Published 24 May 2022
လေးပြည်ထောင်အဖွဲ့ Quad ဟာ အာရှပစိဖိတ်ဒေသမှာ လာမယ့် ငါးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၅၀ ဘီလျံရင်းနှီးမြှပ်နှံ မှုတွေလုပ်သွားမယ်လို့ အဲဒီအဖွဲ့ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ်ကျင်းပပေးတဲ့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ကီရှီဒါက မေ ၂၄ရက် အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။ အဲဒီ ၅၀ဘီလျံဒေါ်လာ ရင်းနှီးမြှပ်နှံမှုကို အာရှပစိဖိတ်ဒေသ အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှပ်နှံသွားမှာဖြစ်တယ်လို့ သူကပြောပါတယ်။
“ အခြေခံအဆောက်အအုံကဏ္ဍမှာ ကျွန်တော်တို့ဟာ အင်ဒိုပစိဖိတ်ဒေသရဲ့ စီမံကိန်းတွေကို ပံ့ပိုးပေးဖို့အတွက် လာမယ့် ငါးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၅၀ဘီလျံကျော် ရင်းနှီးမြှပ်နှံဖို့ ရည်ရွယ်ထားပါတယ်” လို့ တိုကျိုမှာကျင်းပတဲ့ လေးပြည်ထောင်အဖွဲ့လို့ဆိုတဲ့ ဂျပန်၊အမေရိကန်၊အိန္ဒိယနှင့် ဩစတြေလျလေးနိုင်ငံအဖွဲ့ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးအတွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
Source AFP
Published 24 May 2022
ထရမ့်အစိုးရလက်ထက်က အကောက်ခွန်ကောက်ခံခဲ့တဲ့ တရုတ်ပစ္စည်းတွေကို အခွန်ကောက်ခံမှု ပြန်ရုပ်သိမ်းပေးဖို့ သူစဉ်းစားနေတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကပြောပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ဘိုင်ဒင်က ယခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။
“ ကျွန်တော် ဒါကို စဉ်းစားနေတယ်။ ဒီကုန်ပစ္စည်းတွေကို ကျွန်တော်တို့ အကောက်ခွန်ကောက်ခဲ့တာမဟုတ်ဘူး။ ပြီးခဲ့တဲ့ အစိုးရလုပ်ခဲ့တာ။ အဲဒါကို ကျွန်တော်တို့ စဉ်းစားနေတယ်” လို့ ဘိုင်ဒင်ကပြောပါတယ်။
၂၀၁၈ခုနှစ်မှာ ထရမ့်အစိုးရက တရုတ်ကုန်ပစ္စည်းတွေကို စတင်အခွန်ကောက်ခဲ့တာပါ။ တရုတ်က အမေရိကန်ကိုတင်ပို့တဲ့ ပစ္စည်းအားလုံးရဲ့ သုံးပုံနှစ်ပုံကို အမေရိကန်က သွင်းကုန်အခွန် ၂၅ ရာခိုင်နှုန်းကောက်ခံခဲ့တာဖြစ်တယ်လို့ ဝါရှင်တန်ပို့စ်က ရေးသားပါတယ်။
အမေရိကန်ရဲ့ငွေကြေးဖောင်းပွမှုတွေရှိနေတဲ့ကြားထဲတွင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျက်နက်ယီလင်က အချို့သော ကုန်ပစ္စည်းတွေကို အကောက်ခွန်ပြန်ရုပ်သိမ်းပေးဖို့ စဉ်းစားနေတယ်လို့ ဗုဒ္ဓဟူးနေ့က ပြောကြားအပြီး ယခုသတင်းထပ်မံ ထွက်ပေါ်လာတာဖြစ်ပါတယ်။
