#World_News
Published 23 November 2024
▪️ ကြာသပတေးနေ့က ယူကရိန်းသို့ပစ်လိုက်တဲ့ ရုရှားတို့ရဲ့ အသံထက်မြန် အိုရက်ရှ်နစ်ဒုံးကျည်ဟာ ခြေရာခံ ပစ်ချလို့မရဘူးလို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က နိုဝင်ဘာ ၂၂ ရက်နေ့မှာ ပြောလိုက်ပြီး အဆိုပါဒုံးကျည်များ ဆက်လက်ထုတ်လုပ်သွားဖို့ အမိန့်ပေးလိုက်ပါတယ်။
▪️ "ယနေ့ကမ္ဘာပေါ်မှာ ထိုဒုံးကျည်မျိုးကို တန်ပြန်ဖျက်ဆီးနှောင့်ယှက်လို့ရတဲ့ လက်နက်စနစ် မရှိပါဘူး။ နောက်ဆုံးပေါ် ဒီဒုံးကျည်တွေကို ဆက်လက်စမ်းသပ်သွားမှာ ဖြစ်ပြီး အများအပြား ထုတ်လုပ်သွားဖို့ လိုအပ်တယ်ဆိုတာကို အထူးအလေးပေး ထပ်ပြောလိုက်ရပါတယ်" လို့ ပူတင်က ပြောပါတယ်။
▪️ ဒီဆုံးဖြတ်ချက်ကို အတည်ပြုပြီးဖြစ်တယ်လို့ စစ်ရေးအကြီးအကဲများနဲ့ ရုပ်သံအစည်းအဝေး ပြုလုပ်စဉ် ပြောကြားခဲ့ပါတယ်။
▪️ ရုရှားတို့ပစ်လိုက်တဲ့ အသံထက်မြန် ဒုံးကျည်ဟာ ယူကရိန်း ဒီနီပရိုမြို့ကို တစ်နာရီ ၁၃၀၀၀ ကီလိုမီတာနှုန်းဖြင့် ထိမှန်ခဲ့တယ်လို့ ယူကရိန်းဘက်က ဆိုပါတယ်။
သုံးသပ်ချက်အရ ဒုံးကျည် ပစ်မှတ်နေရာသို့ ရောက်ရန် ၁၅ မိနစ်သာ ကြာမြင့်ခဲ့တယ်လို့ ယူကရိန်း ပင်မထောက်လှမ်းရေး ဦးစီးဌာနက ပြောပါတယ်။
▪️ ဒုံးကျည်မှာ ထိပ်ဖူး ၆ ခုတပ်ဆင်ထားကာ တစ်ခုချင်းစီမှာ လက်နက်ငယ် ၆ ခုပါဝင်ပြီး လွှတ်တင်မှု နောက်ဆုံးအချိန်မှာ အမြန်နှုန်းက Mach 11 ကျော်ရှိခဲ့ပါတယ်။
▪️ သောကြာနေ့က ယူကရိန်းဟာ ခါ့စ်အိုဘလက်စ်မှာ ထိန်းသိမ်းထားတဲ့ ရုရှားနိုင်ငံသား ၄၆ ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ ရုရှားတို့က ဆိုပါတယ်။
▪️ ညှိနှိုင်းမှုများ ကြာရှည်ပြုလုပ်ပြီးနောက် နိုင်ငံသားတွေကို ပြန်ခေါ်နိုင်ခဲ့ကာ လိုအပ်တဲ့ အထောက်အပံ့အားလုံး ရထားတယ်လို့ ခါ့စ်ဒေသ အုပ်ချုပ်ရေးမှူး အဲလက်ဆိုင်းစမီယာနော့ဗ်က တယ်လီဂရမ်မှာ ဖော်ပြထားပါတယ်။
#Source: WION
#World_Science
Published 23 November 2024
▪️ နှစ်တစ်သန်းလောက် ကြာမြင့်ခဲ့တဲ့ ကာနီယန်ပလူဗီယဲလ်ခေတ်(CPE) မိုးရွာသွန်းတဲ့ ကာလတွေပြီးဆုံးတဲ့နောက် မျိုးသုဉ်းပျောက်ကွယ်မှုကြီးတစ်ခုအကြောင်း နိုင်ငံတကာ သိပ္ပံပညာရှင်များအဖွဲ့က တွေ့ရှိခဲ့ကြပါတယ်။
