Published 12 May 2022
အာဏာပိုင်တွေက သုံးရက်ကြာလော့ခ်ဒေါင်းလုပ်မယ်လို့ အွန်လိုင်းပေါ်မှာ ကောလာဟလတွေထွက်လာတဲ့အတွက် ဘေဂျင်း ဒေသခံတွေဟာ စူပါမားကက်တွေမှာ မေ(၁၂)ရက်က စားသောက်ကုန်တွေကို အပြေးအလွှား အလုအယက် ဝယ်ယူ နေခဲ့ကြ ပါတယ်။
ဘေဂျင်းမှာ ကိုဗစ်နေ့စဉ်ကူးစက်မှုမှာ ဒါဇင်ကျော်ရှိပြီး တည်ငြိမ်နေပါတယ်။
ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာတော့ ဘေဂျင်းဟာ အငှားယာဉ်နှင့် အငှားယာဉ်မောင်းလုပ်ငန်းတွေကို ကိုဗစ်ကူးစက်မှုစတင်ခဲ့တဲ့ ဘေဂျင်းရဲ့ကြီးဆုံးခရိုင်ဖြစ်တဲ့ ချောင်းယန်ခရိုင်နှင့်အခြားခရိုင်နှစ်ခုမှာ ခေတ္တရပ်ဆိုင်းကြောင်းကြေညာချက် ထုတ်ပြန် ခဲ့ပါတယ်။
အဲဒီဒေသတွေမှာ စားသောက်ဆိုင်တွေထမှာ ထိုင်စားတာတွေပိတ်ခဲ့ပြီး အချို့ ဈေးဝယ်စင်တာတွေ၊ဖျော်ဖြေရေးနှင့်ခရီးသွား နေရာတွေကိုပိတ်ခဲ့ပါတယ်။အချို့ ဘတ်စ်လိုင်းနှင့် မြေအောက်ရထားလမ်းပိုင်းတွေကို ယာယီရပ်ဆိုင်းခဲ့ပါတယ်။ အချို့ လူနေအိမ်ရာတွေကို လော့ခ်ဒေါင်းချခဲ့ပါတယ်။
Source Text: AFP/Reuters & Video AFP
Published 4 May 2022
တရုတ်နိုင်ငံ ရှန်ဟိုင်းမှာရှိတဲ့ ဘိုးဘွားရိပ်သာတစ်ခုမှာနေသူတစ်ဦးကို အသက်ရှင်နေလျက်နှင့် ရေခဲတိုက်ကို မှားပို့မိတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာက သတင်းထုတ်ပြန်ပါတယ်။ ရှန်ဟိုင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုပျံ့နှံ့ပြီး ကာလကြာ လော့ခ်ဒေါင်းချထားနေရပြီး သက်ကြီးရွယ်အိုပြုစုရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုတွေ အပင်ပန်းဆုံးလုပ်ဆောင်နေရတဲ့အချိန်မှာ အဲဒီကိစ္စ ဖြစ်ပေါ်ခဲ့တာပါ။
မြူနီစပါယ်အစိုးရက ထိုကိစ္စဖြစ်ပွားခဲ့တာကို အတည်ပြုလိုက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီလို့ ဒေသဆိုင်ရာ မီဒီယာ တစ်ခုက သတင်းရေးသားပါတယ်။
အဲဒီဘိုးဘွားရိပ်သာက ဖြစ်ရပ်အတွက် တောင်းပန်လိုက်ပါတယ်။ ဒါပေမယ့် အဲဒီမှားယွင်းမှုကြောင့် တရုတ်ပြည်သူတွေအကြား ကျယ်ကျယ်ပြန့်ပြန့် စိတ်ဆိုးဒေါသဖြစ်မှုတွေနှင့် ရှုတ်ချအပြစ်တင်မှုတွေဖြစ်သွားစေတာကို ဆိုရှယ်မီဒီယာတွေမှာ ပြောဆိုသုံးသပ်နေတာတွေအရ သိရပါတယ်။