၂၀၂၂ခုနှစ်မတ်လမှာ အမေရိကန်ရဲ့ ငွေကြေးဖောင်းပွမှုဟာ ၄၁နှစ်အတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့တယ်လို့ Insider က ယခင် သတင်းရေးသားခဲ့ပြီးဖြစ်ပါတယ်။
မေ၁၈ရက် ဂျာမနီမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထရမ့်အစိုးရက တရုတ်ပစ္စည်းတွေ အခွန်စည်းကြပ်ခဲ့တာကို ဝန်ကြီးယီလင်က အပြစ်တင် ဝေဖန်ခဲ့ပါတယ်။
“ တရုတ်ရဲ့ မမျှတတဲ့ကုန်သွယ်ရေးလက်တွေ့လုပ်ဆောင်မှုတွေကို လက်စားချေတဲ့အနေနှင့် သမ္မတထရမ့်က အချို့ကုန် ပစ္စည်းတွေကို အခွန်စည်းကြပ်ခဲ့တယ်လို့ ကျွန်မအရင်ကပြောပြီးပါပြီ။ ကျွန်မအတွက်တေ့ ဒီလိုအခွန်ကောက်တာဟာ စားသုံး သူတွေနှင့် စီးပွားရေးလုပ်ငန်းတွေကို ပိုထိခိုက်စေတယ်လို့ ထင်မိပါတယ်” လို့သူမက ပြောပါတယ်။
တရုတ်နှင့်ကျွန်မတို့ဖြစ်နေတဲ့ တကယ့် ပြဿနာတွေနှင့် လက်ရှိအခွန်စည်းကြပ်မှုတွေက သိပ်ပြီး မဟာဗျူဟာမကျဘူးလို့ ကျွန်မထင်တယ် လို့ သူမကပြောပါတယ်။
အမေရိကန်ကို သူပြန်ရောက်တဲ့အခါ ယီလင်ကို အဲဒီအခွန်ကိစ္စပြောမယ်လို့ ဘိုင်ဒင်က တိုကျို သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
Source Insider
Published 24 My 2022
ရုရှားရဲ့ ရူဘယ်ငွေကြေးဟာ တနင်္လာနေ့က ယူရိုထက် ၆ရာခိုင်နှုန်း ပိုခိုင်မာသွားပြီး ဒါဟာ ၇နှစ်အတွင်း တန်ဖိုးအမြင့်ဆုံး တက်လာတာဖြစ်ပါတယ်။ အရင်းအနှီးထိန်းချုပ်မှုတွေ၊လောင်စာဆီဈေးကောင်းနေတာနှင့် လာမယ့် အခွန်ကာလအဆုံး သတ် တော့မှာတွေကြောင့်ဖြစ်တယ်လို့ ရိုက်တာကရေးပါတယ်။
တနင်္လာနေ့ 1338 GMT အချိန်မှာ ရူဘယ်မှာ ၆.၃ ရာခိုင်နှုန်းမြင့်တက်လာပြီး တစ်ယူရိုကို ရူဘယ်၅၈.၇၅ အထိရောက်ရှိလာတာပါ။ဒါဟာ ၂၀၁၅ခုနှစ် ဇွန်လအစောပိုင်းနောက်ပိုင်း အမာဆုံးဖြစ်ပါတယ်။
ဒေါ်လာနှင့်လဲလှယ်နှုန်းကလည်း ၅၇.၄၇ ဖြစ်လာပါတယ်။ ၂၀၁၈ မတ်လနှောင်းပိုင်းကနေဆိုရင် ဒါဟာ အမြင့်ဆုံးပါ။
ရုရှားမှာ စီးပွားရေးအကျပ်အတည်းတွေဖြစ်နေတဲ့ကြားထဲက ဒီနှစ်မှာ ရူဘယ်ဟာ ဒေါ်လာနှင့်ယှဉ်ရင် ၃၀ရာခိုင်နှုန်းပိုမာလာခဲ့ပြီး ကမ္ဘာမှာအကောင်းဆုံးစွမ်းဆောင်နိုင်တဲ့ ငွေကြေးအဖြစ်ရောက်ရှိလာတယ်လို့ ရိုက်တာက သတင်းဖော်ပြပါတယ်။
ရုရှားရဲ့ ရွှေနှင့်နိုင်ငံခြားငွေံကြေး တစ်ဝက်နီးပါးခန့် ထိန်းချုပ်ခံရပြီးနောက် ပို့ကုန်ဦးစားပေးကုမ္ပဏီတွေဟာ သူတို့ရဲ့နိုင်ငံခြာငွေကြေးတွေကို ရူဘယ်နှင့်လဲလှယ်ပေးကြရပါတယ်။
