#WorldHealth
Published- 19 March 2022
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စတုတ္ထအကြိမ်ထိုးနှံခြင်းက ရောဂါကူးစက်မှုကိုကာကွယ်ရာမှာ အရင်ကထက်အနည်းငယ်သာ ပိုပြီးကာကွယ်ပေးနိုင်ကြောင်း အစ္စရေးလ်နိုင်ငံ ရှီဘာဆေးရုံက လေ့လာဖော်ထုတ်လိုက်ပါတယ်။
ဖိုင်ဇာနဲ့ မိုဒါနာကိုဗစ်ကာကွယ်ဆေးတို့ရဲ့ စတုတ္ထအကြိမ်ကာကွယ်ဆေးထိရောက်မှုကို လေ့လာသုံးသပ်ခဲ့ကြပြီး နယူးအင်္ဂလန်ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့ကြပါတယ်။
ထွက်ပေါ်လာတဲ့ရလာဒ်များအရ စတုတ္ထအကြိမ်ကာကွယ်ဆေးထိုးနှံခြင်းရဲ့ ရောဂါပိုးကိုကာကွယ်နိုင်စွမ်းက ငယ်ရွယ်ကျန်းမာတဲ့လူတွေမှာ တတိယအကြိမ်ကာကွယ်ဆေးထိုးနှံခြင်းကြောင့်ရတဲ့ ကာကွယ်နိုင်စွမ်းထက် အနည်းငယ်မျှသာပိုများခဲ့တာဖြစ်ပါတယ်။
ငယ်ရွယ်ကျန်းမာတဲ့သူတွေမှာ စတုတ္ထအကြိမ်ကာကွယ်ဆေးထိုးနှံခြင်းကတော့ တတိယအကြိမ်ထိုးနှံသူတွေထက်စာရင် ရောဂါကူးစက်မှုကာကွယ်နိုင်စွမ်းက အတိုင်းအတာတစ်ခုအထိ မြင့်တက်လာခဲ့ပါတယ်။
"လူပေါင်း ၆၀၀ ကိုစမ်းသပ်စစ်ဆေးခဲ့ရာမှာ ဖိုင်ဇာ သို့မဟုတ် မိုဒါနာကာကွယ်ဆေးစတုတ္ထအကြိမ်ထိုးနှံခဲ့တဲ့ အယောက် ၂၇၀ က တတိယအကြိမ်ကာကွယ်ဆေးထိုးပြီး တစ်လကြာတဲ့အချိန်မှာ ရောဂါကာကွယ်နိုင်စွမ်းရရှိထားတဲ့သူတွေနဲ့ ပဋိပစ္စည်း(antibody)ပမာဏ အတူတူနီးပါးဖြစ်နေခဲ့ပါတယ်" လို့ ရှီဘာဆေးရုံ ရောဂါကူးစက်ထိန်းချုပ်ကာကွယ်ရေးဌာနမှ ညွှန်ကြားရေးမှူး ပရော်ဖက်ဆာ'ဂီလီရီဂက်ဗ်ယိုရှေး'က ပြောပြခဲ့ပါတယ်။
ဖိုင်ဇာနဲ့ မိုဒါနာကာကွယ်ဆေးတို့ရဲ့ စတုတ္ထအကြိမ်ကာကွယ်ဆေးထိရောက်နိုင်စွမ်းကလည်း ရောဂါကူးစက်မှုနှုန်းကို အနည်းငယ်သာလျော့ကျစေကြောင်း မှတ်ချက်ပြုလိုက်ပါတယ်။
"ကိုဗစ်ရောဂါမကူးစက်ဖူးတဲ့သူတွေမှာ တတိယအကြိမ်ကိုဗစ်ကာကွယ်ဆေးထိုးဖို့ က အလွန်မတန်အရေးကြီးပြီး ရောဂါအခံရှိပြီး ပြင်းထန်စွာဖြစ်ပွားနိုင်ချေရှိတဲ့သူတွေကတော့ စတုတ္ထအကြိမ်ကာကွယ်ဆေးထိုးဖို့ အလွန်အရေးကြီးပါတယ်" လို့ ဆိုပါတယ်။
အဆိုပါတွေ့ရှိချက်ကို တစ်ကမ္ဘာလုံးပျံ့ပွားနေတဲ့ ကပ်ရောဂါထိန်းချုပ်နိုင်ရန်ရည်ရွယ်ထားတဲ့ သိပ္ပံပညာရပ်ဆိုင်ရာသုတေသနတွေ့ရှိချက်တွေထဲသို့ ထည့်သွင်းလိုက်ပြီဖြစ်ကြောင်း 'ရီဂက်ဗ်ယိုရှေး'က ပြောကြားခဲ့ပါတယ်။
