Published 26 January 2024
ဆောင်းရာသီအတွင်း ချမ်းအေးတဲ့ ရာသီဥတုကြောင့် အသက်ရှူလမ်းကြောင်း ပြဿနာတွေ ပိုမိုဆိုးရွား ဖြစ်ပွားစေနိုင်ပါတယ်။
အေးမြတဲ့လေက ခြောက်သွေ့တာကြောင့် ချောင်းဆိုးနှာချေခြင်း၊ အသက်ရှူကြပ်ခြင်း၊ ရင်ဘတ်တင်းကြပ်ခြင်းတို့ ဖြစ်နိုင်ပြီး အသက်ရှူလမ်းကြောင်းရှိ သွေးကြောများ ကျုံ့စေကာ အသက်ရှူရ ခက်ခဲစေပါတယ်။
ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် အဆုတ်လုပ်ဆောင်ချက် ကောင်းမွန်စေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်နိုင်ခြေနည်းစေပါတယ်။
အဆုတ်ကျန်းမာရေးကို မြှင့်တင်စေနိုင်မယ့် အစားအစာတွေကတော့..
(၁) ကြက်သွန်ဖြူမှာ ရောဂါပိုးသေစေနိုင်တဲ့ အစွမ်းသတ္တိရှိပြီး အသက်ရှူလမ်းကြောင်း ကူးစက်မှုများကို ကာကွယ်ပေးပါတယ်။
(၂) ဂျင်းက ရောင်ရမ်းခြင်းကို ဆန့်ကျင်ပေးနိုင်ကာ အသက်ရှူလမ်းကြောင်းစနစ်မှာ ရောင်ရမ်းခြင်းကို လျှော့ချပေးပါတယ်။
(၃) နနွင်းမှာပါဝင်တဲ့ ကာကူမင်ဒြပ်ပေါင်းက ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ အစွမ်းသတ္တိနဲ့ ဓာတ်တိုးဆန့်ကျင်သတ္တိတို့ ပါဝင်ပါတယ်။
(၄) ဘယ်ရီသီးတွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်ပြီး အဆုတ်မှာ ဓာတ်တိုးခြင်းကို ကာကွယ်ပေးပါတယ်။
(၅) ဟင်းနုနွယ်နဲ့ ကိုက်လံတို့လို ဟင်းရွက်စိမ်းတွေမှာ ဗိုက်တာမင်ဓာတ်များ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝပြီး အသက်ရှူလမ်းကြောင်း ပြဿနာများကို လျှော့ချပေးပါတယ်။
(၆) ဗာဒံသီးနဲ့ လျှော်စေ့တို့လို အခွံမာသီးတွေနဲ့ အစေ့အဆန်တွေမှာ မရှိမဖြစ်လိုအပ်တဲ့ ဖက်တီးအက်ဆစ်များ ပါဝင်ပြီး အဆုတ်အတွင်း ရောင်ရမ်းမှုကို လျှော့ချနိုင်ပါတယ်။
(၇) လိမ္မော်သီး၊ ကျွဲကောသီးတို့လို အချဥ်ဓာတ်ပါတဲ့ အသီးတွေဟာ ဗိုက်တာမင်စီကြွယ်ဝတာကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မှုများကို လျှော့ချပေးပါတယ်။
(၈) လက်ဖက်စိမ်း
လက်ဖက်စိမ်းဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝပြီး အဆုတ်တစ်ရှူးများကို ကာကွယ်ပေးပါတယ်။
(၉) သလဲသီးဖျော်ရည် သောက်သုံးခြင်းဖြင့် ရောင်ရမ်းခြင်းများကို လျှော့ချပေးပြီး အသက်ရှူလုပ်ဆောင်ချက်ကို တိုးတက်စေပါတယ်။
(၁၀) ဆယ်လ်မွန်ငါးမှာ အိုမီဂါ၃ ဖက်တီးအက်ဆစ် ပါဝင်တာကြောင့် အဆုတ်ကျန်းမာရေးကို အကျိုးပြုပါတယ်။
