#World_Health
Published 6 September 2022
ကြံ့ခိုင်သန်စွမ်းလှပတဲ့ သွားများရရှိစေရန် ပုံမှန်သွားတိုက်နေကြပေမယ့် မထင်မှတ်တဲ့ အမှားတစ်ခု ပြုလုပ်နေမိတာမျိုး ဖြစ်နိုင်ပါတယ်။
သွားတိုက်ပြီးတော့ လူအားလုံးနီးပါးပြုလုပ်လေ့ရှိတဲ့ အမှားတစ်ခုကို သွားဆရာဝန်တစ်ဦးက ထောက်ပြလိုက်ပါတယ်။
သွားတိုက်ပြီးနောက် ပလုတ်ကျင်းတာက အကျင့်ဖြစ်နေပေမယ့် တကယ်တမ်းမှာတော့ သွားကျန်းမာရေးကောင်းကျိုးတွေကို လျော့နည်းစေနိုင်ပါတယ်။
UCLA သွားဆေးတက္ကသိုလ်မှ ပရော်ဖက်ဆာဒေါက်တာ'အက်ဒ်မွန်ဟူလတ်'က သွားတိုက်ပြီးနောက် ပါးစပ်ကိုပလုတ်မကျင်းသင့်ကြောင်း အကြံပြုလိုက်ပါတယ်။
သွားတိုက်ဆေးမှာ ပါဝင်တဲ့ ဖလိုရိုက်က ကြွေလွှာတွေကိုသန်မာစေပြီး သွားပိုးစားခြင်းကိုဖြစ်စေတဲ့ အက်ဆစ်ဓာတ်ကို ခံနိုင်ရည်ရှိစေပါတယ်။
အကောင်းဆုံးဖြစ်အောင် ကိုယ်တိုက်တဲ့သွားတိုက်ဆေးမှာ ဖလိုရိုက်ပါဝင်လားဆိုတာကို စစ်ဆေးကြည့်သင့်ပါတယ်။
ပလုတ်မကျင်းဘဲထားလိုက်ရင် ပါးစပ်ထဲမှာ ဖလိုရိုက်က အချိန်ကြာမြင့်စွာရှိနေနိုင်တယ်လို့ သွားဘက်ဆိုင်ရာ ပရော်ဖက်ဆာက ဆိုပါတယ်။
သွားတိုက်ပြီးနောက် အနည်းဆုံး ၁၅ မိနစ်ထားပြီးမှ အခြားအရည်များသောက်သုံးသင့်တယ်လို့လည်း အကြံပြုထားပါတယ်။
ပလုတ်မကျင်းလို့ ပါးစပ်ထဲမှာ သွားတိုက်ဆေးကျန်နေမှာကို စိုးရိမ်စရာမလိုကြောင်း ကျွမ်းကျင်သူများက ဆိုပါတယ်။
ပါးစပ်ထဲက တံတွေးက သွားတိုက်ဆေးကို အလိုအလျောက်ဖယ်ရှားပေးသွားမှာမို့လို တစ်နေကုန်ကျန်နေမှာ မဟုတ်ပါဘူး။
တစ်နေ့ကို အနည်းဆုံးနှစ်မိနစ်ကြာအောင် နှစ်ကြိမ်ပုံမှန်တိုက်ပေးခြင်းဖြင့် ဖလိုရိုက်က သွားတွေကိုကာကွယ်ပေးနိုင်ပါတယ်။
ပလုတ်မကျင်းတဲ့ အလေ့အကျင့်ကတော့ ဖလိုရိုက်ပိုမိုထိရောက်စေတဲ့ နည်းလမ်းဖြစ်ပါတယ်။
"သွားပိုးစားခြင်း၊ သွားအပေါက်ရှိခြင်း စတာတွေ မဖြစ်ဘူးဆိုရင် ဖလိုရိုက်သွားတိုက်ဆေးကို ဆက်သုံးသင့်ပါတယ်၊ သွားတိုက်ပြီးနောက် ပလုတ်ကျင်းခြင်း မကျင်းခြင်းက သိပ်မကွာပါဘူး၊ သွားပိုးစားတဲ့လူတွေကတော့ ပလုတ်မကျင်းတာ ပိုကောင်းပါတယ်" လို့ ဒေါက်တာ'ဟူလတ်'က ဆိုပါတယ်။
