၃ စက်တင်ဘာ ၂၀၂၃
နှစ်ပေါင်း သုံးဆယ်နီးပါး တိုက်ရိုက်လေကြောင်းပျံသန်းမှုများ ရပ်တန့်ခဲ့ပြီးနောက် မြန်မာနှင့်ရုရှား အကြား တိုက်ရိုက်လေကြောင်းပျံသန်းမှုကို လာမယ့် အင်္ဂါနေ့မှာ စတင်တော့မယ်လို့ ရုရှား TASSသတင်းဌာနက သတင်းရေးသားခဲ့ပါတယ်။
ရုရှားနိုင်ငံ လေကြောင်းပျံသန်းရေးဖက်ဒရယ်အေဂျင်စီရဲ့ သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး ရေးသားတဲ့ အဆိုပါသတင်းမှာ အေဂျင်စီဟာ မြန်မာနိုင်ငံတကာလေကြောင်းလိုင်း MAIကို မန္တလေး- နိုဗောင်းဆီဘစ်-မန္တလေး ခရီးစဉ်ပျံသန်းဖို့ခွင့်ပြုလိုက်တယ်လို့ဖော်ပြထားပါတယ်။
“ အဆိုပါခရီးစဉ်ကို မြန်မာနိုင်ငံတကာလေကြောင်းလိုင်းဟာ စက်တင်ဘာ ၅ ရက်နေ့ကစပြီး ပျံသန်းပြေးဆွဲပေးမှာဖြစ်ပါတယ်။ A319 အမျိုးအစားလေယာဉ်နှင့် တစ်ပတ်ကိုနှစ်ကြိမ်ပျံသန်းမှာ ဖြစ်ပါတယ်” လို့ အဆိုပါသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
၁၉၆၂ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ ရုရှားရဲ့ အေရိုဖလုပ် Aeroflot လေကြောင်းလိုင်းဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့ရန်ကုန်ကို ပျံသန်းပြေးဆွဲပေးခဲ့ပါတယ်။ MAI ဟာ နိုဗောင်းဆီဘစ်နှင့် မန္တလေးကို စက်တင်ဘာ ၅ရက်မှစတင်ပျံသန်းပြေးဆွဲပါမယ်။ ခရီးစဉ်ဟာ တစ်ပတ်ကို အင်္ဂါနေ့နှင့် စနေနေ့တိုင်း နှစ်ကြိမ်ပျံသန်းပေးမှာဖြစ်ပြီး လေယာဉ်ခမှာ လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၄၀၉ ဒေါ်လာ ဖြစ်ပါတယ်လို့ သတင်းထုတ်ပြန်ချက်မှာဆိုပါတယ်။
လေယာဉ်ဟာ အင်္ဂါနှင့် စနေနေ့တိုင်းမှာ ရန်ကုန်နိုင်ငံတကာလေဆိပ်မှ မွန်းလွဲ ၂း၀၅ နာရီတွင် ထွက်ခွာပြီး မန္တလေး တံတားဦးနိုင်ငံတကာ လေဆိပ်ကို ညနေ ၃း၁၀ နာရီတွင် ဆိုက်ရောက် မှာဖြစ်ပါတယ်။ အဲဒီကမှ ညနေ ၄း၁၀ နာရီတွင်ထွက်ခွာပြီးနောက် ရုရှားနိုင်ငံ နိုဗောင်းဆီဘစ် လေဆိပ်ကို ဒေသစံတော်ချိန် ည ၁၁း၁၀တွင်ဆိုက်ရောက်မှာဖြစ်ပါတယ်။
