#Local_News
Published_ 2 October 2023
၂၀၂၃ ခုနှစ်အောက်တိုဘာ(၁)ရက်နေ့တွင်ရှိသော မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေ(၅၆.၂)သန်းရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင်နေထိုင်သူ(၉)သန်းအထိရှိလာကြောင်း သိရသည်။
အဆိုပါလူဦးရေစာရင်းကို၂၀၁၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကိုအခြေခံ၍ ၂၀၂၃ ခုနှစ် အောက်တိုဘာ (၁) ရက်တွင်ရှိသော မြန်မာနိုင်ငံ၏ခန့်မှန်းလူဦးရေစာရင်းထုတ်ပြန်ချက်အရသိရခြင်းဖြစ်သည်။
မြန်မာတစ်နိုင်ငံလုံးခန့်မှန်းလူဦးရေ (၅၆.၂)သန်းရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် လူဦးရေ(၉)သန်းဖြင့်လူဦးရေ အထူထပ်ဆုံးဒေသဖြစ်နေသလို မန္တလေးတိုင်းတွင် လူဦးရေ(၆.၈)သန်း၊ရှမ်းပြည်နယ်တွင် လူဦးရေ(၆.၈)သန်းဖြင့် ဒုတိယလူဦးရေအထူထပ်ဆုံးမြို့များဖြစ်ကာ ဧရာဝတီတိုင်းတွင် လူဦးရေ(၆.၂)သန်းဖြင့်တတိယလူဦးရေ အများဆုံးဒေသဖြစ်နေကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ပြီးခဲ့သည့်လေးနှစ်တာ၂၀၁၉ခုနှစ်တုန်းကလူဦးရေ(၅)ဒသမ(၆)သန်းကျော်သာရှိခဲ့ပြီး ယခု ၂၀၂၃ ခုနှစ်အောက်တိုဘာလ၁ရက်တွင် ခန့်မှန်းလူဦးရေ(၉)သန်းအထိများလာခြင်းဖြစ်သည်။
ကယားပြည်နယ်နှင့်ချင်းပြည်နယ်သည် လူဦးရေအနည်းဆုံးနေထိုင်သည့်ဒေသများဖြစ်ပြီး ကယားပြည်နယ်တွင် ခန့်မှန်းလူဦးရေ(၀.၄)သန်း၊ချင်းပြည်နယ်တွင် ခန့်မှန်းလူဦးရေ(၀.၅)သန်းသာရှိကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရနှင့် ဌာနဆိုင်ရာအဖွဲ့အစည်း အသီးသီးမှ နိုင်ငံတော်၏မူဝါဒများ၊စီမံကိန်းများရေးဆွဲချမှတ်ရာတွင် အခြေခံအသုံးပြုနိုင်ရေးအတွက် မြန်မာနိုင်ငံ၏နှစ်အလိုက် ခန့်မှန်းလူဦးရေစာရင်းကို နှစ်စဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။
#Local_News #မြန်မာ့ခန့်မှန်းလူဦးရေ(၅၆.၂)သန်း #ရန်ကုန်တိုင်း
#tthl #Yangon_Times
#Local_News
Published-2 October 2023
မြန်မာနိုင်ငံမှ ပါမောက္ခ ဒေါက်တာကျော်စိုးဝင်း ခေါင်းဆောင်သောအဖွဲ့နှင့် ဗီယက်နမ်နိုင်ငံမှ နှလုံးအထူးကု ဆရာဝန်ကြီး Dr. Nguyen Lan Hieu တို့ ဦးဆောင်သော အဖွဲ့တို့ ပူးပေါင်း၍ မွေးရာပါ နှလုံးရောဂါလူနာ (၃၄) ဦးကို Device Closure နည်းလမ်းဖြင့် ကုသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် စက်တင်ဘာ (၂၃) ရက်မှ (၂၄) ရက်အထိ မန္တလေးပြည်သူ့ဆေးရုံကြီးတွင် မွေးရာပါ နှလုံးရောဂါလူနာများအား ခွဲစိတ်စရာမလိုဘဲ ပေါင်ခြံသွေးကြောမှတစ်ဆင့် အပေါက်ပိတ် စက်ကိရိယာဖြင့် ပိတ်ခြင်းနည်းလမ်း (Device closure) ဖြင့် မွေးရာပါ နှလုံးရောဂါလူနာများအနက် (၃၄) ဦးကို အောင်မြင်စွာ ကုသပေးနိုင်ခဲ့ကြောင်းသိရသည်။
