#World_Health
Published 19 January 2024
သင်္ဘောသီးဟာ ဗိုက်တာမင်အေ၊ စီ၊ အမျှင်ဓာတ်၊ ဖောလိတ်စတဲ့ အာဟာရဓာတ်များ ကြွယ်ဝစွာ ပါဝင်ကာ အစာခြေခြင်းကို ကူညီပေးတဲ့ အင်ဇိုင်းတွေလည်း ပါဝင်ပါတယ်။
ကယ်လိုရီနည်းပါးခြင်း၊ အမျှင်ဓာတ်များခြင်း၊ ရေဓာတ်များခြင်းကြောင့် ဗိုက်ပြည့်ဝစေပြီး ကိုယ်အလေးချိန်ချရာမှာ အကူအညီဖြစ်စေပါတယ်။
သင်္ဘောသီးက ကိုယ်အလေးချိန်ချခြင်းကို ဘယ်လိုအကူအညီ ဖြစ်စေသလဲဆိုတော့…
(၁) သင်္ဘောသီးဖျော်ရည်တစ်ခွက်မှာ ကယ်လိုရီ ၅၀ ကျော်ခန့်သာ ပါဝင်တာကြောင့် ဝိတ်ချဖို့အတွက် သင့်လျော်ပါတယ်။
(၂) အမျှင်ဓာတ်များခြင်းက ဗိုက်ကိုပြည့်ဝစေကာ အလွန်အကျွံ မစားမိစေပါဘူး။
(၃) သင်္ဘောသီးမှာ ပါဝင်တဲ့ အင်ဇိုင်းက ပရိုတိန်းတွေကို ချေဖျက်ပေးကာ အစာအိမ်အူလမ်းကြောင်းကို ကျန်းမာစေပါတယ်။
(၄) သဘာဝအတိုင်း ဆီးရွှင်စေတဲ့ ဂုဏ်သတ္တိပါဝင်တာကြောင့် ပိုလျှံနေတဲ့ အရည်တွေကို ဖယ်ရှားပေးပြီး ကိုယ်အလေးချိန် ကျစေပါတယ်။
(၅) သွေးတွင်းသကြားဓာတ် ရုတ်တရုတ်မြင့်တက်တာမျိုး မဖြစ်စေဘဲ ထိန်းညှိပေးကာ ကယ်လိုရီများတာတွေကို စားချင်စိတ်လျှော့ချပေးပါတယ်။
(၆) ဗိုက်တာမင်တွေနဲ့ သတ္တုဓာတ်များ ပါဝင်ကာ ခွန်အားရှိစေပြီး လှုပ်ရှားနိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။
(၇) ဗိုက်တာမင်ဘီက ဇီဝကမ္မဖြစ်စဥ်ကို အကျိုးပြုတာကြောင့် ကယ်လိုရီလောင်ကျွမ်းပြီး ကိုယ်အလေးချိန် ကျစေပါတယ်။
(၈) ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ အမျှင်ဓာတ်များက နှလုံးရောဂါဖြစ်နိုင်ခြေ လျှော့ချပေးကာ ကျန်းမာသန်စွမ်းစေပါတယ်။
(၉) အင်ဇိုင်းတွေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက ခန္ဓာကိုယ်မှ အဆိပ်အတောက်များ ဖယ်ရှားပေးကာ ကိုယ်အလေးချိန် ကျစေပါတယ်။
(၁၀) ရေဓာတ်များခြင်းကြောင့် အလုံးစုံကျန်းမာရေး ကောင်းမွန်စေကာ ဇီဝကမ္မဖြစ်စဥ် ကောင်းမွန်စေပါတယ်။
သင်္ဘောသီးက ကိုယ်အလေးချိန်ချရာမှာ အထောက်အကူ ဖြစ်စေမယ့် ချက်ချင်းဝိတ်ကျသွားစေမယ့် အံ့မခန်းအရာတော့ မဟုတ်ပါဘူး။