အပြန်ခရီးစဉ်မှာ နိုဗောင်းဆီဗစ်မှ ညသန်းခေါင် ၁၂း၁၀ နာရီတွင်ထွက်ခွာပြီး မန္တလေး တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မနက် ၅း၅၅ နာရီတွင်ဆိုက်ရောက်ပါလိမ့်မယ်။ မန္တလေးတံတားဦး လေဆိပ်မှ မနက် ၆း၃၅ နာရီတွင်ထပ်မံထွက်ခွာ၍ ရန်ကုန်နိုင်ငံတကာလေဆိပ်သို့ မနက် ၇း၄၀ နာရီတွင် ဆိုက်ရောက်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
၁ စက်တင်ဘာ ၂၀၂၃
တရုတ်ပြည်တွင်းထုတ် လျှပ်စစ်ကားတွေဟာ ပထမဆုံးအသုတ်အဖြစ် တရုတ်မြန်မာနယ်စပ် ယူနန်ပြည်နယ် ဝမ်တင်း ဝင်ပေါက်မှတစ်ဆင့် ဩဂုတ် ၃၁ရက်နေ့က မြန်မာနိုင်ငံကို စတင်တင်ပို့ခဲ့ပါတယ်။ နယ်စပ်မှာ အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းစဉ် တိုးတက်မှုကြောင့် ပိုပြီး လွယ်ကူမြန်ဆန်လာတယ်လို့ စီစီတီဗွီသတင်းမှာဖော်ပြထားပါတယ်။
တရုတ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးစီမံခန့်ခွဲရေးရဲတွေက လိုအပ်တာတွေစစ်ဆေးပြီးတဲ့အခါ တရုတ်ပြည်တွင်းထုတ် လျှပ်စစ်ကားတွေတင်ဆောက်လာတဲ့ နောက်တွဲပါကုန်တင်ယာဉ်အစီး (၅၀)ဟာ နယ်စပ်ပေါက်ကို မနက်၁၀နာရီမှာရောက်ရှိခဲ့ကြပါတယ်။
၂၉ ဩဂုတ် ၂၀၂၃
တိုယိုတာမော်တော်ကားကုမ္ပဏီဟာ ထုတ်လုပ်ရေးစနစ်ချို့ယွင်းသွားတဲ့အတွက် ဂျပန်မှာရှိတဲ့ ယင်းရဲ့ ကားထုတ်လုပ်စက်ရုံ (၁၄)ရုံ အားလုံးကို အင်္ဂါနေ့က ကားထုတ်လုပ်မှုတွေကို ရပ်ဆိုင်းလိုက်ရပါတယ်။ အဲဒါကြောင့် ကမ္ဘာ့ အရောင်းရဆုံးကားထုတ်လုပ်သူရဲ့ ပြည်တွင်းထုတ်လုပ်မှုတွေ ရပ်တန့်သွားရပါတယ်။
အဲဒီချို့ယွင်းမှုဟာ တိုယိုတာကို အစိတ်အပိုင်းတွေမှာယူတဲ့အလုပ်ကိုဟန့်တားထားတာဖြစ်လို့ ချို့ယွင်းမှုဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ ဒါပေမယ့် ဒါဟာ ဆိုက်ဘာတိုက်ခိုက်မှုတစ်ခုတော့ ဖြစ်ဟန်မတူဘူးလို့ တိုယိုတာရဲ့ပြောရေးဆိုခွင့်ရသူကပြောပါတယ်။
တိုယိုတာဟာ ယင်းရဲ့ ပြည်တွင်းစက်ရုံ ၁၂ ရုံရဲ့ထုတ်လုပ်မှုကို အင်္ဂါနေ့မနက်ကရပ်ခဲ့ပြိးနောက် ညနေပိုင်းမှာ နောက်ထပ် ကျန်တဲ့ (၂)ရုံကိုပါ ဆက်တိုးပြီးရပ်ခဲ့တာပါ။ စက်ရုံတွေအားလုံးရပ်လိုက်ရလို့ ထုတ်လုပ်မှု ဘယ်လောက်ဆုံးရှုံးသွားတယ်ဆိုတာကိုတော့ သိပ်မရှင်းလင်းပါဘူး။