(အဲဒီဖြစ်ရပ်ကိုရိုက်ကူးထားပြီး ဆိုရှယ်မီဒီယာမှာပျံ့နှံ့ခဲ့တဲ့ရုပ်သံကို
https://t.me/yangonmediagroup/7464 မှာကြည့်ရှုနိုင်ပါတယ်)
အဲဒီအမှားကြောင့် လူလေးဦးကို ရာထူးမှထုတ်ပယ်လိုက်ပါတယ်။ အဲဒီသူတွေဟာ ဘိုးဘွားရိပ်သာက ညွှန်ကြးရေးမှူးအဆင့် ရှိသူတစ်ဦးနှင့် ခရိုင်မြို့ပြရေးရာရုံးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးရုံးတွေက အရာရှိ(၃)ဦးတို့ဖြစ်ပါတယ်လို့ တရုတ်ဗဟိုရုပ်သံ အရ သိရပါတယ်။
ခရိုင်မြို့ပြရေးရာရုံး ညွှန်ကြားရေးမှူးကို ထပ်မံစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီး ထျင်းလို့အမည်ရတဲ့ ဆရာဝန်ရဲ့ ဆေးကုသခွင့် လိုင်စင်ကိုဖျက်သိမ်းပစ်လိုက်ပါတယ်။တစ်ဦးချင်းစီကို ပြည်သူ့လုံခြုံရေးကိစ္စနှင့် အမှုဖွင့်ထားပါတယ်။
ရှန်ဟိုင်းမြို့မှာ ငါးပတ်ဆက်တိုက်မြောက် လော့ခ်ဒေါင်းချထားခံရပြီးနောက် အဲဒီမှားယွင်းမှုဖြစ်ခဲ့တာပါ။ ကိုဗစ်ကူးစက်မှု အသစ်တွေဟာ နေ့စဦ်ထောင်ဂဏန်းရှိနေပါတယ်။ ကူးစက်မှုတွေနှင့်အနီးကပ်ထိတွေ့မှု အားလုံးအပေါ် တင်းကြပ်တဲ့ ကန့်သတ်မှုတွေနှင့် မလုပ်မနေရ သီးသန့်ခွဲထားမှုတွေကြောင့် မြို့ရဲ့ ၂၅သန်းသော လူဦးရေအတွက် ဖရိုဖရဲဖြစ်နေစေပါတယ်။
ယခုနောက်ဆုံးကိုဗစ်လှိုင်းမှာသေဆုံးသူ ၄၀၀ကျော်ထဲက အများစုဟာ ရောဂါအခံရှိကြတဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်ကြပါတယ်။ အချို့ဘိုးဘွားရိပ်သာတွေက သေဆုံးတာတွေကို အကြောင်းမကြားကြဘူးလို့လည်း သတင်းတွေထွက်နေပါတယ်။ အခုဖြစ်ခဲ့တဲ့သူဟာ ကိုဗစ်ကူးစက်ခံထားရသူ ဒါမှမဟုတ် ကာကွယ်ဆေးထိုးထားပြီးသားသူလား ဆိုတာလည်း မသဲကွဲပါဘူး။
“ ဒါဟာလူသတ်မှုပဲ” လို့ စိတ်ဆိုးမာန်ဆိုးပို့စ်တွေကြားထဲမှာ ဝေးဘိုဆိုရှယ်ပလက်ဖောင်းသုံးသူတစ်ဦးက ပို့စ်ရေးသားပါတယ်။ “ မြို့ရဲ့လျှို့ဝှက်အကြပ်အတည်းက ပိုဆိုးလာနေပြီ” လို့သူကရေးပါတယ်။
အဲဒီရိပ်သာရှိတဲ့ ပူတူအိုမြို့ရဲ့ မြို့ပြရေးရာဌာနက ဒီဖြစ်ရပ်ကို အရေးတကြီးကိုင်တွယ်နေပြီး စစ်ဆေးမှုတွေပြီးရင် ထုတ်ဖော်ပြောကြားမယ်လို့ဆိုပါတယ်။
