#Local_News
Published_ 11 November 2022

 

လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အမှားများကဲ့သို့မဖြစ်စေရေး အဓိကထားဆောင်ရွက်ရန် နစက ဒုဥက္ကဌက ပြောကြားခဲ့ပါတယ်။

 

နိုဝင်ဘာ ၁၀ ရက် ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာ အစည်းအဝေးမှာ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အမှာစကားပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

အစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဉီးသိန်းစိုး၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြပါတယ်။

 

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အဓိကမှားယွင်းသည်များမှာ နိုင်ငံသားစိစစ်ရေး ကတ်များ စနစ်တကျမရှိခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်များ ဖောင်းပွခြင်းနှင့် တစ်ဦးတည်းက ဆပွားပုံစံဖြင့် ဆောင်ရွက်သည့် ကိစ္စရပ်များကြောင့် မဲစာရင်းများ မမှန်မကန်ဖြစ်ပြီး ရလဒ်အဖြေများ မှားယွင်းခဲ့သည့် ကိစ္စရပ်များဖြစ်တယ်လို့ ဆိုပါတယ်။

 

သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ လူဦးရေစာရင်း တိကျမှန်ကန်ရေး ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ တိကျမှန်ကန်စွာ စာရင်းကောက်ယူနိုင်မှသာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဆောင်ရွက်မည့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းများ အမှန်တကယ် ပြုစုနိုင်မှာ ဖြစ်ကြောင်း နစကဒုဥက္ကဌက ပြောကြားခဲ့ပါတယ်။

 

#ygm_mnn
#Yangon_Media_Group