တဲ့ အယောက် ၂၇၀ က တတိယအကြိမ်ကာကွယ်ဆေးထိုးပြီး တစ်လကြာတဲ့အချိန်မှာ ရောဂါကာကွယ်နိုင်စွမ်းရရှိထားတဲ့သူတွေနဲ့ ပဋိပစ္စည်း(antibody)ပမာဏ အတူတူနီးပါးဖြစ်နေခဲ့ပါတယ်" လို့ ရှီဘာဆေးရုံ ရောဂါကူးစက်ထိန်းချုပ်ကာကွယ်ရေးဌာနမှ ညွှန်ကြားရေးမှူး ပရော်ဖက်ဆာ'ဂီလီရီဂက်ဗ်ယိုရှေး'က ပြောပြခဲ့ပါတယ်။
ဖိုင်ဇာနဲ့ မိုဒါနာကာကွယ်ဆေးတို့ရဲ့ စတုတ္ထအကြိမ်ကာကွယ်ဆေးထိရောက်နိုင်စွမ်းကလည်း ရောဂါကူးစက်မှုနှုန်းကို အနည်းငယ်သာလျော့ကျစေကြောင်း မှတ်ချက်ပြုလိုက်ပါတယ်။
"ကိုဗစ်ရောဂါမကူးစက်ဖူးတဲ့သူတွေမှာ တတိယအကြိမ်ကိုဗစ်ကာကွယ်ဆေးထိုးဖို့ က အလွန်မတန်အရေးကြီးပြီး ရောဂါအခံရှိပြီး ပြင်းထန်စွာဖြစ်ပွားနိုင်ချေရှိတဲ့သူတွေကတော့ စတုတ္ထအကြိမ်ကာကွယ်ဆေးထိုးဖို့ အလွန်အရေးကြီးပါတယ်" လို့ ဆိုပါတယ်။
အဆိုပါတွေ့ရှိချက်ကို တစ်ကမ္ဘာလုံးပျံ့ပွားနေတဲ့ ကပ်ရောဂါထိန်းချုပ်နိုင်ရန်ရည်ရွယ်ထားတဲ့ သိပ္ပံပညာရပ်ဆိုင်ရာသုတေသနတွေ့ရှိချက်တွေထဲသို့ ထည့်သွင်းလိုက်ပြီဖြစ်ကြောင်း 'ရီဂက်ဗ်ယိုရှေး'က ပြောကြားခဲ့ပါတယ်။
"ရှီဘာသုတေသနအဖွဲ့ ရဲ့ကြိုးစားအားထုတ်မှုကြောင့် ကပ်ရောဂါတွေစဖြစ်ကတည်းက အချက်အလက်တွေစုဆောင်းထားနိုင်ပါတယ်။ ဗိုင်းရပ်ရဲ့သဘောသဘာဝ၊ ကာကွယ်ဆေးတွေရဲ့ ထိရောက်နိုင်စွမ်းတို့ ကို လေ့လာရာမှာ ကျွန်မတို့ ကဦးဆောင်နေပြီး အစ္စရေးလ်နဲ့ ကမ္ဘာအရပ်ရပ်ရှိ ကျန်းမာရေးစောင့်ရှောက်မှုဆုံးဖြတ်ချက်တွေမှာ အကူအညီပေးနိုင်ဖို့ ရည်ရွယ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
Source: The Jerusalem Post
#LocalNews
Published_ 19 March 2022
မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များဖြင့် ပြန်လည်ဝင်ရောက်လာသူများ ၊ မြန်မာနိုင်ငံ အတွင်း အစုလိုက်ကူးစက်ဖြစ်ပွားမှုများနှင့် ပြည်တွင်းကူးစက်မှုများမှ ဓာတ်ခွဲနမူနာရယူ၍ ဓာတ်ခွဲစစ်ဆေးလျက်ရှိနေရာတွင် ယခုထပ်မံ၍ SARS CoV-2 Variant Omicron (အိုမီခရွန်)ရောဂါပိုး BA.2 ကို ဓာတ်ခွဲနမူနာ (၃၁) ခုတွင်တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ညတွင်ကြေညာထားပါတယ်။
