#World_Health
Published 29 January 2023
တစ်နေ့တာအလုပ်တွေ ပြီးဆုံးလို့ အိပ်ဖို့လုပ်တဲ့အခါ ကောင်းစွာအိပ်မပျော်တာမျိုး ကြုံတွေ့ဖူးကြမှာပါ။
ကောင်းစွာအိပ်စက်ခြင်းက စိတ်ကျန်းမာရေးရော ရုပ်ပိုင်းဆိုင်ရာအတွက်ပါ အရေးကြီးတာကြောင့် ပညာရှင်တွေက အကြံဉာဏ်တွေပေးလိုက်ပါတယ်။
(၁) နေ့လယ်စာစားပြီးနောက် ကော်ဖီရှောင်ရှားပါ
ကဖင်းဓာတ်က ခန္ဓာကိုယ်ထဲမှာ ၁၀ နာရီကြာမြင့်တဲ့အထိ ရှိနေတတ်ကြောင်း နယူးယော့ခ်စီးတီးမှ ပညာရှင်ဒေါက်တာ'ဟယ်အယ်လ်ပါ့တ်'က ဆိုပါတယ်။
ဒါကြောင့် နေ့လယ်စာမစားခင်မှာ လက်ဘက်ရည် ကော်ဖီတို့ကို နောက်ဆုံးထားပြီး သောက်သုံးသင့်ပါတယ်။
(၂) အိပ်ရာမဝခင်ခင် ဖုန်း၊ တီဗီအသုံးပြုခြင်း ရှောင်ရှားပါ
တီဗီ၊ လက်ကိုင်ဖုန်း၊ ကွန်ပျူတာတို့မှထွက်တဲ့ အလင်းရောင်ဟာ ဦးနှောက်ထဲမှာ မယ်လာတိုနင်ဟော်မုန်းထွက်ရှိမှုကို အနှောင့်အယှက်ဖြစ်စေကာ အိပ်စက်ချိန်ကို ကမောက်ကမဖြစ်စေပါတယ်။
ဒါကြောင့် ညမအိပ်ခင် ၂ နာရီအတွင်း ထိုပစ္စည်းတွေအသုံးပြုခြင်းကို ရှောင်ရှားသင့်တယ်လို့ အကြံပြုထားပါတယ်။
(၃) အိပ်ရာမဝင်ခင် အနားယူရန်အချိန်ပေးပါ
မအိပ်ခင်နာရီအနည်းငယ်အလိုမှာ ဦးနှောက်ကို ငြိမ်းချမ်းသွားအောင် တရားထိုင်ခြင်း၊ သီချင်းနားထောင်ခြင်း၊ စာဖတ်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။
ဒါတွေကို အိပ်ရာထဲမှာ မပြုလုပ်ဘဲ အိပ်ချင်လာတဲ့အချိန်ကျမှသာ အိပ်ရာထဲဝင်သင့်ပါတယ်။
(၄) အချိန်မှန်မှန်အိပ်ရာဝင်၊ အိပ်ရာထကြည့်ပါ
အိပ်ချိန်မှန်ကန်စေဖို့ အရေးကြီးဆုံးက အိပ်ရာဝင်ချိန်၊ အိပ်ရာထချိန် မှန်ကန်နေစေဖို့ပါပဲ။
အချိန်မှန်မှန်ပြုလုပ်ခြင်းဖြင့် ဦးနှောက်က ထိုအချိန်တွေကို သိရှိမှတ်မိလာစေမှာဖြစ်ပါတယ်။
(၅) အခြေအနေပေါ်လိုက်ပြီး အိပ်ပါ
တစ်ခါတလေမှာ အခြေအနေပေါ်လိုက်ပြီး ပြောင်းလဲလို့ရပါတယ်။
အိပ်နေကျအချိန်မို့လို့ ဝင်အိပ်တာမဟုတ်ဘဲ ပင်ပန်းနေလို့ စောစောဝင်အိပ်တာမျိုးလည်း ပြုလုပ်သင့်ပါတယ်။
Source: South China Morning Post
#Yangon_Media_Group
#World_Economy
Published 28 January 2023
