Published 13 Feb 2022
ကိုဗစ်-၁၉ ကြောင့် ၂၀၂၀ပြည့်နှစ်မှာ အကျဉ်းရုံးခဲ့ရပြီး ၂၀၂၁မှာ ဖျက်သိမ်းခဲ့ရတဲ့ ပြင်သစ်ရဲ့ နိစ်ကာနီဗယ်လ် Nice carnival ပွဲတော်ဟာ ယခု ဖေဖော်ဝါရီ၁၁ရက်မှာ ပြန်လည်ကျင်းပခွင့်ရခဲ့ပါပြီ။ သောကြာနေ့ကကျင်းပတဲ့ နိစ်ပွဲတော်ဖွင့်ပွဲကို လူအုပ်ကြီးတက်ရောက်ခဲ့ကြရာမှာ သူတို့ရဲ့ပျော်ရွှင်မှုတွေကို ဘယ်လိုမှဖုံးကွယ်မရအောင်ဖြစ်ခဲ့ကြပါတယ်။ ယခုနှစ်ကျင်းပတဲ့ ပွဲတော်ဟာ ၁၃၇ကြိမ်မြောက်ပွဲတော်ဖြစ်ပြီး ပွဲတော်ကို ၁၈၇၃ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ကြပါတယ်။
နိစ်ကာနီဗယ် စီတန်းလှည့်လည်ပွဲတော်ဟာ ကမ္ဘာပေါ်မှာ အရေးအကြီးဆုံးပွဲတော်(၃)ခုထဲက တစ်ခုဖြစ်ပါတယ်။
Source AFP
Published 13 Feb 2022
ပြင်သစ်ဘီယာကုမ္ပဏီတစ်ခုဟာ သဘာဝဆိုးဆေးဖြစ်စေတဲ့ ရေညှိတစ်မျိုးကိုအသုံးပြုပြီး သူတို့ချက်တဲ့ ဘီယာတွေကို အပြာရောင်ဘီယာတွေအဖြစ် အသွင်ပြောင်းပေးခဲကြတယ်လို့ ရိုက်တာသတင်းတစ်ပုဒ်အရသိရပါတယ်။
အဲဒီဘီယာကို “ လိုင်း Line” လို့ အမှတ်တံဆိပ်အသစ်ပေးထားပါတယ်။ ဒါဟာ သဘာဝရေညှိတွေကို ဖြည့်စွက်အစားအစာတစ်ခု အဖြစ် လူကြိုက်များစေချင်တဲ့ ကုမ္ပဏီတစ်ခုနှင့် သူတို့ရဲ့ ဘီယာတွေကို အသွင်ကွဲပြားခြားနားလိုတဲ့ ဘီယာကုမ္ပဏီတစ်ခု တို့အကြားပူးပေါင်းဆောင်ရွက်မှုရဲ့ ရလာဒ်တစ်ခုဖြစ်ပါတယ်။
“ဒီဘီယာက ရောင်းကောင်းတယ်ဗျာ” လို့ အဲဒီဘီယာချက်လုပ်တဲ့ ဟောပီအာဘန်ဘီယာကုမ္ပဏီရဲ့ ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဆက်ဘက်ရှန်းဗာဘီကီက ပြောပါတယ်။ “ ပြည်သူတွေဆီက စိတ်ဝင်စားမှုနှင့် စူးစမ်းလိုစိတ်တွေ အတော်များများရရှိထား ပါတယ်” လို့ သူကဆက်ပြောပါတယ်။