ရုရှားရဲ့ဗဟိုဘဏ်နှင့် အစိုးရဟာ ကန့်သတ်မှုတွေ ပြုလုပ်နေစဉ်မှာ ရူဘယ်ဟာ ကာလလတ်မှာ ဆက်လက်ခိုင်မာ အားကောင်းနေဦးမှာဖြစ်တယ်လို့ Tinkoff Investments analysts ကပြောပါတယ်။
“ ဆောင်းဦးရာသီနီးလာလို့ သွင်းကုန်တွေပြန်လည်သက်ဝင်လာပြီး ကန့်သတ်မှုတွေ ရုပ်သိမ်းတဲ့အခါ ငွေကြေးလဲလှယ်နှုန်းတွေဟာ ၆၀နှင့် ၆၅ အဆင့်လောက်မှာ စပြီးတည်ငြိမ်သွားမယ်” လို့ သူတို့ကပြောပါတယ်။
နှစ်ကုန်မှာ တစ်ဒေါ်လာ ၇၀နှင့် ၈၀ရူဘယ်ကြား အားပျော့မသွားခင် ယခုတစ်လအတွင်း ရူဘယ်ဟာ တစ်ဒေါ်လာကို ၅၅ ရူဘဘ်အထိမာလာနိုင်တယ်လို့လည်း Otkritie ဘဏ်ကပြောပါတယ်။
ရုရှားက နိုင်ငံခြားက ဓာတ်ငွေ့ဝယ်ယူသူတွေကို ရူဘယ်နှင့်ပေးချေဖို့ တောင်းဆိုထားတာကလည်း ရူဘယ်ရဲ့လက်ရှိ မာလာမှုကို အထောက်အကူပြုနေပါတယ်လို့ သုံးသပ်သူတွေက ပြီးခဲ့တဲ့အပတ်ကပြောထားပါတယ်။
ရူဘယ်ငွေကြေး ထိန်းမရလောက်အောင်ခိုင်မာလာမှာစိုးတဲ့အတွက် ရုရှားဗဟိုဘဏ်က နိုင်ငံခြားငွေတွေ လိုက်ဝယ်နေတယ်လို့ ဗီဒိုမိုစတီသတင်းစာကရေးပါတယ်။ ဗဟိုဘဏ်ကနေ အဲဒီရေးသားမှုဟာ လက်ရှိအခြေအနေတွေနှင့် ကိုက်ညီမှုမရှိဘူးဆိုပြီး ပြန်ငြင်းဆိုထားပါတယ်။
Source Reuters
Published 18 April 2022
တွစ်တာရဲ့ စီအီးအိုအနေနှင့် တွစ်တာမှာ အကောင့်တုတွေဟာ ၅ ရာခိုင်နှုန်းထက်နည်းပါးတယ်လို့ သက်သေမပြမချင်း ဒေါ်လာ ၄၀ဘီလီယံနှင့် တွစ်တာကို ဝယ်မယ့်အစီအစဉ်ကို ရှေ့ဆက်တိုးမှာ မဟုတ်ဘူးလို့ အီလွန်မတ်စ်က မေလ၁၇ ရက်က ပြောလိုက်ပါတယ်။
တွစ်တာကနေ SEC ကိုပေးပိုတဲ့အချက်အလက်တွေ မှန်ကန်မှုအပေါ်မှာ ကျွန်တော့်ရဲ့ကမ်းလှမ်းမှုကို အခြေခံပါတယ်” လို့ မတ်စ်က တွစ်တာကနေ ရေးခဲ့ပါတယ်။
တွစ်တာကို ဝယ်ယူတာ ဆိုင်းငံ့ထားမယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့က မတ်စ်က ပြောခဲ့ပါတယ်။ ကုမ္ပဏီက သူလက်သင့်ခံ ထားတဲ့ အကောင့်တုတွေ ဘယ်လောက်ရှိနေသလဲဆိုတာ ဆန်းစစ်ကြည့်ရင်း သူကအဲသလိုပြောတာပါ။ SEC (လုံခြုံရေးနှင့် ငွေကြေးလဲလှယ်ရေးကော်မရှင်)ကိုပေးပို့တဲ့ အချက်အလက်တွေမှာ တွစ်တာက ယင်းရဲ့ပလက်ဖောင်းရဲ့ ငါးရာခိုင်နှုန်းထက် နည်းတဲ့ အကောင့်တွေဟာ အကောင့်တုတွေဖြစ်တယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။
“အကောင့်တု အကောင့်ယောင်တွေဟာ ၂၀ ရာခိုင်နှုန်း..။ တွစ်တာပြောတာထက် လေးဆပိုများတယ်။ ဒီဲထက်ပင်ပိုများ နိုင်တယ်” လို့ မတ်စ်က အင်္ဂါနေ့တုန်းကပြောပါတယ်။ ဒါပေမယ့် ၂၀ရာခိုင်နှုန်းဆိုတာကို သူဘယ်လိုတွက်ချက်ခဲ့တယ်ဆိုတာ ကိုတော့ မတ်စ်က မပြောပါဘူး။