ထိုအစားအစာတွေကို မျှတအောင် စားသုံးပါက အသက်ရှူလမ်းကြောင်း ပြဿနာတွေကို လျှော့ချနိုင်ပေမယ့် မူလကတည်းက ကျန်းမာရေးပြဿနာများ ရှိတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
Source: DoctorNDTV
#World_Health
#Published_ 26 January 2024
#YMG #Yangon_Times #Yangon_Media_Group
Published 26 January 2024
ခွေးလေးတွေက ခွေးကြီးတွေထက် ဘာလို့အသက်ပိုရှည်ရသလဲဆိုတဲ့ အကြောင်းအရင်းကို နှစ်ပေါင်းများစွာ ဆွေးနွေးလေ့လာပြီးနောက် သိပ္ပံပညာရှင်များ ဖော်ထုတ်ခဲ့ကြပါတယ်။
ခွေးအကြီးတွေရော ခွေးလေးတွေရောက ရောဂါဖြစ်ပွားမှု အကြိမ်ရေ တူတူနီးပါး ဖြစ်လေ့ရှိပေမယ့် ခွေးကြီးတွေက အခြေအနေ ပိုပြင်းထန်လေ့ရှိတယ်လို့ ဝါရှင်တန်တက္ကသိုလ်က လေ့လာဖော်ပြခဲ့ပါတယ်။
အမေရိကန်တဝှမ်းရှိ ခွေးမျိုးစိတ် ၂၃၈ မျိုးပါဝင်တဲ့ အကောင်ပေါင်း ၂၇၅၀၀ ခန့်ကို စစ်တမ်းကောက်ယူ လေ့လာခဲ့ပါတယ်။
ခွေးတွေမှာ ကျန်းမာရေးပြဿနာများ ခံစားရဖူးလားဆိုတာတွေကို ခွေးပိုင်ရှင်တွေကို မေးမြန်းခဲ့ပါတယ်။
ခွေးတွေရဲ့ ပျမ်းမျှအလယ်အလတ် သက်တမ်းက အမျိုးအစားအားလုံးမှာ ၇ နှစ်ဖြစ်ခဲ့ပါတယ်။
အချက်အလက်များ ဆန်းစစ်ပြီးနောက် အရွယ်အစားကြီးတဲ့ ခွေးတွေဟာ ကင်ဆာ၊ အရိုးရောဂါများ၊ အစာအိမ်အူလမ်းကြောင်း ပြဿနာ၊ အာရုံကြော၊ ဟော်မုန်းရောဂါများ၊ နား နှာခေါင်း လည်ချောင်းပြဿနာများ၊ ကူးစက်ရောဂါများ ပိုပြီးအဖြစ်များကြောင်း တွေ့ရှိခဲ့ပါတယ်။
ခွေးကြီးတွေရဲ့ ဖွံ့ဖြိုးမှုပုံစံက အရိုးငြမ်းဖွံ့ဖြိုးစဥ် အလျင်အမြန် ကိုယ်အလေးချိန် တက်လာပြီး အရိုးနဲ့ ကြွက်သားဆက်စပ်ရောဂါများ ဖြစ်နိုင်ခြေများတာနဲ့ ပတ်သက်နေတယ်လို့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။
ခွေးလေးတွေကတော့ နှလုံး၊ အသက်ရှူလမ်းကြောင်း၊ မျက်စိပိုင်းဆိုင်ရာ ပြဿနာများ ပိုအဖြစ်များပြီး အသည်းနဲ့ ပန်ကရိယရောဂါများလည်း ဖြစ်တတ်ပါတယ်။
ဒါပေမဲ့လည်း ခွေးတွေရဲ့ အသက်၊ အရွယ်အစား၊ ရောဂါဖြစ်နိုင်ခြေတို့နဲ့ ပတ်သက်တဲ့ ဆက်စပ်မှုများကို ရှင်းလင်းအောင်ပြုလုပ်ဖို့ နောက်ထပ်သုတေသနတွေ လိုအပ်ကြောင်း သိပ္ပံပညာရှင်တွေက ဆိုပါတယ်။
ပျမ်းမျှနေထိုင်သက်တမ်း နည်းပါးတဲ့ ခွေးကြီးမျိုးစိတ်တွေမှာ ဖြစ်တတ်တဲ့ ရောဂါတွေနဲ့ ပတ်သက်ပြီး ပိုမိုသိရှိဖို့အတွက် ထိုတွေ့ရှိချက်တွေက အထောက်အကူဖြစ်လာနိုင်ပါတယ်။
တိရိစ္ဆာန်ဆရာဝန်တွေလည်း ခွေးကြီးတွေဖြစ်တတ်တဲ့ အခြေအနေတွေကို ပိုမိုသိရှိပြီး ကုသစေနိုင်မှာ ဖြစ်ပါတယ်။
Source: WION.
