ရုပ်သံမှထုတ်လွှင့်တဲ့ အိန္ဒိယလက်မောင်းလှဲလိဂ်ပြိုင်ပွဲမှာ မယှဉ်ပြိုင်ခင် အားကစားသမားတွေက သူတို့ရဲ့လက်မောင်းတွေကို ကိုယ်ဟန်ပြနေကြပါတယ်။
Published_ 14 August 2023
#အိန္ဒိယမှလက်မောင်းလှဲ
#World_Sports
#Yangon_Times
#Daily_News
Published_ 14 August 2023
၁။ မြန်မာ့လက်ဝှေ့ကျော်ဒေဝ အနေဖြင့် လက်ဝှေ့လောကမှ အနားယူတော့မည်ဟု ဆိုထားသော်လည်း ရွှေရာမာန်ကစိန်ခေါ်ထား
၂။ မိုးတွင်းတွင် ကားစီးလုံးငှားပြီး ခရီးထွက်သူအချို့ရှိနေ၊ ပုဂံ၊ ညောင်ဦး၊ မန္တလေး၊ ရှမ်းပြည်နှင့်ကမ်းခြေသို့အသွားများ
၃။ မိုးရာသီကာလ လမ်းချော်ပြီး ယာဉ်တိုက်မှုမဖြစ်အောင် YBS ယာဉ်များ ကားဘီးနှင့်ဘရိတ်ကောင်းအောင်ကြီးကြပ်နေ
၄။ မျှော်လင့်ချက်များစွာဖြင့် အရှိန်ရနေသည့်အိန္ဒိယမှလက်မောင်းလှဲအားကစားပြိုင်ပွဲ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
#World_News
Published 14 August 2023
တရုတ်၊ ရုရှား၊ မြောက်ကိုရီးယားတို့မှ တီထွင်ထုတ်လုပ်နေတဲ့ အသံထက်မြန် ဒုံးကျည်ထိပ်ဖူးများကို တန်ပြန်နိုင်မယ့် ဖျက်ဒုံးကျည်များ ထုတ်လုပ်ရန် ဂျပန်နဲ့ အမေရိကန်တို့ ယခုသီတင်းပတ်အတွင်း သဘောတူညီခဲ့ကြောင်း ဂျပန်နိုင်ငံမှ 'ယိုမီယူရီ'သတင်းစာက တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
လက်ရှိ ပဲ့ထိန်းဒုံးကျည်တွေကို ရှောင်ရှားဖို့ ဒီဇိုင်းထုတ်ထားတဲ့ လက်နက်တွေကို ပစ်မှတ်ထားမယ့် ဖျက်ဒုံးကျည်များကိစ္စကို အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒင်'နဲ့ ဂျပန်ဝန်ကြီးချုပ် 'ဖူမီယိုကီရှီဒါ'တို့ အမေရိကန်မှာ သောကြာနေ့၌ တွေ့ဆုံတဲ့အခါ သဘောတူညီသွားဖို့ မျှော်မှန်းရကြောင်း တင်ပြထားပါတယ်။
သာမန်ပဲ့ထိန်းဒုံးကျည်တွေက ကြိုတင်ခန့်မှန်းတဲ့အတိုင်း ဝေဟင်ကနေ မြေပြင်သို့ ကျရောက်တာဖြစ်ပေမယ့် အသံထက်မြန် ဒုံးကျည်တွေကတော့ လမ်းကြောင်းပြောင်းလဲနိုင်ကာ သူတို့ကို ပစ်မှတ်ထားဖို့ ပိုမိုခဲယဉ်းပါတယ်။
အမေရိကန်၊ ဂျပန်တို့နဲ့အတူ တောင်ကိုရီးယားသမ္မတ 'ယွန်ဆော့ယောလ်'ပါဝင်မယ့် သုံးနိုင်ငံထိပ်သီးဆွေးနွေးပွဲကို မယ်ရီလန်း ကမ့်ဒေးဗစ်ရှိ သမ္မတအပန်းဖြေနေရာမှာ တွေ့ဆုံမှာဖြစ်ပြီး ဘိုင်ဒင်နဲ့ ကီရှီဒါတို့က နောက်ထပ်တွေ့ဆုံသွားဦးမှာ ဖြစ်တယ်လို့ ယိုမီယူရီက ဆိုပါတယ်။