ထုတ်ပြန်မှုတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုးတွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာ (၃၁) ခုအား ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇစစ်ဆေးခြင်းကို တပ်မတော်ဆေးသုတေသနတပ်တွင် (၁၅-၃-၂၀၂၂) ရက်နေ့က ဆောင်ရွက်ခဲ့ရာ SARS CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး BA.2 ကို ဓာတ်ခွဲ နမူနာ (၃၁) ခုတွင် တွေ့ရှိရကြောင်း၊Omicron (အိုမီခရွန်) ရောဂါပိုး BA.2 တွေ့ရှိသူများအား ကိုဗစ်-၁၉ ရောဂါပိုး ဓာတ်ခွဲအတည်ပြုခဲ့စဉ်ကပင် သီးခြားထားရှိကုသမှုပေးလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်းဖော်ပြထားပါတယ်။
နိုင်ငံတကာလေ့လာတွေ့ရှိချက်များအရ Omicron (အိုမီခရွန်) မျိုးရိုးဗီဇပြောင်း ရောဂါပိုး BA.2 သည် Omicron (အိုမီခရွန်) မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.1 ထက် ကူးစက်မှု ပိုမိုမြန်ဆန်သော်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးသူများတွင် ရောဂါလက္ခဏာ ပြင်းထန်မှုနှင့် သေဆုံးမှုတို့လျော့နည်းကြောင်း တွေ့ရှိရသည်ဟုဖော်ပြထားပါတယ်။
လက်ရှိတွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများအား ပိုမိုအရှိန်မြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။
#ymg_mnn
#Yangon_Media_Group
#LocalNews
Published_19 March 2022
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းအနေဖြင့် ယခုမတ်လအတွင်း အများပြည်သူကို (၄)နာရီပေး(၄)နာရီနားစနစ်ဖြင့် လျှပ်စစ်ပေးဝေမည်ဖြစ်ကြောင်း အဆိုပါကော်ပိုရေးရှင်း၏ တာဝန်ရှိသူက YMG ကို ပြောသည်။
ဓာတ်အားဖြန့်ဖြူးမည့်အစီအစဉ်ကို မတ်လ ၁၈ ရက်က ထုတ်ပြန်ရာတွင် စက်မှုဇုံများကို နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ ပေးမည် ဖြစ်ပြီး အများပြည်သူအတွက် A အုပ်စု နှင့် B အုပ်စုဟူ၍ အချိန်ခွဲခြားကာ လျှပ်စစ်မီးပေးဝေမည်ဖြစ်ကြောင်း သိရသည်။
"အများပြည်သူအတွက် လေးနာရီပေး လေးနာရီနားပေါ့ ၊ အကြမ်းပိုင်းကတော့ ညလယ်ပိုင်းဆိုရင် ည ၉ နာရီကနေ မနက် ၅ နာရီထိ အုပ်စုတစ်ခုရှိတယ်။မြို့ပြင်တွေမှာပေါ့၊အဲဒီမှာ ရတဲ့အုပ်စုရမယ်၊မရတဲ့ အုပ်စုမရဘူးပေါ့။ဥပမာပြောရရင် ဒီနေ့ ညပိုင်းရတဲ့ အုပ်စုကနောက်နေ့မရဘူး၊အဲဒီလိုပေါ့။အရှေ့၊အနောက်၊တောင်၊မြောက်ခရိုင်တွေက မြို့နယ်တွေမှာပြောတာ။ အရှေ့နဲ့ အနောက်မှာဆိုရင် မြို့တွင်း ၆ မြို့နယ်ရှိတဲ့အတွက် အဲဒီမြို့တွင်းတွေမှာတော့ ညပိုင်းမှာ အပြည့်ပေးနိုင်အောင်လုပ်ထားတယ်"ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ တာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် ဘီလူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများကထွက်သော လျှပ်စစ်ဓာတ်အားပို့လွှတ်နေသည့် ဓာတ်အားလိုင်းတာဝါတိုင်များ ဖျက်ဆီးခံရသောကြောင့် လျှပ်စစ်ဓာတ်အား (၂၂၀)မဂ္ဂါဝပ်ခန့်နိုင်ငံတော်ဓာတ်အားစနစ်ထဲသို့ ပို့လွှတ်နိုင်မှုမရှိပေ။
