#World_News
Published 05 September 2024
▪️ အမေရိကန် ဂျော်ဂျီယာ အထက်တန်းကျောင်းတစ်ကျောင်းမှာ ဗုဒ္ဓဟူးနေ့က အသက် ၁၄ နှစ်အရွယ် ယောကျ်ားလေးတစ်ဦးမှ သေနတ်ပစ်ခတ်မှုကြောင့် ကျောင်းသား ၂ ဦးနဲ့ ကျောင်းဆရာမ ၂ ဦးသေဆုံးခဲ့ကာ ၉ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
▪️ ဒါဟာ အမေရိကန်မှာ ယခုပညာသင်နှစ်အတွင်း ပထမဆုံးအကြိမ် ကျောင်းဝင်းအတွင်း အစုလိုက်ပစ်သတ်ခြင်း ဖြစ်လာပါတယ်။
▪️ ဂျော်ဂျီယာ ဝင်ဒါရှိ အက်ပလာချီအထက်တန်းကျောင်းမှာ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ခဏအတွင်းမှာပဲ တရားခံကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ စုံစမ်းရေးတွေက ပြောပါတယ်။
▪️ ထိုတရားခံဟာ ယမန်နှစ်က စာသင်ကျောင်းပစ်ခတ်မှုတစ်ခုနဲ့ ပတ်သက်ပြီး အွန်လိုင်းကနေ ခြိမ်းခြောက်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က မေးမြန်းခဲ့ပါသေးတယ်။
▪️ တရားခံဟာ အသက် ၁၄ နှစ်အရွယ် ကော့ဂရေးဖြစ်ပြီး အရွယ်ရောက်ပြီးသူ တစ်ဦးအနေဖြင့် စွဲချက်တင်ခံရမှာဖြစ်တယ်လို့ ဂျော်ဂျီယာ အစိုးရစုံစမ်းစစ်ဆေးရေး ညွှန်ကြားရေးမှူး ခရစ္စဟိုဆေးက ပြောသွားပါတယ်။
▪️ သေနတ်သမားဟာ AR ပုံစံလက်နက် မောင်းပြန်အော်တိုရိုင်ဖယ် ကိုင်ဆောင်ခဲ့ကာ ကျောင်းမှ တာဝန်ကျသူများက အလျင်အမြန် သွားရောက်ရင်ဆိုင်ခဲ့ရာမှာ တရားခံကို ချက်ချင်းဖမ်းမိပြီး အညံ့ခံခဲ့ပါတယ်။
▪️ ဖမ်းဆီးပြီးနောက် စုံစမ်းရေးတွေနဲ့ ပြောဆိုရာမှာ တရားခံက တစ်ဦးတည်း ပြုလုပ်တယ်လို့ ယူဆရပေမယ့် ဘာကြောင့် ဒီလိုလုပ်ရလဲဆိုတာကိုတော့ မဖော်ပြပါဘူး။
▪️ သေဆုံးသွားတဲ့ အသက် ၁၄ နှစ်အရွယ် ကျောင်းသားတွေဟာ မေဆန်ရှာမာဟွန်းနဲ့ ခရစ်ရှန်အန်ဂူလိုတို့ဖြစ်ပြီး ဆရာတွေကတော့ အသက် ၃၉ နှစ်ရှိ ရစ်ချတ်အက်စ်ပင်ဝေါလ်နဲ့ အသက် ၅၃ နှစ်ရှိ ခရစ္စတီနာအိုင်ရီမီတို့ဖြစ်ကာ ဆေးရုံတက်လိုက်ရတဲ့ ၉ ဦးစလုံးက ပြန်လည်သက်သာလာမယ်လို့ မျှော်လင့်ရကြောင်း စုံစမ်းရေးမှူးစမစ်က သတင်းထောက်တွေကို ပြောပြပါတယ်။
▪️ ၂၀၂၃ ခုနှစ်တုန်းက ကျောင်းတွင်းပစ်ခတ်မှု ကျူးလွန်ရန် အွန်လိုင်းမှ ခြိမ်းခြောက်မှုတွေကို စစ်ဆေးခဲ့ရာမှာ အသက် ၁၃ နှစ်အရွယ် သံသရာရှိသူနဲ့ သူ့အဖေတို့ကို ဒေသခံရဲတပ်ဖွဲ့က မေးမြန်းခဲ့တယ်လို့ အစိုးရစုံစမ်းစစ်ဆေးရေးက ထုတ်ပြန်ခဲ့ပါတယ်။