▪️ ထိုသို့ မျိုးသုဉ်းပျောက်ကွယ်မှုကနေ ကမ္ဘာပေါ်မှာ ဒိုင်နိုဆောတွေ စိုးမိုးတဲ့ခေတ် ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
▪️ ဘရစ္စတိုလ်တက္ကသိုလ်မှ ပရော်ဖက်ဆာ မိုက်ဘင်တန်နဲ့ တရုတ်ဘူမိသိပ္ပံတက္ကသိုလ်မှ ဒေါက်တာ ဂျေကိုပိုဒယ်ကော်ဆိုတို့က ဒီသုတေသန ပြုလုပ်တာ ဖြစ်ပါတယ်။
▪️ ထရိုင်ယေဆက်ခေတ်နှောင်းပိုင်းမှာ တိုက်ကြီးတွေက တစ်ခုနဲ့တစ်ခု ပေါင်းစပ်ပြီး ပန်ဂီယာလို့ခေါ်တဲ့ ဧရာမတိုက်ကြီး ဖြစ်ခဲ့ကာ ပန်သလက်ဆာသမုဒ္ဒရာကြီးက ဝန်းရံထားပါတယ်။
▪️ ပန်ဂီယာတိုက်ရဲ့ အတွင်းပိုင်းက မိုးနည်းခြောက်သွေ့ပြီး ကမ်းရိုးတန်းနဲ့ နီးစပ်တဲ့နေရာတွေသာ မိုးရွာသွန်းပါတယ်။
▪️ အလက်စ်ကာနဲ့ ဗြိတိသျှကိုလံဘီယာ အပါအဝင် ဝမ်ဂျယ်လီယာဒေသမှာ မီးတောင်ပေါက်ကွဲမှုကြီးများ ဖြစ်ခဲ့ကာ ရာသီဥတု ပြောင်းလဲလာတယ်လို့ ယူဆထားပါတယ်။
▪️ မီးတောင်ပေါက်ကွဲမှုတွေကနေ ထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေက လေထုထဲ ဝင်ရောက်သွားပါတယ်။
▪️ များပြားလွန်းတဲ့အတွက် ကမ္ဘာကြီးပူနွေးမှု မြင့်တက်လာခဲ့ပြီး အပူချိန် ၅ ဒီဂရီမှ ၇ ဒီဂရီ ဖာရင်ဟိုက်အထိ မြင့်တက်လာကာ ပင်လယ်ပြင်တွေမှာ အငွေ့ပျံလာပြီး ကမ္ဘာပေါ်သို့ မိုးများရွာသွန်းလာပါတယ်။
▪️ ဒီလိုရာသီဥတုတွေကြောင့် သတ္တဝါမျိုးစိတ် အများအပြား မလိုက်သင့်မနေနိုင်ဘဲ မျိုးသုဉ်းကုန်ကြပါတယ်။
▪️ အချို့တိရိစ္ဆာန်များ ပျောက်ကွယ်ကာ မျိုးစိတ်သစ်များ ထွက်ပေါ်လာပါတယ်။
ဒိုင်နိုဆောတွေက ဒီမတိုင်ခင် နှစ်ပေါင်းသန်း ၂၀လောက်က အစပြုခဲ့တာကို သိခဲ့ပေမယ့် ကာနီယန်ပလူဗီယဲလ်ခေတ် မပျက်စီးခင်အထိတော့ အလွန်ရှားပါးခဲ့ကာ ရုတ်တရက် ရာသီဥတုဖောက်ပြန်မှုကြောင့် ဒိုင်နိုဆောခေတ် ရောက်ရှိလာတာဖြစ်တယ်လို့ ပရော်ဖက်ဆာ မိုက်ခ်ဘင်တန်က ပြောသွားပါတယ်။
#Source: WION
#World_Health
Published 23 November 2024
▪️ ထိုင်ချိန်နဲ့ လဲလျောင်းချိန် ကြာမြင့်ခြင်းဟာ နှလုံးရောဂါဆက်စပ် ကျန်းမာရေးပြဿနာများ ဖြစ်နိုင်ခြေ များစေတယ်လို့ တွေ့ရှိထားပါတယ်။
▪️ ဒါဟာ အထိုင်များခြင်းနဲ့ နှလုံးပြဿနာတို့ကြား ဆက်စပ်မှုအကြောင်းကို လေ့လာထားတာ ဖြစ်ပါတယ်။
▪️ ဒီလို ကျန်းမာရေးပြဿနာတွေ အကြောင်းကို မာဆာချူဆက်စ် အထွေထွေဆေးရုံမှ နှလုံးအထူးကု ဒေါက်တာ ရှန်ခါရှစ်က အလေးပေး ဖော်ပြသွားပါတယ်။