နှစ်ရက်တာ ကာလအတွင်း နှလုံးအပေါ် ခန်းတွင် အပေါက်ပါသောလူနာ (၂၁)ဦး၊ နှလုံးအောက်ခန်းတွင် အပေါက်ပါသော လူနာ (၂) ဦး၊ နှလုံးမှ အဆုတ်သို့ သွားသော သွေးကြောရှိ အဆို့ရှင်ကျဉ်း လူနာ (၄)ဦး နှင့် နှလုံးသွေးကြောမကြီးနှင့် အဆုတ်သွေးကြောမကြီးဆက်နေသော လူနာ (PDA) (၇)ဦး တို့ကို ကုသပေးနိုင်ခဲ့ခြင်းဖြစ်သည်။
ဗီယက်နမ်-မြန်မာ အဖွဲ့များ ပူးပေါင်း၍ Congenital Heart Disease Device Closure အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ကာ နှလုံးအပေါ်ခန်းတွင် အပေါက်ပါခြင်း (Atrial Septal Defect-ASD)၊ နှလုံးအောက်ခန်းတွင် အပေါက်ပါခြင်း (Ventricular Septal Defect-VSD)၊ နှလုံးမှ အဆုတ်သို့ သွားသော သွေးကြောရှိ အဆို့ရှင်ကျဉ်းခြင်း (Pulmonary Stenosis) စသည့် မွေးရာပါ နှလုံးရောဂါလူနာ ရှာဖွေခြင်းကို လက်တွေ့ နှလုံးတီဗွီဓာတ်မှန် (Echocardiogram) ကြည့်ရှုစစ်ဆေးပြီး နှလုံးခွဲစိတ်ကုသခြင်း သို့မဟုတ် Device closure နည်းလမ်းဖြင့် ကုသခြင်းတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း လည်းသိရသည်။
#Local_News #ဗီယက်နမ်-မြန်မာ #နှလုံးအထူးကုအဖွဲ့ #Device Closure
#Yangon_Times/PP
#Local_News
Published-2 October 2023
တောင်ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲ(Special EPS- TOPIK)မှာ မသမာတဲ့နည်းနဲ့ ဝင်ရောက်ဖြေဆိုလျှင် ဖြေဆိုခွင့် ၄နှစ်ကြာပိတ်ပင်ခံရမည်ဟု အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA-EPS) က ကြေညာထားသည်။
တောင်ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲကို အောက်တိုဘာလ ၄ ရက် မှ ၂၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး လူဦးရေ ၁၇၀၀ နီးပါး ဝင်ရောက်ဖြေဆိုသွားမ ည်ဟုသိရပြီး ကိုးရီးယားဘာသာအရည်ချင်းစစ် အထူးသီးသန့်စာမေးပွဲဖြေဆိုမည့်သူများသိရှိလိုက်နာရန်အချက် များနှင့်ပတ်သက်၍ (POEA-EPS)က အသိပေးထားခြင်းဖြစ်သည်။
စာမေးပွဲဖြေဆိုချိန်တွင် မမှန်မကန်နည်းဖြင့်ပြုလုပ်နိုင်မည့် စက် ပစ္စည်းများ၊ ယူဆောင်ခွင့်မရှိကြောင်းနှင့် စာမေးပွဲ အတွင်းမမှန်ကန်သည့် အပြုအမူများ၊ လုပ်ဆောင်ခဲ့လျှင်ဖြေဆိုခွင့်အား (၄)နှစ်ကြာ ပိတ်ပင်ခံရမည်ဟု အသိပေးထားသည်။