"ရှီဘာသုတေသနအဖွဲ့ ရဲ့ကြိုးစားအားထုတ်မှုကြောင့် ကပ်ရောဂါတွေစဖြစ်ကတည်းက အချက်အလက်တွေစုဆောင်းထားနိုင်ပါတယ်။ ဗိုင်းရပ်ရဲ့သဘောသဘာဝ၊ ကာကွယ်ဆေးတွေရဲ့ ထိရောက်နိုင်စွမ်းတို့ ကို လေ့လာရာမှာ ကျွန်မတို့ ကဦးဆောင်နေပြီး အစ္စရေးလ်နဲ့ ကမ္ဘာအရပ်ရပ်ရှိ ကျန်းမာရေးစောင့်ရှောက်မှုဆုံးဖြတ်ချက်တွေမှာ အကူအညီပေးနိုင်ဖို့ ရည်ရွယ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
Source: The Jerusalem Post
Published: 18 March 2022
(၂)နှစ်ကြာရပ်ဆိုင်းထားခဲ့တဲ့ နိုင်ငံတကာလေကြောင်းခရီးစဉ်များအား ကိုဗစ်-၁၉ ရောဂါ ပြည်ဝင်ခွင့် ကန့်သတ် ချက်များနှင့်အညီ ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်းတစ်ရက်) မှစတင်၍ သတ်မှတ်စည်းကမ်း ချက်များအတိုင်း ပုံမှန်ပြန်လည်ပြေးဆွဲခွင့်ပြုမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ယခုအခါ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေနှင့် အာရှနိုင်ငံတွေမှာ ခရီးသည်တင်လေယာဉ်တွေ ပြန်လည်ပျံသန်းပြေးဆွဲ ခွင့်ပြတာတွေရှိခဲ့ပြီးနောက် မြန်မာနိုင်ငံရဲ့ ယခုခွင့်ပြုချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။
ယခုအခါ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိမှု၊ ပိုးတွေ့နှုန်းနှင့် သေဆုံးမှုနှုန်းတို့ သိသာစွာ ကျဆင်းလာသဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံတကာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြန်မာနိုင်ငံသို့လာရောက်မည့် နိုင်ငံခြားသား များ၊ မြန်မာနိုင်ငံသားများ နိုင်ငံတွင်းသို့ ဝင်ရောက်ရာတွင် လွယ်ကူချောမွေ့စေရေး အတွက် နိုင်ငံတကာလေကြောင်း ခရီးစဉ်များ ယာယီကန့်သတ်သည့် အစီအစဉ်အား ဧပြီ ၁၆ ရက်အထိသာ သတ်မှတ်လိုက်ခဲ့တာဖြစ်ပါတယ်။
ကိုဗစ်-၁၉ ရောဂါ မြန်မာနိုင်ငံတွင်း ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကူးစက်မြန်ရောဂါ သို့မဟုတ် တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဆိုပါကြေညာချက်အရ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုအား ထိန်းချုပ်နိုင်ရေး အတွက် နိုင်ငံတကာလေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ဝင်ရောက်ဆင်းသက်ခြင်းကို ယာယီကန့်သတ်သည့် ညွှန်ကြားချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့က ၂၀၂၀ ပြည့်နှစ် မတ်လ ၂၉ ရက်မှစတင်ကြေညာခဲ့တာ ဖြစ်ပါတယ်။