ဒီစက်ရုံတွေဟာ တိုယိုတာရဲ့ ကမ္ဘာ့ထုတ်လုပ်မှုအားလုံးရဲ့ သုံးပုံတစ်ပုံခန့်ရှိတယ်လိုတော့ ရိုက်တာသတင်းဌာနက တွက်ချက်ထားပါတယ်။
ပထမနှစ်ဝက်မှာ ဂျပန်ရဲ့ ထုတ်လုပ်မှုဟာ နေ့စဉ်ကားအစီးရေ ၁၃၅၀၀ ခန့်ရှိတယ်လို့ ရိုက်တာက ခန့်မှန်းတွက်ချက် ထားပါတယ်။ အဲဒီအထဲမှာ တိုယိုတာအုပ်စုထဲပါတဲ့ ဒိုင်ဟတ်ဆုနှင့် ဟီးနိုးတွေကို ထည့်တွက်မထားပါဘူး။
မနှစ်ကတော့ ကားပစ္စည်းအစိတ်အပိုင်းပေးပို့တဲ့ ကုမ္ပဏီတစ်ခု ဆိုက်ဘာအတိုက်အခိုက်ခံရလို့ တစ်ရက်တာ ထုတ်လုပ်မှုရပ်ဆိုင်းပေးခဲ့ရဖူးပါတယ်။
Source Reuters
၂၉ ဩဂုတ် ၂၀၂၃
တောင်ကိုရီးယားရဲ့ အကြီးဆုံးလေကြောင်းလိုင်းဖြစ်တဲ့ ကိုရီးယားလေကြောင်းလိုင်း Korean Air ဟာ လေယာဉ်ပျံသန်းမှု အန္တရာယ်ကင်းရှင်းရေးအတွက် ခရီးသည်သယ်ဆောင်မယ့် ပစ္စည်းတွေနှင့်အတူ ခရီးသည်ကိုပါ ကိုယ်အလေးချိန် ချိန်တွယ်မယ်လို့ သူ့ရဲ့ ဝက်ဘ်ဆိုက်မှ ကြေညာခဲ့ပါတယ်။
ဇွန်လမှာ နယူးဇီလန်လေကြောင်းလိုင်းက အလားတူသတ်မှတ်ကြေညာခဲ့ပြီးနောက် ကိုရီးယားလေကြောင်းကလည်း ကြေညာခဲ့တာပါ။
ဆိုးလ်မြို့တော်မှာရှိတဲ့ တောင်ကိုရီးယားရဲ့ အလုပ်အရှုပ်ဆုံးလေဆိပ်နှစ်ခုစလုံးကနေ ထွက်ခွာမယ့် ခရီးသည်တွေကို ကိုယ်အလေးချိန်တိုင်းတဲ့ စက်ပေါ်တက်ခိုင်းမှာဖြစ်ပါတယ်။ ဂင်ပိုလေဆိပ်မှ ပြည်တွင်းသွားခရီးသည်တွေဟာလည်း ဩဂုတ် ၂၈ ရက်မှ စက်တင်ဘာ ၁၉ အထိ ကိုယ်အလေးချိန်ချိန်တွယ်ခံကြရမှာဖြစ်ပါတယ်။ အလားတူ အင်ချီယွန် လေဆိပ်မှထွက်ခွာမယ့်ခရီးသည်တွေလည်း စက်တင်ဘာ ၈ရက်မှ ၁၉ ရက်အထိ ကိုယ်အလေးချိန်ချိန်တွယ်ခံရမှာ လို့ သတင်းမှာဖော်ပြထားပါတယ်။
ကိုရီးယားအလံတပ် လေယာဉ်လိုင်းတွေအားလုံးဟာ အတူသယ်အိတ်များနှင့်အတူ ခရီးသည်ရဲ့ကိုယ်အလေးချိန်ကိုပါ ချိန်တွယ်ကြဖို့ ကိုရီးယား မြေ၊အခြေခံအဆောက်အဦနှင့်ပို့ဆောင်ရေးဝန်ကြီးဌာနက အကြံပြုထားပါတယ်။ “ လေယာဉ်ရဲ့ အလေးချိန်နှင့် ညီမျှမှု စံချိန်စံနှုန်းများအရ ဖြစ်တယ်လို့ဆိုပါတယ်။
ဒီလိုဆောင်ရွက်ရတာဟာ လေယာဉ်မှာ ဝန်ဖြန့်ကျက်မှုကို ဆုံးဖြတ်ရာမှာ အထောက်အကူပြုစေဖို့ဖြစ်ပြီး ငါးနှစ်တစ်ကြိမ် တွက်ချက်ရတာဖြစ်ပါတယ်။ ဇွန်လတစ်လလုံးမှာလည်း နယူးဇီလန်လေကြောင်းလိုင်းမှာ စီးနင်းလိုက်ပါကြတဲ့ ခရီးသည်တွေကို လေယာဉ်မတင်ခင် ကိုယ်အလေးချိန်ချိန်ခဲ့ကြရပါတယ်။