ကမ္ဘာ့ကုန်ထုတ်လုပ်မှု တိုးတက်နှုန်းဟာ ၂၀၂၂ ခုနှစ်မှာ ၃ ရာခိုင်နှုန်းရှိရာကနေ ၂၀၂၃ မှာ ၁.၉ ရာခိုင်နှုန်းသို့ ကျဆင်းသွားဖွယ်ရှိနေပြီး ဆယ်စုနှစ်များအတွင်း တိုးတက်မှုအနည်းဆုံးဖြစ်လာနိုင်ကြောင်း ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
#Yangon_Media_Group
Published 27 January 2023
အိန္ဒိယလေတပ် တိုက်ဂျက်လေယာဉ်နှစ်စီး ဇန်နဝါရီ ၂၇ ရက်စနေနေ့က မြို့တော်နယူးဒေလီမြို့တောင်ဘက် ၁၈၅မိုင် အကွာမှာ ပျက်ကျခဲ့ပါတယ်။
အဆိုပါပျက်ကျမှုဟာ လေ့ကျင့်ခန်းပြုလုပ်နေစဉ်အတွင်း ဝေဟင်မှာ တစ်စီးနှင့်တစ်စီးတိုက်မိတာဖြစ်ပုံရပါတယ်လို့ သတင်းများကဖော်ပြပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေက တုန့်ပြန်ဆောင်ရွက်မှုတွေလုပ်ဆောင်နေပြီး ပြည်သူတွေဟာ လေယာဉ်ပျက်ကျရာ နေရာတစ်ဝိုက်စုဝေးရောက်ရှိခဲ့ကြပါတယ်။
Source: AFP
#India_Airforce_fighter_jets_crashed
#Fighter_Jets_crash
#India_Air_force
#DailyNews
Published_ 28 January 2023
၁။ မူဆယ်နန်းတော်ဂိတ်တွင် တရုတ်နိုင်ငံသို့သွားမည့်သူများကို မြန်မာငွေ ၅၀၀ ကျပ်တည်းဖြင့် BorderPass စာအုပ်ပြုလုပ်ပေးနေ
၂။ ပြည်ပပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံကျော်ရရှိထား
၃။ နိုင်ငံကူးလက်မှတ်များကို ဇန်နဝါရီလကုန်တွင် ပြန်လည်ပြုလုပ်ပေးမည်ဟု သတင်းများထွက်ပေါ်နေ
၄။ ကမ္ဘာ့နိုင်ငံအများအပြား စီးပွားရေးတိုးတက်မှု ကျဆင်းလာသော်ငြား တရုတ်နိုင်ငံက တိုးတက်လာရန်မျှော်မှန်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Ukraine_Crisis
Published 28 January 2023
၁၁ လကြာမြင့်နေပြီဖြစ်တဲ့ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ အလားအလာက မူလအကြောင်းအရင်းကနေ ကမ္ဘာစစ်ပဋိပက္ခအဖြစ်သို့ တဖြည်းဖြည်းဖြင့် သွယ်ဝိုက်ပြောင်းလဲလာဟန် ရှိပါတယ်။
ရုရှားအနေနဲ့ မူလအစက ယူကရိန်းဘက်ကို အထူးစစ်ဆင်ရေးဆင်နွှဲခဲ့ရာကနေ အခုဆိုရင် နေတိုး(NATO)၊ အနောက်နိုင်ငံတို့နဲ့ စစ်ပွဲအဖြစ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း ဥရောပသမဂ္ဂအရာရှိတစ်ဦးက ဆိုပါတယ်။
