#World_Policy
Published_ 19 May 2023
ဗီဒီယိုအတိုလေးတွေပြုလုပ်ပြီး Tiktok မှာအမြဲတင်လေ့ရှိတဲ့ အမေရိကန် မွန်တာနာပြည်နယ်မှ တစ်တော့အသုံးပြုသူ ၅ ဦးဟာ တရုတ်ကုမ္ပဏီပိုင်တစ်တော့အက်ပလီကေးရှင်းအသုံးပြုခြင်းကို မွန်တာနာပြည်နယ်မှ ပိတ်ပင်လိုက်တဲ့ဥပဒေအား တားဆီးပေးဖို့ ဖက်ဒရယ်တရားရုံးမှာ တရားစွဲဆိုထားပါတယ်။
မွန်တာနာအုပ်ချုပ်ရေးမှူး'ဂရက်ဂ်ဂျန်ဖို့'က ထိုပြည်နယ်မှာ တစ်တော့ပိတ်ပင်ရန်ဥပဒေကို လက်မှတ်ရေးထိုးခဲ့ပြီး ဇန်နဝါရီ ၁ ရက်နေ့မှာ စတင်သက်ရောက်မှာဖြစ်ပါတယ်။
သူတို့ ၅ ဦးဟာ တစ်တော့ကို ပြည်နယ်အတွင်းခွင့်ပြုရန် Alphabet Inc ရဲ့ Google နဲ့ Apple Inc အက်ပ်စတိုးများ ဥပဒေမဲ့ဖြစ်စေမယ့်အကြောင်းအရာကို တားမြစ်ရန် ကြိုးပမ်းနေကြတာဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့က မွန်တာနာရှိ အမေရိကန်ခရိုင်တရားရုံးမှာ တင်သွင်းခဲ့တဲ့ တရားစွဲဆိုချက်ထဲမှာ ထိုဥပဒေကိုအသက်သွင်းခဲ့တဲ့ ပြည်နယ်ရှေ့နေချုပ်'အော်စတင်နက်ဒ်ဆန်' ပါဝင်နေပါတယ်။
ဒီဥပဒေဟာ သူတို့ရဲ့ လွတ်လပ်စွာထုတ်ဖော်ပိုင်ခွင့်ကို ချိုးဖောက်နေတယ်လို့ ယူဆနေကြပါတယ်။
နက်ဒ်ဆန်ရဲ့ပြောရေးဆိုခွင့်ရှိသူက တရားစွဲဆိုချက်တွေအတွက် အသင့်ဖြစ်နေကြောင်း၊ တရားဝင်ရင်ဆိုင်ရဖို့နဲ့ ဥပဒေကိုကာကွယ်ရန် အပြည့်အဝပြင်ဆင်ထားကြောင်း ပြောကြားလိုက်ပါတယ်။
တရုတ်မှ ByteDance ပိုင်ဆိုင်တဲ့ တစ်တော့ကို အမေရိကန်ဥပဒေရေးရာအမတ်တွေနဲ့ ပြည်နယ်အရာရှိများက ပိတ်ပင်ရန်အများအပြားတောင်းဆိုလာကြပြီး တစ်တော့အပေါ် တရုတ်အစိုးရလွှမ်းမိုးမှုပါဝင်လာမှာကို စိုးရိမ်နေကြပါတယ်။
ရီပတ်ဘလစ်ကန်တစ်ဦးဖြစ်တဲ့ နက်ဒ်ဆန်က တစ်တော့ဟာ တရုတ်ကွန်မြူနစ်ပါတီတစ်ခုက မွန်တာနာပြည်သူများကို ခြိမ်းခြောက်ဖို့အတွက် လျှို့ဝှက်ထောက်လှမ်းရေးကြားခံတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဥပဒေကြမ်းကို အုပ်ချုပ်ရေးမှူးလက်မှတ်ထိုးအတည်ပြုပြီးနောက် ဒါဟာ မွန်တာနာပြည်သူတွေရဲ့ လွတ်လပ်စွာထုတ်ဖော်ပိုင်ခွင့်ကို ဥပဒေမဲ့ပိတ်ပင်လိုက်တာဖြစ်ပြီး တစ်တော့အသုံးပြုသူတွေရဲ့ အခွင့်အရေးအတွက် ဆက်လက်ခုခံကာကွယ်သွားမယ်လို့ တစ်တော့က ဗုဒ္ဓဟူးနေ့မှာပဲ ထုတ်ပြန်လိုက်ပါတယ်။