#World_Health #သင်္ဘောသီးစားသုံးခြင်း #ကိုယ်အလေးချိန်ကျ #Source: NDTV
#World_Science
Published 19 January 2024
နယူးယော့ခ် ကိုင်ရိုအနီးရှိ လူသူကင်းမဲ့တဲ့ ကျောက်ကျင်းအနီးမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၈၅ သန်းက ကျောက်တုံးတွေထဲမှာ နစ်မြုပ်နေတဲ့ ကမ္ဘာ့ရှေးအကျဆုံး သစ်တောကို သုတေသီများ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
ရှေးဟောင်းသစ်တောကို သုတေသနအဖွဲ့က ယခင်က သိရှိပြီးသားဖြစ်ပေမယ့် ထိုသစ်တောမှာ ပေါက်ရောက်နေတဲ့ သစ်ပင်တွေရဲ့ သက်တမ်းတွေကို ဆုံးဖြတ်နိုင်တဲ့ ပထမဆုံးအခြေအနေ ဖြစ်ပါတယ်။
ကျောက်တုံးတွေထဲမှာ ထိန်းသိမ်းထားတဲ့ ရုပ်ကြွင်းအပင်မြစ်တွေက အတိတ်ကအကြောင်းတွေကို သိရှိလာစေပြီး ကီလိုမီတာ ၄၀၀ ခန့်ရှိတဲ့ ရှေးဟောင်းသစ်တောကို သိရှိလာစေပါတယ်။
ဘင်ဂမ်တန်တက္ကသိုလ်နဲ့ ကာဒစ်ဖ်တက္ကသိုလ်မှ သုတေသီတွေက ထိုအပင်များနဲ့ သစ်ပင်ရုပ်ကြွင်းများကို လေ့လာခဲ့ကြပါတယ်။
အစေ့တွေကနေ ပေါက်လာတဲ့ အပင်တွေမဟုတ်ဘဲ အဆိုပါရှေးဟောင်းသစ်ပင်တွေဟာ မျိုးမှုန်ပေါက်တွေကနေ မျိုးပွားတာ ဖြစ်ပါတယ်။
ဒါဟာ ရှေးဟောင်းဂေဟစနစ်အကြောင်းနဲ့ သက်ရှိအပင်တွေ ဗီဇပြောင်းလဲလာပုံတွေကို နားလည်စေပါတယ်။
ထိုအပင်တွေရဲ့ အမြစ်တွေက လေထုကနေ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်ယူပုံ၊ ရာသီဥတု ပြောင်းလဲစေပုံတို့မှာ အရေးပါနေပါတယ်။
ဒါတွေဟာ ကမ္ဘာမြေ ဘူမိဗေဒနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲမှု ပဟေဌိတို့ကို ဖြေရှင်းနိုင်မယ့် အဓိကအချက် ဖြစ်နေပါတယ်။
#World_Science #အမေရိကန်ရှိကမ္ဘာ့သက်တမ်းအရင့်ဆုံးသစ်တော #ပထမဆုံးအကြိမ် စူးစမ်းလေ့လာနိုင် #Source: WION
ဂျပန်နိုင်ငံ အိုကီနာဝါစီရင်စုပြည်နယ်မှ ငြိမ်းချမ်းရေးလှုပ်ရှားသူတစ်ဦးက အမေရိကန် စစ်အခြေစိုက်အဓိကစခန်းကြီးကို အိုကီနာဝါမှာ ဆောက်လုပ်မယ့်အရေးအပေါ် ဂျပန်အစိုးရ ခေါင်းမာမာဖြင့် ထောက်ခံနေခြင်းကို ဆန့်ကျင်ကြောင်း CCTV နဲ့အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။