သို့ဖြစ်ပါ၍ဖြေဆိုခွင့်ပိတ်သည့် အရေးယူမယ့်ကာလသည် ယခင်စာမေးပွဲများထက် ပို၍ ဖြေဆိုသူများအနေဖြင့် မှန်မှန်ကန်ကန်ဖြေဆိုကြရန် အကြံပြုထားသည်။
ထို့အတူစာမေးပွဲဖြေဆိုခွင့်လျှောက်ထားရာတွင်လည်း အမည်၊ မွေးသက္ကရာဇ် ၊ နိုင်ငံကူးလက် မှတ်စသည့်အချက် များသည် နိုင်ငံကူးလက် မှတ်တွင်ပါရှိသော အချက်အလက် များနှင့် တူညီရန်လိုအပ်ပြီး ကွဲလွဲမှုရှိခဲ့လျှင် အပြီးသတ်အောင်စာရင်းတွင်ပါဝင်ခြင်းနှင့် အလုပ်ခွင်ဝင်ရောက်ခွင့်ရရှိမည်မဟုတ်ကြောင်း အသိပေးထားသည်။
Photo-(POEA-EPS)
#Local_News #ကိုရီးယားဘာသာ #အထူးသီးသန့်စာမေးပွဲ #ဖြေဆိုခွင့် ၄ နှစ်ပိတ်ခံရ #Yangon_Times/PP
#Local_News
Published-2 October 2023
ဂျပန်ကုမ္ပဏီ (၃၀၀)ကျော်က မြန်မာအလုပ်သမားဦးရေ (၁၀၀၀)ခန့် ခေါ်ယူမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးက အောက်တိုဘာလ ၂ ရက်တွင် ထုတ်ပြန်လိုက်သည်။
မြန်မာသံရုံး၊ တိုကျိုမြို့မှ (၂၀၂၃) ခုနှစ်၊ စက်တင်ဘာလ (၁၆)ရက် မှ အောက်တို ဘာလ (၂)ရက်အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၃၁၄) ခုနှင့် ပတ်သက်သည့် အချက်အလက် များအား အသိပေးအကြောင်းကြားအပ်ပါသည်ဟု ပါရှိသည်။
အဆိုပါထုတ်ပြန်ချက်အရ ဂျပန်ကုမ္ပဏီ (၃၀၀)ကျော်က မြန်မာအလုပ်သမား အမျိုးသား (၃၀၀)ကျော်၊ အမျိုးသမီး (၆၀၀)ခန့်၊ စုစုပေါင်း ဦးရေ (၁၀၀၀)ခန့် ခေါ်ယူမည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ (Demand Letter) များကို အချိန်နှင့်တစ်ပြေးညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိပြီး ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများ စိစစ်ပြီး စိစစ်တွေ့ရှိချက် များ၊ သဘောထားမှတ်ချက် များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၁) ရက် မှ (၁၅) ရက်အတွင်းကလည်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စိစစ်ပေးပို့ပြန်ကြားခဲ့သော အလုပ်ကမ်းလှမ်းစာ (၃၄၂) ခုတွင် မြန်မာအလုပ်သမား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ဦးရေ (၁၀၀၀)ကျော် ခေါ်ယူမည်ဖြစ်ကြောင်း မြန်မာသံရုံး၊ တိုကျိုမြို့က ထုတ်ပြန်ခဲ့သည်။
#Local_News #ဂျပန်ကုမ္ပဏီ #မြန်မာအလုပ်သမား #Yangon_Times/PP
#Local_News