ဒါဟာ လေယာဉ်ဘေးကင်းစိတ်ချရစွာနှင့်စွမ်းရည်ပြည့်စွာ မောင်းနှင်နိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ဆောင်ရွက်မှုဖြစ်တယ်လို့ နယူးဇီလန်လေကြောင်းလိုင်းကပြောပါတယ်။
လေယာဉ်မတင်ခင် ခရီးသည်တိုင်းကို ကိုယ်အလေးချိန်ချိန်တာဟာ လေယာဉ်ရဲ့ဘေးကင်းမှုကို တိုးတက်စေတယ်လို့ အင်ဒီပင်းဒန့် သတင်းစာကရေးပါတယ်။ လက်ရှိမှာ လေကြောင်းလိုင်းတွေဟာ လေယာဉ်တစ်ခုလုံးရဲ့ အလေးချိန်ကို တွက်ရာမှာ ခရီးသည်အားလုံးရဲ့ အလေးချိန်ကို ပျှမ်းမျှမှန်းဆထည့်သွင်းနေကြတာဖြစ်ပါတယ်။
Source Independent
၂၈ ဩဂုတ် ၂၀၂၃
အိန္ဒိယနိုင်ငံအတိုင်းပဲ မြန်မာနိုင်ငံက ဆန်တင်ပို့မှု နှစ်လတာရပ်ဆိုင်းမယ်ဆိုတဲ့အတွက် ကမ္ဘာ့ဆန်ဈေးနှုန်း ဆက်လက် မြင့်တက်သွားပြီး ထိုင်းဆန်ဈေးနှုန်းဟာ တစ်တန်ကို ဘတ်ငွေ ၁၂၀၀၀ အထိ တက်သွားတယ်လို့ နေရှင်းသတင်းစာ ရဲ့သတင်းအရ သိရပါတယ်။
အိန္ဒိယနိုင်ငံဟာ ဇူလိုင် ၂၀ရက်ကစပြီး ဆန်အများစုကို ပြည်ပတင်ပို့မှုရပ်ဆိုင်းခဲ့ပါတယ်။ အဲဒါကြောင့် အခြားသော ဆန်တင်ပို့နေတဲ့ နိုင်ငံတွေကလည်း အလားတူလုပ်လာကြမှာကို စိုးရိမ်ပူပန်မှုတွေရှိခဲ့ကြပြီး ကမ္ဘာ့ဆန်ဈေးကွက်ကို မတည်မငြိမ်စေခဲ့ပါတယ်။ နိုင်ငံတော်တော်များများက အိန္ဒိယနိုင်ငံကို ဆန်ကို ခွဲတမ်းနှင့်ရောင်းချပေးဖို့ မေတ္တာရပ်ခံတာ တွေလည်းရှိနေပါတယ်လို့ နေရှင်းသတင်းမှာဖော်ပြထားပါတယ်။
အိန္ဒိယဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ဆန်တင်ပို့တဲ့နိုင်ငံဖြစ်ပြီး ကမ္ဘာ့ဆန်ကုန်သွယ်မှုရဲ့ ၄၀ ရာခိုင်နှုန်းခန့်အထိ နေရာ ယူထားပါတယ်။ အဲဒါကြောင့် ကမ္ဘာ့ဆန်ဈေးနှုန်းအပေါ် အကြီးအကျယ်ရိုက်ခတ်နေတာဖြစ်ပါတယ်။ အခြားသော ဆန်တင်ပို့တဲ့ အဓိကနိုင်ငံတွေက ထိုင်း၊ဗီယက်နမ်၊ပါကစ္စတန်နှင့် အမေရိကန်တို့ဖြစ်ကြပြီး အိန္ဒိယရဲ့ ဆန်တင်ပို့မှု အစိတ်အပိုင်းတစ်ခုပိတ်ပင်မှုကြောင့် အဲဒီနိုင်ငံတွေအပေါ်လည်း ရိုက်ခတ်မှုတွေရှိလာနေတာပါ။