#World_Research
#Published_ 26 January 2024
#YMG #Yangon_Times #Yangon_Media_Group
တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးဘီးစက်ဘီးတွေရဲ့ ကုန်ကျစရိတ် သက်သာမှုနဲ့ အဆင်ပြေချောမွေ့မှုတို့ကြောင့် ဒီဂျစ်တယ်စီးပွားရေး ပလက်ဖောင်းတွေကနေ အမေရိကန်သုံးစွဲသူ အများအပြား မှာယူမှုမြင့်တက်လာပါတယ်။
#World_Industry
#Published_ 25 January 2024
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 25 January 2024
၁။ ညပိုင်းအေး၍ ရာသီတုပ်ကွေးနှင့် ကိုဗစ်အဖြစ်များနေ၊ ကိုဗစ်က ရာသီတုပ်ကွေးဆန်လာဟုဆို
၂။ သင်္ကြန်ကာလအတွက် ဥရောပနှင့် ဒေသတွင်း ပြည်ပခရီးစဉ်များ ရောင်းချရမှု များပြားနေသော်လည်း ကိုဗစ်မတိုင်မီကာလကို မမှီသေးဟုဆို
၃။ တောင်သူများ အရှုံးသက်သာဈေးစေရန် အတွက် ဒေသပေါက်ဈေးအတိုင်းပေးပြီး မြေပဲတောင့် တန်၇၀၀ကျော် ၀ယ်ယူနိုင်ခဲ့ဟုဆို
၄။ တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးဘီးစက်ဘီးများ အမေရိကန်မှ မှာယူသူအလွန်များပြားလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 25 January 2024
မြောက်ကိုရီးယားက ယင်းတို့ရဲ့ ဗျူဟာမြောက်ပဲ့ထိန်းဒုံးကျည်အသစ်ကို ဗုဒ္ဓဟူးနေ့က စမ်းသပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က ကြာသပတေးနေ့မှာ ဖော်ပြလိုက်ပါတယ်။
အဆိုပါ ဒုံးကျည်စမ်းသပ်မှုကို တောင်ကိုရီးယားစစ်တပ်ဘက်က ထိုနေ့မတိုင်ခင်ကတည်းက ပြောထားတာ ဖြစ်ပါတယ်။
Pulhwasal-3-31 လို့ အမည်ပေးထားတဲ့ ဒုံးကျည်ဟာ လက်ရှိမှာ ထုတ်လုပ်နေဆဲဖြစ်ပြီး စမ်းသပ်ပစ်ခတ်မှုက အိမ်နီးချင်းနိုင်ငံတွေရဲ့ လုံခြုံရေးကို ထိခိုက်မှုမရှိခဲ့ဘဲ ဒေသတွင်းအခြေအနေတွေနဲ့ ဘာပတ်သက်မှုမှ မရှိဘူးလို့ မီဒီယာက ဖော်ပြခဲ့ပါတယ်။
ဒုံးကျည်ထိန်းချုပ်ကွပ်ကဲရေးရဲ့ ပြောကြားချက်အရ အဆိုပါစမ်းသပ်မှုဟာ တိုင်းပြည်ရဲ့ လက်နက်လုပ်ငန်းစဥ်များကို အဆင့်မြှင့်တင်ခြင်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။
စမ်းသပ်ချက်က လက်ရှိဒုံးကျည်စွမ်းရည်များရဲ့ အဆင့်မြှင့်တင်ချက်တွေကို စမ်းသပ်ရန် ဖြစ်တယ်လို့ တောင်ကိုရီးယား ပူးတွဲကာကွယ်ရေးစစ်ဦးစီးချုပ်က ယုံကြည်နေပါတယ်။
မြောက်ကိုရီးယားဟာ ဒေသစံတော်ချိန် နံနက် ၇ နာရီခန့်မှာ ပဲ့ထိန်းဒုံးကျည်များကို အနောက်ကမ်းရိုးတန်းဘက် ပင်လယ်သို့ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း တောင်ကိုရီးယားစစ်တပ်က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
ဒုံးကျည်စမ်းသပ်မှုက အိမ်နီးချင်းနိုင်ငံကို အပြင်းအထန် ခြိမ်းခြောက်ရာကျတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ရှင်ဝမ်ရှစ်က ရှုတ်ချလိုက်ပါတယ်။