Published- 2 October 2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီးပေါ်တွင် YBS 111 က Light Truck ယာဉ်၏ နောက်ပိုင်းကို ဝင်တိုက် မိ၍ ထိခိုက်ဒဏ်ရာရရှိသူ ၅ဦးရှိကြောင်း Medical လူငယ်များလူမှုကူညီ ရေးအသင်းက သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၁ ရက် တွင် လေးထောင့်ကန် လမ်းမကြီးပေါ် ခပ်ချီးယားမှတ်တိုင်အနီး အထက်ပါအတိုင်း ဖြစ်ပွားခဲ့သောကြောင့် Light Truck ကား၏ ခေါင်းခန်းနှင့် နောက်ခန်းကို ခြားထားသည့် မှန်ကွဲသွားကြောင်း၊ ကားနောက်ပိုင်းလည်း အနည်းအကျဉ်းပျက်စီးသွားပြီး YBS ကား၏ ခေါင်းပိုင်း ပိန်ချိုင့်သွားကာကားမှန်လည်း အက်ကွဲသွားကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့် Light Truck ကားမောင်းသူ အပါအဝင် နောက်ခန်း၌ လိုက်ပါလာသူများအနက် အမျိုးသား၊ အမျိုးသမီး (၅) ဦး ထိခိုက်ဒဏ်ရာ များရရှိခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ဒဏ်ရာရသူများ Medical လူငယ်များလူမှုကူညီရေး အသင်း(ရန်ကုန်)မှ သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့သောကြောင့် ယခုအခါ ဆေးကုသမှုခံယနေကြကြောင်း သိရသည်။
#Local_News #Light_Truckကားကိုဝင်တိုက် #၅ဦးဒဏ်ရာရ #သင်္ဃန်းကျွန်း #Yangon_Times/PP
#Local_News
Published_ 2 October 2023
ခုဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံသို့ ပြောင်းတန်ချိန်လေးသိန်းတင်ပို့နိုင်ရန် ခန့်မှန်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရသည်။
ယခင်က ထိုင်းနိုင်ငံသို့ ပြောင်းသီးနှံအများဆုံးတင်ပို့ခဲ့သော်လည်း ဖေဖော်ဝါရီလ ၁ရက် မှ ဩဂုတ်လ ၃၁ရက် အထိအခွန်ကင်းလွတ်ခွင့်ရရှိခဲ့၍ စက်တင်ဘာလတွင် တင်ပို့မှုသိသိသာသာလျော့သွားခဲ့ကြောင်းသိရသည်။
ထို့ကြောင့် ယခုနှစ်စက်တင်ဘာလမှစ၍တရုတ်နိုင်ငံသို့ ပြောင်းတင်ပို့ရန် ဈေးကွက်ရှာဖွေခဲ့ခြင်း ဖြစ်ပြီး ဘိန်းအစား ထိုးပြောင်းအပြင် GACC ဖြင့်လည်း တင်ပို့ဖို့ရန် လုပ်ဆောင်နေကြောင်းသိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်သို့ ပြောင်းတန်ချိန် ၁၂၅၀ နှင့် ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၂၉၄ တန် တင်ပို့ခဲ့ပြီးဖြစ်ကြောင်းလည်းသိရသည်။
ပြောင်းသီးနှံကို တရုတ်ဈေးကွက်အပြင် ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံများသို့လည်း တင်ပို့နိုင်ရေး ဆောင်ရွက်နေကြောင်းလည်းသိရသည်။
#Local_News #ပြောင်းတန်ချိန် #လေးသိန်းတင်ပို့
#Yangon_Times/PP
#Local_News
