#World_News
Published 27 September 2024
▪️ လက်ဘနွန်မှ ဟက်ဇ်ဘိုလာအဖွဲ့နဲ့ ပစ်ခတ်မှုများ ရပ်စဲရန် တစ်ကမ္ဘာလုံးမှ တောင်းဆိုချက်တွေကို အစ္စရေးလ်က ကြာသပတေးနေ့မှာ ငြင်းပယ်လိုက်ကာ အနီးစပ်ဆုံးမဟာမိတ် အမေရိကန်ကို အာခံတဲ့သဘောဖြစ်ပြီး လက်ဘနွန်ကို ဆက်လက်တိုက်ခိုက်လျက်ရှိရာ ဒေသတွင်း စစ်ပွဲဖြစ်လာမှာ စိုးရိမ်နေရပါတယ်။
▪️ အစ္စရေးလ်က ဒီလိုငြင်းပယ်လိုက်ပေမယ့် အမေရိကန်နဲ့ ပြင်သစ်တို့ကတော့ ယင်းတို့ကမ်းလှမ်းထားတဲ့ ၂၁ ရက်တာ ငြိမ်းချမ်းရေးအစီအစဉ်ကို ဆက်လက်ဆောင်ရွက်ရန် ကြိုးပမ်းနေပြီး ကုလသမဂ္ဂ အစည်းအဝေးပြီးနောက် ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
▪️ လက်ဘနွန်မြို့တော် ဘိုင်ရုအစွန်အဖျားကို အစ္စရေးလ်စစ်လေယာဉ်တစ်စင်း ပစ်ခတ်ခဲ့ရာ လူ ၂ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရကာ အမျိုးသမီးတစ်ဦး အရေးပေါ်ဖြစ်နေပါတယ်။
▪️ ပစ်ခတ်မှုကြောင့် ဟက်ဇ်ဘိုလာ လေတပ်အဖွဲ့တစ်ဖွဲ့မှ အကြီးအကဲဖြစ်သူ မိုဟာမက်ဆူရာ သေဆုံးခဲ့ကြောင်း ဟက်ဇ်ဘိုလာဘက်က ပြောပါတယ်။
▪️ လက်ဘနွန်နဲ့ ထိစပ်နေတဲ့ အစ္စရေးလ်ဘက်ခြမ်းနယ်စပ်တစ်ခုမှာ မြေပြင်ကျူးကျော်မှုပုံစံမျိုး ဖန်တီးကာ လေ့ကျင့်နေကြပါတယ်။
▪️ အစ္စရေးလ်လေတပ်က မြေပြင်စစ်ဆင်ရေးဖြစ်တဲ့အခါ တပ်သားတွေကို ကူညီရန် စီစဉ်နေပြီး အီရန်ဘက်မှ ဝင်လာမယ့်တပ်တွေကို တားဆီးသွားမှာ ဖြစ်ကြောင်း လေတပ်ဗိုလ်ချုပ် တိုမာဘားက ကြာသပတေးနေ့မှာ ပြောသွားပါတယ်။
▪️ အစ္စရေးလ်က မြောက်ပိုင်းကို လုံခြုံအောင်ထားပြီး ဟက်ဇ်ဘိုလာတို့ စတင်တိုက်ခိုက်ကတည်းက ထွက်ပြေးတိမ်းရှောင်နေရတဲ့ အရပ်သားထောင်ချီ ပြန်လာနိုင်စေရန် ကတိပြုထားပါတယ်။
▪️ လက်ဘနွန်ဟာ အခုဆိုရင် နိုင်ငံရပ်တည်မှု ခြိမ်းခြောက်ခံနေရလောက်တဲ့ ပြဿနာ ကြုံတွေ့နေရတယ်လို့ လက်ဘနွန် နိုင်ငံခြားရေးဝန်ကြီး အက်ဗ်ဒဲလာဘိုဟာဘစ်က ကုလအထွေထွေညီလာခံမှာ ပြောသွားပါတယ်။
▪️ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက အစ္စရေးလ်ကို အပစ်အခတ်ရပ်စဲရေး တင်ပြချက်နဲ့ ပတ်သက်ပြီး အပြည့်အစုံ အသိပေးထားကြောင်း၊ အစ္စရေးလ်အနေနဲ့ ဒါကို လေးလေးနက်နက် စဉ်းစားမယ်လို့ မဟာမိတ်တွေ မျှော်လင့်ကြောင်း ပြောသွားပါတယ်။