ထို့အပြင် LNG ဈေးနှုန်း အဆမတန်မြင့်တက်ကာ နိုင်ငံတကာရေနံဈေးကွက် တည်ငြိမ်မှုမရှိသောကြောင့်လည်း LNG ဓာတ်ငွေ့ရည် ဝယ်ယူရန်ခက်နေသောကာလအတွင်း LNG ဓာတ်အားပေးစက်ရုံများက ဓာတ်အားထုတ်လုပ်မှု ၇၅၀ မဂ္ဂါဝပ်ခန့်ကို ရပ်တန့်ထားရကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
Published_ 18 March 2022
ငွေကြေးဈေးကွက်တည်ငြိမ်မှုအား ထိခိုက်စေသော ဆောင်ရွက်မှုများကို တိုင်ကြားနိုင်ကြောင်း ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်း ကော်မတီက ကြေညာထားပါတယ်။
တည်ငြိမ်မှုကို ထိခိုက်စေသော ဆောင်ရွက်မှုများမှာ နိုင်ငံခြားငွေကြေးများအား တရားမဝင်ကိုင်ဆောင်ခြင်း၊ ဥပဒေမဲ့အရောင်းအဝယ်ပြုလုပ်ခြင်း၊ ဈေးကစားခြင်း ပြုလုပ်သူများ၊ အိမ်ခြံမြေနှင့် မော်တော်ယာဉ်ကဲ့သို့ အခြေခံပစ္စည်းများအား ရောင်းဝယ်ပြီး ပိုင်ဆိုင်မှုလွှဲပြောင်းရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေပေးချေမှု ကန့်သတ်ချက် များအတိုင်း လိုက်နာမှုမရှိသူများ၊ ဘဏ်များတွင်အပ်နှံထားသည့် ငွေသားထုတ်ယူရာ၌ ရာခိုင်နှုန်းယူ၍ ငွေသားထုတ်ပေးခြင်း၊ ဘဏ်ပြင်ပတွင် ငွေသားလက်ဝယ် ထိန်းသိမ်း ထားသူများက ဘဏ်အကောင့်တွင် အပ်နှံထားသည့်ကျပ်ငွေများကို ရာခိုင်နှုန်းယူ၍ ငွေသားဖြင့်လဲလှယ်ထုတ်ပေးခြင်းတို့ ဖြစ်ကြပါတယ်။
ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ သည် ပြည်တွင်းငွေကြေးဈေးနှုန်းများ တည်ငြိမ်မှုရှိအောင် ထိန်းကျောင်းကြပ်မတ်ရာတွင် အထောက်အကူဖြစ်စေရန် တိုင်ကြားစာစိစစ်ရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိ တယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။
ငွေကြေးဈေးကွက်တည်ငြိမ်မှုကို ထိခိုက်စေနိုင်သော ဆောင်ရွက်မှုများတွင် ပါဝင် ပတ်သက်သူများကို သိရှိပါက ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ် ရေး လုပ်ငန်းကော်မတီရဲ့ တိုင်ကြားစာ စိစစ်ရေးအဖွဲ့ တယ်လီဖုန်းနံပတ် ၀၆၇-၃၄၀၉၄၆၃၊ လက်ကိုင်ဖုန်းနံပတ် ၀၉-၄၃၀၀၆၈၃၃ နှင့် Email လိပ်စာ
Published: 18 March 2022