ဗျူဟာမြောက်လို့ ဆိုရာမှာ နျူကလီးယား လက်နက်တွေကို ရည်ညွှန်းပါတယ်။
မြောက်ကိုရီးယားဟာ ၂၀၂၁ စက်တင်ဘာလမှာ နျူကလီးယား စွမ်းရည်ပါတဲ့ ပဲ့ထိန်းဒုံးကျည်ကို ပထမဆုံးစမ်းသပ်ခဲ့ပါတယ်။
စောင့်ကြည့်ထောက်လှမ်းခြင်းနဲ့ ကာကွယ်ရေးတို့ မြှင့်တင်ရန်အတွက် ၂၀၂၇ ခုနှစ်မှာ ကင်းထောက်ဒရုန်း အမြောက်အများ ထုတ်လုပ်ဖို့ကိုလည်း ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ပဋိဉာဥ်စည်းမျဥ်းတွေကနေ တားမြစ်ထားခြင်းမရှိတဲ့ ပဲ့ထိန်းဒုံးကျည်တွေဟာ တိုက်ချင်းပစ်ဒုံးကျည်တွေလောက် သိပ်ပြီးမစိုးရိမ်ကြပါဘူး။
ဒါပေမဲ့ အန္တရာယ်ပေးနိုင်စွမ်းကတော့ မလျော့နည်းဘဲ မြောက်ကိုရီးယားအတွက် အားကိုးရာလက်နက် ဖြစ်နေတယ်လို့ သုံးသပ်သူများက ဆိုပါတယ်။
ပဲ့ထိန်းဒုံးကျည်တွေနဲ့ တာတိုပစ် တိုက်ချင်းပစ်ဒုံးကျည်တွေကို သာမန်လက်နက် ဒါမှမဟုတ် နျူကလီးယားလက်နက် တပ်ဆင်ပါက တည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက်စေနိုင်ပါတယ်။
Source: Reuters
#World_Military
#Published_ 25 January 2024
#YMG #Yangon_Times #Yangon_Media_Group
Published 25 January 2024
လူသားတွေအနေနဲ့ လောကကြီးအကြောင်း လေ့လာသင်ယူပုံတွေ၊ အတိတ်အကြောင်းကို ပြန်ပြောင်းအမှတ်ရပုံတွေ၊ စိတ်ကူးစိတ်သန်းတွေ အစီအစဥ်တွေအတွက် အတွေ့အကြုံသစ် ဖန်တီးပုံတွေမှာ မှတ်ဉာဏ်ပိုင်းဆိုင်ရာက စွမ်းဆောင်သွားပုံနဲ့ ပတ်သက်ပြီး လူလုပ်အသိဉာဏ်တု(AI)က ဘယ်လိုရှင်းပြနိုင်သလဲဆိုတာကို လန်ဒန်တက္ကသိုလ်ကောလိပ် အာရုံကြောသိပ္ပံဌာနမှ သုတေသီများက ဖော်ပြလိုက်ပါတယ်။
လက်ရှိမှာ AI မှာအသုံးပြုနေတဲ့ ကွန်ရက်နည်းပညာတွေ အဆင့်မြင့်လာရာကနေ ဖြစ်ပျက်ခဲ့ပြီးသားမှ အချက်အလက် ဘယ်လိုပြန်ထုတ်ယူမလဲ၊ အတွေ့အကြုံအသစ်တွေကို ဘယ်လိုစိတ်ကူးပုံဖော်မလဲ ဆိုတာတွေကို သိရှိလာနိုင်တယ်လို့ ဦးဆောင်သုတေသီ အယ်လီနာစပင်းစ်က ဆိုပါတယ်။
ဦးနှောက်အစိတ်အပိုင်းတွေထဲက မှတ်ဉာဏ်၊ စိတ်ကူးပုံဖော်ခြင်း၊ စီစဥ်ခြင်းတို့နဲ့ ပတ်သက်တဲ့ အပိုင်းတွေကို လေ့လာကြတာ ဖြစ်ပါတယ်။
AI ပုံစံတစ်ခုကို ပုံရိပ်ပေါင်း ၁ သောင်းပြသကာ ဦးနှောက်အစိတ်အပိုင်းက တွေ့ကြုံဖူးတာတွေကို မှတ်သားသလိုမျိုး ဖန်တီးခဲ့ပါတယ်။
ထိုအချက်အလက်တွေက အာရုံကြောကွန်ရက်မှာ လေ့ကျင့်ဖို့ ပြန်လည်ပြသခဲ့ကာ ဒီဖြစ်စဥ်က လူသားတွေမှာ တွေ့ကြုံဖူးတာတွေကို အမှတ်ရပြီး နောက်နောင်အတွက် ခန့်မှန်းမှုတွေ ပြုလုပ်တဲ့သဘောနဲ့ ဆင်တူနေပါတယ်။
အနာဂတ်အတွက် စိတ်ကူးပုံဖော်ခြင်းနဲ့ စီမံခြင်းတို့မှာလည်း ဦးနှောက်က ဘယ်လိုထုတ်လုပ်လဲဆိုတာကို သုတေသနက ဖော်ပြသွားပါတယ်။
ဒီသုတေသနက မှတ်ဉာဏ်ပိုင်းနဲ့ စိတ်ကူးပုံဖော်မှုအပိုင်းကို နားလည်စေရုံမက လူ့ဦးနှောက်မှာ AI ရဲ့ မှတ်ဉာဏ်အလုပ်လုပ်ပုံများကို ရှင်းပြနိုင်ဖွယ် ရှိနေပါတယ်။
Source: WION.
