#Local_News
Published _11 November 2022

 

လက်နက်ကိုင်သူများက ဖမ်းဆီးသွားသည့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့မှ အရာရှိတစ်ဦး၏ဇနီးဖြစ်သူအား လုံခြုံရေးအဖွဲ့က နာရီပိုင်းအတွင်း ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။

 

နိုဝင်ဘာလ ၁၀ ရက် နံနက် ၆ နာရီခွဲအချိန်ခန့်က ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်နေသူ “အောင်ဆင်မင်း” လက်ဖက်နှင့် အကြော်စုံ ဆိုင်ပိုင်ရှင်၊ အရာရှိတစ်ဦး၏ဇနီးဖြစ်သူ မဟန်နွေဦး(ဘ) ဦးဇော်ဦးတင် အား ၎င်း၏ နေအိမ်ရှေ့၌ ဆွမ်းလောင်းနေစဉ် အမည်မသိ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦးတို့ ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာခဲ့ကာ မဟန်နွေဦး၏ မိသားစုဝင်များနှင့် ဝန်ထမ်းများအား လက်နက်ဖြင့်ခြိမ်းခြောက်၍ နေအိမ်အတွင်းရှိ ဆွဲကြိုး ၁ ကုံး၊ နားကပ် ၁ ရံ၊ လုပ်ငန်းသုံးနှင့် ဝန်ထမ်းများ၏ လက်ကိုင်ဖုန်း ၈ လုံးတို့ကို ယူဆောင်ပြီး မဟန်နွေဦးအား ရေစကြိုမြို့နယ်၊ ဥက္ကံကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုများအရ မဟန်နွေဦးအား မြိုင်မြို့နယ်အတွင်းရှိ ကျောက်ဆောက်တမံ(ဒေသအခေါ်)တောင်ရွာဆည် ရှင်းလင်းဆောင်တွင် ဖမ်းဆီးထားကြောင်း သိရှိရသည့်အတွက် အဆိုပါနေရာသို့ ကွန်မန်ဒိုတပ်ဖွဲ့ဝင်များပါဝင်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရဟတ်ယာဉ်ဖြင့် သွားရောက်ပြီး ဝင်ရောက်စီးနင်း ရှာဖွေကယ်ဆယ်ခြင်းများ ဆောင်ရွက်ခဲ့ရာ ဖမ်းဆီးခေါ်ဆောင်သွားကြသည့် လက်နက်ကိုင်သူများနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ရာ လက်နက်ကိုင်သူများမှာ အနောက်ဘက်နှင့် အနောက်တောင်ဘက်တို့သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည့်အတွက် မဟန်နွေဦးအား နိုဝင်ဘာလ ၁၀ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၄၀ ခန့်တွင် ပြန်လည်ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

#ymg/mt
#Yangon_Media_Group