▪️ အဖေဖြစ်သူက အိမ်မှာ အမဲလိုက်သေနတ်တွေရှိပြီး သံသယရှိသူက ဒီသေနတ်တွေကို ကြီးကြပ်မှုမရှိဘဲ အသုံးမပြုစေကြောင်း၊ အွန်လိုင်းကနေ ခြိမ်းခြောက်မှုမျိုး မလုပ်ဘူးလို့ ငြင်းဆိုခဲ့ကြောင်း၊ ဂျက်ဆန်ကောင်တီက တရားခံကို ဆက်လက်စောင့်ကြည့်ရန် ကျောင်းများကို သတိပေးခဲ့ကြောင်း FBI က ပြောပါတယ်။
▪️ ဝင်ဒါမြို့မှ လူတွေက ဗုဒ္ဓဟူးနေ့ညမှာ ပန်းခြံတစ်ခုအတွင်း ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး သမ္မတဂျိုးဘိုင်ဒင်က အစိုးရအဖွဲ့နဲ့ အရာရှိတွေ ပူးပေါင်းကာ အချက်အလက်များ ထပ်မံစုဆောင်းသွားမှာ ဖြစ်ကြောင်း၊ သေဆုံးသွားသူတွေအတွက် ဝမ်းနည်းပူဆွေးရကြောင်း၊ သေနတ်ဘေးကင်းစွာ အသုံးပြုရေးဥပဒေကို ထုတ်ပြန်သွားဖို့ ရီပတ်ဘလစ်ကန်တွေနဲ့ ဒီမိုကရက်တွေကို တောင်းဆိုလိုက်ပါတယ်။
▪️ အမေရိကန်မှာ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်း ကျောင်းတွေနဲ့ ကောလိပ်တွေမှာ သေနတ်ပစ်ခတ်မှုပေါင်း ရာနဲ့ချီဖြစ်ပွားခဲ့ပြီး ၂၀၀၇ ခုနှစ်က ဗာဂျီးနီးယားတက်ခ်မှာ အယောက် ၃၀ သေဆုံးခဲ့ခြင်းက အများဆုံးဖြစ်ခဲ့ပါတယ်။
▪️ လက်နက်ထိန်းသိမ်း ကိုင်ဆောင်ခွင့် အခြေခံဥပဒေနဲ့ ပတ်သက်ပြီး နိုင်ငံအတွင်း အငြင်းပွားနေကြဆဲ ဖြစ်ပါတယ်။

#Source: Reuters
#World_Science
Published 05 September 2024
▪️ အသံစနစ်စက်တွေ အသုံးပြုပြီး ခွေးတွေစကားပြောနိုင်အောင် လေ့ကျင့်ပေးနေတဲ့ ဗီဒီယိုတွေ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေပါတယ်။
▪️ လူအများက ဒီဗီဒီယိုတွေကို ကြည့်ပြီး အံ့ဩကုန်ကြသလို ခွေးတွေနဲ့ တကယ်ပဲ ပြောဆိုနိုင်လားဆိုတာ သိချင်နေကြပါတယ်။
▪️ ကယ်လီဖိုးနီးယား ဆန်ဒီယေဂိုမှ သုတေသီများ ဖော်ပြရာမှာ လူတွေဟာ အသံစက်ခလုတ်တွေ အသုံးပြုပြီး ခွေးတွေကို လေ့ကျင့်တဲ့အခါ အချို့စကားလုံးတွေကို နားလည်နိုင်ပြီး ကိုက်ညီတဲ့ တုန့်ပြန်မှုတွေ ပြုလုပ်တတ်ကြပါတယ်။
▪️ ဒီသုတေသနဟာ မတူညီတဲ့ သတ္တဝါတွေကြား ဆက်သွယ်ပြောဆိုမှုကို လေ့လာတဲ့ခြေလှမ်းတစ်ခု ဖြစ်တယ်လို့ တွဲဖက်ပရော်ဖက်ဆာ ဖက်ဒရစ်ကိုရိုဆာနိုက ပြောပါတယ်။
▪️ လေ့လာချက်အရ ခွေးတွေဟာ သူတို့ပိုင်ရှင်တွေရဲ့ ကိုယ်ဟန်လှုပ်ရှားပုံကို အကဲခတ်ရုံသာမက ပြောလိုက်တဲ့ စကားတွေကိုလည်း နားလည်ဖို့ ကြိုးစားနေပါတယ်။