တစ်တော့ဟာ သူတို့ရဲ့အချက်အလက်တွေကို တရုတ်အစိုးရထံပေးပို့ခြင်းမရှိသလို ထိုကဲ့သို့တောင်းဆိုလာရင်လည်း လိုက်လျောမှာမဟုတ်ဘူးလို့ အကြိမ်ကြိမ်ဆိုထားပါတဘ်။
မွန်တာနာမှာ လူဦးရေ ၁ သန်းကျော်ရှိနေပြီး တစ်တော့အနေနဲ့ ဥပဒေချိုးဖောက်ပါက ဒဏ်ငွေများပေးဆောင်ရဖွယ်ရှိနေပါတယ်။
Source: Reuters
#World_Policy #မွန်တာနာပြည်နယ် #TikTokပိတ်ပင်ခြင်းဥပဒေ #TikTokအသုံးပြုသူ(၅)ဦးကတရားစွဲဆို
#YMG #Yangon_Media_Group
#World_Science
Published_ 19 May 2023
လွန်ခဲ့တဲ့ရာစုနှစ်ဝက်ခန့်က အမည်မသိယာဉ်ပျံ(UFO)တစ်စင်း တိုက်ခိုက်မှုကနေ အမေရိကန်လေတပ်ကပ္ပတိန်တစ်ဦး အလုပ်လုပ်နေတဲ့ နျူကလီးယားဒုံးကျည်အခြေစိုက်စခန်းမှ လက်နက်များကို ဖျက်ဆီးပစ်သွားတယ်လို့ ကပ္ပတိန်က ထုတ်ဖော်ခဲ့ပါတယ်။
ဒီအဖြစ်အပျက်ကို လူအများမသိအောင် ဖုံးကွယ်ထားခဲ့တယ်လို့ လေတပ်ကပ္ပတိန်က National Geographic ကနေ စွပ်စွဲလိုက်ပါတယ်။
လွန်ခဲ့တဲ့ နှစ် ၅၀ ကျော် ၁၉၆၇ မတ်လ ၂၄ ရက်နေ့မှာ ဖြစ်ပျက်ခဲ့ကာ သူအလုပ်လုပ်နေတဲ့ နျူကလီးယားဒုံးကျည်စခန်းကို UFO တစ်စင်းက တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်အကြောင်း အငြိမ်းစားအမေရိကန်လေတပ်ကပ္ပတိန်'ရောဘတ်ဆာလက်စ်'က ပြောကြားခဲ့ပါတယ်။
ထိုစဉ်က စခန်းမှာ နျူကလီးယားဒုံးကျည် ၁၀ စင်းရှိနေခဲ့တယ်လို့ ဆိုခဲ့ပါတယ်။
တိုက်ခိုက်မှုဖြစ်ပွားစဉ် တာဝန်ကျအစောင့်တွေက အထိတ်တလန့်အော်ဟစ်နေခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်အစိုးရက ဒီအဖြစ်အပျက်ကို ဖုံးကွယ်ထားခဲ့တယ်လို့ ဆာလက်စ်က အခိုင်အမာဆိုလိုက်ပါတယ်။
ထိုအကြောင်းပြန်ပြောပြရာမှာ အပေါ်ထပ်လုံခြုံရေးမှ သူ့ဆီခေါ်ဆိုပြီး အဆောက်အအုံပေါ်မှာ ထူးဆန်းတဲ့အရောင်တွေနဲ့ ပျံသန်းနေတဲ့အရာမြင်နေရကြောင်း အကြောင်းကြားခဲ့ပါတယ်။
အခြေအနေက ပိုမိုထိတ်လန့်လာရပြီး သူတို့တိုက်ခိုက်ခံရပြီဆိုတာကို သဘောပေါက်လိုက်ပါတယ်။
"ဖုန်းချလိုက်တဲ့အချိန်မှာ တိုက်ခိုက်ခံနေရပြီလို့ သိလိုက်ပါတယ်။ ထိန်းချုပ်ခန်းထဲမှာ သတိပေးခေါင်းလောင်းတီးနေပြီး မီးနီမီးစိမ်းများပျံ့နှံ့နေကာ ဒုံးကျည်တွေကို ထိန်းချုပ်လို့မရတော့ပါဘူး" လို့ ပြောပြခဲ့ပါတယ်။