Published_ 2 October 2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)မူဆယ်မြို့ရှိ မြန်မာ-တရုတ်နယ်စပ်ဖြတ်သန်းသွာလာရေးဂိတ်များတွင် တရားဝင်ဗီဇာ(Business Visa)ဖြင့် အောက်တိုဘာ(၁)ရက်မှစတင်ကာ ဝင်ထွက်သွားလာခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။
အောက်တိုဘာ(၁)ရက် မနက်ပိုင်းတွင် မြန်မာနိုင်ငံမှ မူဆယ်ခရိုင်၊လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ၊ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်းနှင့် ဒေသနှင့်မြို့နယ်အဆင့်တာဝန်ရှိသူများ၊ တရုတ်နိုင်ငံ၊ရွှေလီမြို့တော်ဝန် Mr. Shang La Sianနှင့်တကွ တာဝန်ရှိကြသူများသည် မူဆယ်-ရွှေလီနယ်စပ်ဂိတ်ဖြစ်သည့် နန်းတော်ဂိတ်တွင် တရားဝင်ဗီဇာဖြင့် စတင် ဝင်ထွက်ခြင်းအစီအစဉ်ကို စတင်ဖွင့်လှစ်ပေးခဲ့ကြပါတယ်။
ပထမဆုံးရောက်ရှိလာသည့် တရုတ်နိုင်ငံသား Mr. Wu Chunmingကို နှစ်ဖက်တာဝန်ရှိသူတွေကကြိုဆိုလက်ခံလျက် လာရှိုးမြို့သို့ ဆက်လက် သွားရောက်နိုင်ရေးအဆင်ပြေရန်အတွက် မြန်မာနိုင်ငံမှ တာဝန်ရှိသူများက ယာဉ်နှင့်ဟိုတယ်တည်းခိုရန်တို့ကိုလည်း စီစဉ်ဆောင်ရွက်ပေးခဲ့ကာ ဆောင်ရန်/ရှောင်ရန်များ၊ ဗီဇာစည်းမျဉ်းစည်းကမ်းများနှင့်သက်ဆိုင်သည်များကို တရင်းတနှီး ရှင်းပြပြော ကြားခဲ့ကြောင်း သိရှိရပါတယ်။
#-msiprd/ymg #Local_News #မြန်မာ-တရုတ်နယ်စပ် #တရားဝင်ဗီဇာ #(Business Visa)
#Yangon_Times
#World_News
Published 2 October 2023
ဗြိတိန်စစ်ဘက်ဆိုင်ရာ သင်ကြားသူများကို ယူကရိန်းထံသို့ ယခုချက်ချင်း စေလွှတ်နေရာချရန် အစီအစဥ်မရှိဘူးလို့ ဝန်ကြီးချုပ် ရီရှီဆူနက်ခ်က တနင်္ဂနွေနေ့က ပြောကြားလိုက်ကာ ယူကရိန်းနိုင်ငံအတွင်း ဗြိတိန်တပ်သားများ လေ့ကျင့်ပို့ချပေးစေချင်တယ်လို့ ဆိုခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးရဲ့ မှတ်ချက်စကားများကို ပြင်ဆင်ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ဗြိတိန်နဲ့ မဟာမိတ်နိုင်ငံတွေဟာ ရုရှားနဲ့ ထိပ်တိုက်တွေ့ဆုံမှု မဖြစ်စေရန် ယခုအချိန်အထိ ယူကရိန်းနိုင်ငံအတွင်း တရားဝင် စစ်ရေးပါဝင်ပတ်သက်မှု မရှိအောင် သတိပြုနေကြပါတယ်။
ပြီးခဲ့တဲ့လက ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဖြစ်လာခဲ့တဲ့ ဂရန့်ရှက်ပ်စ်က The Sunday Telegraph သတင်းဌာနနဲ့ အင်တာဗျူးပြောကြားခဲ့ရာမှာ ယူကရိန်းသို့ စစ်ဘက်ဆိုင်ရာ သင်ကြားပို့ချပေးသူများ စေလွှတ်ချင်ကြောင်းနဲ့ ယူကရိန်း လက်နက်ကိုင်တပ်သားတွေကို ဗြိတိန် ဒါမှမဟုတ် အခြားအနောက်တိုင်း နိုင်ငံတွေမှာ လေ့ကျင့်သင်ကြားပေးချင်ကြောင်း ဆိုခဲ့ပါတယ်။