ရုရှားနဲ့တိုက်ခိုက်နေတဲ့ ယူကရိန်းအတွက် တင့်ကားထောက်ပံ့ရေးကိစ္စများ အခြေအတင်ဆွေးနွေးခဲ့ပြီးနောက် အမေရိကန်နဲ့ ဂျာမနီတို့က အင်အားကြီးတင့်ကားများပေးပို့ရန် သဘောတူညီခဲ့ပြီးနောက်မှာ အခုလိုမှတ်ချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒါ့အပြင်အနောက်နိုင်ငံက ယူကရိန်းအတွက် ခေတ်မီဆန်းပြားတဲ့ အဆင့်မြင့်လက်နက်များလည်း ပေးပို့ထားပြီးဖြစ်ပါတယ်။
အခုဆိုရင် ရုရှားက ယူကရိန်းမှ အရပ်သားတွေကိုပါ မခွဲခြားဘဲ ပစ်မှတ်ထားတိုက်ခိုက်လာပြီလို့ ဥရောပသမဂ္ဂရဲ့ ဥရောပပြင်ပရေးရာဌာနမှ အထွေထွေအတွင်းရေးမှူး'စတီဖာနိုဆန်နင်နို'က ပြောကြားလိုက်ပါတယ်။
ဒါဟာ ဂျာမနီနဲ့ အမေရိကန်တို့က ယူကရိန်းထံသို့ အဆင့်မြင့်တင့်ကားများ ပေးပို့ရတဲ့အကြောင်းအရင်းဖြစ်လာတာလို့ ဆန်နင်နိုက အရိပ်အမြွက်ပြောလိုက်တာဖြစ်ပါတယ်။
ဆန်နင်နိုက တိုကျိုရှိသတင်းထောက်တွေကို ပြောကြားခဲ့ရာမှာ 'ပူတင်'က အထူးစစ်ဆင်ရေးအခြေအနေကနေ နေတိုး အနောက်နိုင်ငံတို့နဲ့ စစ်ဆင်နွှဲရတဲ့အခြေအနေသို့ ပြောင်းလဲစေခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ရုရှားတို့ဟာ ယူကရိန်းရဲ့ စစ်ရေးပစ်မှတ်များကိုသာ ပစ်မှတ်ထားတာမဟုတ်တော့ဘဲ အရပ်သားနဲ့မြို့တွေကိုပါ မခွဲခြားဘဲတိုက်ခိုက်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။
ယူကရိန်းကို တင့်ကားများပေးပို့တာဟာ တိုက်ခိုက်ရန်မဟုတ်ဘဲ တန်ပြန်ခုခံရန်သာဖြစ်တယ်လို့ဆိုလိုက်ကာ ဥရောပသမဂ္ဂအရာရှိက အဆိုပါပေးပို့မှုကို ထောက်ခံလိုက်ပါတယ်။
အမေရိကန်က အစောပိုင်းမှာ တင့်ကားထောက်ပံ့ရန် တွန့်ဆုတ်နေပေမယ့် မဟာမိတ်နိုင်ငံများကြား သဘောတူညီပြီးနောက် ပေးပို့ရန်ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဒါဟာ အမေရိကန်က ရုရှားနဲ့ တိုက်ရိုက်စစ်ဖြစ်မှာကို မလိုလားတဲ့အတွက် တွန့်ဆုတ်နေတာဖြစ်ပြီး ရုရှားဘက်ကလည်း အမေရိကန်အနေနဲ့ အဆင့်မြင့်လက်နက်များ ထောက်ပံ့ပေးပါက ရန်စတယ်လို့ သတ်မှတ်မှာဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။
အဆင့်မြင့်တင့်ကားများပေးပို့ရာမှာ ယူကရိန်းတပ်တွေကိုလည်း လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ပါတယ်။