(၂)နှစ်ကြာရပ်ဆိုင်းထားခဲ့တဲ့ နိုင်ငံတကာလေကြောင်းခရီးစဉ်များအား ကိုဗစ်-၁၉ ရောဂါ ပြည်ဝင်ခွင့် ကန့်သတ် ချက်များနှင့်အညီ ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်းတစ်ရက်) မှစတင်၍ သတ်မှတ်စည်းကမ်း ချက်များအတိုင်း ပုံမှန်ပြန်လည်ပြေးဆွဲခွင့်ပြုမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ယခုအခါ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေနှင့် အာရှနိုင်ငံတွေမှာ ခရီးသည်တင်လေယာဉ်တွေ ပြန်လည်ပျံသန်းပြေးဆွဲ ခွင့်ပြတာတွေရှိခဲ့ပြီးနောက် မြန်မာနိုင်ငံရဲ့ ယခုခွင့်ပြုချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။
ယခုအခါ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိမှု၊ ပိုးတွေ့နှုန်းနှင့် သေဆုံးမှုနှုန်းတို့ သိသာစွာ ကျဆင်းလာသဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံတကာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြန်မာနိုင်ငံသို့လာရောက်မည့် နိုင်ငံခြားသား များ၊ မြန်မာနိုင်ငံသားများ နိုင်ငံတွင်းသို့ ဝင်ရောက်ရာတွင် လွယ်ကူချောမွေ့စေရေး အတွက် နိုင်ငံတကာလေကြောင်း ခရီးစဉ်များ ယာယီကန့်သတ်သည့် အစီအစဉ်အား ဧပြီ ၁၆ ရက်အထိသာ သတ်မှတ်လိုက်ခဲ့တာဖြစ်ပါတယ်။
ကိုဗစ်-၁၉ ရောဂါ မြန်မာနိုင်ငံတွင်း ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကူးစက်မြန်ရောဂါ သို့မဟုတ် တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဆိုပါကြေညာချက်အရ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုအား ထိန်းချုပ်နိုင်ရေး အတွက် နိုင်ငံတကာလေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ဝင်ရောက်ဆင်းသက်ခြင်းကို ယာယီကန့်သတ်သည့် ညွှန်ကြားချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့က ၂၀၂၀ ပြည့်နှစ် မတ်လ ၂၉ ရက်မှစတင်ကြေညာခဲ့တာ ဖြစ်ပါတယ်။
#ymg/mnn/eiei
Yangon_Media_Group
#WorldArt
Published 18 March 2022
ပါကစ္စတန်နိုင်ငံမှ ကုန်တင်ကားကြီးတွေမှာ အနုပညာလက်ရာများဖြင့်ပန်းချီပုံဖော်ထားလေ့ရှိကြပါတယ်။
#Yangon_Media_Group
Published - 18 March 2022
၂၀၂၂- ၂၀၂၃ ယခုဘဏ္ဍာရေးနှစ်တွင်း ကြိုတင်မမျှော်မှန်းနိုင်တဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် အရေးပေါ်ရန်ပုံငွေ စုစုပေါင်း ငွေကျပ် ၁၃၅ ဘီလီယံ လျားထားတယ်လို့ နစက ဥက္ကဋ္ဌက ပြောပါတယ်။
မတ်လ ၁၇ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးမှာ နစက ဥက္ကဋ္ဌက ထည့်သွင်းပြောဆိုခဲ့တာပါ။