သွားတိုက်တဲ့အခါ သွားတိုက်တံကို အားကြီးနဲ့မကိုင်ဘဲနဲ့ သွားတိုက်တံအဖျားကနေ ဘောလ်ပင်ကိုင်သလို ကိုင်ခြင်းဖြင့် သွားတွေအပေါ် ဖိအားသက်ရောက်မှုလျော့နည်းစေကာ ထိခိုက်မှုကိုကာကွယ်ပေးနိုင်တာကြောင့် သွားတွေကို ပိုမိုဖြူဖွေးစေမယ်လို သွားအလှအပဆိုင်ရာဒေါက်တာ'ဟန်နာကင်ဆဲလာ'က ရှင်းပြခဲ့ပါတယ်။
Source: The Sun
#Yangon_Media_Group
#World_Health
Published 6 September 2022
ကျားဟော်မုန်းတစ်မျိုးဖြစ်တဲ့ တက်စ်တိုစတီရုန်းပမာဏနည်းပါးပြီး ကိုဗစ်ရောဂါကူးစက်တဲ့ အမျိုးသားတွေဟာ တက်စ်တိုစတီရုန်းပုံမှန်ရှိတဲ့အမျိုးသားတွေထက် ရောဂါပိုမိုဆိုးရွားနိုင်ပြီး ဆေးရုံတက်ရောက်ကုသရမယ့် အခြေအနေပိုများကြောင်း ဝါရှင်တန်ဆေးပညာတက္ကသိုလ်နဲ့ စိန့်လူးဝစ်ဆေးပညာတက္ကသိုလ်မှ သုတေသီများက JAMA Network Open မှာ ဖော်ပြခဲ့ကြပါတယ်။
၂၀၂၀ တုန်းက ကာကွယ်ဆေးတွေမရခင်မှာ ကိုဗစ်ရောဂါတွေ့ရှိခဲ့တဲ့အမျိုးသား ၇၂၃ ဦးကို သုတေသီများလေ့လာခဲ့ရာ ဆီးချို၊ နာတာရှည်အဆုတ်ရောဂါ၊ နှလုံးရောဂါတို့လို တက်စ်တိုစတီရုန်းနည်းတဲ့သူတွေဟာ ကိုဗစ်ရောဂါကြောင့် ဆေးရုံတက်ကုသနိုင်ချေ ပိုများကြောင်း တွေ့ရှိခဲ့ရပါတယ်။
တက်စ်တိုစတီရုန်းနည်းပြီး ကိုဗစ်ရောဂါဖြစ်တဲ့ အမျိုးသားတွေက ပုံမှန်ဟော်မုန်းရှိတဲ့လူတွေထက် ဆေးရုံတက်ကုသရမှုနှုန်း ၂.၄ ဆပိုများပါတယ်။
တက်စ်တိုစတီရုန်းနည်းပြီး ကိုဗစ်ဖြစ်တဲ့အမျိုးသားတွေကို ဟော်မုန်းကုသခြင်းဖြင့် ဆေးရုံတက်ကုသရမှုကို လျှော့ချပေးနိုင်ပါတယ်။
သုတေသီများက စိန့်လူးဝစ်ဆေးရုံကြီးနှစ်ခုမှာ လူနာတွေကို လေ့လာကုသခဲ့ကြပါတယ်။
"တက်စ်တိုစတီရုန်းနည်းပါးခြင်းက ကိုဗစ်ကြောင့် ဆေးရုံတက်ကုသခံယူမှု မြင့်တက်လာနိုင်ကာ ဟော်မုန်းလိုအပ်ချက်ကို ကုသခြင်းဖြင့် ကာကွယ်လျှော့ချနိုင်ပါတယ်၊ ပုံမှန်ပမာဏက ၁ ဒက်ဆီလီတာမှာ ၃၀၀ ကနေ ၁,၀၀၀ နာနိုဂရမ်ကြားရှိပြီး ၂၀၀ နာနိုဂရမ်ထက်နည်းတဲ့အခါ ဖြစ်နိုင်ချေပိုများပါတယ်၊ ဒီအချက်တွေက အသက်၊ အဝလွန်၊ အခြားဝေဒနာများနဲ့ ဆက်စပ်ထားတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကုသမှုခံယူနေတဲ့သူတွေက အခြေအနေပုံမှန်ဖြစ်သွားပါတယ်"လို့ စိန့်လူးဝစ်မှ ဒေါက်တာ'ဆန်ဒိဒင်ဆာ'က ပြောပြခဲ့ပါတယ်။