Source: WION
#Yangon_Media_Group
#World_Health
Published 27 January 2023
သတင်းဆောင်းပါးတွေ၊ ကြော်ငြာတွေထဲမှာ ဆားကိုလျှော့ချအသုံးပြုဖို့ တိုက်တွန်းနေကြပါတယ်။
ထုတ်လုပ်သူအချို့ကလည်း သူတို့ရဲ့ပစ္စည်းတွေထဲမှာ ဆိုဒီယမ်ကို လျှော့ချထုတ်လုပ်လာကြပါပြီ။
ဘာကြောင့်လဲဆိုတော့ ဆားက သွေးပေါင်ချိန်ကိုတက်စေတဲ့အပြင် လေ့လာချက်အရ အစားအစာတွေမှာ ဆားထည့်စားသုံးခြင်းဖြင့် အမျိုးသားတွေမှာ ပျမ်းမျှအသက်ရှင်သက်တမ်း ၂ နှစ်ကျော် တိုစေနိုင်ပြီး အမျိုးသမီးတွေမှာ ၁ နှစ်ကျော် သက်တမ်းတိုစေနိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။
အီဒင်ဘာ့ဂ်တက္ကသိုလ်ရဲ့ လေ့လာချက်အသစ်အရ ဆားဟာ အပြုအမူကိုပါ သိသိသာသာပြောင်းလဲစေနိုင်ကြောင်း တွေ့ရှိထားပါတယ်။
နေ့စဉ် ဆားလိုအပ်ချက်က ၆ ဂရမ်သာရှိပေမယ့် လူတွေက ၉ ဂရမ်မျှ စားနေကြပါတယ်။
သွေးတိုးစေတဲ့အတွက် နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်းတို့လည်း ဖြစ်နိုင်ချေများပါတယ်။
နှလုံးနဲ့သွေးကြောတွေအကြောင်း လေ့လာမှုအများအပြားလုပ်ကြပေမယ့် ဆားနဲ့ပတ်သက်ပြီး လူ့အပြုအမူပိုင်းကိုတော့ မသိခဲ့ကြတာကြောင့် အီဒင်ဘာ့ဂ်တက္ကသိုလ်က လေ့လာကြတာဖြစ်ပါတယ်။
ကြွက်တွေနဲ့စမ်းသပ်ရာမှာ ဆားပါဝင်မှုမြင့်မားတဲ့ အစားအစာကြောင့် စိတ်ဖိစီးမှုဟော်မုန်း ၇၅ ရာခိုင်နှုန်းများလာကြောင်း တွေ့ခဲ့ကြပါတယ်။
ဒါ့အပြင် ခန္ဓာကိုယ်ကနေ ဖိစီးမှုကိုတုန့်ပြန်ထိန်းချုပ်တဲ့ ဦးနှောက်မှပရိုတိန်းတွေနဲ့ သက်ဆိုင်တဲ့ မျိုးရိုးဗီဇတွေကိုလည်း လှုံ့ဆော်စေပါတယ်။
ဆားပမာဏများခြင်းကြောင့် ဦးနှောက်ကနေ ဖိစီးမှုကိုထိန်းချုပ်တဲ့နေရာမှာ ပြောင်းလဲသွားစေပါတယ်။
ယခုကြွက်တွေနဲ့ စမ်းသပ်မှုကို လူသားတွေအတွက် နားလည်အောင်ထုတ်ပြန်တဲ့နေရာမှာလည်း သတိထားဖို့လိုအပ်ပါတယ်။
လူသားတွေနဲ့ တိရိစ္ဆာန်တွေမှာ ဆားကိုစုပ်ယူနိုင်စွမ်းကွဲပြားနေပါတယ်။
ဒီတွေ့ရှိမှုတွေက လူသားတွေနဲ့ တိုက်ရိုက်မသက်ဆိုင်ပေမယ့် ဆားထည့်သွင်းအသုံးပြုခြင်းကိုတော့ ပိုမိုသတိထားမိဖို့ လိုအပ်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#World_Lifestyle