#ymg/mnn/eiei
Yangon_Media_Group
#WorldHealth
Published - 18 March 2022
အိုမီခရွန်မျိုးဗီဇကွဲက မူလ SARS-CoV-2 ဗိုင်းရပ်စ်ထက် အရာဝတ္ထုမျက်နှာပြင်တွေမှာ ပိုမိုအချိန်ကြာရှည်စွာ ရှင်သန်ကူးစက်စေနိုင်ကြောင်း ဓာတ်ခွဲခန်းစမ်းသပ်ချက်များအရ သိရှိရပါတယ်။
သုတေသီတွေက မူလကိုရိုနာဗိုင်းရပ်စ်အမှုန်တွေနဲ့ အိုမီခရွန် BA.1 မျိုးနွယ်ခွဲဗိုင်းရပ်စ်အမှုန်တွေကို အရာဝတ္ထုမျက်နှာပြင်အမျိုးမျိုးပေါ်မှာ သာမန်အခန်းအပူချိန်အတွင်း စမ်းသပ်ထားရှိခဲ့ကြပါတယ်။
ဖန်၊ စတီးလ်၊ ပလတ်စတစ်မျက်နှာပြင်တွေပေါ်မှာ အိုမီခရွန်က ၇ ရက်ကြာတဲ့တိုင်အောင် ရှင်သန်နေနိုင်ပြီး မူလ SARS-Cov-2 ဗိုင်းရပ်စ်က စတီးလ်နဲ့ပလတ်စတစ်မျက်နှာပြင်တွေမှာ ၄ ရက်ကြာတဲ့အခါနဲ့ ဖန်မျက်နှာပြင်ပေါ်မှာ ၇ ရက်ကြာတဲ့အခါ မကူးစက်နိုင်တော့ကြောင်း bioRxiv ဝက်ဘ်ဆိုက်မှာ ကြာသပတေးနေ့က ဖော်ပြခဲ့ပါတယ်။
တစ်ရှူးစာရွက်တွေနဲ့ စက္ကူစာရွက်တွေမှာ မူလဗိုင်းရပ်စ်က မိနစ် ၃၀ ကြာရင် မကူးစက်နိုင်တော့ပါဘူး။ အိုမီခရွန်ကတော့ မိနစ် ၃၀ တိုင်တဲ့အထိ ကူးစက်နိုင်ပေမယ့် တစ်နာရီအထိတော့ မခံပါဘူးလို့ သုတေသီက ဖော်ပြထားပါတယ်။
အကူးအများဆုံးကတော့ SARS-CoV-2 က လေထဲကအမှုန်တွေကနေတဆင့် ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိနေတဲ့မျက်နှာပြင်တွေကနေ ရောဂါကူးစက်ခြင်းက အဖြစ်နည်းပေမယ့် လက်သန့်စင်ခြင်းနဲ့ လူအများကိုင်တွယ်ထားတဲ့ မျက်နှာပြင်တွေကို ပုံမှန်သန့်ရှင်းခြင်းတို့က အရေးကြီးကြောင်း ဟောင်ကောင်တက္ကသိုလ်မှ စာတမ်းပြုစုသူ'လီယိုပွန်း'က ဆိုပါတယ်။
ကိုဗစ်ရောဂါပိုးရှိတဲ့သူတွေ ထိတွေ့ထားတဲ့ပစ္စည်းတွေကို သေချာစွာသန့်ရှင်းဖို့လိုအပ်ပါတယ်လို့ ပြောပြသွားပါတယ်။
Source: Reuters
#WorldHealth
Published - 18 March 2022
အသက် ၃၄ နှစ်ရှိ 'ကင်မ်လော့ဝုဒ်'ဆိုတဲ့အမျိုးသမီးဟာ ၂၀၂၁ မတ်လက အက်စ်ထရာဇန်နီကာကာကွယ်ဆေးထိုးပြီး ၈ ရက်အကြာမှာ အလွန်အမင်းခေါင်းကိုက်ခဲခြင်းဝေဒနာခံစားခဲ့ရကြောင်း သတင်းပို့ခဲ့ပါတယ်။