#World_Military
Published_ 18 January 2024
#အိုကီနာဝါစီရင်စု #အမေရိကန်စစ်အခြေစိုက်စခန်းကြီးပြောင်းရွှေ့
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_ 18 January 2024
၁။ ပျူမြို့သရေခေတ္တရာအကြောင်းနှင့် ပျူအနုပညာရှင်၏ဖြစ်ရပ်မှန် အချစ်ဇာတ်လမ်းအကြောင်း ဇာတ်လမ်းတွဲရိုက်ကူးရန်ရှိ
၂။ ကုန်ကြမ်းဈေးမြင့်တက်ခြင်းအပြင် စားအုန်းဆီနေရာ၌ အစားထိုးသုံးစွဲလာခြင်းကြောင့် အော်ဒါမှာယူမှုများပြီး မြေပဲဆီဈေးနှုန်းများမြင့်တက်လာ
၃။ ကုန်စည်သယ်ယူခနှုန်းထားများ ပိုမိုမြင့်လာပြီး လမ်းခရီးအခြေအနေကြောင့် အချိန်မီမရောက်ရှိတာမျိုးများ ဖြစ်ပေါ်သည့်အတွက် အရောင်းဝယ်ပြုလုပ်သူများ အခက်တွေ့နေ
၄။ အိုကီနာဝါစီရင်စုတွင် အမေရိကန်စစ်အခြေစိုက်စခန်းကြီး ပြောင်းရွှေ့ဆောက်လုပ်ရေးကို ဒေသခံများအပြင်းအထန်ကန့်ကွက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#World_Health
Published 18 January 2024
ကြက်ဥမှာ ကိုလက်စ်ထရောလ် ပါဝင်မှုနဲ့ ပတ်သက်ပြီး ပညာရှင်တွေကြား အကြံပြုချက် ကွဲလွဲနေကြပါတယ်။
အာဟာရပညာရှင်တစ်ဦးကတော့ ကြက်ဥကို ဘယ်လိုပြင်ဆင်စားသောက်လဲ ဆိုတဲ့အပေါ်မူတည်ပြီး ကွဲပြားတယ်လို့ ဆိုပါတယ်။
ပန်ဆယ်လ်ဗေးနီးယားပြည်နယ်မှ အသိအမှတ်ပြု အာဟာရပညာရှင် ဒေါက်တာ ကယ်လီယန်ပက်ထရူချီက ကြက်ဥမှာ ရိုင်ဘိုဖလေဘင်၊ သံဓာတ်၊ ဇင့်၊ ဖော့စ်ဖရပ်စ်၊ ဖောလိတ်၊ ကိုလင်းနဲ့ ဗိုက်တာမင်များ ပါဝင်တယ်လို့ ဆိုပါတယ်။
ကိုလင်းစားပေးရင် စိတ်ဓာတ်ကျခြင်း၊ မှတ်ဉာဏ်ကျဆင်းခြင်းတို့ကို ကာကွယ်ပေးပါတယ်။
ဒါ့အပြင် ကြက်ဥက ခန္ဓာကိုယ်ထဲက ကိုလက်စ်ထရောလ်ကို သိပ်ပြီးမသက်ရောက်ဘူးလို့ ဆိုလိုက်ပါတယ်။
အချို့သုတေသနတွေကို နှိုင်းယှဥ်ကြည့်ရာမှာ ကြက်ဥအလွန်အကျွံ စားသုံးရင်တော့ နှလုံးရောဂါ ဖြစ်နိုင်ခြေမြင့်စေတာကြောင့် တော်သင့်ရုံသာ စားသုံးသင့်ပါတယ်။
ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်တို့လို အရာတွေနဲ့ တွဲဖက်ရင်တော့ မူလကတည်းက အဆီဓာတ်နဲ့ ဆိုဒီယမ်ပါဝင်မှု မြင့်မားတာကြောင့် ကျန်းမာရေးကို ထိခိုက်စေပါတယ်။