▪️ တစ်နေ့ကို ၁၀.၆ နာရီလောက် ထိုင်ခြင်းက နှလုံးရောဂါနဲ့ နှလုံးသွေးကြောအန္တရာယ် ဖြစ်နိုင်တဲ့ပမာဏဖြစ်ပြီး ထိုင်ချိန် လျှော့ချခြင်းဖြင့် ဒီပြဿနာများ ဖြစ်နိုင်ခြေကို လျှော့ချနိုင်တယ်လို့ ဖော်ပြထားပါတယ်။
▪️ တစ်နေ့ကို ၁၀.၆ နာရီကျော် ထိုင်တဲ့သူတွေဟာ နှလုံးရောဂါ ဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်းပိုများပါတယ်။
▪️ အထိုင်များပြီး လေ့ကျင့်ခန်း အတန်အသင့် လုပ်တဲ့သူတွေတောင်မှ နှလုံးရောဂါ ဖြစ်နိုင်ခြေ ၁၅ ရာခိုင်နှုန်း ပိုများပါတယ်။
▪️ ဒီလေ့လာချက်က လူတွေ ကျန်းမာရေး ပိုမိုကောင်းမွန်စေရန် လှုပ်ရှားသင့်ကြောင်းကို ဖော်ပြနေတယ်လို့ ယေးလ်ဆေးတက္ကသိုလ်မှ ပရော်ဖက်ဆာ ဒေါက်တာ ဟာလန်အမ်ခရမ်ဟော့ဇ်က ပြောသွားပါတယ်။
▪️ နှလုံးသွေးကြော အန္တရာယ်နဲ့ ပတ်သက်လာရင် အထိုင်များတဲ့သူတွေက ၅၄ ရာခိုင်နှုန်း ဖြစ်နိုင်ခြေပိုများကာ အထိုင်များပြီး လှုပ်ရှားမှုရှိတဲ့သူတွေက ၃၃ ရာခိုင်နှုန်း များနေပါသေးတယ်။
▪️ ဒါပေမဲ့ လေ့လာချက်အတွင်း တိုင်းတာမှုတွေက ခန္ဓာကိုယ်အနေအထားကို အတိအကျ မသိနိုင်တဲ့အတွက် တရားသေ ယူဆလို့မရပါဘူး။
#Source: The Jerusalem Post
တရုတ်ပြည်အလယ်ပိုင်း ဟေနန်ပြည်နယ်မှာ အင်္ဂါနေ့မနက်ပိုင်းက တရုတ်နဲ့ စင်ကာပူစစ်တပ်တို့ ၂၀၂၄ စစ်ရေးပူးပေါင်းလေ့ကျင့်မှုများ စတင်ပြုလုပ်လိုက်ကာ မြို့ပြအကြမ်းဖက်မှု နှိမ်နင်းရေးကို ဦးစားပေးလုပ်ဆောင်နေကြပါတယ်။
#World_Military
Published 22 November 2024
#တရုတ်နှင့်စင်ကာပူ #မြို့ပြအကြမ်းဖက်မှု
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 22 November 2024
၁။ နိုဝင်ဘာလအတွင်းပုဂံရှေးဟောင်းကန်(၄၅)ကန်တူးဖော်မှုပြီးစီးပြီဖြစ်၊ (၄၆)ကန်ဆက်လက်တူးဖော်မည်
၂။ ဆန်စပါးသိုလှောင်ရုံပိုင်ရှင်များ မှတ်ပုံမတင်ထားပါက လုပ်ကိုင်ခွင့်ပိတ်သိမ်းပြီး အရေးယူတော့မည်
၃။ စက်သုံးဆီ ဈေးအားလုံးကျ၊ သုံးပတ်အတွင်း ဓာတ်ဆီတစ်လီတာ၁၅၀ကျပ်အထိကျဆင်းလာ
၄။ တရုတ်နှင့်စင်ကာပူစစ်တပ်တို့၏ (၆)ကြိမ်မြောက်စစ်ရေးပူးပေါင်းလေ့ကျင့်မှုအစီအစဉ်စတင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၂၂ နိုဝင်ဘာ ၂၀၂၄