▪️ ပြင်သစ်သမ္မတ မက်ခရွန်က အဆိုပါ တင်ပြချက် လက်ခံသွားဖို့ကို တတ်နိုင်သမျှ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

#Source: Reuters
#World_Health
Published 27 September 2024
▪️ အိုမီဂါ-၃ ဖြည့်စွက်ဆေးတွေဟာ သွေးတွင်းအဆီဓာတ် များတဲ့သူတွေမှာ နှလုံးခုန်မမှန်ခြင်း ဖြစ်နိုင်ခြေ များစေတယ်လို့ ဥရောပနှလုံးအဖွဲ့အစည်းက ဆန်းစစ်တွေ့ရှိထားပါတယ်။
▪️ လက်ရှိမှာတော့ သွေးရည်ကြည် ထရိုင်ဂလစ်ဆရိုက်များနေတဲ့ လူနာတွေမှာ နှလုံးသွေးကြော အန္တရာယ်လျော့နည်းအောင် ငါးကြီးဆီဖြည့်စွက်ဆေးတွေ ညွှန်းပေးနေကြကြောင်း အမေရိကန် ဗာဂျီးနီးယားကွန်မန်းဝဲ့လ်တက္ကသိုလ်မှ ဒေါက်တာ ဆယ်ဗေတိုကာဘိုနေးက ပြောပါတယ်။
▪️ လက်တွေ့စမ်းသပ်ချက်အချို့အရ အိုမီဂါ-၃ ဖက်တီးအက်ဆစ်တွေဟာ ပုံမှန်မဟုတ် နှလုံးခုန်မြန်ခြင်း အန္တရာယ်များစေတာနဲ့ ဆက်စပ်နေပါတယ်။
▪️ ဒီလိုအခြေအနေ ရှိသူတွေဟာ လေဖြတ်နိုင်ခြေ ၅ ဆပိုများပါတယ်။
▪️ အိုမီဂါ-၃ ဖက်တီးအက်ဆစ် ဖော်စပ်မှုအမျိုးမျိုးကို ပမာဏအမျိုးမျိုးဖြင့် စမ်းသပ်ခဲ့ကြပါတယ်။
လူနာပေါင်း ၅၀၂၇၇ ဦးကို ငါးကြီးဆီပေးတဲ့ အဖွဲ့နဲ့ အာနိသင်မရှိတဲ့ဆေး ပေးတဲ့အဖွဲ့ဆိုပြီး ခွဲခြားကာ ၂ နှစ်မှ ၇.၄ နှစ်ကြား စောင့်ကြည့်ခဲ့ကာ ငါးကြီးဆီကို တစ်နေ့ ၀.၈၄ ဂရမ်မှ ၄ ဂရမ်ကြား ပေးခဲ့ပါတယ်။
▪️ ထိုအခါမှာ အိုမီဂါ-၃ ဖက်တီးအက်ဆစ် ဖြည့်စွက်ဆေးသုံးသူတွေက အာနိသင်မရှိတဲ့ဆေးပေးသူတွေနဲ့ ယှဉ်ရင် ပုံမှန်မဟုတ် နှလုံးခုန်မြန်ခြင်း သိသိသာသာ ပိုများနေခဲ့ပါတယ်။
▪️ ဒါကြောင့် ငါးကြီးဆီက နှလုံးသွေးကြောရောဂါ အန္တရာယ်များသူတွေမှာ ပုံမှန်မဟုတ် နှလုံးခုန်မြန်ခြင်းအန္တရာယ် သိသိသာသာ များတယ်လို့ ယူဆရကြောင်း ဒေါက်တာ ကာဘိုနေးက ပြောသွားပါတယ်။
#Source: DoctorNDTV
#World_Health
Published 27 September 2024
▪️ အကြားအာရုံ ပြတ်သားစွာ ကြားဖို့က ဘဝမှာ အရေးကြီးပြီး အကြားအာရုံ ဆုံးရှုံးတာကို မကုသဘဲထားလိုက်ရင် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ယုံကြည်မှု ဆုံးရှုံးခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
နားတွေကို မထိခိုက်အောင် ကာကွယ်ရမယ့် နည်းလမ်းတွေကို ပညာရှင်တစ်ဦးက အကြံပြုသွားပါတယ်။