ကြက်ဥကို ဟင်းချက်ဆီတွေနဲ့ ပြင်ဆင်စားသုံးတာက ကျန်းမာရေးအန္တရာယ် ပိုရှိနိုင်တာကြောင့် မြက်စားနွားတွေထံမှရတဲ့ ထောပတ်တို့ဖြင့် ချက်ပြုတ်စားသုံးသင့်တယ်လို့ ပက်ထရူချီက အကြံပြုလိုက်ပါတယ်။
လက်ရှိမှာတော့ ကျန်းမာရေးကောင်းတဲ့ လူတွေဟာ တစ်ပတ်ကို ကြက်ဥ ၇ လုံးအထိ ဘေးကင်းစွာစားသုံးနိုင်တယ်လို့ ပညာရှင်များ အကြံပြုထားပါတယ်။
အမေရိကန်နှလုံးအဖွဲ့အစည်းမှ ဂျာလင်ဂျုန်းစ်က ကြက်ဥဟာ အာဟာရဓာတ်များစွာပါဝင်တဲ့ အစားအစာဖြစ်တယ်လို့ ဆိုပါတယ်။
ဗိုက်တာမင်အများအပြားနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တာကြောင့် မျက်လုံး၊ နှလုံးအတွက် ကျန်းမာရေးကောင်းမွန်စေတယ်လို့ ရှင်းပြသွားပါတယ်။
#World_Health #ကျန်းမာရေးဆိုးရွားစွာထိခိုက်စေ #ကြက်ဥ #Source: New York Post
#World_Business
Published 18 January 2024
ဆမ်ဆောင်းအီလက်ထရွန်နစ်က ဖန်တီးမှတ်ဉာဏ်တု(AI) လုပ်ဆောင်ချက်များစွာ ပါဝင်တဲ့ နောက်ဆုံးပေါ် ပရီမီယံစမတ်ဖုန်းကို ဗုဒ္ဓဟူးနေ့က ထုတ်ဖော်ပြသလိုက်ပါတယ်။
အဆိုပါ AI လုပ်ဆောင်ချက်တွေထဲမှာ နိုင်ငံခြားဘာသာစကားဖြင့် ဖုန်းပြောဆိုခြင်းအတွက် တပြိုင်နက် ဘာသာပြန်ပေးတာလည်း ပါဝင်ပြီး အက်ပဲလ်စမတ်ဖုန်းတွေကို လိုက်လံယှဥ်ပြိုင်ဖို့ ဆမ်ဆောင်းက ကြိုးပမ်းလာတာ ဖြစ်ပါတယ်။
နိုင်ငံတကာ အချက်အလက် ကော်ပိုရေးရှင်းရဲ့ အချက်အလက်များအရ ၂၀၂၃ မှာ အက်ပဲလ်က ဆမ်ဆောင်းထက် စမတ်ဖုန်းတင်ပို့မှု ပိုမိုသာလွန်ခဲ့ကာ ၂၀၁၀ နောက်ပိုင်း ဆမ်ဆောင်းထက် ပထမဆုံးအကြိမ် အသာရခဲ့တာ ဖြစ်ပါတယ်။
ဒီအတွက် ဆမ်ဆောင်းက ဖုန်းအသုံးပြုသူတွေကို ဆွဲဆောင်တဲ့အနေဖြင့် ပရီမီယံ Galaxy S24 မော်ဒယ်တွေမှာ AI လုပ်ဆောင်ချက်အမျိုးမျိုးကို ထည့်သွင်းလာပါတယ်။
မတူညီတဲ့ ဘာသာစကား ၂ ခုဖြင့် ဖုန်းပြောဆိုတဲ့အခါ ဝင်လာတဲ့ ဘာသာစကားအသံနဲ့ ပြောလိုက်တဲ့ ဘာသာစကားတို့ကို တိုက်ရိုက်ဘာသာပြန်ပေးမှာဖြစ်ပြီး Galaxy S24 က ဒီလိုလုပ်ဆောင်ချက်မျိုး ပါဝင်တဲ့ ပထမဆုံးစမတ်ဖုန်း ဖြစ်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။