◾️အမေရိကန်နှင့် ဗြိတိန်တို့က ယူကရိန်းကို ယင်းတို့၏ လက်နက်များဖြင့် ရုရှားအား တိုက်ခိုက်ခွင့်ပြုခဲ့သည့် အတွက် ယူကရိန်းစစ်ပွဲသည် ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခ တစ်ခုအဖြစ် ဦးတည်၍ အရှိန်မြင့်လာပြီဟု ရုရှား သမ္မတ ဗလက်ဒီမာပူတင်က ကြာသပတေးနေ့က ပြောကြားလိုက်သည်။
◾️ရုရှားအနေဖြင့် အနောက်ကို ပြန်လည် တိုက်ခိုက်ရလိမ့်မည်ဟုလည်း ပူတင်က သတိပေးလိုက်သည်။
◾️အမေရိကန်နှင့်ဗြိတိန်တို့၏ ဒုံးကျည်များအသုံးပြုခဲ့ခြင်းအပေါ် ပြန်လည်တုန့်ပြန်သည့်အနေဖြင့် ရုရှား သည် ဟိုက်ပါဆိုးနစ် တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်ဖြင့် ယူကရိန်း၏ စစ်ဘက်အဆောက်အအုံများအား ပြန်လည်တိုက်ခိုက်ခဲ့သည်ဟုလည်း ပူတင်က ပြောသည်။ နောက်ထပ် ထပ်လာဦးမည်ဟုလည်းသူက သတိပေးလိုက်သည်။
◾️ဤကဲ့သို့သောလက်နက်များဖြင့် ထပ်မံတိုက်ခိုက်ရန်ရှိသည့်အတွက် အရပ်သား များ သတိထားနေထိုင်ရန်လည်း ပူတင်က သတိပေးလိုက်သည်။
◾️ဂျိုးဘိုင်ဒင်၏ ခွင့်ပြုချက်ဖြင့် အမေရိကန် က ယင်း၏ ATACMS ဒုံးကျည်ခြောက်စီးဖြင့် နိုဝင်ဘာ ၁၉ ရက်တွင်လည်းကောင်း၊ ဗြိတိန်က ယင်း၏ Storm Shadow ဒုံးကျည်နှင့် အမေရိကန်လုပ် HIMARS တို့ဖြင့် နိုဝင်ဘာ ၂၁ရက်တွင် လည်းကောင်း ယူကရိန်းက ရုရှားကိုတိုက်ခိုက်ခဲ့သည်ဟုလည်း ပူတင်ကပြောသည်။
◾️ ကမ္ဘာကြီးကို ကမ္ဘာလုံးဆိုင်ရာပဋိပက္ခအသွင်သို့ အမေရိကန်က တွန်းပို့နေသည်ဟု ပူတင်ကဝေဖန် သည်။
◾️ATACMS တိုက်ခိုက်မှုက ထိခိုက်ပျက်စီးမှု မပြောပလောက်ဖြစ်ခဲ့သော်လည်း နိုဝင်ဘာ ၂၁ရက်က Storm Shadow ဖြင့် ကတ်စ်ဒေသကို တိုက်ခိုက်ခြင်းက စစ်ဌာနချုပ်တစ်ခုကို တိုက်ရိုက်ထိမှန်၍ သေဆုံး ဒဏ်ရာရမှုတွေရှိခဲ့သည်ဟု ပူတင်ကထုတ်ဖော်ပြောကြားသည်။
Source Reuters
#World_News
Published 22 November 2024
▪️ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး(ICC)က အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူနဲ့ ကာကွယ်ရေးဝန်ကြီးဟောင်းတို့အပြင် ဟားမတ်စ်ခေါင်းဆောင် အီဘရာဟင်အယ်မက်ဆရီတို့ကို ဂါဇာအရေးအတွင်း ပြုလုပ်ခဲ့တဲ့ စစ်ရာဇဝတ်မှုများနဲ့ လူသားများအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုများဖြင့် ကြာသပတေးနေ့က ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။