အဲဒီနောက် စုံစမ်းစစ်ဆေးမှုတွေ မပြုလုပ်ခဲ့သလို သူနဲ့လုပ်ဖော်ကိုင်ဖက်တွေကို ဒီကိစ္စအကြောင်း လျှို့ဝှက်ရန်ကတိပြုရမယ့်စာရွက်စာတမ်းများမှာ လက်မှတ်ရေးထိုးခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အစက UFO စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ပေမယ့် နောက် ၃ နှစ်ကြာပြီးနောက် အမေရိကန်လေတပ်က UFO စုံစမ်းမှုကိုပိတ်သိမ်းလိုက်ကာ ဘယ်လိုခြိမ်းခြောက်မှုမှ မဖြစ်ခဲ့ဘူးလို့ ဖော်ပြခဲ့ပါတယ်။
Source: WION.
#World_Science #ဂြိုဟ်သားတွေ #အမေရိကန်လေတပ်နျူကလီးယားစခန်း #တိုက်ခိုက်ခဲ့သည့်ဖြစ်ရပ်
#YMG #Yangon_Media_Group
#Asia_Health
Published_ 19 May 2023
သကြားအစားထိုးအမှုန့်တွေက လူကြီးတွေနဲ့ကလေးတွေမှာ ကိုယ်အလေးချိန်၊ အဆီတို့ကို မကျစေတဲ့အပြင် နာတာရှည်ရောဂါဖြစ်နိုင်ချေကိုလည်း မလျှော့ချနိုင်သလို ရေရှည်မှာ မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်ပါတယ်။
သကြားကိုလည်း ရှောင်ရှားသင့်သလို သကြားအစားထိုးအမှုန့်(NSS)အသုံးပြုတဲ့အခါ ဆီးချိုဒုတိယအမျိုးအစား၊ နှလုံးသွေးကြောရောဂါနဲ့ သေဆုံးနိုင်ချေတို့မြင့်မားစေကြောင်း လမ်းညွှန်ထားပါတယ်။
NSS တွေက လိုအပ်တဲ့အစားအစာမျိုးမဟုတ်သလို အာဟာရတန်ဖိုးမရှိကြောင်း၊ အချိုများတဲ့အစားအစာတွေကို အစကတည်းက လျှော့ချစားသုံးသင့်ကြောင်း WHO အာဟာရနှင့်အစားအစာဘေးကင်းရေး ညွှန်ကြားရေးမှူး'ဖရန်ဆက်စ်ကိုဘရန်ကာ'က ပြောကြားခဲ့ပါတယ်။
သကြားအစားထိုးပစ္စည်းများ အစားများခြင်းဖြင့် အဝလွန်ခြင်းနဲ့ဆက်စပ်နေပြီး ကမ္ဘာတဝှမ်းရှိ ကလေးလူကြီး ၄၀ ရာခိုင်နှုန်းနီးပါးကိုသက်ရောက်နေကာ နာတာရှည်ရောဂါများလည်း ဖြစ်နိုင်ချေများကြောင်း WHO ကဆိုပါတယ်။
WHO ရဲ့အကြံပြုချက်တွေက မူလကတည်းက ဆီးချိုဖြစ်ချင်နေတဲ့သူတွေကလွဲပြီး လူအားလုံးပါဝင်ကာ ထုပ်ပိုးရောင်းချတဲ့အစားအသောက်တွေမှာ ပါဝင်တဲ့ သကြားအစားထိုးပစ္စည်းများနဲ့ သဘာဝအတိုင်းရရှိတဲ့ အချိုဓာတ်အားလုံးပါဝင်ပါတယ်။