အပြာရောင်ဆိုးဆေးဟာ သဘာဝရေညှိဖြစ်တဲ့ စပီရူလိုင်းနားလို့ခေါ်တဲ့ စိမ်းပြာရေညှိကနေရယူတာဖြစ်ပါတယ်။ အဲဒီစိမ်းပြာရေညှိကို ပြင်သစ်မြောက်ပိုင်းအီတစ်ကာစိမ်းပြာရေညှိကုမ္ပဏီက စိုက်ပျိုးထုတ်လုပ်တာပါ။ စိမ်းပြာရေညှိကနေ အပြာရောင်ထုတ်လုပ်ပေးတဲ့ အစိတ်အပိုင်းကို ဖိုက်ကိုဆိုင်ယာနင်း phycocyanin လို့ခေါ်ပါတယ်။ဘီယချက်နေတဲ့ လုပ်ငန်းစဉ်ထဲမှာ အဲဒီဖိုက်ကိုဆိုင်ယာနင်းကို ထည့်ပေးလိုက်တာဖြစ်ပါတယ်။
အဲဒီဘီယာအသစ်ကို မြည်းစမ်းကြည့်တဲ့ ဘီယာကုမ္ပဏီဝန်ထမ်း မက်သီလ်ဒီဗန်မန်ဆတ်က အပြာရောင်ဘီယာ” လိုက်” ဟာ ဗျစ်အရသာ၊ခပ်ဖျော့ဖျော့နှင့်သစ်သီးရနံရှိပြီး ရေညှိထည့်ထားတဲ့ သိသာတဲ့အထောက်အထားဆိုလို့ ထူးခြားတဲ့အရောင်ပဲရှိပါတယ်လို့ ပြောပါတယ်။
စိမ်းပြာရေညှိထုတ်လုပ်တဲ့ ကုမ္ပဏီက ဇာဗီးယားဒီလန်နွိုင်းက သူတို့ဟာ ကြိမ်ဖန်များစွာ စမ်းသပ်အပြီးမှာ ဘီယာကုမ္ပဏီက ဘီယာသောက်သူတွေကိုဆွဲဆောင်မယ့် အရောအနှောတစ်ခု ရှာဖွေတွေ့တယ်လို့ပြောပါတယ်။
မနှစ်က အောက်တိုဘာနှင့်ဒီဇင်ဘာအတွင်းဘီယာပုလင်းပေါင်း ၁၅၀၀ခန့်ရောင်းရတယ်လို့ပြောပါတယ်။အခုကုမ္ပဏီက ဝယ်လိုအားနှင့်ကိုက်ညီအောင် ထုတ်လုပ်အားမြှင့်တင်မယ်လို့ဆိုပါတယ်။
Source Reuters
#WorldHealth
Published - 13 February 2022
ပြင်ပသုတေသနလေ့လာချက်တစ်ခုတွင် အိုင်ဗာမက်တင်(Ivermectin) ဆိုတဲ့ဆေးဟာ အိုမီခရွန်နဲ့ အခြားကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲတွေကို ကုသပေးနိုင်ကြောင်း ဂျပန်ကုန်သွယ်ရေးနဲ့ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်တဲ့ ကိုဝါကုမ္ပဏီက တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။
အဆိုပါကုမ္ပဏီဟာ ကိုဗစ်ရောဂါကုသရေးဆေးကို တိုကျိုမှ ကီတာဆာတိုတက္ကသိုလ်နဲ့အတူ စမ်းသပ်ထုတ်လုပ်နေတာဖြစ်ပြီး နောက်ထပ်အသေးစိတ်ကိုတော့ မထုတ်ပြန်ရသေးပါဘူး။
ရိုက်တာသတင်းဌာနကဖော်ပြတဲ့ မူလသတင်းမှာတော့ အိုင်ဗာမက်တင်ဆေးရဲ့ တတိယအဆင့်စမ်းသပ်မှုကို လူသားတွေနဲ့ပြုလုပ်ရာမှာ အိုမီခရွန်ကိုထိရောက်စွာကုသနိုင်တယ်လို့ မှားယွင်းပြီးဖော်ပြခဲ့ပါတယ်။