ထိုအင်တာဗျူးအကြောင်း ထုတ်လွှင့်ပြီး နာရီပိုင်းအကြာမှာပဲ ဆူနက်ခ်က ဗြိတိန်တပ်သားတွေကို ယခုချက်ချင်း ယူကရိန်းမှာ နေရာချရန် အစီအစဥ်မရှိဘူးလို့ တုန့်ပြန်လိုက်တာ ဖြစ်ပါတယ်။
ကာကွယ်ရေးဝန်ကြီး ဆိုလိုချင်တာက တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ယူကရိန်းနိုင်ငံအတွင်း စစ်ရေးသင်ကြားမှုများ ပြုလုပ်ပေးဖွယ်ရှိကြောင်း၊ ဒါပေမဲ့ ဒါဟာ ရေရှည်စီမံကိန်း တစ်ခုသာဖြစ်ပြီး ယခုချက်ချင်း ပြုလုပ်ဖို့ အစီအစဥ်မရှိကြောင်း မန်ချက်စတာမှာ ပြုလုပ်တဲ့ ကွန်ဆာဗေးတစ်ပါတီ နှစ်ပတ်လည် အစည်းအဝေးပွဲမှာ ဆူနက်ခ်က သတင်းထောက်တွေကို ပြောပြခဲ့ပါတယ်။
ယူကရိန်းမှာ စစ်ရေးသင်ကြားမှုများ ပြုလုပ်နေတဲ့ ဗြိတိန်တပ်သားမှန်သမျှ ရုရှားရဲ့ တရားဝင်ပစ်မှတ် ဖြစ်လာလိမ့်မယ်လို့ ရုရှားသမ္မတဟောင်း ဒီမစ်ထရီမက်ဒ်ဗီဒက်ဗ်က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။
ဗြိတိန်ဟာ ယမန်နှစ်က ယူကရိန်းတပ်သား ၂ သောင်းခန့်ကို ရက်သတ္တပတ် ၅ ပတ်ကြာမြင့်တဲ့ စစ်ရေးလေ့ကျင့်မှုသင်တန်းများ ပို့ချပေးခဲ့ပြီး နောက်ထပ်လည်း အလားတူ သင်ကြားပေးသွားရန် ရည်ရွယ်ထားပါတယ်။
ဂရန့်ရှက်ပ်စ် အင်တာဗျူး ပြောကြားခဲ့ရာမှာ ယူကရိန်းနိုင်ငံအတွင်း စစ်ရေးသင်ကြားပေးနိုင်ရေး အခြေအနေက တဖြည်းဖြည်းနဲ့ နီးစပ်လာပြီဖြစ်ကြောင်း၊ BAE Systems လိုမျိုး ဗြိတိန်ကာကွယ်ရေး ကုမ္ပဏီများအနေဖြင့် ယူကရိန်းနိုင်ငံအတွင်း လက်နက်စက်ရုံများ တည်ဆောက်ရန် အစီအစဥ်များ ဆက်လက်ဖော်ဆောင်သွားမယ်လို့ မျှော်လင့်ကြောင်း၊ ယူကရိန်းစစ်ပွဲကြောင့် လူတွေ လက်နက်တွေ အမြောက်အများ ဆုံးရှုံထားရပေမယ့် ရုရှားကိုဆန့်ကျင်တိုက်ခိုက်နေတဲ့ ယူကရိန်းအတွက် အခိုင်အမာ ဆက်လက်ထောက်ပံ့သွားဖို့ လိုအပ်ကြောင်း ပြောကြားသွားပါတယ်။
နေတိုး(NATO)အဖွဲ့အစည်းရဲ့ အရှေ့ဘက်ခြမ်းကို ကူညီကာကွယ်ပေးရန် ပိုလန်အစိုးရက တောင်းဆိုခဲ့ပြီးနောက်က ဗြိတိန်တိုက်လေယာဥ်တွေကို ယခုရက်သတ္တပတ်အကုန်မှာ ပိုလန်သို့ ပေးပို့ခဲ့ပါတယ်။
#World_News #ယူကရိန်း #ဗြိတိန်ဝန်ကြီးချုပ်ရီရှီဆူနက်ခ် #Source: NDTV
#World_Animal
Published 2 Oct 2023
ထိုင်းနိုင်ငံ ဖန်ငါပြည်နယ်ရှိ စိမ်းလန်းစိုပြည်တဲ့ နေရာကြီးမှာ အပြာရောင် အီလက်ထရစ် တာရန်ကျူလာပင့်ကူကြီးမျိုးစိတ်ကို အံ့အားသင့်ဖွယ် ရှာဖွေတွေ့ရှိခဲ့ပါတယ်။