(၁) နားဆို့အမြဲဆောင်ထားပါ
▪️ အလွန်ဆူညံတဲ့ နေရာရောက်သွားတယ်ဆိုရင် နားကို အဆင်သင့်ဆို့နိုင်အောင် နားဆို့လေးတွေ ဆောင်ထားသင့်တယ်လို့ နားနှာခေါင်းလည်ချောင်း တွဲဖက်ပရော်ဖက်ဆာ ဒေါက်တာ ဒန်နီယဲလ်ဂျေသန်နာမက်စ်က ပြောပါတယ်။
▪️ အဆင်သင့် ဆောင်ထားပါမှ မမျှော်လင့်တဲ့ အခြေအနေမျိုးမှာ နားကို ကာကွယ်နိုင်မယ်လို့ အကြံပြုထားပါတယ်။
(၂) လေယာဉ်စီးချိန် အသက်ရှူလမ်းကြောင်း ပိတ်မနေပါစေနှင့်
▪️ ဒေါက်တာ ဘရက်ဒ်လေဘလော့က အသက်ရှူလမ်းကြောင်း ပိတ်ဆို့နေတဲ့အချိန်မှာ ဘယ်တော့မှ လေယာဉ်မစီးပါဘူး။
▪️ စီးရမယ်ဆိုရင်လည်း နားနှာခေါင်းလမ်းကြောင်း ရှင်းလင်းစေမယ့် ဆေးအသုံးပြုတယ်လို့ ဆိုပါတယ်။
(၃) အကြားအာရုံ ပြဿနာရှိသည်ကို ချက်ချင်းသိပါ
▪️ အကြားအာရုံ ဆုံးရှုံးပြောင်းလဲလာတာကို သိတာနဲ့ ဆေးကုသမှုခံယူသင့်ပါတယ်။
▪️ အကြားအာရုံပြဿနာကို မကုသဘဲထားပါက စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ အထီးကျန်ခြင်း၊ ထိခိုက်လွယ်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
(၄) နားကြပ်ဖြင့်သီချင်းအကျယ်ကြီး နားမထောင်ပါနှင့်
▪️ နားကြပ်ပစ္စည်း နောက်ဆုံးထွက်အချို့က အသံကန့်သတ်ချက် ပါဝင်တာကြောင့် နားမထိခိုက်စေပေမယ့် နားကြပ်ဖြင့် သီချင်းအကျယ်ကြီး နားထောင်ပါက နားကိုအန္တရာယ်ရှိစေပါတယ်။
(၅) နားကိုသန့်ရှင်းရေး မလုပ်ပါနှင့်
▪️ နားရွက်က သူ့ဘာသာ သန့်ရှင်းနိုင်ပြီး နားထဲက နားဖာချေးဆိုတာက နားထဲရေမဝင်အောင် ကာကွယ်ပေးတဲ့ အရာဖြစ်ကာ ဒါကိုဖယ်ရှားလိုက်ရင် ရေဒဏ်ထိခိုက်နိုင်ပါတယ်။
▪️ နားကြပ်တံတွေက နားအတွင်းသားကို ကုတ်ဖဲ့သလိုဖြစ်ပြီး နားစည်ထိခိုက်နိုင်တယ်လို့ ဒေါက်တာ တိုနီယာဖားမားက ပြောပါတယ်။

#Source: New York Post
အမေရိကန်၌အတိုးနှုန်းများလျှော့ချသွားသော်လည်း ပြည်သူအများစုစားဝတ်နေရေးကြပ်တည်းနေဆဲ
အမေရိကန်မှာငွေကြေးဖောင်းပွမှုပြဿနာပြေလျော့လာပြီလို့ ယူဆပြီးတော့ အတိုးနှုန်းတွေကို လျှော့ချလိုက်ပါတယ်။
#World_Business
Published 26 September 2024
#အမေရိကန် #အတိုးနှုန်းများလျှော့ချ
#YMG #Yangon_Times #Yangon_Media_Group
၂၆ စက်တင်ဘာ ၂၀၂၄