Published 28 January 2023
ကောင်းစွာရေချိုးခြင်းက ခန္ဓာကိုယ်ရော စိတ်ကိုပါ ပြေလျော့သက်သာစေပြီး စိတ်သန္တာန်ကွန့်မြူးစေနိုင်ပါတယ်။
ဒီသက်ရောက်မှုက ရေချိုးခန်းထဲမှာတင်မက အခြားအချိန်တွေမှာလည်း ပေါ်ပေါက်နိုင်ပါတယ်။
အကောင်းဆုံးအကြံဉာဏ်တွေက အလုပ်ခွင်တို့ စာသင်ခန်းတို့မှာ ထွက်လာလေ့မရှိပါဘူး။
တစ်နေ့တာလှုပ်ရှားနေစဉ် မသိစိတ်ထဲမှာ အကြံဉာဏ်တွေက ကိန်းအောင်းနေတာ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်က လေ့လာချက်တစ်ခုမှာ ပရော်ဖက်ရှင်နယ်စာရေးဆရာ ၉၈ ယောက်နဲ့ ရူပဗေဒပညာရှင် ၈၇ ယောက်တို့ဟာ သူတို့ရဲ့အထူးခြားဆုံးအကြံဉာဏ်တွေအပြင် ဘယ်အချိန်မှာ ဘာလုပ်နေတဲ့အခါ ထွက်လာလဲဆိုတာကို မှတ်တမ်းတင်ခဲ့ကြပါတယ်။
သူတို့ဆီက ထွက်လာတဲ့အကြံဉာဏ် ၂၀ ရာခိုင်နှုန်းလောက်က အလုပ်လုပ်ချိန်ပြင်ပကနေ ရရှိတာဖြစ်ပြီး ပန်းကန်ဆေးခြင်း၊ ရေချိုးခြင်းတို့ကနေ ရရှိတာဖြစ်ပါတယ်။
အလုပ်ပြင်ပကနေရတဲ့ အတွေးတွေကလည်း အလုပ်မှာရတဲ့ အတွေးတွေလို အရေးကြီးကြောင်း တွေ့ရှိခဲ့ကြပါတယ်။
အာခီမီဒီးစ်ဟာလည်း ရေချိုးနေရင်းနဲ့ အကြံဉာဏ်ရသွားခဲ့တာကို သတိရကြမယ်ထင်ပါတယ်။
ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာတစ်ခုအပေါ် စိတ်ပျံ့လွင့်နေခြင်းက အလုပ်တာဝန်မှာထက်စာရင် ပိုမိုပျော်မွေ့ကြပါတယ်။
ဒါကြောင့် ဉာဏ်ကွန့်မြူးပြီး သိလိုစိတ်ရှိတာမျိုးက အကျိုးရှိတဲ့စိတ်ပျံ့လွင့်ခြင်းမျိုး ဖြစ်တယ်လို့ဆိုရမှာပါ။
စိတ်ကူးဉာဏ်တွေထွက်ပေါ်လာခြင်းက ဦးနှောက်ရဲ့ DMN ဆိုတဲ့နေရာမှ ထွက်လာတာဖြစ်ပါတယ်။
စိတ်ကူးဉာဏ်ကွန့်မြူးအောင် ဘယ်လိုလုပ်သင့်လဲဆိုတော့ အနားယူပေးပါ။
လမ်းလျှောက်ခြင်း ဒါမှမဟုတ် ရေချိုးခြင်းဖြင့် စိတ်ဖိစီးမှုလျော့ကျစေရုံမက အမျိုးမျိုးစဉ်းစားနိုင်စွမ်းပေးပါတယ်။
အပြောင်းအလဲပြုလုပ်ခြင်းဖြင့် ဦးနှောက်ကိုလှုံ့ဆော်မှုပေးနိုင်ပါတယ်။ ကြွက်သားတွေက အကြိမ်ကြိမ်လေ့ကျင့်ပါမှ သန်မာလာသလို တွေးခေါ်ခြင်းကလည်း ကြိမ်ဖန်များစွာပြုလုပ်မှ ရင့်ကျက်လာမှာဖြစ်ပါတယ်။
Source: Toronto Sun
#Yangon_Media_Group
Page 517 of 865