“ မနေ့က တွစ်တာရဲ့စီအီးအိုက အကောင့်တု ငါးရာခိုင်နှုန်းထက်နည်းတာကိုသက်သေပြဖို့ လူသိရှင်ကြား သူငြင်းဆန်ခဲ့တယ်။ သူ သက်သေမပြမချင်း ဒီအရောင်းအဝယ်က ရှေ့တက်မှာမဟုတ်ဘူး” လို့ သူကဖြည့်စွက်ပြောပါတယ်။
“မတ်စ်က အရင်က အကြံပေးခဲ့တဲ့ ကြုံရာ အကောင့် ၁၀၀ကို နမူနာယူစစ်ဆေးပြီး အကောင့်တုအချိုးအစားကိုကြည့်မယ်ဆို တာ ဘာဖြစ်လို့ အလုပ်မဖြစ်ရတာလဲ “လို့ တွစ်တာစီအီးအို ပါရက်အက်ဂရာဝဲလ်က တနင်္လာနေ့က တွစ်တာမှာပို့စ်တင်ပြီး ရှင်းလင်းခဲ့ပါတယ်။ အဲဒီပို့စ်အောက်မှာ မတ်စ်က poop emoji အရုပ်ကလေးနှင့်ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။
အကောင့်အပိုတွေရဲ့အချိုးကို တွစ်တာက ထောင်ပေါင်းများစွာသော အကောင့်တွေရဲ့ multiple human reviews အပေါ် အခြေခံခန့်မှန်းတွက်ချက်ခဲ့တာဖြစ်တယ် လို့ အက်ဂရာဝဲလ်က ပြောပါတယ်။ တွစ်တာရဲ့ ကုမ္ပဏီတွင်းအဖွဲ့တွေဟာ ကုမ္ပဏီက ငွေကြေးရယူနိုင်တဲ့ နေ့စဉ်သက်ဝင်နေတဲ့ အကောင်းတွေကို ကြုံရာကျရာ နမူနာယူပြီးတွက်ချက်ခဲ့တာလို့လည်း သူကပြောပါတယ်။
မတ်စ်ဟာ အကောင့်တုတွေအပေါ် သူ့ရဲ့စိတ်ပူပန်မှုကိုသုံးပြီး အရောင်းအဝယ်ကို ဈေးထပ်ဆစ်ချင်ပုံရပါတယ်။
မီယာမီမှာ တနင်္လာနေ့က ပြုလုပ်တဲ့ All In Summit ပွဲမှာ တွစ်တာကို ဈေးထပ်လျှော့ခိုင်းပြီး ပြန်ညှိနှိုင်းဖို့ဆိုတာ မေးစရာ မလိုဘူးလို့ ပြောခဲ့တယ်လို့ ဘလွမ်းဘတ်က သတင်းရေးသားခဲ့ပါတယ်။
Source Insider
Published 10 May 2022
ဒိုဟာ လက်ဝတ်ရတနာနှင့်လက်ပတ်နာရီများပြပွဲကို ကာတာနိုင်ငံ ဒိုဟာမြို့တော်မှာ ကျင်းပလျက်ရှိနေရာမှာ တန်ဖိုးကြီးမားလှတဲ့ လက်ဝတ်ရတနာတွေနှင့် လက်ပတ်နာရီမျိုးစုံကို ခင်းကျင်းပြသနေပါတယ်။
အဲဒီအထဲမှာ ဒေါ်လာငါးသန်းတန်တဲ့ မူဝါဝတ်ဒ် မယ်စကြဝဠာသရဖူမှသည် ၁၀၂.၆ကာရက်ရှိတဲ့ စိန်ပွင့်ကြီးနှင့် ပြင်သစ် ဇိမ်ခံအမှတ်တံဆိပ် ခရိုကို အိတ်တွေအထိပါဝင်ပါတယ်။
Source AFP
Published 9 May 2022