ယူကရိန်းအတွက် အမေရိကန်ရဲ့ ဒေါ်လာ ၈ ဘီလီယံကျော်ဖိုးရှိတဲ့ စစ်ရေးအထောက်အပံ့ကို သမ္မတ ဂျိုး ဘိုင်ဒင်က စက်တင်ဘာ ၂၆ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ ရုရှားနှင့်စစ်ပွဲမှာ ယူကရိန်းကို အနိုင်ရဖို့ ကူညီတာဖြစ်တယ်လို့ ဝါရှင်တန်ကိုရောက်ရှိနေတဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလင်စကီးကို ကြီးမားတဲ့ ကတိကဝတ်တစ်ခုပေးလိုက်တာဖြစ်တယ်လို့ ရိုက်တာသတင်းကရေးသားပါတယ်။
ယခုနောက်ဆုံးပေးလိုက်တဲ့စစ်ရေးအကူအညီတွေထဲမှာ ၈၁ မိုင်အထိ ပစ်ခတ်နိုင်တဲ့ Joint Standoff လက်နက်လို့ ခေါ်တဲ့ တိကျပဲ့ထိန်းဂလိုက်ဗုံး precision-guided glide bomb လည်းပါဝင်ပါတယ်။
ရုရှားကိုတိုက်ခိုက်တဲ့အခါ တာလတ်ဒုံးကျည်တွေဟာ ယူကရိန်းအသုံးပြုနေတဲ့လက်နက်တွေကို အကြီး အကျယ် အဆင့် မြှင့်တင်ပေးလိုက်တာဖြစ်ပါတယ်။
အဲဒီဂလိုက်ဗုံးတွေဟာ တိုက်လေယာဉ်ပေါ်ကနေ ပစ်ချလိုက်ပြီးနောက် ပစ်မှတ်တွေကို အလွန်တိကျစွာ တိုက်ခိုက်နိုင်စွမ်းရှိကြပါတယ်။ ရုရှားနိုင်ငံအတွင်းကျကျကို ပစ်ခတ် နိုင်မယ့် အမေရိကန်ဒုံးကျည်တွေ အသုံးပြုတာကို ခွင့်ပြုမှာကို ဘိုင်ဒင်က ကြေညာမှာမဟုတ်ဘူးလို့ အမေရိကန်အရာရှိတစ်ဦးက ပြောပါ တယ်။
ယူကရိန်းကိုကူညီဖို့က အမေရိကန်ရဲ့ထိပ်တန်းဦးစားပေးဖြစ်တယ်လို့ ဘိုင်ဒင်က သတင်းထုတ်ပြန်ချက် ထဲမှာပြောထားပါတယ်။
အဲဒီစစ်ရေးအကူအညီတွေထဲက ဒေါ်လာ ၅.၅ ဘီလျံဖိုးကိုတော့ အမေရိကန်နိုင်ငံရဲ့ ဘဏ္ဍာရေးနှစ် ကုန်ဆုံးမယ့် တနင်္လာနေ့မတိုင်ခင် ယူကရိန်းကိုပေးအပ်သွားမှာဖြစ်ပြီး ကျန်တဲ့ ဒေါ်လာ ၂.၄ ဘီလျ့ကို တော့ ယူကရိန်းလုံခြုံရေးအကူအညီဦးစီးဦးရွက်အစီအစဉ်အောက်ကနေပေးသွားမှာပါ။ အဲဒီအစီအစဉ် အရ အမေရိကန်အစိုးရဟာ သူ့ရဲ့ သိုလှောင်ထားတဲ့လက်နက်တွေပေးမှာမဟုတ်ဘဲ အမေရိကန် လက်နက်ကုမ္ပဏီတွေဆီက လက်နက်တွေကို ဝယ်ပြီးပေးမှာဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထား ပါတယ်။
ယခုအကူအညီတွေကြောင့် ယူကရိန်းဟာ လေကြောင်းကာကွယ်ရေးစနစ်တွေထပ်မံရရှိလာမှာဖြစ်ပြီး လူမဲ့ ဝေဟင်စနစ်တွေနှင့် ဝေဟင်မှမြေပြင်ပစ်လက်နက်တွေပါရရှိလာမှာပါ။ အဲဒီအပြင် ယူကရိန်းရဲ့ ကာကွယ်ရေးအခြေစိုက်စက်ရုံတွေ အင်အားတော့တင်းလာမှာဖြစ်ပြီး ပြုပြင်ထိန်းသိမ်းရေးနှင့် ကိရိယာ တွေအစဉ်တစ်စိုက်လိုအပ်မှုတွေကိုလည်း ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ ဘိုင်ဒင်ကပြောပါတယ်။