ထိုင်းနိုင်ငံ ဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်းရဲ့ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ ချိူကီယတ်အိုဖတ်စ်ဝန်ဆီက “ လက်ရှိ ဆန်ဈေးနှုန်းအခြေအနေဟာ ရောင်းသူတွေကို ဈေးနှုန်းအတိအကျနှင့်ရောင်းဖို့ စိန်ခေါ်သလိုဖြစ်နေတယ်” လို့ ပြောပါ တယ်။ အဲဒီလိုဖြစ်နေရတဲ့အထဲ မြန်မာနိုင်ငံက ထပ်မံပြီး ဆန်တင်ပို့မှု ပိတ်ပင်တာကြောင့် ပိုမသေမချာအခြေအနေ ဖြစ်သွားရတယ်လို့ ပြောပါတယ်။
ကုန်သည်တွေဟာ အိန္ဒိယအနေနှင့် ဘယ်နိုင်ငံတွေကိုဆန်ရောင်းမယ်လို့ဆုံးဖြတ်လဲဆိုတာ အနီးကပ်စောင့်ကြည့်နေကြ ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါက ကမ္ဘာ့ဆန်ဈေးအပေါ်ရိုက်ခတ်မှုရှိမှာကြောင့်ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ တတိယဆန်တင်ပို့မှုအများဆုံး ဗီယက်နမ်နိုင်ငံကတော့ သူတို့အနေနှင့် ဆန်ပြည်ပတင်ပို့မှုကို ရပ်ဆိုင်းမှာ မဟုတ်ဘူးလို့ပြောပါတယ်။ ဒါပေမယ့် အခြားသော ဆန်တင်ပို့တဲ့နိုင်ငံတွေ ဘာလုပ်မယ်ဆိုတာတွေကြည့်နေရ တာကြောင့် ဈေးကွက်မသေချာမှုတွေက ဆက်ရှိနေဦးမှာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
ဒါပေမယ့် ထိုင်းနိုင်ငံက တစ်နှစ်ကို ဆန်တန်ချိန်(၈)သန်းတင်ပို့မယ်ဆိုတဲ့ ရည်ရွယ်ချက်ကတော့ ဆက်ရှိနေဦးမှာဖြစ်တယ် လို့သူကပြောပါတယ်။ဒါပေမယ့် အဓိကဆန်တင်သွင်းနေတဲ့ ဖိလစ်ပိုင်နှင့်အင်ဒိုနီးရှားလိုနိုင်ငံတွေက အိန္ဒိယကနေ ဆန် ဝယ်လို့ရသွားရင် ထိုင်းဆန်တင်ပို့မှုဟာ မှန်းသလောက်ဖြစ်မလာနိုင်ဘူးလို့ သူကပြောပါတယ်။
Source: The Nation
၂၃ ဩဂုတ် ၂၀၂၃
ထိုင်းနိုင်ငံရဲ့ဘဏ်ကြီးတစ်ဘဏ်ဖြစ်တဲ့ ကာဆီကွန်ဘဏ် Kasikornbank က သူတို့ဟာ မြန်မာနိုင်ငံရဲ့ ကမ္ဘောဇဘဏ်နှင့် မိတ်ဖက်ပြုလုပ်ကာ စမတ်ဖုန်းအခြေခံတဲ့ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ငွေပို့ငွေလွှဲလုပ်ငန်းကို လုပ်ဆောင်လိုက်ပြီလို့ ဩဂုတ် ၂၂ ရက်ကကြေညာလိုက်ပါတယ်။