ဖျက်ဒုံးကျည်ထုတ်လုပ်ရေး ဆွေးနွေးရန် အမေရိကန်နဲ့ ဂျပန်တို့မှ နိုင်ငံခြားရေးဝန်ကြီးများ၊ ကာကွယ်ရေးဝန်ကြီးများ ဇန်နဝါရီလက အစည်းအဝေးပြုလုပ်ပြီး သဘောတူညီခဲ့ကြတာ ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ သဘောတူညီမှုဟာ ဒုံးကျည်ကာကွယ်ရေးနည်းပညာပိုင်းမှာ ဒုတိယမြောက် ပူးပေါင်းဆောင်ရွက်မှု ဖြစ်လာမှာဖြစ်ပါတယ်။
အာကာသမှ ဒုံးကျည်ထိပ်ဖူးများကို ပစ်ရန်ရည်ရွယ်ပြီး အမေရိကန်နဲ့ ဂျပန်တို့က တာဝေးပစ်ဒုံးကျည် ထုတ်လုပ်တာဖြစ်ပြီး မြောက်ကိုရီးယားဒုံးကျည် ပစ်လွှတ်မှုများကို ကာကွယ်ရန် ဂျပန်နဲ့ ကိုရီးယားကျွန်းဆွယ်ကြား ပင်လယ်ထဲက စစ်သင်္ဘောတွေပေါ်မှာ ဂျပန်က နေရာချတပ်ဆင်ထားတာ ဖြစ်ပါတယ်။
Source: Reuters #World_News #အသံထက်မြန်ဒုံးကျည် #အမေရိကန်နှင့်ဂျပန်တို့ပူးပေါင်း
#Yangon_Times
Published_ 14 August 2023
အက်ဆစ်လျှံတက်ခြင်းအတွက် သောက်သုံးလေ့ရှိတဲ့ နာမည်ကြီးဆေးတွေကို ရေရှည်သုံးစွဲခြင်းဟာ မှတ်ဉာဏ်ချို့ယွင်းတဲ့ ဒီမန်ရှာရောဂါ ဖြစ်နိုင်ချေများကြောင်း လေ့လာချက်အသစ်မှာ တွေ့ရှိထားပါတယ်။
အိုမီပရာဇိုးလ်၊ အီစိုမီပရာဇိုးလ်၊ လန်ဆိုပရာဇိုးလ် စတဲ့ ပရိုတွန်ပန့်အင်ဟစ်ဘစ်တာဆေး (PPI)တွေကို သောက်သုံးနေရတဲ့ လူနာတွေကို လေ့လာကာ American Academy of Neurology ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
အစာစားပြီး လဲနေတဲ့အခါ အစာအိမ်အက်ဆစ်က အစာပြွန်ထဲသို့ ရောက်လာကာ ပြွန်နံရံတွေကို ထိပါးစေပြီး အက်ဆစ်လျှံတက်ခြင်း ဖြစ်ပေါ်စေပါတယ်။
PPI တွေက အစာအိမ်နံရံရှိ အက်ဆစ်ထုတ်လုပ်တဲ့ အင်ဇိုင်းများကို ပစ်မှတ်ထားကာ အက်ဆစ်လျှံတက်ခြင်း၊ အစာအိမ်အနာဖြစ်ခြင်း၊ အစာချေလမ်းကြောင်းပြဿနာများကို ကုသပေးတာဖြစ်ပါတယ်။
အက်ဆစ်လျှံတက်ခြင်းက အချိန်နဲ့အမျှ ဖြစ်ပေါ်တတ်ပေမယ့် မကြာခဏဖြစ်နေပြီဆိုရင်တော့ အစာအိမ်ရေမျိုအက်ဆစ်လျှံတက်ခြင်းရောဂါ ဖြစ်နိုင်ပြီး အစာပြွန်ကင်ဆာအထိပါ ဖြစ်နိုင်ကြောင်း မိုင်ယိုဆေးခန်းက ပြောပြခဲ့ပါတယ်။
PPI တွေက အက်ဆစ်လျှံတက်ခြင်းကို ကူညီထိန်းချုပ်ပေးပေမယ့် ရေရှည်မှာတော့ လေဖြတ်ခြင်း၊ အရိုးအက်ခြင်း၊ နာတာရှည် ကျောက်ကပ်ရောဂါတို့ ဖြစ်နိုင်ချေများနိုင်ကြောင်း တွေ့ရှိထားတယ်လို့ မင်နီဆိုတာတက္ကသိုလ်မှ သုတေသီတစ်ဦးက စာတမ်းပြုစုသူ 'ကာမက်ရှီလက်ရှ်မီနာရာယန်'က ပြောပြသွားပါတယ်။