▪️ ဂါဇာမှာ အရပ်သားများကို စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်စဉ်မှာ လူသတ်မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ ငတ်မွတ်ခေါင်းပါးမှု အပါအဝင် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် နေတန်ညာဟူနဲ့ ယိုအက်ဗ်ဂဲလန့်တို့မှာ တာဝန်ရှိတယ်လို့ ICCတရားသူကြီးတွေက အကျိုးသင့် အကြောင်းသင့် ယုံကြည်နေကြပါတယ်။
▪️ ဂါဇာမှာ အစ္စရေးလ်တို့ ပိတ်ဆို့ထားတာတွေကြောင့် အစားအစာ၊ ရေ၊ လျှပ်စစ်မီး၊ လောင်စာနဲ့ ဆေးဝါးပစ္စည်းများ ပြတ်လပ်ကာ ဂါဇာပြည်သူများ အသက်အိုးအိမ် ပျက်စီးရာပျက်စီးကြောင်း ဖြစ်ရပြီး ကလေးများအပါအဝင် အရပ်သားများ အာဟာရချို့တဲ့ ရေဓာတ်ဆုံးရှုံးပြီး သေကြေကြရတယ်လို့ ယူဆနေကြပါတယ်။
▪️ အစ္စရေးလ်အပေါ် ဖမ်းဝရမ်းထုတ်လိုက်တာကို ဟားမတ်စ်တို့က ထောက်ခံလိုက်ပြီး တရားမျှတမှုအတွက် ပထမဆုံးခြေလှမ်း ဖြစ်တယ်လို့ အကြီးတန်းအရာရှိတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားလိုက်ပါတယ်။
▪️ ဟားမတ်စ်ခေါင်းဆောင် မက်ဆရီအတွက် ဖမ်းဝရမ်းမှာတော့ ၂၀၂၃ အောက်တိုဘာ ၇ ရက်နေ့ အစ္စရေးလ်ဘက်ကို လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ ဓားစာခံများ ခေါ်ဆောင်သွားခြင်းတို့အတွက် တရားစွဲဆိုထားပါတယ်။
▪️ မိုဟာမက်ဒက်ဖ်လို့လည်း ခေါ်တဲ့ မက်ဆရီကို အစ္စရေးလ်တို့က ဇူလိုင်လ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်စဉ် သတ်နိုင်ခဲ့တယ်လို့ ဆိုထားပေမယ့် ဟားမတ်စ်တို့က ဘာမှမပြောထားပါဘူး။
▪️ အစ္စရေးလ်ကတော့ ဂါဇာမှာ စစ်ရာဇဝတ်မှုများ ပြုလုပ်တယ်ဆိုတာကို ငြင်းဆိုထားပါတယ်။
▪️ အစ္စရေးလ်ကို သံတမန်ရေးအရ အဓိကထောက်ပံ့နေတဲ့ အမေရိကန်က ICCရဲ့ဖမ်းဝရမ်းကို ငြင်းပယ်တဲ့သဘော ထုတ်ပြန်ထားပါတယ်။
▪️ ICC ရှေ့နေ ကာရင်ခန်းက အစ္စရေးလ်မှာ ဟားမတ်စ်တိုက်ခိုက်ခဲ့တာတွေ၊ ဂါဇာမှာ အစ္စရေးလ် စစ်ရေးတုံ့ပြန်မှုများ ပြုလုပ်တာတွေနဲ့ ဆက်စပ်နေတဲ့ ရာဇဝတ်မှုများအတွက် ဖမ်းဝရမ်းရှာဖွေနေတယ်လို့ မေလ ၂၀ ရက်နေ့က ကြေညာခဲ့ပါတယ်။
#Source: Reuters
Page 152 of 973