လေ့လာမှုတွေ့ရှိချက်အရ တက်စ်တိုစတီရုန်းနည်းတဲ့ အမျိုးသားတွေဟာ ပုံမှန်ဟော်မုန်းရှိသူတွေထက် ကိုဗစ်ကြောင့် ဆေးရုံတက်ကုသခံယူရခြင်း ၃၃ ရာခိုင်နှုန်းပိုများကြောင်း တွေ့ရှိခဲ့ရပါတယ်။
တက်စ်တိုစတီရုန်းနည်းပါးခြင်းကို ကုသခြင်းဖြင့် အမျိုးသားတွေမှာ ကိုဗစ်ရောဂါပြင်းထန်တဲ့ အခြေအနေကို ကာကွယ်နိုင်ချေရှိနေကြောင်း ကောက်ချက်ချခဲ့ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#World_Rights
Published 5 September 2022
၁၈၀၀ ပြည့်နှစ်တွေကတည်းက နယူးယော့ခ်မြို့မှာ မြင်းလှည်းရထားလုံးတွေဟာ ခရီးသွားဧည့်သည်များကို စွဲဆောင်ထားနိုင်တဲ့ လုပ်ငန်းတစ်ခုဖြစ်ပေမယ့် ဥပဒေလွှတ်တော်အမတ်တွေကတော့ မြင်းလှည်းတွေအစား လျှပ်စစ်မော်တော်ယာဉ်တွေနဲ့ အစားထိုးချင်နေကြပါတယ်။
#Yangon_Media_Group
Published 5 Sept 2022
(၇)ကြိမ်မြောက် အရှေ့ပိုင်းစီးပွားရေးဖိုရမ် (EEF) ကို ရုရှားနိုင်ငံ ဗလက်ဒီဗိုစတော့ခ်မြို့တွင် စက်တင်ဘာ (၅)ရက် တနင်္လာနေ့က” ဝင်ရိုးစုံကမ္ဘာသို့ ဝင်ပေါက်လမ်း”ဆိုတဲ့ အာဘော်နှင့် ဖွင့်လှစ်လိုက်ပါတယ်။
နိုင်ငံပေါင်း ၆၀ကျော်နှင့် ဒေသတွေက ကိုယ်စားလှယ်တွေ ဖိုရမ်တက်ရောက်လာကြတယ်လို့ ကြီးမှူးကျင်းပသူက ပြောပါတယ်။
ဗုဒ္ဓဟူးနေ့မှာကျင်းပမယ့် ဖိုရမ်ရဲ့ မျက်နှာစုံညီအစည်းအဝေးကို ရုရှားသမ္မတ ဗလက်ဒီမာ ပူတင်တက်ရောက်ဖို့ရှိပါတယ်။
EEF ဟာ ၂၀၁၅ခုနှစ် မေလမှာပူတင်ရဲ့ အမိန့်ဒီကရီနှင့် တည်ထောင်ခဲ့ပါတယ်။ အဲဒီအမိန့်ဒီကရီအရ ဗလက်ဒီဗိုစတော့ခ်မှာ နှစ်စဉ်ကျင်းပရမှာဖြစ်ပြီး ရုရှားရဲ့ အရှေ့ဖျားဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ဖို့နှင့် အာရှပစိဖိတ်ဒေသမှာ နိုင်ငံ တကာပူးပေါင်းဆောင်ရွက်ရေးချဲ့ထွင်ဖို့ ရည်ရွယ်ပြီး တည်ထောင်ခဲ့တာဖြစ်ပါတယ်။
Source CCTV+
#Eastern_Economic_Forum_(EEF)
#7th_EEF
#Vladivostok_Russia
#DailyNews
Published _ 5 September 2022
၁။ ကြက်သွန်နီ လက်လီဈေးများ ဒိုင်လက်ကားဈေးများနှင့် ကွာဟမှုတွေရှိနေ
၂။ မီးစက်များ မဖြစ်မနေဝယ်နေရ၍ လုပ်ငန်းသုံးမီးစက်ဝယ်ယူနှုန်း မြင့်တက်နေ