“ ဒါဟာ ရောဂါကပ်ဘေးနှင့်ဘာမှမဆိုင်သလို ဒါဟာ ပုံမှန်ဖြစ်နေက လျစ်လျူရှုမှုနှင့် တာဝန်ပေါ့ဆမှုလည်းမဟုတ်ဘူး။ ဒါဟာ သေစေနိုင်လောက်တဲ့ အကြီးအကျယ်တာဝန်ပျက်ကွက်မှုဖြစ်တယ်လို့ ဂလိုဗယ်တိုင်းမ်ရဲ့ အယ်ဒီတာချုပ်ဟောင်း မစ္စတာဟူရှီကျင်းက ဝေးဘိုမှာ ရေးသားထားပါတယ်။
Source Straits Times
Published 11 April 2022
တောင်ကိုးရီးယားနိုင်ငံမှာ အသက်(၉)နှစ်နှင့်အောက် ကလေးသူငယ်တွေအားလုံးရဲ့ တစ်ဝက်ခန့်ဟာ ကိုဗစ် ကူးစက်ခံခဲ့ကြရတယ်လို့ တောင်ကိုးရီးယားရောဂါထိန်းချုပ်ကာကွယ်ရေးဌာနKDCAက ပြောပါတယ်။
အဆိုပါဌာနရဲ့ ပြီးခဲ့တဲ့ စနေနေ့က သတင်းထုတ်ပြန်ချက်အရ ကိုဗစ်ကူးစက်ခံရတဲ့ အသက်(၉)နှစ်နှင့်အောက် ကလေးသူငယ်တွေစုစုပေါင်းဟာ ၁,၈၈၇,၃၃၇ ဦး( ၁.၈၉ သန်းနီးပါး)ရှိတယ်လို့ သိရပါတယ်။ ဆိုလိုတာက အဲဒီ အသက်အရွယ်အုပ်စု တစ်သိန်းမှာ ၅၀,၁၉၀ ဦးကူးစက်ခံနေရတာဖြစ်ပါတယ်။ အခြားအသက်အုပ်စုတွေနှင့် ယှဉ်ရင် ဒီအသက်အုပ်စုဟာ ကူးစက်မှုအမြင့်ဆုံးဖြစ်နေပါတယ်။
အခြားအသက်အုပ်စုတွေထဲမှာ အသက်၁၀နှစ်နှင့် ၁၉နှစ်အကြားဟာ ဒုတိယမြောက် ကူးစက်မှုအမြင့်ဆုံးဖြစ်ပြီး လူတစ်သိန်းမှာ ၄၃,၂၈၉ ဦးကူးစက်ခံနေရတာဖြစ်ပါတယ်။
ဖေဖော်ဝါရီနှင့် မတ်လတွေမှာ အိုမီခရွန်မျိုးကွဲ နိုင်ငံအနှံ့ပျံ့နှံ့ကူးစက်မှုတွေကြောင့် ကိုဗစ်ကပ်ရောဂါဟာ တောင်ကိုးရီးယားမှာ ခပ်မြန်မြန်မြင့်တက်လာခဲ့ပါတယ်။ အထူးသဖြင့် နေ့စဉ်ကူးစက်မှုတွေဟာ မြင့်တက်လာနေပြီး မတ်၁၇ရက်တစ်ရက်တည်းမှာ လူပေါင်း ခြောက်သိန်းနှစ်သောင်းကျော် ကူးစက်ခံခဲ့ရပါတယ်။ အဲဒီအရေအတွက်ဟာ တောင်ကိုးရီးယားမှာ ကိုဗစ် စတင်ကူးစက်ကတည်းက အမြင့်ဆုံးဖြစ်ပါတယ်။
တောင်ကိုးရီးယားဟာ မတ်လလယ်တုန်းက အသက်၁၂နှစ်နှင့် ၁၇နှစ်အကြား ကလေးသူယ်တွေကို အားမြှင့်ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ပါတယ်။ မတ်လအကုန်မှာတော့ အသက် ၅နှစ်နှင့် ၁၁နှစ်အကြားကလေးတွေကို ကာကွယ်ဆေး စတင်ထိုးပေးခဲ့တယ်လို့ ယွန်ဟပ် သတင်းအေဂျင်စီရဲ့ သတင်းပေးပို့ချက်အရသိရပါတယ်။
ဆယ်ကျော်သက်တွေ ကိုဗစ်ကူးစက်ခံနေရတဲ့အတွက် အများပြည်သူတွေ အထူးသဖြင့် မိဘတွေဟာ စိတ်ပူပန်မှုတွေ ရှိလာနေပါတယ်။ မိဘတော်တော်များများက သူတို့ကလေးတွေ ကျောင်းပျက်မှာကို မလိုလားကြပါဘူး။