ဘာသာစကား ၁၃ မျိုး ရရှိနိုင်ကာ ဆမ်ဆောင်းက ကိုယ်ပိုင် AIလေ့ကျင့်မှုများဖြင့် ဖန်တီးထားတာ ဖြစ်ပါတယ်။
ဖန်သားပြင်ပေါ်က ပုံရိပ်တစ်စိတ်တစ်နေရာကို ဝိုင်းလိုက်ရင် ဂူဂဲလ်မှာ ရှာပေးမယ့် လုပ်ဆောင်ချက်လည်း ပါဝင်ပါတယ်။
မက်ဆေ့ချ်တွေရဲ့ အသံအနေအထားကို ပုံမှန်သံ၊ တရိုတသေသံ၊ စီးပွားရေးအသံ၊ ဆိုရှယ်မီဒီယာအသံမျိုး လိုက်ပြီးပြောင်းလဲပေးတဲ့ လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါတယ်။
AI အနှစ်ချုပ်တင်ပြခြင်း၊ အသံသွင်းခြင်းကို ဘာသာပြန်ခြင်း၊ လက်တွေ့မှာမရှိတဲ့ နောက်ခံကို ဓာတ်ပုံတွေမှာ ထည့်သွင်းခြင်း၊ တိုက်ရိုက် ရိုက်ကူးနေတဲ့ ဗီဒီယိုတွေကို အနှေးအသွင်ဖန်တီးပေးခြင်းတို့ ပါဝင်ပါတယ်။
ဒီလိုAIလုပ်ဆောင်ချက်တွေက cloud ကိုချိတ်ဆက်စရာမလိုဘဲ လေ့ကျင့်ဖန်တီးပြီးတဲ့အခါ သုံးစွဲသူတွေရဲ့ ဖုန်းတွေဆီကို ဒေါင်းလုဒ်ဆွဲသွားမှာ ဖြစ်ပါတယ်။
Qualcomm နဲ့ ဆမ်ဆောင်းတို့လို ကုမ္ပဏီတွေဟာ ကိုယ်ရေးအချက်အလက်များ ပိုမိုစိတ်ချရတဲ့ အဆိုပါAIစနစ်မျိုးကို အသုံးပြုလာကြပါတယ်။
၂၀၂၄ မှာ တင်ပို့မယ့် စမတ်ဖုန်းတွေရဲ့ ၅ ရာခိုင်နှုန်းလောက်ကသာ AI လုပ်ဆောင်ချက် ပါဝင်မှာဖြစ်ပြီး ၂၀၂၇ မှာတော့ ၄၅ ရာခိုင်နှုန်းအထိ မြင့်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
ရေရှည်မှာ သုံးစွဲသူများရဲ့ လိုအပ်ချက်အရ ဖုန်းထဲမှာ AI လုပ်ဆောင်ချက်များ ထည့်သွင်းလာတဲ့ ဖုန်းတွေဟာ စမတ်ဖုန်းဈေးကွက်ကို သိသာစွာ သက်ရောက်နေလိမ့်မယ်လို့ Counterpoint မှ ဂျင်းပါ့ခ်က ပြောကြားလိုက်ပါတယ်။
သုံးစွဲသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ အချက်အလက်တွေကို AI လုပ်ဆောင်ချက်တွေထဲ ထည့်သွင်းနိုင်ဖို့ အချိန်ယူရဦးမှာ ဖြစ်တာကြောင့် ချက်ချင်းတော့ သက်ရောက်ဦးမှာ မဟုတ်ပါဘူး။
Galaxy S24 series ကို ဇန်နဝါရီ ၃၁ ရက်နေ့က စတင်ကာ ရောင်းချသွားမှာ ဖြစ်ပါတယ်။
အမေရိကန်မှာ Galaxy S24 ရဲ့ အခြေခံဈေးနှုန်းက ၇၉၉ ဒေါ်လာကနေ ပိုမိုမြင့်မားတဲ့ ဗားရှင်းနှစ်ခုဖြစ်တဲ့ S24 Plus နဲ့ S24 Ultra တို့ကတော့ ၉၉၉ ဒေါ်လာနဲ့ ၁၂၉၉ ဒေါ်လာအသီးသီး ရှိမှာဖြစ်ပါတယ်။