၃။ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး ၅၂၂၀ ကျပ်ဟု တိုးမြှင့်သတ်မှတ်ထား
၄။ နယူးယော့ခ်မှ မြင်းလှည်းရထားလုံးများကို ဆန့်ကျင်သူများပြားလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_News
Published 5 September 2022
စက်တင်ဘာ ၄ ရက်နေ့(တနင်္ဂနွေနေ့) က စတင်ဖြစ်ပွားခဲ့တဲ့ ဓားထိုးလူသတ်မှုကွင်းဆက်မှာ ပါဝင်တယ်လို့ သံသယရှိထားတဲ့ တရားခံ ၂ ဦးကို ကနေဒါရဲတပ်ဖွဲ့များ ရှာဖွေနေကြပါတယ်။
ဆက်စ်ကက်ချာဝမ်အလယ်ပိုင်းပြည်နယ်တလျှောက် ဒေသခံရပ်ဝန်းမှ လူ ၁၀ ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာရရှိခဲ့ပြီး သံသယရှိသူ ၂ ဦးကို အခင်းဖြစ်ပွားရာနေရာမှ ကီလိုမီတာရာချီဝေးကွာတဲ့ နေရာတွေမှာ တွေ့လိုက်ရပါတယ်။
ဒါဟာ ကနေဒါနိုင်ငံတလျှောက် လူဦးရေကျဲပါးတဲ့နေရာမှာ ဓားထိုးမှုဖြစ်ပွားခဲ့တာ သေချာနေပါတယ်။
"ဆက်စ်ကက်ချာဝမ်မှာ တိုက်ခိုက်ခဲ့မှုက ကြေကွဲကြောက်လန့်စရာကောင်းပါတယ်။ ဒဏ်ရာရတဲ့သူတွေနဲ့ ဆုံးရှုးသွားရတဲ့ မိသားစုဝင်တွေကို ကိုယ်ချင်းစာပါတယ်" လို့ ကနေဒါဝန်ကြီးချုပ်'ဂျက်စတင်ထရူဒေါက်'က တွစ်တာမှာ ရေးသားခဲ့ပါတယ်။
"ဒီလိုအကြမ်းဖက်မှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့သူတွေအတွက် ဖော်ပြစရာစကားတောင် မရှိတော့ပါဘူး၊ ဆက်စ်ကက်ချာဝမ်ကလူတွေအားလုံး သူတို့နဲ့အတူ ဝမ်းနည်းပူဆွေးနေရမှာပါ" လို့ ဆက်စ်ကက်ချာဝမ်အုပ်ချုပ်ရေးမှူး'စကော့မိုး'က တွစ်တာမှာ ဖော်ပြခဲ့ပါတယ်။
ရဲတွေက အသက် ၃၁ နှစ် 'ဒါမီယန်ဆန်ဒါဆန်'နဲ့ အသက် ၃၀ 'မိုင်းလ်စ်ဆန်ဒါဆန်'တို့ရဲ့ ဓာတ်ပုံတွေနဲ့ အကြောင်းအရာတွေကို ဖော်ပြအသိပေးထားပေမယ့် သူတို့ကျူးလွန်ရတဲ့ ရည်ရွယ်ချက်နဲ့ ပစ်မှတ်တွေတော့ အသေးစိတ်မပါဝင်ပါဘူး။
ဓားထိုးမှုဖြစ်ပွားတဲ့ ဂျိမ်းစမစ်ခရီဒေသနဲ့ ဝယ်လ်ဒန်ရွာရဲ့ တောင်ဘက် ၃၂၀ ကီလိုမီတာရှိ ရက်ဂျီနာမြို့မှာ တရားခံ ၂ ဦးကို Nissan Rogue အနက်ရောင်ကားနဲ့ တွေ့လိုက်ရကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။