တရားဝင်ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ မတ်၂၉ရက်နှင့် ဧပြီ ၄ ရက်အကြားမှာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား ကျောင်းသူ တစ်သိန်းကျော် ကိုဗစ်ကူးစက်ခံခဲ့ရတယ်လို့သိရပါတယ်။ အဲဒီအချက်အလက်တွေအရ တစ်ရက် တစ်ရက်ကို အလယ်တန်းကျောင်းသား တစ်သောင်းလေးထောင်ကျော် ကူးစက်ခံနေရတဲ့ သဘောပဲဖြစ်ပါတယ်။
ဒီလအကုန်ပိုင်းမှာ မူလတန်းနှင့် အလယ်တန်းတွေ နှစ်ဝက်စာမေးပွဲတွေ စစ်ဖို့ရှိနေပါတယ်။ ကိုဗစ်ကူးစက်ခံနေရတဲ့ ကျောင်းသူကျောင်းသားတွေကို စာမေးပွဲ ဖြေဆိုခွင့်မပေးဘူးလို့ ပညာရေးဝန်ကြီးဌာနက ကြေညာခဲ့တယ်။ ဒါပေမယ့် သူတို့ အရင်ရခဲ့တဲ့ အမှတ်တွေအပေါ် အခြေခံပြီး အမှတ်သတ်မှတ်ပေးမယ်လို့ ဝန်ကြီးဌာနကဆိုပါတယ်။
ပညာရေးဝန်ကြီးဌာနရဲ့ ဆုံးဖြတ်ချက်အပေါ် အငြင်းပွားမှုတွေဖြစ်လာခဲ့ပါတယ်။ မိဘတော်တော်များများက အဲသလိုဆိုရင် သူတို့သားသမီးတွေ အမှတ်လျှော့ခံကြရမှာနှင့် အဲဒါက အနာဂတ်မှာ ကောလိပ်ကျောင်းလျှောက်တဲ့အခါ အခက်ဖြစ်စေနိုင်မှာကို စိတ်ပူပန်နေကြပါတယ်။
မိဘတွေနှင့် ကျောင်းသူကျောင်းသားတွေဆီက အသနားခံမှုတွေအများအပြားရရှိပြီးနောက် ကိုဗစ်ကူးစက်ခံရတဲ့ ကျောင်းသူကျောင်းသားတွေ နှစ်ဝက်စာမေးပွဲဖြေနိုင်မယ့် အခြေအနေကို ပြန်သုံးသပ်မယ်လို့ တုန့်ပြန်ခဲ့ပါတယ်။
တောင်ကိုးရီးယားနိုင်ငံမှာ စနေနေ့ညက ကိုဗစ် ကူးစက်မှုအသစ် ၁၆၄,၄၈၁ ဦးရှိခဲ့ပြီး စုစုပေါင်းကူးစက်ခံရသူပေါင်း ၁၅,၃၃၃,၆၇၀ရှိပြီဖြစ်ပါတယ်။
Source CMG
Published 10 April 2022
တောင်ကိုရီးယားနိုင်ငံသားတွေဟာ ဆိုးလ်မြို့တော်က ဘူဂွမ်ချီယွမ်ချောင်းကို စနေနေ့က သွားရောက်လည်ပတ်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေရာတစ်ဝိုက်မှာ ချယ်ရီတွေဟာ ဝေနေအောင် အပြည့်အဝဖူးပွင့်နေလို့ဖြစ်ပါတယ်။ တောင်ကိုရီးယားမှာ ကူးစက်မှုတွေမြင့်မားနေပေမယ့် ကန့်သတ်ချက်တွေဖြေလျော့ပေးလိုက်တာကြောင့် လည်ပတ်သူတွေ များပြားနေပါတယ်။
ကိုဗစ်ကန့်သတ်ချက်တွေကြောင့် တစ်နှစ်တစ်ကြိမ် ဘူဂွမ်ချီယွမ်ချောင်းမှာ ကျင်းပတဲ့ ချယ်ရီပွင့်ချိန်ပွဲတော်ကို ဖျက်သိမ်းခဲ့တာ (၂)နှစ်ရှိခဲ့တာဖြစ်ပါတယ်။