၂၀၁၆ခုနှစ်မှ ၂၀၁၈ခုနှစ်အတွင်း ပို့ကုန်တင်ပို့ပြီး ပို့ကုန်ငွေပြန်လည်ဝင်ရောက်ရန်ကျန်ရှိသည့် ကုမ္ပဏီ(၁၅၈)ခု စာရင်းကို ဗဟိူဘဏ်က ယနေ့ မေလ(၉)ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဲဒီကုမ္ပဏီ (၁၅၈)ခုဟာ (၃)နှစ်အတွင်း ပို့ကုန်တင်ပို့ပြီးသော်လည်း ပို့ကုန်ငွေပြန်လည်ဝင်ရောက်ရန်ကျန်ရှိနေတဲ့ ကုမ္ပဏီတွေကို အကြောင်းကြားခြင်း၊ပို့ကုန်သွင်းကုန်လုပ်ငန်းမှတ်ပုံတင်ပိတ်သိမ်းခြင်း၊အစည်းအဝေးတွေပြုလုပ်ပြီး ဆွေးနွေးခြင်းတွေ ပြုလုပ်သော်လည်း ကျန်ရှိနေသေးတဲ့ ကုမ္ပဏီတွေဖြစ်တယ်လို့ ဗဟိုဘဏ်ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အဲဒီကုမ္ပဏီ၁၅၈ခုကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၂-ကအရ အရေးယူဆောင်ရွက်လျှက်ရှိပြီး အဲဒီကုမ္ပဏီတွေရဲ့ ဒါရိုက်တာတွေကိုလည်း အမည်မည်းစာရင်းထည့်သွင်းထားကြောင်းနှင့် ကျန်ရှိနေသေးသည့် ပျက်ကွကန်လျှက်ရှိဆဲ ကုမ္ပဏီတွေကိုလည်း အရေးယူဆောင်ရွက်နိုင်ဖို့ ဆက်လက်စီစစ်နေတယ်လို့ ဗဟိုဘဏ်က သတင်းထုတ်ပြန်ပါတယ်။
(သတင်းထုတ်ပြန်ချက်နှင့်စာရင်းပူးတွဲဖော်ပြထားပါတယ်)
Source: CBM
Published 9 May 2022
ဓာတ်ဆီဈေးနှုန်းတွေတက်လာတဲ့အတွက် အမေရိကန်တွေဟာ သူတို့ရဲ့ ကားမောင်းတဲ့အလေ့အထကို ပြောင်းလဲပြီး ကားနှင့်ခရီးတွေကို အတင်းအကျပ်လျှော့ချလာနေရတယ်လို့ လေ့လာဆန်းစစ်မှုတစ်ခုအရ သိရပါတယ်။
ဧပြီ၂၉ရက်ကနေ မေ(၁)ရက်အထိ ရာဟူး/မာရူးရဲ့ အများပြည်သူထင်မြင်ချက်ဆိုင်ရာ လေ့လာဆန်းစစ်မှုတစ်ခုမှာ ကြုံရာ အမေရိကန်ယာဉ်မောင်း ၁၃၉၂ဦးကို မေးမြန်းခဲ့ပါတယ်။
အဲဒီအခါ သူတို့ထဲက ၆၆ရာခိုင်နှုန်းဟာ ဓာတ်ဆီဈေးနှုန်းတွေတက်လာလို့ ကားမောင်းတဲ့အလေ့အထကို ပြောင်းလဲပစ်နေ ရတယ်လို့ ဖြေကြပါတယ်။
ယာဉ်ပိုင်ရှင်တွေ ဒါမှမဟုတ် အိမ်ထောင်စုတွေရဲ့ သုံးပုံနှစ်ပုံက သူတို့ဟာ သူတို့ရဲ့ ယာဉ်မောင်းပုံစံကို သိသိသာသာပြောင်း လဲရပြီး မလိုအပ်တဲ့ ကားမောင်းခရီးတွေကို ဖြတ်တောက်ပစ်လိုက်တယ်လို့ပြောကြပါတယ်။
ကျန်တဲ့ ၃၄ရာခိုင်နှုန်းကတော့ သူတို့အနေနှင့် ဆီဈေးတစ်ဂါလံကို အမေရိကန်ဒေါ်လာ(၅)ဒေါ်လာနားမကပ်မချင်း ယာဉ်အသုံးပြုတဲ့အလေ့အထကို ပြောင်းလဲစရာသိပ်မရှိဘူးလို့ပြောပါတယ်။
ပုံမှန်ဓာတ်ဆီတစ်ဂါလံဈေးနှုန်းဟာ တနင်္လာနေ့က အမေရိကန်တစ်နိုင်င့လုံးမှာ ပျှမ်းမျှအားဖြင့် ၄.၃၈ဒေါ်လာခန့်ရှိနေပါတယ်။ နီဗာဒါနှင့်ကာလီဖိုးနီးယာတို့မှာတော့ ဈေးနှုန်းဟာ (၅)ဒေါ်လာ အထက်ရှိနေပါတယ်။ ဒီဇယ်ဈေးနှုန်းဟာ စံချိန်တင်မြင့်တက်တာ ပိုလို့တောင်မြန်နေပါသေးတယ်။
ထောက်ပို့စရိတ်တွေမြင့်တက်လာတဲ့အလျောက် ဓာတ်ဆီဈေးတွေတက်လာတာဟာ အမေရိကန်ရဲ့ စီးပွားရေးတစ်ခုလုံးကို သက်ရောက်မှုရှိလာနိုင်တယ်လို့ သုံးသပ်သူတွေက ခန့်မှန်းထားကြပါတယ်။
Source CMG
Page 46 of 60