သဘာဝဘေးအန္တရာယ်အတွက် ဗဟိုအဆင့်မှာ ငွေကျပ် ၁၀၀ ဘီလီယံ၊ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်တို့အတွက် ငွေကျပ် ၁၅ ဘီလီယံ ထည့်သွင်းထားပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေကိုလည်း ယခုနှစ်နည်းတူ ငွေကျပ်ဘီလီယံ ၂၀ စုစုပေါင်း ငွေကျပ် ၁၃၅ ဘီလီယံ ထည့်သွင်းလျာထားတယ်လို့ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ဆိုပါတယ်။
သာမန် အသုံးစရိတ်အပိုင်းမှာ ဝန်ထမ်းသစ် ခန့်ထားတာတွေ ပါဝင်ပြီး စက်သုံးဆီသုံးစွဲတာတွေကိုလည်း အထူးစိစစ်ခဲ့တယ်လို့ ပြောပါတယ်။
ဒါ့ကြောင့် လာမယ့် ဧပြီလက စတင်ပြီး အစိုးရက ခံစားခွင့်ပြုထားတဲ့ ပုဂ္ဂိုလ်တွေရဲ့ စက်သုံးဆီ သုံးစွဲခွင့်ပြုတာတွေကို လျော့ချသွားမယ်လို့ ကြေညာထားပါတယ်။
ငွေလုံးငွေရင်း အသုံးစရိတ်အပိုင်းမှာလည်း ၂၀၂၂-၂၀၂၃ မှ ၂၀၂၆-၂၀၂၇ ၅ နှစ် စီမံကိန်းလုပ်ငန်းတွေ၊ နိုင်ငံတော်မူဝါဒအရ ဦးစားပေးဆောင်ရွက်ရမယ့်လုပ်ငန်းစီမံကိန်းတွေနဲ့ မူဝါဒအရ ဦးစားပေးဆောင်ရွက်ရမယ့် လုပ်ငန်းစီမံကိန်းတွေ ဆောင်ရွက်ဆဲစီမံကိန်းတွေအနက် ဦးစားပေးအဆင့်လိုက် ခွဲခြားစိစစ်ခဲ့တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ပြည်ပချေးငွေ၊ ထောက်ပံ့ငွေနဲ့ ဆောင်ရွက်မယ့် စီမံကိန်းတွေအတွက် ချေးငွေ၊ ထောက်ပံ့ငွေ အမှန်ရရှိသုံးစွဲနိုင်မယ့် လုပ်ငန်းတွေကိုသာ ဦးစားပေးလျာထားခွင့်ပြုပေးခဲ့ပြီး မူဝါဒနဲ့ ကိုက်ညီမှုမရှိတဲ့ အသုံးစရိတ်တွေကို စိစစ်လျှော့ချနိုင်ခဲ့တယ်လို့ သိရပါတယ်။
ymg/ei
Published 18 March 2022
ရုရှားကို စစ်ရေးအကူအညီတွေပေးတာကို ရှောင်ရှားဖို့ တရုတ်သမ္မတရှီကျင့်ဖျင်နှင့် စကားပြောတဲ့အခါ သမ္မတဘိုင်ဒင်က သတိပေးလိမ့်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ပြောလိုက်ပါတယ်။
Source AFP
#LocalNews
Published - 18 March 2022
ယခုကာလအတွင်းမှာ အောင်ဘာလေထီရောင်းအားဟာ ၃၀ ရာခိုင်နှုန်းအထိ ပြန်လည်မြင့်တက်လာခဲ့တယ်လို့ ထီရောင်းဝယ်ရေး လုပ်ကိုင်သူများထံမှ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 18 March 2022
ပြည်တွင်းမှာ စားသုံးဆီဈေးနှုန်းတွေ တစ်ပိဿာကို ၈,၀၀၀ ကျော်အထိ ဈေးမြင့်လာတဲ့အချိန်မှာ စားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ဆိုပြီး နေကြာပင်တွေ တိုးချဲ့စိုက်ပျိုးဖို့ ဝန်ကြီးဌာနအနေနဲ့ စီစဉ်လာပါတယ်။
#Yangon_Media_Group
Page 1611 of 1687