သုတေသီများက ထိုင်းနိုင်ငံ တာရန်ကျူလာပင့်ကူ မျိုးစိတ်ကွဲများကို ရှာဖွေလေ့လာရင်း အခုလို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
တွေ့ရှိထားတဲ့ တာရန်ကျူလာပင့်ကူ မျိုးစိတ်အသစ်က ခရမ်းပြာ အရောင်အဆင်းရှိကာ အပြာရောင်လျှပ်စစ်မီးစတွေနဲ့ ဆင်တူတယ်လို့ ခွန်ကင်တက္ကသိုလ် အင်းဆက်နှင့် အပင်ရောဂါဌာနမှ သုတေသီ နာရင်ချမ်ဖူဖောင်က ပြောပြခဲ့ပါတယ်။
သဘာဝတရားထဲမှာ အပြာရောင် အရှားပါးဆုံး အရောင်တွေထဲက တစ်ခုဖြစ်ပြီး အခုလိုမျိုး တိရိစ္ဆာန်တွေမှာ တွေ့ရတာဟာ အလွန်စွဲမက်စရာ ကောင်းတယ်လို့ ဆိုလိုက်ပါတယ်။
သိပ္ပံအမည် Chilobrachys natanicharum လို့ခေါ်ပြီး အပြာရောင်ခြယ်ပစ္စည်းတွေကြောင့် အပြာရောင်သမ်းနေတာ မဟုတ်ဘဲ သူတို့ရဲ့ ထူးခြားတဲ့ အမွှေးအမျှင်တွေက နာနိုအမှုန်လေးတွေနဲ့ ပေါင်းစပ်ကာ အပြာရောင်အလင်းကို ထွက်စေတာ ဖြစ်ပါတယ်။
အမွှေးအမျှင်တွေက ခြေတံ၊ နှုတ်သီး၊ အပေါ်ခွံတို့မှာ နေရာအနှံ့ရှိနေကြပြီး အရောင်အသွေးက အထီးအမ၊ အသက်အရွယ်ပေါ်လိုက်ကာ ကွဲပြားတတ်ပါတယ်။
စူးစမ်းလေ့လာမှုအတွင်း အဆိုပါပင့်ကူမျိုးစိတ် ၂ ကောင်သာ ရရှိခဲ့ပါတယ်။
သစ်တောပြုန်းတီးမှုများကြောင့် အပြာရောင်သမ်းနေတဲ့ တာရန်ကျူလာတွေဟာ အရှားပါးဆုံးမျိုးစိတ်တွေထဲက တစ်ခုဖြစ်လာပါတယ်။
#World_Animal #အပြာရောင်သမ်း #တာရန်ကျူလာပင့်ကူကြီး #မျိုးစိတ်အားရှားပါးတွေ့ရှိ #Source: WION
#World_Health
Published 2 October 2023
လက်ကိုင်ဖုန်း အလွန်အကျွံ သုံးစွဲခြင်းဖြင့် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်ပြီး ပျင်းရိလေးလံဖွယ် နေထိုင်မှုပုံစံ ဖြစ်လာကာ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု နည်းပါးလာပြီး အဝလွန်ခြင်း၊ နှလုံးသွေးကြောရောဂါများ၊ အခြားရောဂါပြဿနာများ ဖြစ်လာနိုင်ပါတယ်။
ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးများနဲ့ အထီးကျန်ခြင်း လက္ခဏာများ ခံစားရနိုင်ပါတယ်။
ဖုန်းအလွန်အကျွံ အသုံးပြုခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ဆိုကျန်းမာရေးပြဿနာတွေကတော့ ..
(၁) ဖုန်းကို ကြာရှည်စွာ ကြည့်ရှုတဲ့အတွက် မျက်လုံးမှာ ဒဏ်ဖြစ်ကာ မျက်လုံးခြောက်ခြင်း၊ အမြင်ဝါးခြင်း၊ ခေါင်းကိုက်ခြင်း၊ နွမ်းနယ်ခြင်းတို့ ဖြစ်တတ်ပါတယ်။
(၂) ဖုန်းမျက်နှာပြင်မှ ထွက်တဲ့ အပြာရောင်အလင်းက အိပ်စက်မှုဖြစ်စေတဲ့ ဟော်မုန်းကို အထွက်နည်းစေပြီး အိပ်စက်မှုစက်ဝန်းကို နှောင့်ယှက်စေပါတယ်။