ဓာတ်ခွဲခန်းစမ်းသပ်မှုတွေ ပြုလုပ်နေပေမယ့် အိုင်ဗာမက်တင်ကို ကိုဗစ်ကုသဆေးအဖြစ် သတ်မှတ်ဖို့ကတော့ အငြင်းပွားဖွယ်ရာဖြစ်ခဲ့ပါတယ်။ကိုဗစ်ကပ်ရောဂါ၊ အစိုးရရဲ့စည်းမျဉ်းသတ်မှတ်ချက်တွေနဲ့ ကိုဗစ်ကာကွယ်ဆေးတွေအပေါ် သံသယရှိသူ'ဂျိုးရိုဂန်'ရဲ့သံသယအမြင်တွေကြောင့် အငြင်းပွားစရာတွေဖြစ်လာခဲ့ပါတယ်။
'ရိုဂန်'က ကိုဗစ်ကာကွယ်ဆေးလိုအပ်ချက်အပေါ် မေးခွန်းတွေထုတ်ခဲ့ပေမယ့် အိုင်ဗာမက်တင်ကိုအသုံးပြုခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။အဆိုပါဆေးကို ဂျပန်နိုင်ငံမှာ ကိုဗစ်ရောဂါကုသဖို ခွင့်ပြုချက်မပေးထားပါဘူး။
အမေရိကန်အစားအစာနဲ့ဆေးဝါးကွပ်ကဲရေးအဖွဲ့ ၊ WHO၊ ဥရောပသမဂ္ဂဆေးဝါးကွပ်ကဲရေးအဖွဲ့ နဲ့ ဆေးဝါးထုတ်လုပ်တဲ့ မာ့ခ်ကုမ္ပဏီတို့ ကလည်း အဆိုပါဆေးဝါးအသုံးပြုခြင်းကို သတိပေးထားကာ ရောဂါကုသပေးနိုင်တဲ့ အထောက်အထားမျိုး မတွေ့ရဘူးလို့ ထုတ်ပြန်ထားပါတယ်။
လူသားတွေမှာ ကိုဗစ်ရောဂါကာကွယ်ကုသဖို့ ဆေးဝါးအသုံးပြုမှုကို စိတ်ဝင်စားမှုများလာကြပေမယ့် အဆိုပါဆေးဝါးကို ကိုယ်တိုင်သုံးစွဲခဲ့ပြီးနောက် ဆေးကုသခံယူမှုလိုအပ်ကာ ဆေးရုံတက်လိုက်ရတဲ့ လူနာတွေအကြောင်း သတင်းရရှိထားတယ်လို့ FDA က ဆိုပါတယ်။
ကိုဗစ်ရောဂါကို အိုင်ဗာမက်တင်ဆေးနဲ့ကုသဖို့ကိစ္စကို အောက်စ်ဖို့ဒ်တက္ကသိုလ်မှ လေ့လာစမ်းသပ်နေပါတယ်။
စစ်ဆေးလေ့လာခြင်းကို လုပ်ဆောင်နေပြီဖြစ်ပြီး လေ့လာချက်ရလာဒ်မထွက်သေးခင် နောက်ထပ်ထုတ်ပြန်မှုတွေ ပြုလုပ်မှာမဟုတ်ကြောင်း သုတေသီတွေက တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။
ငှက်ဖျားရောဂါကုသဆေး ဟိုက်ဒရော့ဆီကလိုရိုကွင်းအပါအဝင် စမ်းသပ်ဖန်ပြွန်ဖြင့်စမ်းသပ်ရာမှာ ထိရောက်ကြောင်းပြသနိုင်ခဲ့တဲ့ ကိုဗစ်ကုသရေးသောက်ဆေးတွေဟာ ကိုဗစ်လူနာတွေနဲ့ လက်တွေ့စမ်းသပ်လေ့လာရာမှာတော့ ထိရောက်မှုမရှိကြောင်း တွေ့ခဲ့ရပါတယ်။
Source: Reuters.