အဆိုပါဘဏ်ဟာ ထိုင်းနိုင်ငံမှအလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေ မြန်မာနိုင်ငံမှ မိသားစုတွေထံ ငွေလွှဲဖို့ လိုအပ်ချက်တွေကို အမိဆုပ်ကိုင်လိုက်တာဖြစ်တယ်လို့ နစ်ကေးအေးရှားသတင်းက ရေးသားပါတယ်။
နိုင်ငံတကာငွေလွှဲပြောင်းမှုကို ကာဆီကွန်ဘဏ်ရဲ့ အက်ပလီကေးရှင်းမှတစ်ဆင့် KBZPay ထဲသို့ မြန်မာကျပ်ငွေဖြင့် လွှဲပြောင်းပေးပို့မှာဖြစ်ပါတယ်။ ငွေလွှဲခကို အောက်တိုဘာလအထိ အခမဲ့ပေးမယ်လို့လည်းသိရပါတယ်။
ဒီလုပ်ငန်းကြောင့် ကမ္ဘောဇဘဏ်အနေနှင့် ထိုင်းဘတ်ငွေတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒေါ်လာငွေအစား ဘတ်ငွေနှင့်ငွေပေးချေမှုတွေကို အခြားနည်းလမ်းတစ်ခုအဖြစ်ကြိုးစားဆောင်ရွက်နေပါတယ်။
တကယ်လို့ ထိုင်းကနေ မြန်မာနိုင်ငံကို ငွေလွှဲပို့တာတွေ တိုးတက်လာရင် ကျပ်ငွေကနေ ထိုင်းဘတ်ကိုပြန်လဲဖို့ ပိုပြီး လွယ်ကူလာမှာဖြစ်တယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှ အလုပ်သမားတွေဟာ ဟွန်ဒီလို့ခေါ်တဲ့ တရားမဝင်ငွေလွှဲလုပ်ငန်းတွေကနေ ငွေတွေလွှဲပို့ပေးနေခဲ့ကြပါတယ်။ ဒါပေမယ့် နစကအစိုးရက နိုင်ငံခြားငွေလဲလှယ်မှုတွေကို တင်းကြပ်စွာထိန်းချုပ်ထားပြီး ဘဏ်တွေမှတစ်ဆင့် တရားဝင်ငွေလွှဲတာမလုပ်ဘဲ တရားမဝင်ငွေလွှဲမှုတွေကို နှိမ်နှင်းနေပါတယ်။ပြီးတော့ ဘဏ် အက်ပလီကေးရှင်းအချင်းချင်းမှတစ်ဆင့် ပုံမှန်နည်းလမ်းနှင့်ငွေလွှဲတာကို အားပေးနေတယ်လို့ သတင်းကဆိုပါတယ်။
KBZPay လို့ခေါ်တဲ့ မိုဘိုင်းပိုက်ဆံအိတ်ကို ၂၀၁၈ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ QR code အခြေခံတဲ့ ငွေပေးချေမှုနှင့်ငွေလွှဲစနစ်ကို လူပုဂ္ဂိုလ်တွေအကြား အသုံးပြုနေပါတယ်။ အဲဒီအပြင် အေတီအမ်စက် ဒါမှမဟုတ် ကိုယ်စားလှယ်တွေဆီကနေ ငွေသားပြန်ထုတ်ယူနိုင်ကြတာဖြစ်တဲ့အကြောင်း နစ်ကေးအေးရှားကရေးသားပါတယ်။
၂၀ ဩဂုတ် ၂၀၂၃
အီရန်အာဏာပိုင်တွေဟာ ခွေးတစ်ကောင်ကို အိမ်ခန်းရောင်းချပေးလိုက်တဲ့ ဗွီဒီယိုတစ်ခု အွန်လိုင်းပေါ် ပျံ့နှံ့သွားပြီးတဲ့နောက် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းအကြီးအကဲကို ဖမ်းဆီးအရေးယူလိုက်ပါတယ်။ အီရန် လင်မယားက သူတို့ရဲ့ အချစ်တော်ခွေးကလေး ချက်စတာ ကို အိမ်ခန်း လွှဲပေးလိုက်တာ ရိုက်ထားတဲ့ အဲဒီဗွီဒီယိုဟာ အွန်လိုင်းပေါ်မှာ အတော်လူကြိုက်များသွားပါတယ်။