#World_Business #Appleကိုယှဥ်ပြိုင်မည့်Samsung #GalaxyS24စမတ်ဖုန်း #Source: Reuters
#World_Health
Published 18 January 2024
အမျိုးသားများ သုတ်ပိုးသန်စွမ်းချင်ပါက ကားထိုင်ခုံတွေကို အနွေးဓာတ်မထုတ်ဖို့ ဆရာဝန်တွေက တိုက်တွန်းလိုက်ပါတယ်။
ထိုင်ခုံတွေမှာ အနွေးဓာတ်လွှတ်ထားခြင်းက ဝှေးစေ့အပူချိန်တက်စေပြီး သုတ်ပိုးထုတ်လုပ်မှုကို ဆိုးရွားစွာ ထိခိုက်စေပါတယ်။
ယခုလိုဆောင်းရာသီအချိန် အပူချိန် ၀ ဒီဂရီအောက် ရောက်တဲ့နေရာတွေမှာ မော်တော်ကားတွေထဲ ထိုင်ခုံတွေကို အပူပေးလေ့ရှိကြပါတယ်။
ကျားအင်္ဂါကနေ သုတ်ပိုးထုတ်လုပ်ဖို့အတွက် အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေထက် ဒီဂရီများစွာ အေးစက်ဖို့ လိုအပ်ပါတယ်။
ဝှေးစေ့ပူနွေးနေပြီး ဘောင်းဘီအကြပ်ဖြင့် ကြာရှည်စွာ ထိုင်နေရတဲ့အခါ သုတ်ပိုးထုတ်လုပ်မှု လျော့နည်းစေတာကို သိရှိခဲ့ပြီးဖြစ်ကြောင်း မန်ချက်စတာတက္ကသိုလ်မှ ပရော်ဖက်ဆာ အယ်လန်ပေဆီက ပြောပြပါတယ်။
ကိုယ်ဝန်လိုချင်နေတဲ့ သူတွေအတွက် ကားထိုင်ခုံတွေ လျှပ်စစ်စောင်တွေ ပိတ်ထားဖို့ အကြံပြုသွားပါတယ်။
ခရီးရှည်မှာ မဖွင့်သင့်ပေမယ့် ခဏတဖြုတ် ရံဖန်ရံခါ ဖွင့်တာကတော့ ပြဿနာမရှိပါဘူး။
သုတ်ပိုးထုတ်လုပ်ရာ ပြဿနာပေးတာက အပူတစ်မျိုးတည်းမဟုတ်ဘဲ အလုပ်အကိုင်တွေကလည်း သက်ရောက်နေပါတယ်။
ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားလုပ်ကိုင်ရသူတွေဟာ ရုံးတွေမှာ ထိုင်လုပ်ရတဲ့သူတွေထက် ၅၀ ရာခိုင်နှုန်းနီးပါး သုတ်ပိုးအရေအတွက် ပိုများနေပါတယ်။
ဒါကြောင့် လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်းက ကျန်းမာရေးအကျိုးကျေးဇူး များစွာရှိနေပါတယ်။
လုပ်ငန်းခွင်မှာ လှုပ်ရှားလုပ်ကိုင်နေရခြင်းဟာ အမျိုးသားတွေရဲ့ မျိုးပွားနိုင်စွမ်းကို သိသိသာသာ တိုးတက်စေပါတယ်။
#World_Health #သုတ်ပိုးလျော့ကျပစ္စည်းတစ်မျိုး #ဆရာဝန်များသတိပေး #Source: New York Post
Page 348 of 952