ဆီးချိုအစပျိုးနေတဲ့သူတွေအတွက်တော့ ဒီလမ်းညွှန်ချက်ထက် များစွာပိုပြီးထိန်းသိမ်းရမှာဖြစ်ပါတယ်။
ဒီဖော်ပြချက်မှာ NSS ပါဝင်တဲ့ သွားတိုက်ဆေး၊ အသားအရည်ထိန်းခရင်မ်၊ ဆေးဝါးတို့လို တစ်ကိုယ်ရည်သုံးနဲ့ သန့်ရှင်းရေးပစ္စည်းတွေတော့ မပါဝင်ဘဲ သကြားဆင်းသက်ပစ္စည်းတွေကိုတော့ NSS လို့မသတ်မှတ်ပါဘူး။
ဒီအကြံပြုချက်ဟာ တသက်တာလုံး ကျန်းမာတဲ့စားသောက်မှုအလေ့အထများ ချမှတ်ရန်၊ အစားအသောက်အရည်အသွေးမြှင့်တင်ရန်နဲ့ ကမ္ဘာတဝှမ်းရောဂါဖြစ်နိုင်ချေလျှော့ချရန်ရည်ရွယ်တဲ့ လမ်းညွှန်ချက်စုစည်းမှုတစ်စိတ်တစ်ပိုင်းသာဖြစ်ကြောင်း WHO က ဖော်ပြထားပါတယ်။
Source: The Jerusalem Post
#Asia_Health #သကြားအစားထိုးအမှုန့်များ #ကိုယ်အလေးချိန်လျှော့ချ #WHOဆို
#YMG #Yangon_Media_Group
#Asia_Culture
Published_ 18 May 2023
မလေးရှားအထည်ဆိုင်တစ်ခုမှာ စက်ချုပ်သမများက အပ်ချုပ်စက်တွေမှာထိုင်ပြီး တောင်ပတဲ့ပန်း၊ အရွက်များဖြင့် ကီဘာယာရိုးရာအမျိုးသမီးအင်္ကျီများ ချုပ်လုပ်နေကြပါတယ်။
#Asia_Culture #ကီဘာယာဝတ်စုံ #ဒေသတွင်းယဉ်ကျေးမှု #အရှေ့တောင်အာရှနိုင်ငံ
#YMG #Yangon_Media_Group
#Daily_News
Published_ 18 May 2023
၁။ ရခိုင်ဒေသရှိ မုန်တိုင်းဘေးသင့် ပြည်သူများအတွက် လိုအပ်သောပစ္စည်းများကို ရန်ကုန်မြို့ရှိလူမှုကူညီရေးအဖွဲ့ အချို့ထံပေးပို့ လှူဒါန်းထားနိုင်
၂။ မိုးတိမ်တောင်များကြောင့် စစ်ကိုင်း၊မကွေး၊ပဲခူး၊ချင်းဒေသတို့တွင် မိုးသက်လေပြင်း တိုက်ခတ်နိုင်
၃။ တိုင်းရင်းသား ဂီတဖန်တီးမှုများ နိုင်ငံတကာအထိ ထိုးဖောက်နိုင်အောင် ဆောင်ရွက်နေဟုဆို
၄။ ကီဘာယာဝတ်စုံကို ဒေသတွင်းယဉ်ကျေးမှုအဖြစ် အသိအမှတ်ပြုရန် အရှေ့တောင်အာရှနိုင်ငံအချို့ ကြိုးပမ်းလျက်ရှိ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Asia_Politics
Published_ 18 May 2023
နိုင်ငံတော်မှ ဒေါ်လာဘီလီယံဝက်ကျော်ဆုံးရှုံးမှု ဖြစ်စေခဲ့တဲ့ အကျင့်ပျက်ခြစားမှုစွဲချက်ဖြင့် အကြီးတန်းအစိုးရဝန်ကြီးတစ်ဦးကို အင်ဒိုနီးရှားအာဏာပိုင်များက မေလ ၁၇ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။