Published 13 Feb 2022
တောရိုင်းပန်ဒါဝက်ဝံနီတစ်ကောင်ကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်က သဘာဝဘေးမဲ့တော တစ်ခုအတွင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ရက် အင်္ဂါနေ့ကတွေ့ရှိခဲ့ပါတယ်။
ဝါဝူရှန်သဘာဝဘေးမဲ့ဥယျဉ်ရဲ့ ဝန်ထမ်းတစ်ဦးက သူကိုင်ဆောင်ထားတဲ့ စမတ်ဖုန်းနှင့် အဲဒီပန်ဒါဝက်ဝံအနီကလေးကို ဗွီဒီယို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ပန်ဒါနီပေါက်စကလေးဟာ တောအုပ်အလယ်မှာ နှင်းတွေကြားထဲ ဟိုသည် သွားလာနေတာဖြစ်ပါတယ်။
သဘာဝဘေးမဲ့တောတွေဟာ ပန်ဒါနီတွေအတွက် ဆွဲဆောင်မှုအမြဲရှိနေပါတယ်။ အဲဒီဘေးမဲ့တောတွေဟာ တရုတ်နိုင်ငံရဲ့ ဒုတိယအတန်းအစား နိုင်ငံအဆင့်ကာကွယ်မှုပြုလုပ်ထားတဲ့နေရာတွေပါ။ ပန်ဒါနီတွေဟာ အေးခဲနေတဲ့ဆောင်းတွင်းပဲဖြစ်ဖြစ် ပူအိုက်တဲ့နွေမှာပဲဖြစ်ဖြစ် နှစ်စဉ်နှစ်တိုင်း အဲဒီနေရာက သူတို့ကိုဆွဲဆောင်နေတာပါ။
ဝါဝူရှန်သဘာဝဘေးမဲ့တောမှာ တောရိုင်းတိရိစ္စာန်တွေဖြစ်တဲ့ ပန်ဒါကြီး၊ပန်ဒါနီ၊နူးဆိတ်နှင့်မက်ကားမျောက်တွေကို ကြိမ်ဖန်များစွာ ကင်မရာတွေမှာ မှတ်တမ်းတင်တွေ့ရှိလေ့ရှိပါတယ်။
Source CCTVPlus
#WorldHealth
Published - 13 February 2022
ကိုဗစ်ရောဂါပြင်းထန်စွာခံစားခဲ့ရပြီး အသက်သေဆုံးခဲ့တဲ့လူတွေမှာ ဦးနှောက်ပုံမှန်မဟုတ်တော့တဲ့အခြေအနေမျိုး မြင်တွေ့ခဲ့ရပြီး အယ်ဇိုင်းမားရောဂါတွင် တွေ့ရလေ့ရှိသည့် ပြောင်းလဲခြင်းလက္ခဏာတွေနဲ့ ဆင်တူနေကြောင်း တွေ့ရှိခဲ့ကြပါတယ်။
အယ်ဇိုင်းမားရောဂါလူနာတွေမှာ ဦးနှောက်ဆဲလ်များအတွင်း ပရိုတိန်းတစ်မျိုးစုပုံလာကာ အာရုံကြောဆဲလ်တွေကြားထဲမှာ ဘီတာအေမယ်လွိုက်ပရိုတိန်းတွေ စုပြုံလာတတ်ပါတယ်။
ကိုလံဘီယာတက္ကသိုလ်မှ ဒေါက်တာ'အန်ဒရူးမာ့ခ်စ်'နဲ့အဖွဲ့က ကိုဗစ်ရောဂါလူနာ ၁၀ ယောက်ရဲ့ ဦးနှောက်တွေကို လေ့လာတဲ့အခါမှာ ဆဲလ်တွေထဲ ကယ်လ်စီယမ်ဝင်ရောက်မှုကို ထိန်းချုပ်ပေးတဲ့ ရိုင်ယာနိုဒင်းရီဆက်ပ်တာလို့ခေါ်တဲ့ ပရိုတိန်းတွေ ချို့တဲ့နေတာကို တွေ့ရှိခဲ့ကြပါတယ်။