သူ့ရဲ့အခြေအနေက ပိုမိုလျင်မြန်စွာဆိုးရွားလာခဲ့ကာ ရော့သာဟမ်ဆေးရုံတင်ပြီး ၁၇ နာရီအကြာမှာပဲ အသက်သေဆုံးသွားပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ယော့ခ်ရှိင်းယားတောင်ပိုင်းမှစစ်ဆေးရေးမှူး 'နီကိုလာမန်ဒီ'က မစ္စလော့ဝုဒ်ဟာ အလွန်ကံမကောင်းအကြောင်းမလှလို့ ကွယ်လွန်ခဲ့ရတာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
ဒွန်ကက်စတာတရားစစ်ဆေးရေးရုံးမှာ သေဆုံးရသည့်အကြောင်းအရင်းကို ကာကွယ်ဆေးကြောင့်ဖြစ်တဲ့ သွေးခဲပိတ်ဆို့ခြင်း(VITT)လို့ သတ်မှတ်လိုက်ကြပါတယ်။
ကိုဗစ်ကာကွယ်ဆေးနဲ့ VITT အခြေအနေတို့ ကြား ဆက်စပ်မှုကိုသိပ်ပြီးမသိရှိရသေးဘဲ ကနဦးကာကွယ်ဆေးစတင်ထိုးနှံပြီးကတည်းက ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်ချေကို ပိုမိုသိရှိလာရကြောင်း စစ်ဆေးရေးမှူးကဆိုပါတယ်။
မစ္စလော့ဝုဒ်ခံစားခဲ့ရတဲ့ ဝေဒနာက အလွန်ရှားပါးတဲ့ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း အစိုးရကချပြခဲ့ပါတယ်။ အက်စ်ထရာဇန်နီကာကို ပထမအကြိမ်ထိုးနှံသူ ၂၄.၉ သန်းနဲ့ ဒုတိယအကြိမ်ထိုးနှံသူ ၂၄.၂ သန်းရှိခဲ့ရာမှာ ရောဂါကူးစက်သူ ၄၃၈ ဦးရှိခဲ့ပြီး သေဆုံးသူ ၇၈ ဦးရှိခဲ့ပါတယ်။
မတ်လ ၂၂ ရက်နေ့မှာ ရော့သာဟမ်ဆေးရုံအရေးပေါ်ဌာနသို့ မစ္စလော့ဝုဒ်သွားရောက်ခဲ့ရာ အကြာကြီးစောင့်ဆိုင်းရပြီးနောက် ကုသမှုမခံယူဘဲပြန်သွားခဲ့ပါတယ်။
နောက်နေ့နံနက်မှာ ခေါင်းကိုက်ဝေဒနာပိုဆိုးလာခဲ့ပြီး အမြင်ဝါးခြင်း၊ အော့အန်ခြင်းတို့ ဖြစ်ခဲ့ကာ နေ့ဝက်လောက်ရောက်တဲ့အခါ စကားဆုံးအောင်တောင်မပြောနိုင်တော့ပါဘူး။
မတ်လ ၂၄ ရက်နေ့ ၂ နာရီခန့်မှာတော့ ကလေးနှစ်ယောက်အမေဖြစ်သူ မစ္စလော့ဝုဒ်ဟာ တုန့်ပြန်နိုင်ခြင်းမရှိတော့ဘဲ သူ့ရဲ့မိသားစုဝင်တွေကို နောက်ဆုံးနှုတ်ဆက်ခွင့်ရအောင် ခေါ်ကြားခဲ့ပါတယ်။
သွေးပြစ်ခြင်းဖြစ်စေတဲ့ ပလိတ်လက်တွေထိုးပေးခဲ့ပြီး ခါးအောက်ကျောရိုးထိုးဖောက်ခြင်းပြုလုပ်ခဲ့ပေမယ့် ဦးနှောက်တွင်းသွေးထွက်ခြင်းကို မတားဆီးနိုင်ခဲ့ပါဘူး။
တရားရုံးကြားနာခြင်းတွင် ၂၀၁၆ ခုနှစ်က ဦးနှောက်တွင်းသွေးဖိအားများခြင်း ဖြစ်ပေါ်ခဲ့ဖူးပြီး ဒါဟာခေါင်းကိုက်ခြင်းဝေဒနာဖြစ်ရတဲ့ အဓိကအကြောင်းအရင်းဖြစ်နိုင်ကြောင်း တင်ပြခဲ့ပါတယ်။