ယခုစွဲချက်တင်ခံရတဲ့ 'ဂျွန်နီဂျီပလိတ်'ဟာ သမ္မတ'ဂျိုကိုဝီဒိုဒို'အစိုးရလက်ထက်မှာ အကျင့်ပျက်ခြစားမှုဖြင့် တရားစွဲဆိုခံရတဲ့ ၅ ဦးမြောက်ဝန်ကြီးဖြစ်လာပါတယ်။
မကြာသေးမီ ၂၀၂၁ က လူမှုဝန်ကြီးနဲ့ ငါးမွေးမြူရေးဝန်ကြီးတို့ဟာလည်း အဂတိမှုဖြင့် ထောင်ဒဏ်ကျခံခဲ့ရပါတယ်။
ဂျွန်နီရဲ့ဝန်ကြီးဌာနက ကျေးရွာပေါင်းထောင်ချီဆီသို့ အင်တာနက်ရောက်ရှိစေရမယ်လို့ ၂၀၂၀ ကဆိုခဲ့ကာ ဆက်သွယ်ရေးတာဝါတိုင်ထောင်ချီတည်ဆောက်ရေးအတွက် လိုအပ်တဲ့ပစ္စည်းကိရိယာများဝယ်ယူမှုမှာ ပါဝင်ပတ်သက်နေတဲ့အတွက် ဂျွန်နီကိုဖမ်းဆီးခဲ့တာဖြစ်ကြောင်း ရှေ့နေချုပ်ရုံး(AGO)က ပြောကြားခဲ့ပါတယ်။
ဂျွန်နီဟာ ဝန်ကြီးတစ်ဦးအနေနဲ့ အသုံးစရိတ်သုံးစွဲသူအဖြစ် ဖမ်းဆီးခံခဲ့ရကြောင်း AGO အရာရှိ'ကွန်တာဒီ'က ပြောကြားခဲ့ပါတယ်။
ဝန်ကြီးဟာ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျစေနိုင်တဲ့ အင်ဒိုနီးရှားအကျင့်ပျက်ခြစားမှုဥပဒေကို ချိုးဖောက်တယ်လို့ စွပ်စွဲခံရတာဖြစ်ကြောင်း နောက်ထပ်အရာရှိတစ်ဦးဖြစ်တဲ့ 'ကတွတ်စူမယ်ဒါနာ'က ပြောပြလိုက်ပါတယ်။
ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး ဆက်သွယ်ရေးဝန်ကြီးဌာနက တရားစီရင်ရေးလုပ်ငန်းစဉ်များအတိုင်း လိုက်နာဆောင်ရွက်မှာဖြစ်ပြီး ဒီကိစ္စကြောင့် အများပြည်သူဝန်ဆောင်မှုများကို အနှောင့်အယှက်ဖြစ်စေမှာမဟုတ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။
ဒီဖမ်းဆီးမှုနဲ့ပတ်သက်ပြီး မထင်မှတ်ထားခဲ့ကြောင်း သမ္မတရုံးကပြောကြားလိုက်ပါတယ်။
"သမ္မတက အရာရှိတွေအနေနဲ့ ဂရုတစိုက်လုပ်ကိုင်ဆောင်ရွက်ကြဖို့ မကြာခဏ သတိပေးလေ့ရှိတယ်" လို့ သမ္မတရုံးမှ အရာရှိတစ်ဦးကဆိုပါတယ်။
ဝန်ကြီးရဲ့ရှေ့နေတစ်ဦးကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပြုခြင်းမရှိသေးပါဘူး။
ယခုစွပ်စွဲထားတဲ့ အကျင့်ပျက်ခြစားမှုမှာ နိုင်ငံတော်အတွက် ၈ ထရီလီယံရူပီး (ဒေါ်လာ ၅၄၄ သန်း)ဆုံးရှုံးမှုရှိခဲ့ကြောင်း AGO က ထုတ်ဖော်ခဲ့ပါတယ်။