အယ်ဇိုင်းမားရောဂါတွေမှာ ရိုင်ယာနိုဒင်းရီဆက်ပ်တာတွေ လျော့နည်းလာတာကြောင့် အာရုံကြောမျှင်လေးတွေရစ်ပတ်ရှုပ်ထွေးခြင်း ဖြစ်ပေါ်လာပါတယ်။အဲဒီလိုအာရုံကြောမျှင်ရစ်ပတ်ရှုပ်ထွေးခြင်းကို ကိုဗစ်ရောဂါလူနာတွေရဲ့ဦးနှောက်မှာ အများအပြားတွေ့ခဲ့ရကြောင်း ကိုလံဘီယာသုတေသီအဖွဲ့က ကြာသပတေးနေ့က ဖော်ပြခဲ့ပါတယ်။
အခြားသုတေသနအဖွဲ့တွေကလည်း ရှာဖွေစစ်ဆေးကြရာမှာ ကိုဗစ်ရောဂါလူနာတွေရဲ့ဦးနှောက်ထဲ အေမယ်လွိုက်ပရိုတိန်းပမာဏ ပုံမှန်မဟုတ်တော့ကြောင်း တွေ့ရှိခဲ့ကြပုံကို bioRxiv ဝက်ဘ်ဆိုက်နဲ့ လန်ဆက်ဆာဗာတွေမှာ မဖော်ပြခင် အွန်လိုင်းကနေ တင်ပြလိုက်ပါတယ်။
ဒီလေ့လာချက်အားလုံးရှိလူနာတွေဟာ ကိုဗစ်ရောဂါအပြင်းထန်ဆုံး ခံစားခဲ့ရသူတွေဖြစ်ပါတယ်။အဆိုပါဦးနှောက်မူမမှန်ခြင်းတွေကို ရောဂါအလယ်အလတ်မျှခံစားခဲ့ရသူတွေရဲ့ ဦးနှောက်မှာလည်း တွေ့ရှိရမယ်ဆိုရင် ကိုဗစ်နောက်ဆက်တွဲလက္ခဏာတွေထဲက အာရုံစူးစိုက်မှုချို့ယွင်းလာရတဲ့အကြောင်းအရင်းကို သိရှိကောင်းသိရှိလာနိုင်ပါတယ်။
ကိုဗစ်ရောဂါပြင်းထန်စွာခံစားခဲ့ရတဲ့သူတွေမှာ လူ့ဘဝသက်တမ်းနောက်ပိုင်း ဦးနှောက်ချို့ယွင်းမှုဖြစ်လာနိုင်ချေရှိနေပေမယ့် အသိအကျသိရဖို့တော့ စောလွန်းသေးကြောင်း 'အန်ဒရူးမာ့ခ်စ်'က ပြောပြခဲ့ပါတယ်။
ကိုဗစ်အားမြှင့်ကာကွယ်ဆေးထိုးပြီး ကူးစက်မခံရအောင်နေဖို အကြံပြုသွားပါတယ်။
"ကိုဗစ်ကူးစက်ခံရရင် အသက်သေချင်မှသေမှာပါ။ ဒါပေမဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဘာဖြစ်လာမလဲဆိုတာကိုတော့ သိပ်မသိရှိကြသေးပါဘူး"
Source: Reuters.
Published 12 Feb 2022
ပီရူးနိုင်ငံမြောက်ပိုင်းမှာ ဗုဒ္ဓဟူးနေ့က ဘတ်စ်ကားတစ်စီး လမ်းပေါ်ကနေ ချောက်ထဲကိုတိမ်းမှောက်ခဲ့တဲ့အတွက် လေးနှစ်သမီးကလေးတစ်ဦးအပါအဝင် လူအနည်းဆုံး၂၀ဦးသေဆုံးခဲ့ပြီး လူ၃၀ဦးဒဏ်ရာတွေရရှိခဲ့ပါတယ်။ ဘတ်စ်ကားဟာ နိုင်ငံမြောက်ပိုင်း လီဘာတက်ဒေသနယ်စွန်ဖျားမှာ ၃၂၈ပေအနက်ရှိတဲ့ ချောက်ထဲကို လိမ့်ဆင်းသွားတာဖြစ်ပါတယ်လို့ ဒေသအာဏာပိုင်တွေကပြောပါတယ်၊
ဒီဒေသဟာ ဝေးလံတဲ့အရပ်ဖြစ်လို့ သတင်းရယူဖို့ နာရီများစွာ အချိန်ယူခဲ့ရပါတယ်။
Source AFP
Page 833 of 844