မစ္စလော့ဝုဒ်ရဲ့အမျိုးသားဖြစ်သူကို ခေါင်းကပေါက်ထွက်တော့မယ့်အတိုင်းခံစားရတယ်လို့ ပြောဆိုခဲ့ဖူးပြီး သူ့ရဲ့အဖေဖြစ်သူ'ဝိန်းမာရေးလ်'ကလည်း သမီးဖြစ်သူက ခေါင်းကိုက်ခြင်းကို သေမလောက်ခံစားနေရတယ်လို့ နောက်ဆုံးစကားပြောခဲ့ပါတယ်။
အခုဆိုရင် ကာကွယ်ဆေးထိုးနှံခြင်းနဲ့ VITT ဖြစ်စဉ်တို့အကြား ဆက်စပ်မှုကို ပိုမိုသိရှိလာပြီဖြစ်ပြီး ပလိတ်လက်နည်းပါးတဲ့လူနာတွေအနေနဲ့ သွေးတွင်းဆိုင်ရာကျွမ်းကျင်ပညာရှင်များနဲ့ပြသဖို့ ရော့သာဟမ်ဆေးရုံဖောင်ဒေးရှင်းက ညွှန်ကြားထားပါတယ်။
လူအများစုမှာ ကာကွယ်ဆေးထိုးနှံခြင်းကရတဲ့ အကျိုးကျေးဇူးက ဘေးထွက်ဆိုးကျိုးထက် ပိုမိုသာလွန်သေးကြောင်း အစိုးရက ထပ်မံဖော်ပြထားပါတယ်။
Source: BBC
#WorldHealth
Published - 17 March 2022
ကိုဗစ်ရောဂါကူးစက်ပျံ့ပွားမှုအတက်အကျကို စောင့်ကြည့်လေ့လာတဲ့ ရေဆိုးမြောင်းကွန်ရက်အဖွဲ့အစည်းက အမေရိကန်နိုင်ငံနေရာအနှံ့ အပြားမှာ ရောဂါကူးစက်မှုများထပ်မံမြင့်တက်ဦးမှာဖြစ်တယ်လို့ သတိပေးထားကြောင်း ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ(CDC)ရဲ့သုံးသပ်ချက်ကို Bloomberg က ဖော်ပြထားပါတယ်။
ရောဂါပိုးတွေ့ရှိကြောင်းတင်ပြချက်တွေ အနည်းငယ်လျော့နည်းလာပေမယ့် CDC ရဲ့ ရေဆိုးမြောင်းစစ်ဆေးရေးနေရာ ၃ ပုံ ၁ ပုံကျော်လောက်မှာ မတ်လ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိကာလအတွင်း ကိုဗစ်ပိုးပါဝင်မှုနှုန်းမြင့်တက်လာခဲ့ကြောင်း ဖော်ပြထားပါတယ်။
ကိုဗစ်ကူးစက်မှုမြင့်တက်လာကြောင်းဖော်ပြခဲ့တဲ့ စစ်ဆေးရေးနေရာအရေအတွက်က ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၁၀ ရက်နေ့အတွင်းကာလကထက် ၂ ဆနီးပါးများပြားလာခဲ့တာဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်တဲ့သူတွေရဲ့မစင်ထဲမှာ ဗိုင်းရပ်စ်အမှုန်တွေပါဝင်လာနိုင်ပြီး အိမ်သာရေဆိုးပိုက်တွေကနေ ရေဆိုးမြောင်းကန်ကြီးထဲရောက်ရှိသွားပါတယ်။
ဒါကြောင့် ရေဆိုးနမူနာစောင့်ကြည့်ခြင်းဖြင့် ကူးစက်မှုအစောပိုင်းအခြေအနေကို သိရှိနိုင်မှာဖြစ်ပါတယ်။
ရေမြောင်းတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေက ကူးစက်မှုဘယ်လောက်အထိဖြစ်စေမှာလဲ၊ နောက်ထပ်ကူးစက်မှုလှိုင်းဖြစ်လာစေမှာလား ဒါမှမဟုတ် တစ်ခဏတာကူးစက်မှုလှိုင်း ဖြစ်စေမှာလား ဆိုတာကိုတော့ အသေအချာမသိရပါဘူး။