ယခုအစီအစဉ်အရ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနဟာ ယူကရိန်းကို ပက်ထရီယော့တ် လေကြောင်းကာကွယ်ရေးဘက်ထရီတစ်ခုနှင့် ပက်ထရီယော့ဒုံကျည်တွေကို ထပ်ပေးမှာဖြစ်တယ်လို့ လည်း ဘိုင်ဒင်ကဆက်ပြောပါတယ်။
ယူကရန်းက အက်ဖ်-၁၈ လေယာဉ်မှူးတွေ သင်တန်းတွေတိုးချဲ့ဆောင်ရွက်ပေးဖို့လည်း ပင်တဂွန်စစ်ဌာန ချုပ်ကို ဘိုင်ဒင်က အမိန့်ပေးခဲ့ကြောင်းသိရပါတယ်။
ထရမ့်ကတော့ ယူကရိန်းသမ္မတ ကို ဝေဖန်မှုတွေ လုပ်နေပြီး ဇီလင်စကီးက တွေ့ဆုံခွင့်တောင်းတာကို လည်း ငြင်းပယ်ခဲ့ပါတယ်။
“ အပေးအယူလုပ်ဖို့ငြင်းဆိုခဲ့တဲ့ ဇီလင်စကီးဆိုတဲ့လူတစ်ယောက်ကို ကျွန်တော်တို့ဟာ ဘီလျံချီတဲ့ ဒေါလာတွေ ဆက်ပေးကြဦးလိမ့်မယ်” လို့ ထရမ့်က မြောက်ကာရိုလိုင်းနာမှာ ဗုဒ္ဓဟူးနေ့ကျင်းပတဲ့ သူ့ရဲ့ မဲဆွယ်စုရုံးပွဲမှာပြောခဲ့ပါတယ်။
ဘိုင်ဒင်ကြီးပြင်းလာတဲ့ ပင်ဆီဗန်နနီးယားပြည်နယ် စခရန်တွန်က လက်နက်စက်ရုံတစ်ခုကို ဇီလင်စကိး သွားလည်ပတ်တဲ့ကိစ္စကို ရီပတ်ဗလီကင် တော်တော်များများက ဒေါသ အမျက်ခြောင်းခြောင်းထွက်ခဲ့ကြ ပါတယ်။ ရီပတ်ဗလင်ကန်တွေဦးဆောင်ထားတဲ့ အောက်လွှတ်တော်ကော်မတီက ဇီလင်စကီးခရီးစဉ် အပေါ် စုံစမ်းစစ်ဆေးရေးတစ်ခုလုပ်နေပါတယ်။
#Source Reuters
#Daily_News
Published 26 September 2024
၁။ အခုရက်ပိုင်းရန်ကုန်မိုးများလာ၍ ငမိုးရိပ်ဆည်ရေပိုလွှဲမှ (၃)ပေနီးပါးကျော်လာ
၂။ ခရမ်းချဉ်သီးလေးဆခန့်နှင့် ဂေါ်ဖီပန်းပွင့်ဈေးနှုန်း ၅ ၀ရာခိုင်နှုန်းအထိ မြင့်တက်
၃။ လှည်းကူးမြို့နယ်ရှိ ငမိုးရိပ်ချောင်းနားနီးသည့်ရပ်ကွက်အချို့ရေဝင်ရောက်မှုရှိ
၄။ အမေရိကန်၌အတိုးနှုန်းများလျှော့ချသွားသော်လည်း ပြည်သူအများစုစားဝတ်နေရေးကြပ်တည်းနေဆဲ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 26 September 2024
▪️ ရုရှားအနေနဲ့ သာမန်ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံရပါက နျူကလီးယားလက်နက်များဖြင့် ပြန်လည်တုန့်ပြန်သွားနိုင်တယ်လို့ သမ္မတ ဗလာဒီမာပူတင်က ဗုဒ္ဓဟူးနေ့မှာ အနောက်တိုင်းကို သတိပေးလိုက်ပြီး နျူကလီးယားလက်နက်ပိုင် နိုင်ငံနဲ့ ပူးပေါင်းတိုက်ခိုက်တယ်လို့ ယူဆမှာဖြစ်ကြောင်း ပြောသွားပါတယ်။