#World_Science
#Published_ 25 January 2024
#YMG #Yangon_Times #Yangon_Media_Group
Published 25 January 2024
လက်ဖက်စိမ်းက ကျန်းမာရေးအကျိုးကျေးဇူးများ ရှိရုံမက ပျော်ရွှင်မှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။
ယခင်လေ့လာချက်တွေမှာ လက်ဖက်စိမ်းသောက်သုံးခြင်းဖြင့် နှလုံးရောဂါ၊ လေဖြတ်ဝေဒနာတို့ ဖြစ်နိုင်ခြေ လျော့နည်းစေပြီး စိတ်ပိုင်းဆိုင်ရာကို မြှင့်တင်နိုင်တယ်လို့ တွေ့ရှိထားပါတယ်။
ဂျပန်နိုင်ငံ အိုကီနာဝါမှလူတွေဟာ အခြားလူမျိုးတွေထက် ကင်ဆာ၊ နှလုံးရောဂါ၊ ဒီမန်ရှာတို့ ဖြစ်ပွားမှုနည်းပါးပြီး ကျန်တဲ့တစ်ကမ္ဘာလုံးက လူတွေထက် သက်ရှည်ကျန်းမာနေကာ ထိုဒေသခံတွေဟာ စံပယ်နံ့ပါတဲ့ လက်ဖက်စိမ်းရည်ကို နှစ်ခြိုက်စွာ သောက်သုံးကြပါတယ်။
လက်ဖက်စိမ်းမှာပါတဲ့ အဓိကပါဝင်ပစ္စည်းတွေက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ စိတ်အခြေအနေကို ကြာရှည်မြင့်မားစေပြီး ရောင်ရမ်းဆန့်ကျင်အာနိသင်နဲ့ သက်ရှည်ကျန်းမာစေတဲ့ အာနိသင်များလည်း ရှိကြပါတယ်။
၂၀၁၈ လေ့လာချက်အရ တစ်ပတ်ကို လက်ဖက်စိမ်းရည် အနည်းဆုံး ၃ ခွက်သောက်သူတွေဟာ စိတ်ဓာတ်ကျဝေဒနာ ဖြစ်နိုင်ခြေ ၂၁ ရာခိုင်နှုန်း ပိုမိုနည်းပါးပါတယ်။
ကော်ဖီနဲ့ယှဥ်ရင် လက်ဖက်စိမ်းမှာ ကဖင်းဓာတ် နည်းပါးပြီး အယ်လ်သီယာနင်ဓာတ်ကတော့ စိတ်ဖိစီးမှုနဲ့ ပူပန်မှုတို့ကို ပြေလျော့စေပါတယ်။
ထိုအရာတွေကို အမိုင်နိုအက်ဆစ်နဲ့ တွဲလိုက်တဲ့အခါ ပူပန်မှုကိုလျှော့ချခြင်း၊ ဦးနှောက်လုပ်ဆောင်ချက် မှတ်ဉာဏ် အာရုံစူးစိုက်မှုတို့ မြှင့်တင်ခြင်းတို့ ပေးစွမ်းနိုင်ပါတယ်။
သဘာဝဒြပ်ပေါင်း ဖလေဗိုနွိုက်ဟာ ဦးနှောက်ဆဲလ်အသစ် ဖွံ့ဖြိုးမှုကို ကူညီပြီး ရှိပြီးသားဆဲလ်တွေကို ကျန်းမာစေပါတယ်။
လက်ဖက်စိမ်းရည်ကို တစ်ပတ်အတွင်း အကြိမ်ရေအနည်းငယ် သောက်သုံးခြင်းဖြင့် အကျိုးကျေးဇူးများ ရရှိနိုင်ပြီး နေ့စဥ်သောက်မယ်ဆိုရင်တော့ ကဖင်းဓာတ်ကြောင့် အိပ်စက်မှုထိခိုက်မှာကို ချင့်ချိန်ရမှာ ဖြစ်ပါတယ်။
လက်ဖက်စိမ်းက စိတ်အခြေအနေကို မြှင့်နိုင်ပေမယ့် တစ်မျိုးတည်းနဲ့တော့ မလုံလောက်ပါဘူး။
Source: New York Post
#World_Health
#Published_ 25 January 2024
#YMG #Yangon_Times #Yangon_Media_Group
Page 343 of 952