"ဓားထိုးခံရသူအချိုဟာ ပစ်မှတ်တွေဖြစ်ခဲ့ဟန်ရှိပြီး အချို့ကတော့ ကြုံရာဓားထိုးခံရသူတွေဖြစ်နိုင်ပါတယ်၊ ဓားထိုးရတဲ့အကြောင်းအရင်းကိုတော့ အခုအချိန်မှာ ပြောဖို့ခက်နေပါတယ်" လို့ ဆက်စ်ကက်ချာဝမ်တော်ဝင်ကနေဒါရဲတပ်ဖွဲ့မှ 'ရွန်ဒါဘလက်ခ်မော'က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဓားထိုးခံရပြီး သူတို့ဘာသာ ဆေးရုံတွေကိုသွားခဲ့တဲ့ နောက်ထပ်လူတွေလည်း ရှိနိုင်သေးကြောင်းဆိုပါတယ်။
ဒီဓားထိုးမှုကွင်းဆက်က ဂျိမ်းစမစ်ခရီပြည်နယ်နဲ့ ဝယ်လ်ဒန်မြို့အပါအဝင် နေရာ ၁၃ နေရာမှာ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ရဲတွေက ရှင်းပြခဲ့ပါတယ်။
ပထမဆုံးဖြစ်ပွားခဲ့တဲ့ ဓားထိုးမှုတွေက ဒေသစံတော်ချိန် နံနက် ၅ နာရီ ၄၀ မိနစ်မှာ ဖြစ်ခဲ့ပြီး ၂ နာရီခွဲကြာမြင့်ပြီးနောက် အန္တရာယ်ရှိတရားခံအဖြစ် ရဲတွေက သတိပေးတပ်လှန့်ခဲ့ကာ မွန်းလွဲအချိန်မှာတော့ အနီးနားပြည်နယ်တွေဖြစ်တဲ့ အယ်လ်ဘာတာနဲ့ မာနီတိုဘာတိုမှာလည်း အလားတူ သတိပေးခဲ့ရပါတယ်။
ပြည်သူတွေကို ကိုယ့်နေရာမှာကိုယ် လုံခြုံစွာနေထိုင်ကြဖို့နဲ့ သံသယရှိသူကိုတွေ့ရှိပါက ချက်ချင်းအကြောင်းကြားဖို့ ရဲတပ်ဖွဲ့က သတင်းမှာ တိုက်တွန်း ဖော်ပြထားပါတယ်။
တရားခံတွေက ဘယ်ကိုဦးတည်သွားလဲဆိုတာနဲ့ မော်တော်ကားကို ပြောင်းလဲစီးသွားကြလားဆိုတာကို မသိရသေးပါဘူး။
"ဆေးရုံအများအပြားမှာ ထိခိုက်သူတွေကို စောင့်ရှောက်ကုသပေးခဲ့ပြီး နောက်ထပ်ဝန်ထမ်းအင်အား အကူအညီတောင်းခံခဲ့ပါတယ်" လို့ ကျန်းမာရေးအာဏာပိုင်များက ထုတ်ပြန်ခဲ့ပါတယ်။



Source: CNA
#Yangon_Media_Group
#World_Health
Published 5 September 2022
ဆီးချိုဝေဒနာသည်တွေ လိုအပ်တဲ့အင်ဆူလင်ကို ဆေးထိုးစရာမလိုဘဲ ပါးစပ်ကနေသောက်သုံးနိုင်မယ့် သောက်ဆေးကို သုတေသနအဖွဲ့တစ်ဖွဲ့က ထုတ်လုပ်လိုက်ပါတယ်။
ကနေဒါရှိ ဗြိတိသျှကိုလံဘီယာတက္ကသိုလ်(UBC)မှ သိပ္ပံပညာရှင်တွေ ထုတ်လုပ်လိုက်တဲ့ သောက်ဆေးဟာ လူတစ်ယောက်ရဲ့အသည်းဆီကို အင်ဆူလင်တွေအကုန်လုံး ရောက်ရှိစေမှာဖြစ်ပါတယ်။
အရင်တုန်းက အင်ဆူလင်သောက်ဆေးတွေ ထုတ်လုပ်ဖို့ကြိုးစားခဲ့ကြပေမယ့် အစာအိမ်မှာသာ ဆေးတွေပုံနေတာကြောင့် မအောင်မြင်ခဲ့ပါဘူး။