ကမ္ဘာလုံးဆိုင်ရာအဂတိလိုက်စားမှု စောင့်ကြည့်ရေးအဖွဲ့ Transparency International ရဲ့အဆိုအရ အင်ဒိုနီးရှားဟာ ပြီးခဲ့တဲ့နှစ်က အကျင့်ပျက်ခြစားမှုညွှန်းကိန်း ၄ မှတ်ကျဆင်းသွားပြီး နိုင်ငံပေါင်း ၁၈၀ မှာ ၁၁၀ နေရာအထိ ရောက်ရှိလာပါတယ်။
Source: CNA
#Asia_Politics #အင်ဒိုနီးရှားဆက်သွယ်ရေးဝန်ကြီး #အဂတိလိုက်စားမှု
#YMG #Yangon_Media_Group
#World_Science
Published_ 18 May 2023
အင်္ဂါဂြိုဟ်ဟာ နီမြန်းတဲ့အသွင်ရှိရုံမက တစ်ချိန်က လှုပ်ရှားသက်ဝင်ခဲ့တဲ့မီးတောင်များလည်း ရှိခဲ့ဖူးပါတယ်။
ကမ္ဘာပေါ်က အမြင့်ဆုံးဧဝရတ်တောင်ထက် ပိုမိုမြင့်မားတဲ့ အရာတစ်ခုကို ဥရောပမှ Mars Express က စူးစမ်းခဲ့ပါတယ်။
အင်္ဂါဂြိုဟ်မှ ဒုတိယအမြင့်ဆုံးမီးတောင်ဖြစ်တဲ့ Ascraeus Mons ရဲ့ပုံရိပ်တွေကို အရည်အသွေးမြင့်ရုပ်သံကင်မရာဖြင့် European Space Agency (ESA) က ရိုက်ကူးပုံဖော်ခဲ့ပါတယ်။
Ascraeus Mons မီးတောင်က အမြင့် ၁၈ ကီလိုမီတာမြင့်ကာ ဆင်ခြေလျှောတိမ်ကာ ၇ ဒီဂရီမျှစောင်းသွားပါတယ်။
Ascraeus ထက် မြင့်တဲ့မီးတောင်ဆိုလို့ စကြဝဠာတစ်ခုလုံးမှာ အမြင့်ဆုံးဖြစ်တဲ့ Olympus Mons သာရှိပါတယ်။
ထိုမီးတောင်မှာ ချော်ရည်စီးဆင်းမှု၊ ပေါက်ကွဲဝများ၊ လမ်းကြောင်းများ၊ ကြီးမားတဲ့အက်ကွဲကြောင်းများ ရှိနေပါတယ်။
အဝိုင်းပုံသဏ္ဍာန်ကျင်းများ ပေါင်းစည်းသွားကာ ချော်ရည်လမ်းကြောင်းများ ခြောက်သွေ့သွားတာကို တွေ့မြင်ခဲ့ရပါတယ်။
မျက်နှာပြင်အောက် ပုန်းကွယ်နေတဲ့ မြေသားများမတည်မငြိမ်ဖြစ်စေကာ ပြိုကျစေပြီး တွင်းတစ်ခုလိုမျိုးပြိုကျစေမယ်လို့ ဘူမိဗေဒပညာရှင်များက ယုံကြည်နေကြပါတယ်။
ထိုမြေသားတွေ ဘယ်လိုဖြစ်ပေါ်လဲဆိုတာ သေချာမသိရပေမယ့် ချော်ရည်၊ ပြာမှုန့်၊ ရေတို့ ပါဝင်နိုင်ကြောင်း ESA က ဖော်ပြခဲ့ပါတယ်။
Mars Express ဟာ ၂၀၀၃ ခုနှစ်ကတည်းက ဂြိုဟ်နီကို လှည့်ပတ်နေခဲ့ပြီး မျက်နှာပြင်ပုံဖော်ခြင်း၊ သတ္တုဓာတ်များရှာဖွေခြင်း၊ လေထုဖွဲ့စည်းမှုနဲ့ လည်ပတ်မှုတို့ဖော်ထုတ်ခြင်း၊ ဂြိုဟ်နီအပေါ်ယံလွှာအောက်ရှိ စူးစမ်းလေ့လာခြင်းတို့ လုပ်ဆောင်ခဲ့ပါတယ်။
Source: India Today
#World_Science #အင်္ဂါဂြိုဟ် #ဧဝရတ်တောင် #ဒုတိယအမြင့်ဆုံးမီးတောင်
#YMG #Yangon_Media_Group
Page 518 of 943