(၃) ဖုန်းကြာရှည် သုံးစွဲခြင်းကြောင့် လည်ပင်းငုံ့ပြီး ကျောရိုးကိုင်းသွားကာ ရေရှည်မှာ ကိုယ်နေဟန်ထား မမှန်တော့ဘဲ ကျောရိုးမပြဿနာများ ဖြစ်လာနိုင်ပါတယ်။
(၄) အဆက်မပြတ် ဖုန်းပွတ်ဆွဲခြင်း၊ စာရိုက်ခြင်းတို့ကြောင့် လက်ကောက်ဝတ်၊ လက်ချောင်းတို့မှာ ဒဏ်ဖြစ်လာပါတယ်။
(၅) ဆိုရှယ်မီဒီယာတွေပေါ်မှာ မြင်တွေ့နေရတာတွေနဲ့ ပတ်သက်ပြီး မိမိကိုယ်ကိုအားငယ်တတ်ကာ စိုးရိမ်သောက၊ ဖိစီးမှုများ ခံစားရတတ်ပါတယ်။
(၆) ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ဖို့ အချိန်နည်းပါးလာကာ ကိုယ်အလေးချိန်တက်လာပြီး အဝလွန်ခြင်းနဲ့ ဆက်စပ်ရောဂါ ပြဿနာများ ဖြစ်လာနိုင်ပါတယ်။
(၇) ဖုန်းကနေ အချက်အလက်တွေ အားထားနေရကာ တပြိုင်တည်း အလုပ်များစွာ ပြုလုပ်မိတာကြောင့် မှတ်ဉာဏ်နဲ့ ပတ်သက်တဲ့ စွမ်းရည်တွေကို ထိခိုက်စေနိုင်ပါတယ်။
(၈) လမ်းလျှောက်ရင်း ကားမောင်းရင်း ဖုန်းအသုံံးပြုတာကြောင့် မတော်တဆမှုများ ဒဏ်ရာများ ရရှိတတ်ပါတယ်။
(၉) လူမှုပေါင်းသင်းရေးအတွက် အချိန်မပေးနိုင်တော့ကာ မိသားစုဝင် မိတ်ဆွေများနဲ့ မျက်နှာချင်းဆိုင် စကားပြောဆိုမှု နည်းပါးသွားပါတယ်။
(၁၀) ဖုန်းအလွန်အကျွံ အသုံးပြုခြင်းကြောင့် လျှပ်စစ်သံလိုက်ရောင်ခြည်များ ထိတွေ့မှုများကာ ကင်ဆာနဲ့ အခြားကျန်းမာရေး ပြဿနာများ ဖြစ်နိုင်ချေများစေပါတယ်။
ဒါကြောင့် လက်ကိုင်ဖုန်း အလွန်အကျွံ သုံးစွဲခြင်းကို ရှောင်ကြဥ်ကာ အချိန်ပိုင်းခြားပြီး သင့်တင့်ရုံသာ သုံးစွဲသင့်ပါတယ်။
#World_Health #လက်ကိုင်ဖုန်း #ကျန်းမာရေးပြဿနာ #Source: DoctorNDTV
တရုတ်လပေါ်သွားယာဉ် ယူတု-2က လမျက်နှာပြင်ရဲ့ မြင်ကွင်းကျယ် ရုပ်ပုံအသစ်တစ်ခုကို ကမ္ဘာကြီးသို့ ဆောင်းဦးလယ်ပွဲတော်ကျင်းပနေစဉ်အတွင်း ပြန်လည်ပေးပို့ခဲ့ပါတယ်။ အဆိုပါရုပ်ပုံထဲမှာ ကမ္ဘာကြီးမှ ကီလိုမီတာ သုံးသိန်းရှစ်သောင်းအကွာမှာရှိတဲ့ လမျက်နှာပြင်ပေါ်က ဥက္ကာခဲတွေ၊ ကျောက်စရစ်တွေနှင့် ယူတု-တူးရဲ့လမ်းကြောင်းတွေပေါ်လွင်နေပါတယ်။
Source CCTV+
ကိုဗစ်ကာလပြီး နောက်ပိုင်းမှာ အခြားအလုပ်အကိုင်များရှားပါးလာတဲ့အတွက် အလုပ်ကိုင်သက်သာပြီး ဝင်ငွေအသင့်တင့်ရရှိတာကြောင့် ဆံပင်အရောင်းဝယ်လုပ်သူ ပို
များလာတယ်လို့ ရန်ကုန်မြို့ရှိ ဆံပင်ရောင်းဝယ်ရေးလုပ်သူတွေထံက သိရပါတယ်။
Published_ 1 October 2023
#Local_News
#ဆံပင်ဝယ်ရောင်းလုပ်သူများ #ဝင်ငွေအသင့်တင့်ရရှိ
#YMG/LW #Yangon_Times
Page 902 of 1858