ပျမ်းမျှအသက် ၇၅ နှစ်ခန့်ရှိတဲ့ စမ်းသပ်ခံ ၅,၇၁၂ ဦးကို အမျိုးသားကျန်းမာရေးအဖွဲ့အစည်းက လေ့လာခဲ့ရာ ထိုဆေးတွေကို ရေတိုသောက်သုံးတဲ့အခါ ဒီမန်ရှာမဖြစ်နိုင်ပေမယ့် ရေရှည်မှာတော့ အန္တရာယ်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။
ပါဝင်စမ်းသပ်ခံသူတွေကို အဖွဲ့ ၄ ဖွဲ့ခွဲကာ PPI ကို ၂.၈ နှစ်ကြာ သုံးစွဲသူအဖွဲ့၊ ၂.၈ နှစ်မှ ၄.၄ နှစ်အထိ သုံးစွဲသူအဖွဲ့၊ ၄.၄ နှစ်အထက် သုံးစွဲသူအဖွဲ့၊ လုံးဝမသုံးစွဲတဲ့အဖွဲ့ဆိုပြီး ခွဲခြားခဲ့ပါတယ်။
အခြားအချက်အလက်များပါ ထည့်သွင်းတွက်ချက်ပြီးနောက် ၄.၄ နှစ်ကြာသုံးစွဲသူတွေဟာ လုံးဝမသုံးစွဲသူတွေထက် ဒီမန်ရှာဖြစ်နိုင်ချေ ၃၃ ရာခိုင်နှုန်းပိုများကြောင်း တွေ့ရှိခဲ့ကြပါတယ်။
၄.၄ နှစ်အောက် ကြာအောင် သောက်သုံးသူတွေကတော့ ဒီမန်ရှာဖြစ်နိုင်ချေ များလာတဲ့အထောက်အထား မတွေ့ခဲ့ကြပါဘူး။
သုတေသီတွေက သူတို့တွေ့ရှိချက်ကို ဒီထက်ပိုပြီးချဲ့ထွင်နိုင်စေရန် မျှော်လင့်နေကြပါတယ်။
အက်ဆစ်လျှံတက်ခြင်းကို ကုသဖို့အတွက် အန်တဆစ်လိုမျိုး ဆေးတွေပြောင်းလဲခြင်း၊ ကိုယ်အလေးချိန်ထိန်းခြင်း၊ နောက်ကျမှစားသောက်ခြင်းကို ရှောင်ရှားခြင်းတို့ဖြင့် ကျင့်သုံးနိုင်ပေမယ့် တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ပါဘူး။
ပြောင်းလဲမှုမလုပ်ခင် အရင်ဆုံးဆရာဝန်နဲ့ တိုင်ပင်ဖို့အရေးကြီးကြောင်းလည်း သတိပေးသွားပါတယ်။
Source: NY Post
#World_Health
#အစာအိမ်အက်ဆစ်လျှံတက်ခြင်း #ဆေးဝါးများ #ဒီမန်ရှာ #လေ့လာတွေ့ရှိ
#YMG #Yangon_Times
Published_ 14 August 2023
အသုံးပြုပြီးသား ပလတ်စတစ်တွေကို ဆပ်ပြာအဖြစ်သို့ ပြောင်းလဲမယ့် နည်းလမ်းတစ်ခုကို သုတေသီများ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ နှစ်စဉ်တန်ချိန်သန်း ၂၀၀ ခန့်ထွက်ရှိနေပြီး ၈၀ ရာခိုင်နှုန်းက ကုန်းမြေတွေမှာ ကျန်ရှိနေကာ ၁၀ ရာခိုင်နှုန်းအောက်သာ ပြန်လည်သုံးစွဲနေကြပါတယ်။
ပလတ်စတစ်တွေဟာ ဓာတုနည်းအရ ဖက်တီးအက်ဆစ်များနဲ့ ဆင်တူပြီး ဆပ်ပြာထုတ်လုပ်ရာမှာ အဓိကအစိတ်အပိုင်း ဖြစ်နေပါတယ်။
ထိုဖြေရှင်းနည်းလမ်းကို ဗာဂျီးနီးယားနည်းပညာမှ ဓာတုဗေဒ လက်ထောက်ပရော်ဖက်ဆာ 'ကောင်းလျန်လူ'က တွေ့ရှိခဲ့တာဖြစ်ပြီး ပိုလီအီသင်းကို ဖက်တီးအက်ဆစ်သို့ ပြောင်းလဲပေးကာ ဆပ်ပြာအဖြစ် ထပ်ဆင့်ပြောင်းလဲတာဖြစ်ပါတယ်။