Source AFP
#WorldHealth
Published - 09 April 2022
မျက်မှန်ပုံမှန်တပ်ဆင်နေရသူတွေဟာ ကိုဗစ်ရောဂါကူးစက်နိုင်ချေအနည်းငယ်လျော့နည်းပြီး မျက်ကပ်မှန်တပ်ဆင်သူတွေကတော့ ရောဂါကူးစက်မှုကာကွယ်နိုင်စွမ်းထူးခြားလာခြင်းမရှိကြောင်း လေ့လာမှုကြီးတစ်ခုအရသိရှိရပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းလမ်းကြောင်းမှာ မျက်လုံးရဲ့အရေးပါပုံကိုဖော်ပြလိုက်ပါတယ်။
အင်္ဂလန်နဲ့ဝေးလ်စ်နိုင်ငံတို့ရှိ ဗိုင်းရပ်စ်စောင့်ကြည့်လေ့လာမှုမှာ လူပေါင်း ၁၉,၀၀၀ ကျော်ပါဝင်ခဲ့ပြီး မျက်မှန်တပ်ခြင်းနဲ့ မျက်ကပ်မှန်တပ်ခြင်းတို့ နဲ့ပတ်သက်ပြီး စစ်တမ်းကောက်ယူခဲ့ကြပါတယ်။
ပါဝင်စမ်းသပ်ခံသူတွေဟာ ၂၀၂၀ ဇွန်လကစတင်ကာ သူတို့ရဲ့ကိုဗစ်ရောဂါကျန်းမာရေးအခြေအနေကို အပတ်စဉ်တင်ပြခဲ့ကြပြီး လူပေါင်း ၁၁,၀၀၀ ကျော်က ကိုရိုနာဗိုင်းရပ်စ်ရှိ/မရှိ လစဉ်သွေးနမူနာများပေးပို့ကာ စမ်းသပ်ခဲ့ကြပါတယ်။
ရောဂါကူးစက်နိုင်တဲ့အခြားအခြေအနေတွေကိုပါ ထည့်သွင်းသုံးသပ်ကြည့်ရာမှာ မျက်မှန်ပုံမှန်တပ်ဆင်နေရသူတွေက မျက်မှန်လုံးဝမတပ်ဆင်ရတဲ့သူတွေထက် ရောဂါကူးစက်နိုင်ချေ ၁၅ ရာခိုင်နှုန်းနည်းပါးကြောင်း သုတေသီတို့ တွေ့ရှိခဲ့ကြပါတယ်။
မျက်မှန်နဲ့နှာခေါင်းစည်းအတူတကွတပ်ဆင်ရလို့ စိတ်အနှောင့်အယှက်ဖြစ်ရသူတွေမှာတော့ ရောဂါကာကွယ်နိုင်စွမ်းအနည်းငယ်နည်းပါးပြီး မျက်ကပ်မှန်တပ်ဆင်သူတွေမှာတော့ ကာကွယ်နိုင်စွမ်းမပေးနိုင်တာကို တွေ့ရှိခဲ့ရကြောင်း တနင်္လာနေ့က medRxiv ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
"မျက်လုံးအကာအကွယ်ပေးနိုင်တဲ့ မျက်မှန်တပ်ဆင်ခြင်းကို ရောဂါကူးစက်မှုကာကွယ်ရေးအစီအစဉ်တွေမှာ အသုံးပြုဖို့ ထည့်သွင်းစဉ်းစားသင့်ပြီး နောင်ပျံ့ ပွားလာနိုင်တဲ့ကပ်ရောဂါကာလနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတို့ လို ဗိုင်းရပ်စ်ထိတွေ့မှုမြင့်မားတဲ့နေရာတွေမှာ မျက်မှန်တပ်ဆင်ခြင်းကအသုံးဝင်လာနိုင်ပါတယ်" လို့ သုတေသီများက ပြောကြားခဲ့ပါတယ်။
Source Reuters
#WorldHealth
Published- 08 April 2022