▪️ ရုရှားနျူကလီးယားလမ်းစဉ် ပြောင်းလဲဖို့ ဆုံးဖြတ်ချက်က အမေရိကန်နဲ့ ဗြိတိန်တို့ ယူကရိန်းကို ရုရှားနိုင်ငံထဲသို့ အနောက်တိုင်းဒုံးကျည်များဖြင့် ပစ်ခတ်ခွင့်ပေးမပေး ဆွေးနွေးမှုများနဲ့ ပတ်သက်ပြီး ရုရှားတုန့်ပြန်ချက်အပေါ် မူတည်နေပါတယ်။
▪️ ရုရှားအတွက် အန္တရာယ်များလာတဲ့ ကမ္ဘာ့ရေးရာကိစ္စတွေ လျင်မြန်စွာ ပြောင်းလဲနေတဲ့အပေါ် အပြောင်းအလဲတွေ လုပ်ရမှာဖြစ်တယ်ဆိုပြီး ပူတင်က ရုရှားလုံခြုံရေးကောင်စီ ဆွေးနွေးပွဲကို စတင်ဖွင့်လှစ်ပြောကြားခဲ့ပါတယ်။
▪️ ရုရှားကို တိုက်ခိုက်လိုနေတဲ့ နိုင်ငံက နျူကလီးယားလက်နက်ပိုင် မဟုတ်သော်လည်း နျူကလီးယားလက်နက်ပိုင် နိုင်ငံရဲ့အထောက်အပံ့ ယူထားတယ်ဆိုရင် ရုရှားဖက်ဒရေးရှင်းကို ပူးပေါင်းတိုက်ခိုက်တယ်လို့ ယူဆရမယ်လို့ အသက် ၇၁ နှစ်အရွယ် ပူတင်က ပြောသွားပါတယ်။
ရုရှားကို ဒုံးကျည်တွေ၊ လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ စတင်တိုက်ခိုက်ပြီဆိုတာနဲ့ နျူကလီးယားလက်နက် အသုံးပြုခွင့်ရှိတယ်လို့ ပူတင်က ပြောပါတယ်။
▪️ ၂၀၂၀ ခုနှစ်က ပူတင်ထုတ်ပြန်ခဲ့တဲ့ လက်ရှိ ရုရှားနျူကလီးယားလမ်းစဉ်က ရုရှားနိုင်ငံတည်ရှိမှုကို ခြိမ်းခြောက်လောက်တဲ့ နျူကလီးယား တိုက်ခိုက်မှုမျိုး ခံလာရပါက ရုရှားအနေနဲ့ နျူကလီးယားလက်နက်များဖြင့် တုန့်ပြန်နိုင်ဖွယ်ရှိပါတယ်။
▪️ ဒါ့အပြင် ရုရှားမဟာမိတ် ဘီလာရုစ်အပါအဝင် ရုရှားနိုင်ငံတို့ကို နျူကလီးယားလက်နက်ပိုင် နိုင်ငံတစ်ခုရဲ့ အကူအညီဖြင့် သာမန်ဒုံးကျည်များ ပစ်ခတ်တာကိုလည်း ရုရှားက နျူကလီးယားဖြင့် တုန့်ပြန်သွားနိုင်တယ်လို့ ဆိုထားပါတယ်။
▪️ ဗျူဟာမြောက် နျူကလီးယားလက်နက်များ အသုံးပြုပါက နောက်ဆက်တွဲ အကျိုးဆက်တွေ ရှိလာနိုင်တာကို အမေရိကန်က စိုးရိမ်ပူပန်ကြောင်း ၂၀၂၂ တုန်းက ပြောခဲ့ပါတယ်။
▪️ နယ်စပ်ကိုဖြတ်ပြီး လေကြောင်းတိုက်ခိုက်မှုများ၊ ပဲ့ထိန်းဒုံးကျည်များ၊ ဒရုန်းများ၊ အသံထက်မြန် လက်နက်များဖြင့် တိုက်ခိုက်ခံရတယ်လို့ တိကျတဲ့သတင်း ရရှိပါက နျူကလီးယားလက်နက် အသုံးပြုဖို့ စဉ်းစားသွားမယ်လို့ ပူတင်က သတိပေးလိုက်ပါတယ်။
#Source: Reuters
Page 458 of 1240