အငြင်းအခုံတွေထဖြစ်စေခဲ့တဲ့ အဲဒီဗွီဒီယိုထဲမှာ လင်မယားတစ်တွဲဟာ သူတို့ရဲ့ အိမ်ခန်းကို သူတို့ရဲ့အချစ်တော် ခွေးဖြူကလေး ချက်စတာထံ တရားဝင်လွှဲပြောင်းပေးတဲ့ ကန်ထရိုက်စာချုပ်လက်မှတ်ရေးထိုးနေတာကို တွေ့မြင်ရပါတယ်။
အဲဒီစာချုပ်ကို ချက်စတာရဲ့ ခြေသည်းရာကို အမျိုးသမီးတစ်ဦးအကူအညီနှင့် မှင်ခံပြားအသုံးပြု ရယူပြီး လက်မှတ်သဖွယ်သုံးခဲ့တာဖြစ်ပါတယ်။ သူတို့မှာ အမွေဆက်ခံမည့်သူမရှိတဲ့အတွက် သူတို့ရဲ့အိမ်ကို သူတို့ချစ်တဲ့ ခွေးကလေးကို ရောင်းချပေးဖို့ အစဉ်အလာမဟုတ်တဲ့ ဆုံးဖြတ်ချက်ကိုချလိုက်ရတာလို့ အဆိုပါစုံတွဲက ရှင်းပြပါတယ်။
အီရန်မှာ ခွေးတွေအိမ်ပိုင်ဆိုင်မှုကို တားမြစ်တဲ့ သီးခြားဥပဒေရယ်လို့မရှိသေးပေမယ့် ခွေးရဲသဘောသဘာဝအရနှင့် ရှေးရိုးစွဲ ဘာသာရေးဆရာတွေရဲ့ ဩဇာလွှမ်းမိုးမှုကြောင့် အဲဒီလိုမျိုးဆောင်ရွက်တာကို မကောင်းတဲ့အလုပ်လို့ မြင်ထားပါတယ်။ မူစလင်နိုင်ငံတော်တော်များများမှာ ခွေးတွေကို မသန့်ရှင်းတဲ့ သတ္တဝါလို့သတ်မှတ်လေ့ရှိကြပါတယ်။ အဲဒီအထဲမှာ အီရန်နိုင်ငံလည်းပါဝင်ပါတယ်။
ဩဂုတ်လ ၂၀ ရက် တနင်္ဂနွေနေ့မှာ အီရန်ရဲတွေဟာ အဲဒီ့ပျံ့နှံ့နေတဲ့ဗွီဒီယိုအတွက် စုံစမ်းမှုတွေစတင်လုပ်ခဲ့ပါတယ်။ အဲသလိုအရောင်းလုပ်ဆောင်ရာမှာ အိမ်ခြံမြေအကျိုးဆောင်အကြီးအကဲတစ်ဦးပါဝင်နေတယ်လို့ ဖော်ထုတ်သိရှိရလို့ သူ့ကိုဖမ်းဆီးခဲ့တာဖြစ်ပါတယ်။အဲဒီကုမ္ပဏီကိုလည်း ယာယီလုပ်ငန်းပိတ်သိမ်းထားပါတယ်။ ဒီလိုရောင်းချတာမျိုးဟာ လူ့အဖွဲ့အစည်းရဲ့ စာရိတ္တတန်ဖိုးတွေနှင့်ဆန့်ကျင်ပြီး ဥပဒေနှင့်လည်း ကင်းလွတ်နေတယ်လို့ ဒုတိယတရားစွဲအရာရှိချုပ် ရီဇာတာဘာက ပြောပါတယ်။
ဓလေ့ထုံးတမ်းအရမည်သို့ပင်ရှိစေကာမူ အီရန်နိုင်ငံမှာ အိမ်မွေးတိရိစ္ဆာန် အထူးသဖြင့် ခွေးနှင့်ကြောင် ပိုင်ရှင်တွေဟာ တိုးပွားလာနေပါတယ်။အထူးသဖြင့် လူလတ်တန်းစားနှင့် အထက်တန်းစားများအကြားမှာဖြစ်ပါတယ်။
Source WION
Page 17 of 60