အမေရိကန်နိုင်ငံနေရာအများအပြားမှာ ရုံးတက်အလုပ်သွားလုပ်နေကြပြီဖြစ်ပြီး နှာခေါင်းစည်းတပ်ဆင်ခြင်းစည်းကမ်းကိုလည်း ဖြေလျှော့ပေးနေပြီဖြစ်ရာ ရောဂါကူးစက်မှုတွေဖြစ်လာအောင် ဦးတည်သလိုဖြစ်နေပါတယ်။
ရာသီဥတုပူနွေးလာတဲ့အတွက် လူအများအပြားက အပြင်ထွက်လေ့ရှိကြတာကြောင့် ရောဂါကူးစက်ခြင်းဖြစ်ပွားလာပြီး သဘာဝခုခံအားရရှိခဲ့ကြပါတယ်။
ဒါကြောင့် ခဏတာအတွက်တော့ ရောဂါထပ်မံမဖြစ်ပွားအောင် ခုခံအားပေးနိုင်ပြီး ကူးစက်မှုနှုန်းအနည်းငယ်ကျဆင်းစေပါတယ်။
"ရေဆိုးမြောင်းပမာဏ အတော်လေးကျဆင်းလာပေမယ့် မြင့်တက်လာကြောင်းသတင်းပို့ထားတဲ့ နေရာအချို့လည်းရှိပါတယ်။ ကူးစက်မှုမြင့်တက်ခြင်းကလည်း အလွန်နည်းပါးတဲ့ပမာဏလောက်ပဲ ရှိပါတယ်။ လတ်တလော ရောဂါကာကွယ်ရေးစည်းမျဉ်းတွေ ပြောင်းလဲသွားပြီဖြစ်တဲ့အတွက် အချို့နေရာတွေမှာတော့ ကိုဗစ်ကူးစက်မှုမြင့်တက်လာနိုင်ပါတယ်" လို CDC ရေဆိုးမြောင်းစောင့်ကြည့်လေ့လာရေးအဖွဲ့ မှအကြီးအကဲဖြစ်သူ 'အေမီကာဘီ'က Bloomberg ကို အီးမေးလ်ပေးပို့ ခဲ့ပါတယ်။
မတ်လ ၁ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း ရေဆိုးမြောင်းစောင့်ကြည့်ရေးနေရာ ၅၃၀ နေရာမှ နောက်ဆုံးရအချက်အလက်များကို Bloomberg က သုံးသပ်ဆန်းစစ်ရာမှာ နေရာ ၅၉ ရာခိုင်နှုန်းက ကိုဗစ်ကူးစက်မှုကျဆင်းလာခဲ့ကာ ၅ ရာခိုင်နှုန်းက ဆက်လက်တည်ငြိမ်နေပြီး ၃၆ ရာခိုင်နှုန်းကတော့ မြင့်တက်လာခဲ့ပါတယ်။
ရေဆိုးနမူနာတွေစစ်ဆေးခြင်းက လူဘယ်နှယောက် ကိုဗစ်ကူးစက်သလဲဆိုတာ မဖော်ပြနိုင်ပေမယ့် ရေဆိုးမြောင်းထဲမှာ ဗိုင်းရပ်စ်ဘယ်လောက်ပမာဏလောက်ပါလဲဆိုတာကို တိုင်းတာနိုင်ပါတယ်။
ဗိုင်းရပ်စ်ပမာဏများပြားမယ်ဆိုရင် ကူးစက်မှုပမာဏများပြားမှာဖြစ်ပါတယ်။
အိမ်မှာတင်စစ်ဆေးလို့ ရတဲ့ ကိုဗစ်စစ်ဆေးနည်းပစ္စည်းများ အသုံးပြုလာကြတာကြောင့် ရောဂါမပြင်းထန်တဲ့သူတွေဟာ ပိုးတွေ့ရှိကြောင်းသတင်းမပို့ ဘဲနေတတ်ကြပါတယ်။
ဒီလိုအကြောင်းမကြားတဲ့သူအရေအတွက်က စမ်းသပ်စစ်ဆေးဖို့ ခက်ခဲတဲ့အချိန်ကာလနဲ့ ကူးစက်မှုအမြင့်ဆုံးကာလတွေမှာ ပိုများနေတတ်ပါတယ်။
"ဒေသတွင်းကျန်းမာရေးတာဝန်ရှိသူတွေအနေနဲ့ ရောဂါကူးစက်မှုအရေအတွက်တွေကို အနီးကပ်စောင့်ကြည့်နေဖို့ လိုအပ်ပြီး ရေဆိုးပမာဏမြင့်တက်လာတယ်ဆိုရင် စောစောစီးစီးသတိပေးရပါမယ်" လို့ 'ကာဘီ'က မှာကြားလိုက်ပါတယ်။