သစ်သားမီးလောင်စာကို ဆဲလူးလို့စ်လိုမျိုး ပိုလီမာတွေနဲ့ အများစုပြုလုပ်ထားကြောင်း၊ သစ်သားလောင်ကျွမ်းတဲ့အခါ ပိုလီမာတွေက ပိုမိုတိုတောင်းတဲ့ အပိုင်းအစများ ဖြစ်သွားကာ ကာဗွန်ဒိုင်အောက်ဆိုဒ်သို့ အပြည့်အဝဓာတ်မတိုးခင် ဓာတ်ငွေ့မော်လီကျူးများ ဖြစ်သွားကြောင်း၊ ပိုလီအီသိုင်လင်းမော်လီကျူးတွေကို ဖြိုခွဲပြီး ဓာတ်ငွေ့မော်လီကျူးများမဖြစ်ခင် ရပ်တန့်လိုက်မယ်ဆိုရင် ပိုမိုတိုတောင်းတဲ့ အပိုင်းအစ ရရှိနိုင်ကြောင်း ရှင်းပြခဲ့ပါတယ်။
ပလတ်စတစ်များ မီးရှို့ရန်အတွက် သုတေသနအဖွဲ့က ပေါင်းအိုးလိုမျိုး ဓာတ်ပေါင်းဖိုကို အသုံးပြုကြပါတယ်။
အောက်ခြေမှာ ပိုလီမာအတန်းတွေ ဖြိုခွဲနိုင်ဖို့ အပူချိန်မြင့်မားပေးထားရပေမယ့် အပေါ်ပိုင်းကတော့ အလွန်အကျွံဖြိုခွဲခြင်းမဖြစ်ရအောင် အနည်းငယ်အေးမြထားရပါတယ်။
ဒီနောက် အကြွင်းအကျန်များကို ရယူကာ ဖယောင်းကဲ့သို့ ပစ္စည်းရရှိလာပြီး ဆပ်ပြာအဖြစ်သို့ ပြောင်းလဲခဲ့ကြပါတယ်။
Source: WION
#World_Science
#ပလတ်စတစ် #ဆပ်ပြာ #နည်းလမ်းအသစ် #သိပ္ပံပညာရှင်များတွေ့ရှိ
#YMG #Yangon_Times
၁၃ ဩဂုတ် ၂၀၂၃
အင်ဒိုနီးရှားမယ်စကြဝဠာရွေးပွဲတွင် လိင်ပိုင်းဆိုင်ရာစော်ကာမော်ကားပြုမှုစွပ်စွဲချက်တွေထွက်ပေါ်လာပြီးနောက် မယ်စကြဝဠာအဖွဲ့အစည်းကြီးက အင်ဒိုနီးရှားကုမ္ပဏီနှင့် လုပ်ငန်းဖြတ်တောက်လိုက်ပြီး လာမယ့် ပွဲကိုလည်း ဖျက်သိမ်းလိုက်တယ် လို့ကြေညာလိုက်ပါတယ်။
မယ်စကြဝဠာအင်ဒိုနီးရှားရွေးပွဲတွင် သရဖူရှင်ရွေးပွဲမတိုင်ခင်နှစ်ရက်အလို၌ နောက်ဆုံးဆန်ကာတင် ၃၀ ဦးအနက် တစ်ဝက်ကျော်ခန့်က သူတို့ကို အမာရွတ်များနှင့် အဆီခဲများစစ်ဆေးရန်ဟုဆိုပြီး တစ်ကိုယ်လုံးချွတ်ခိုင်းခဲ့တယ်လို့ တိုင်တန်းမှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
အမျိုးသမီး (၅)ဦးက သူတို့ ဓါတ်ပုံတွေရိုက်ကူးထားတာရှိကြောင်း ရှေ့နေတွေကပြောပါတယ်။
“မယ်စကြဝဠာအင်ဒိုနီးရှားမှာဖြစ်ခဲ့တာတွေ ကျွန်ုပ်တို့သိရသမျှမှာ ကျွန်တော်တို့ရဲ့ လိုင်စင်ရအင်ဒိုနီးရှားကုမ္ပဏီဟာ ကျွန်ုပ်တို့အမှတ်တံဆိပ်အဆင့်အတန်း။ကျင့်ဝတ်နှင့် မျှော်လင့်ချက်တွေ နှင့် ညီအောင်မဆောင်ရွက်နိုင်ဘူးဆိုတာ ရှင်းနေပါတယ်” လို့ အမေရိကန်အခြေစိုက် မယ်စကြဝဠာအဖွဲ့အစည်းက ပြောပါတယ်။