ဖိုင်ဇာ-ဘိုင်အိုတက်ခ်ရဲ့ ကိုဗစ်ကာကွယ်ဆေးစတုတ္ထအကြိမ်ထိုးနှံခြင်းဖြင့် သက်ကြီးရွယ်အိုတွေမှာ ကိုဗစ်ရောဂါကူးစက်မှုနှုန်းကိုကာကွယ်နိုင်ပေမယ့် ကာကွယ်နိုင်စွမ်းအာနိသင်က အချိန်တိုအတွင်းလျော့နည်းလာနိုင်ကြောင်း အစ္စရေးလ်မှာစမ်းသပ်တွေ့ရှိထားပါတယ်။
အားမြှင့်ကာကွယ်ဆေး booster ဒုတိယအကြိမ်ထိုးပြီး ၄ ပတ်အကြာမှာ ကာကွယ်နိုင်စွမ်းလျော့နည်းလာကြောင်း အစ္စရေးလ်သုတေသီတို့က နယူးအင်္ဂလန်ဆေးပညာဂျာနယ်မှာ အင်္ဂါနေ့ကဖော်ပြခဲ့ပါတယ်။
ရောဂါပြင်းထန်စွာဖြစ်ပွားနိုင်မှုနှုန်းကို ကာကွယ်နိုင်စွမ်းကတော့ အားမြှင့်ကာကွယ်ဆေးဒုတိယအကြိမ်ထိုးပြီး ၆ ပတ်အတွင်း ကျဆင်းသွားခြင်းမရှိပေမယ့် ဘယ်လောက်ကြာကြာတာရှည်ခံလဲဆိုတာကိုတော့ ထပ်မံလေ့လာသွားရဦးမှာဖြစ်ပါတယ်။
အိုမီခရွန်မျိုးဗီဇကွဲကူးစက်မှုလွှမ်းမိုးချိန် ဇန်နဝါရီ ၁၀ ရက်နေ့မှ မတ်လ ၂ ရက်နေ့အတွင်း အစ္စရေးလ်ကျန်းမာရေးဝန်ကြီးဌာနရဲ့မှတ်တမ်းများထဲမှ အသက် ၆၀ အထက်လူပေါင်း ၁.၃ သန်းကိုလေ့လာခဲ့ကြပါတယ်။
အိုမီခရွန်မျိုးနွယ်ခွဲ BA.2 ကူးစက်မှုကာလအတွင်း အမေရိကန်က အသက် ၅၀ နဲ့အထက်လူကြီးတွေမှာ အားမြှင့်ကာကွယ်ဆေးဒုတိယအကြိမ်ထိုးဖို့ ခွင့်ပြုလိုက်ပြီးနောက် အမေရိကန်အစားအစာနဲ့ဆေးဝါးကွပ်ကဲရေး(FDA)အဖွဲ့ က အားမြှင့်ကာကွယ်ဆေးထိုးနှံဖို့လိုအပ်ခြင်းရှိ/မရှိ ဗုဒ္ဓဟူးနေ့ကဆွေးနွေးခဲ့ကြပါတယ်။
ဥရောပကျန်းမာရေးဝန်ကြီးများကလည်း အသက် ၆၀ အထက်လူကြီးတွေမှာ စတုတ္ထအကြိမ်ကာကွယ်ဆေးထိုးဖို့ ဥရောပနိုင်ငံများမှအစိုးရတွေကို တိုက်တွန်းထားပါတယ်။
အာရှဒေသမှာ တောင်ကိုရီးယားနိုင်ငံက ဖေဖော်ဝါရီလအတွင်း ကိုဗစ်ကာကွယ်ဆေးစတုတ္ထအကြိမ်စတင်ထိုးနှံခဲ့ပြီး စင်ကာပူကလည်း အသက် ၈၀ နဲ့အထက်သက်ကြီးရွယ်အိုတွေမှာ အားမြှင့်ကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံဖို့ စီစဉ်ထားကြောင်း ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့လက အစ္စရေးလ်မှသုံးသပ်ပြထားတဲ့လေ့လာချက်အရ ဖိုင်ဇာ-ဘိုင်အိုတက်ခ်အားမြှင့်ကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံထားတဲ့ လူကြီးတွေမှာ အားမြှင့်ကာကွယ်ဆေးတစ်ကြိမ်တည်းထိုးနှံထားတဲ့သူတွေထက် အသက်သေဆုံးမှုနှုန်းကို ၇၈ ရာခိုင်နှုန်းလျှော့ချပေးနိုင်ကြောင်း ဖော်ပြထားပါတယ်။