နိုင်ငံအတွင်း နှာခေါင်းစည်းတပ်ဆင်ခြင်းနဲ့ အခြားကိုဗစ်ကာကွယ်ရေးလုပ်ငန်းစဉ်များကို CDC က ပြောင်းလဲပြီးတဲ့နောက်ပိုင်း ၂ ပတ်အကြာမှာ ရေဆိုးမြောင်းထဲကကိုဗစ်ပိုးပါဝင်မှုမြင့်တက်လာမှုကို သတိပေးလာကြပါတယ်။
Source: Bloomberg
#WorldHealth
Published - 17 March 2022
စင်္ကာပူနိုင်ငံမှာ အခုလက်ရှိ အိုမီခရွန်မျိုးဗီဇကွဲရဲ့ BA.2 မျိုးနွယ်ခွဲကူးစက်မှုများပြားလျက်ရှိပြီး မတ်လ ၁၁ ရက်နေ့အထိ နေ့စဉ်ကိုဗစ်ရောဂါကူးစက်မှုတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က BA.2 မျိုးနွယ်ခွဲကြောင့်ဖြစ်ကြောင်း ကိုဗစ်လုပ်ငန်းဆောင်တာအဖွဲ့က သောကြာနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အိုမီခရွန်မှကွဲထွက်လာတဲ့ BA.2 မျိုးနွယ်ခွဲအကြောင်း သိကောင်းစရာကိုဖော်ပြလိုက်ပါတယ်။
(၁) အမျိုးအစား
အိုမီခရွန်မျိုးဗီဇကွဲကနေ BA.1 နဲ့ BA.2 မျိုးနွယ်ခွဲဆိုပြီးပေါ်ထွက်လာကာ BA.2 က ကူးစက်မှုအများဆုံးဖြစ်နေပါတယ်။ BA.1 မျိုးနွယ်ခွဲက အရင်ပေါ်ထွက်ခဲ့တာဖြစ်ပြီး BA.2 မျိုးနွယ်ခွဲက နောက်မှကူးစက်မှုသိသိသာသာ များပြားလာခဲ့ပါတယ်။
(၂) ကူးစက်မှုမြန်ဆန်နှုန်း
အိုမီခရွန်နဲ့မျိုးနွယ်ခွဲအားလုံးက အလွန်ကူးစက်မြန်ကြတယ်ဆိုပေမယ့် BA.2 က BA.1 ထက်ပိုပြီးကူးစက်မြန်တယ်လို အစောပိုင်းလေ့လာမှုတွေမှာ ဖော်ပြထားပါတယ်။ နိုင်ငံအနည်းငယ်မှာ အိုမီခရွန်မျိုးဗီဇကွဲများအနက် BA.2 က ကူးစက်မှုအများဆုံးဖြစ်နေပြီဖြစ်ပြီး အခြားနိုင်ငံတွေမှာလည်း လျင်မြန်စွာပျံ့နှံ့လျက်ရှိပါတယ်။
(၃) ရောဂါပြင်းထန်မှုနှုန်း
အိုမီခရွန်မျိုးဗီဇကွဲတွေက ဒယ်လ်တာနဲ့အခြားမျိုးဗီဇကွဲတွေနဲ့ယှဉ်ရင် ရောဂါပြင်းထန်မှုနှုန်း၊ ဆေးရုံတက်ကုသခံယူရမှုနှုန်း၊ အသက်သေဆုံးမှုနှုန်းတို့မှာ သိသိသာသာလျော့နည်းပါတယ်။ အခုအချိန်ထိတော့ ဒီအချက်အလက်နဲ့ပတ်သက်ပြီး BA.2 နဲ့ BA.1 တို့ သိပ်ပြီးမကွာခြားလှပါဘူး။
(၄) ကိုဗစ်ကာကွယ်ဆေးထိရောက်မှု
ကာကွယ်ဆေးထိရောက်မှုနဲ့ပတ်သက်ပြီး အိုမီခရွန်မျိုးဗီဇကွဲနဲ့ BA.2 တို့ကြား ခြားနားမှုမရှိပါဘူး။ ယေဘုယျအားဖြင့် အခြားမျိုးဗီဇကွဲနဲ့ယှဉ်ရင် အိုမီခရွန်က ကာကွယ်ဆေးထိုးပြီးသားသူတွေမှာလည်း ရောဂါကူးစက်စေနိုင်ပါသေးတယ်။ ဒါပေမဲ့ ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရောဂါကူးစက်မှုကို အတော်အတန်ကာကွယ်ပေးနိုင်ပါတယ်။ အားမြှင့်ကာကွယ်ဆေး(booster)ထိုးခြင်းဖြင့် ရောဂါခုခံအား ပိုမိုအားကောင်းစေပါတယ်။