အဲဒါကြောင့် အင်ဒိုနီးရှားက လက်ရှိလိုင်စင်ရ လုပ်ငန်း PT Capella Swastika Karya နှင့် သူ့ရဲ့ နိုင်ငံဆိုင်ရာညွှန်မှူး ပေါ်ပီ ကက်ပီလာတို့နှင့် ဆက်ဆံရေးကို အဆုံးသတ်ဖို့ဆုံးဖြတ်လိုက်ပါပြီ လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဆိုပါအင်ဒိုနီးရှားကုမ္ပဏီဟာ မလေးရှားအတွက်လည်း မယ်စကြဝဠာမလေးရှားအတွက် လိုင်စင်ရထားပါတယ်။ ဒါပေမယ့် မလေးရှားမှာ ဒီနှစ်ပြိုင်ပွဲမရှိပါဘူး။
အင်ဒိုနီးရှားကုမ္ပဏီ ဒါရိုက်တာ ကက်ပီလာကတော့ သူတို့ ခန္ဓာကိုယ်စစ်ဆေးတာတွေမလုပ်ခဲ့ပါဘူးလို့ ကြေညာချက် အရှည်ကြီးထုတ်ပြီးငြင်းထားပါတယ်။
ဂျာကာတာမှာပြိုင်ပွဲကို ဇူလိုင် ၂၉ရက်ကနေ ဩဂုတ် ၃ရက်အထိကျင်းပခဲ့တာဖြစ်ပါတယ်။ အဲဒီပွဲမှာ သရဖူဆောင်းခဲ့သူ ဖက်ဘီယန်နီကိုးလ်ဂရိုနီဗီလ်းကိုတော့ လာမယ့်နိုဝင်ဘာလ အယ်ဆာဗေးဒေါမှာကျင်းပမယ့် ပြိုင်ပွဲကြီးမှာ ယှဉ်ပြိုင်ခွင့် ပေးပါမယ်လို့ မယ်စကြဝဠာအဖွဲ့အစည်းကပြောပါတယ်။
Source: Bangkok Post
၁၃ ဩဂုတ် ၂၀၂၃
ကမ္ဘောဒီးယားနိုင်ငံ ကရက်တိုင်းပြည်နယ်မှာရှိတဲ့ ကျောင်းတစ်ကျောင်းရဲ့ မြေကြီးထဲမြှပ်ထားတဲ့ မပေါက်ကွဲသေးသော ဗုံးများရာနှင့်ချီပြီးတွေ့ရလို့ အဆိုပါကျောင်းကိုပိတ်လိုက်ရတယ်လို့ ခမာတိုင်းမ်သတင်းစာ သတင်းအရသိရပါတယ်။
အဆိုပါပြည်နယ် ကရက်တိုင်းမြို့မှာရှိတဲ့ ကွင်းကိုဆိုမက် အထက်တန်းကျောင်းဝင်းထဲမှာ စနေနေ့က ကြိုတင်စီစဉ်ထားတဲ့ ကျောင်းပြုပြင်မှုတွေပြုလုပ်စဉ်အတွင်း မြေကြီးထဲမှာမြှပ်ထားတဲ့ မပေါက်ကွဲသေးတဲ့ ဗုံးတွေကို ရာနှင့်ချီတွေ့ကြရတာြဖစ်တယ်လို့ ကျောင်းအုပ်ကြီး မစ္စတာ ဘန်းချီက ပြောပါတယ်။
တွေ့ရတဲ့အထဲမှာ အမျိုးအစားလေးမျိုးပါဝင်ပြီး M79s က ၂၅၀၊ DK75s က ၁၆ခု၊ M48 warheads က ၁၇ခု၊ B40s က ၁၇ခု စုစုပေါင်း ၂၈၄ခုဖြစ်ပြီး ထပ်ပြီးရှာတွေ့ဖို့လည်းရှိတယ်လို့ ပညာရေးဌာန၊ လူငယ်နှင့်အားကစား ညွှန်ကြားရေးမှူး မစ္စတာ လေဘိုရာကပြောတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
အဲဒါကြောင့် အဆိုပါပေါက်ကွဲပစ္ညည်းတွေ အားလုံးဖယ်ရှားပြီးသည်အထိ ကျောင်းတွေပိတ်ဖို့ သူက အမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
မိုင်းလုပ်ငန်းအမှတ်(၅)တပ်က အဲဒီဗုံးတွေဟာ ပေါက်ကွဲနိုင်ပြီး အသက်အန္တရာယ်ရှိနေတယ်။ပြီးတော့ တွေ့ရတာကလည်း စစ်သလင်းလိုပဲလို့ ပြောပါတယ်။ အဲဒါတွေအားလုံးဘေးကင်းရာ ဖယ်ထုတ်ဖို့ အချိန်နှစ်ရက်ခန့်ကြာမယ်လို့သိရပါတယ်။
Source: Khmer Times
Page 459 of 948