အစ္စရေးလ်မှာ ဇန်နဝါရီလက ဒုတိယအကြိမ်အားမြှင့်ကာကွယ်ဆေးတွေ စတင်ထိုးနှံပေးနေပြီဖြစ်ပါတယ်။
Source: Reuters
#WorldHealth
Published - 07 April 2022
အကြိုစမ်းသပ်လေ့လာမှုတွေပြုလုပ်စဉ်က ကိုဗစ်ရောဂါကိုကုသပေးနိုင်မယ်လို့ ယူဆခဲ့ကြတဲ့ remdesivir ဆေးနဲ့ camostat ဆေးတို့ ဟာ လက်တွေ့စမ်းသပ်မှုများပြုလုပ်ရာမှာ ထိရောက်မှုမရှိခဲ့ကြောင်း သုတေသီများကဖော်ပြခဲ့ကြပါတယ်။
၂၀၂၀ မတ်လမှ ၂၀၂၁ ဇန်နဝါရီလအတွင်း အသက်ရှူကိရိယာလိုအပ်ခဲ့တဲ့ ဥရောပ ၅ နိုင်ငံမှ ဆေးရုံတက်လူနာ ၈၄၃ ဦးကို သုတေသီများလေ့လာခဲ့ကြပါတယ်။
ထိုလူနာတွေထဲက လူအချို့ကို Gilead Sciences မှထုတ်တဲ့ remdesivir ဆေးကို ၁၀ ရက်တိုင်သုံးစွဲစေခဲ့ပြီး အချို့လူတွေကိုတော့ ပြုစုစောင့်ရှောက်မှုဖြင့်သာ စမ်းသပ်ခဲ့ကြပါတယ်။
နောက်နှစ်ပတ်အကြာမှာတော့ ထိုအဖွဲ့နှစ်ဖွဲ့ စလုံးမှလူနာတွေမှာ ထူးခြားသက်သာလာတဲ့လက္ခဏာမတွေ့ခဲ့ရကြောင်း ကြာသပတေးနေ့က ဖော်ပြခဲ့ကြပါတယ်။
၂၀၂၀ နိုဝင်ဘာလမှ ၂၀၂၁ မတ်လအတွင်း ဂျပန်နိုင်ငံမှ ကိုဗစ်ရောဂါအပျော့စားခံစားခဲ့ရတဲ့လူနာ ၁၅၅ ဦးကို Ono Pharmaceutical ကုမ္ပဏီမှ ပန်ကရိယဆေး camostat mesylate ဆေးဖြင့် ၁၄ ရက်ကြာဆေးပေးကုသပေးပြီး အချို့လူတွေကိုတော့ အာနိသင်မရှိတဲ့ဆေးဖြင့်စမ်းသပ်ခဲ့ကြပါတယ်။
camostat ဆေးက ကိုရိုနာမျိုးဗီဇကွဲအမျိုးမျိုးကူးစက်စေတဲ့ဆဲလ်တွေကို တားဆီးပေးခဲ့တဲ့ အင်ဇိုင်းမ်တစ်မျိုးဖြစ်ပါတယ်။
ဒါပေမဲ့လက်တွေ့စမ်းသပ်ရာမှာတော့ လူနာတွေရဲ့အသက်ရှူလမ်းကြောင်းမှဗိုင်းရပ်စ်တွေကို လျင်မြန်စွာရှင်းထုတ်ပေးနိုင်ခြင်းမရှိခဲ့ကြောင်း ဂျပန်သုတေသီများက စနေနေ့ကဖော်ပြခဲ့ကြပါတယ်။
ဒီလိုတွေ့ရှိချက်များအရ အကြိုစမ်းသပ်မှုရလာဒ်များက လက်တွေ့သုံးစွဲရာမှာ တကယ်ထိရောက်မှုရှိ/မရှိကို သေချာလေ့လာဆန်းစစ်သွားဖို့ လိုအပ်ကြောင်း သိရှိရပါတယ်။
အဆိုပါတွေ့ရှိချက်နှစ်မျိုးစလုံးကို medRxiv ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
#Yangon_Media_Group
Page 4 of 24