ဆီးချိုဝေဒနာရှင်တွေက ဆီးချိုအခြေအနေကို နေ့စဉ်ထိန်းသိမ်းရန် အင်ဆူလင်ရရှိဖို့ လိုအပ်ပါတယ်။
လက်ရှိနည်းလမ်းတွေက တစ်နေ့တည်းကို ဆေးထိုးအပ်နဲ့အကြိမ်ကြိမ် ထိုးသွင်းနေရတာဖြစ်ပါတယ်။
အမေရိကန်လူမျိုး ၁၀ ယောက်မှာ ၁ ယောက်ကျော်လောက်က ဆီးချိုရောဂါရှိနေပြီး တစ်နှစ်ကို ဆီးချိုကြောင့် အသက်ဆုံးပါးသူ ၁ သိန်းကျော်ရှိကာ အမေရိကမှာ သေဆုံးရတဲ့ အကြောင်းအရင်းတွေထဲက အဌမမြောက်အများဆုံး အခြေအနေဖြစ်ပါတယ်။
"ရရှိလာတဲ့ရလာဒ်တွေက အင်ဆူလင်လိုအပ်ချက်ပိုင်းမှာ တိုးတက်မှုတွေရှိလာမှာ သေချာပါတယ်၊ နေ့စဉ် အပ်ထိုးနေစရာမလိုတော့ဘဲ စိတ်ကျန်းမာရေးအခြေအနေကိုလည်း တိုးတက်စေမှာဖြစ်ပါတယ်" လို့ UBC မှ အစားအစာနဲ့အဟာရ တွဲဖက်ပရော်ဖက်ဆာ ဒေါက်တာ'အေနက်ဘ်ဟက်ပရာတပ်ဆင်း'က ဆိုပါတယ်။
အင်ဆူလင်သောက်ဆေးက ပါးစပ်ကနေ အသည်းအထိ ဆေးအာနိသင်ဆုံးရှုံးမှုမရှိစေဘဲ ရောက်ရှိစေမှာ ဖြစ်ပါတယ်။
သဘာဝအားဖြင့် အင်ဆူလင်ကို ပန်ကရိယကနေ ထုတ်လုပ်ကာ အသည်းဆီကိုရောက်ရှိပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းပေးပါတယ်။
ဆီးချိုရောဂါ ပထမအမျိုးအစားခံစားရတဲ့လူနာတွေက အင်ဆူလင်အလုံအလောက် မထုတ်လုပ်နိုင်ကာ သကြားဓာတ်ကို မထိန်းသိမ်းနိုင်တော့ပါဘူး။
အင်ဆူလင်ဆေးထိုးတဲ့အခါ သွေးထဲကိုအလျင်အမြန်ရောက်ရှိပြီး လိုအပ်တဲ့အင်ဆူလင်ကို ထောက်ပံ့ပေးပါတယ်။
သောက်ဆေးတွေက သွေးထဲရောက်ရှိဖို့ ၂ နာရီမှ ၄ နာရီကြာတတ်ပေမယ့် UBC က ထုတ်လုပ်တဲ့အင်ဆူလင်သောက်ဆေးကတော့ မိနစ် ၃၀ ကနေ ၂ နာရီအတွင်း အပြည့်အဝရောက်ရှိစေမှာ ဖြစ်ပါတယ်။
သုတေသီတွေက ဆေးအသစ်ကို ကြွက်တွေနဲ့စမ်းသပ်ရာမှာ ရလာဒ်တွေက စိတ်ချရလောက်တဲ့ အနေအထားဖြစ်ပါတယ်။
သောက်ဆေးသောက်ပြီး ၂ ကျော်ကြာတဲ့အချိန်မှာတောင် အစာအိမ်ထဲမှာ အင်ဆူလင်မရှိတော့ဘူးလို့ UBC မှ 'ယိဂေါင်ဂို'က ဆိုပါတယ်။
ဆေးအားလုံးက အသည်းဆီရောက်သွားပြီး လိုအပ်တဲ့အင်ဆူလင်ကို ရရှိစေပါတယ်။
UBC အနေနဲ့ သူတို့ရဲ့တီထွင်ချက်က အင်ဆူလင်မလုံလောက်တဲ့သူတွေကို အထောက်အကူဖြစ်စေပြီး အလွယ်တကူအသုံးပြုနိုင်ဖို့ မျှော်လင့်နေပါတယ်။
Source: Daily Mail
#Yangon_Media_Group
Page 909 of 1125