Source: The Straits Times
#LocalNews
Published_ 16 March 2022
ခြွင်းချက်ပြုဖော်ပြထားသော ကိစ္စရပ်များမှအပ လူ ၄၀၀ ဦးအထိ မတ်လ ၁၆ ရက် နေ့မှစ၍ စုဝေးခွင့်ပြုကြောင်း ကျန်းမာရေးကြီးဌာနက ကူးစက်ရောဂါများ ကာကွယ် နှိမ်နင်းရေး ဉပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ အမိန့်ထုတ်ပြန် လိုက်ကြောင်း ဖော်ပြထားပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်း များနှင့် စပ်လျဉ်း၍ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရန်အတွက် လူ ၅၀ ဦးအစား လူ ၁၀၀ ဦး ထက်ပို၍ စုဝေးခြင်းမပြုရန် ၂၉-၁၀-၂၀၂၁ ရက်စွဲပါအမိန့်အမှတ် ၄၇၉/၂၀၂၁ ဖြင့် လည်းကောင်း၊ ဘာသာရေးဆိုင်ရာအခမ်းအနားများနှင့် သာရေး/နာရေးဆိုင်ရာ ကိစ္စရပ် များအတွက် လူ ၂၀၀ ဦးအထိ စုဝေးခွင့်ပြုကြောင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်စွဲပါ အမိန့်အမှတ် ၅၃၈/၂၀၂၁ ဖြင့် ထုတ်ပြန်ခဲ့ပါတယ်။
ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေများအပေါ် သုံးသပ်ချက်များ အရ ကိုဗစ်-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်တွေ့ရှိမှု၊ ပိုးတွေ့နှုန်းနှင့် သေဆုံးမှု နှုန်းတိုမှာ သိသာစွာကျဆင်းလာကြောင်း တွေ့ရှိရသဖြင့် ခြွင်းချက်ပြုဖော်ပြ ထားသော ကိစ္စရပ်များမှအပ လူ ၄၀၀ ဦးအထိ မတ်လ ၁၆ ရက်နေ့မှစ၍ စုဝေးခွင့်ပြုကြောင်း ထုတ်ပြန်လိုက်ပါတယ်။
ကိုဗစ်-19 ရောဂါနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတိုက ထုတ်ပြန်ထားတဲ့ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာရန်ပျက်ကွက် ပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထား ပါတယ်။
ယနေ့ညထုတ်ပြန်ချက်များအရ ခွဲနမူနာစုစုပေါင်း ၂၃,၅၀၀ ခုအား စစ်ဆေးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၆၈၃ ဦး တွေ့ရှိရပြီး၊ ယနေ့အတွက် ရောဂါ ပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၂.၉၁ ရာခိုင်နှုန်း ရှိပါတယ်။
#ymg_mnn
Yangon_Media_Group
Page 9 of 24