▪️ ဒါဟာ အရေးကြီးပြီး စကားလုံးတွေက ခွေးတွေအတွက် အရေးပါတဲ့အပြင် တုန့်ပြန်တဲ့သဘောလည်း ပတ်သက်နေပါတယ်လို့ ဆိုပါတယ်။
▪️ ပထမဆုံး စမ်းသပ်မှုမှာ အိမ်မွေးခွေး ၃၀ ကို နိုင်ငံအနှံ့ လည်ပတ်စေပြီး အသံစက်ခလုတ်တွေကို တုန့်ပြန်ပုံတွေကို စမ်းသပ်ခဲ့ပါတယ်။
▪️ ဒုတိယစမ်းသပ်ချက်မှာတော့ ခွေးပိုင်ရှင် ၂၉ ဦးက အိမ်မှာပဲ လမ်းညွှန်ချက်များအတိုင်း စမ်းသပ်ခဲ့ကြပါတယ်။
▪️ ဒီလေ့လာချက်ဟာ အပေါ်ယံသာ ရှိသေးကြောင်း၊ ခွေးတွေက ခလုတ်တွေကို ဘယ်လိုအသုံးပြုကြလဲ၊ ခလုတ်နှိပ်တာတွေရဲ့ နောက်ကွယ်က အဓိပ္ပာယ်တွေကိုလည်း နောင်အခါ လေ့လာသွားမှာ ဖြစ်ကြောင်း၊ သူတို့ရဲ့အိမ်မှာပဲ စမ်းသပ်စေတာက ဂေဟစနစ်အရ ပိုမိုနားလည်နိုင်စွမ်းရှိစေရန် ဖြစ်ကြောင်း ပြောသွားပါတယ်။
#Source: WION
#World_Health
Published 05 September 2024
▪️ အိန္ဒိယ ဘာရက်ဘိုင်အိုတက်ခ် ကုမ္ပဏီမှ ထုတ်လုပ်တဲ့ ကာလဝမ်းရောဂါ ကာကွယ်ဆေးသောက်ဆေးဟာ နောက်ဆုံးအဆင့် စမ်းသပ်မှု ပြီးမြောက်ခဲ့ပြီဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ ဖြန့်ချိရန် စီစဉ်ထားကြောင်း၊ ရောဂါပျံ့ပွားနေချိန် ကုသမှုနည်းပါးနေချိန်မှာ တစ်နှစ်ကို ဆေးပေါင်းသန်း ၂၀၀ အထိ ထုတ်လုပ်ရန် ရည်မှန်းထားကြောင်း အင်္ဂါနေ့က ပြောပါတယ်။
▪️ ဟေးလ်ချောလ်လို့ အမည်ထားတဲ့ ကာကွယ်ဆေးကို အိန္ဒိယဆေးဝါးကွပ်ကဲရေးက အသိအမှတ်ပြုလိုက်ကာ ယူနီဆက်ဖ်လို အဖွဲ့အစည်းတွေကို ရောင်းချရန်အတွက် WHO အသိအမှတ်ပြုရရှိရန် လျှောက်ထားသွားမယ်လို့ ဘာရက်ဘိုင်အိုတက်ခ်က ပြောပါတယ်။
▪️ ယင်းတို့အနေနဲ့ WHO အသိအမှတ်ပြုထားတဲ့ တစ်ခုတည်းသော ကာလဝမ်းကာကွယ်ဆေး ထုတ်လုပ်သူ တောင်ကိုရီးယားမှ ယူဘိုင်အိုလော့ဂျစ်ကုမ္ပဏီနဲ့ ယှဉ်ပြိုင်သွားရဖွယ် ရှိပါတယ်။
▪️ "အရင်ဆုံး အခြေအနေ ဆိုးရွားနေတဲ့ အာဖရိကတိုက်ကို ကူညီသွားဖို့ ရည်ရွယ်ထားပါတယ်။ အာဖရိကနိုင်ငံ တစ်ခုခုက ဒီကကုန်ကြမ်းယူပြီး အဲဒီမှာ နောက်ဆုံးပိတ် ထုတ်လုပ်ချင်တယ်ဆိုရင် ခွင့်ပြုသွားမှာပါ" လို့ ပြောပါတယ်။
▪️ ဘာရက်ဘိုင်အိုတက်ခ်က ဟိုက်ဒရာဘက်ဒ်စက်ရုံကနေ နှစ်စဉ် ကာကွယ်ဆေး ၄၅ သန်းကို စတင်ထုတ်လုပ်သွားမှာဖြစ်ပြီး နောက်စက်ရုံတစ်ခုကနေ သန်း ၂၀၀ အထိ ထုတ်လုပ်သွားဖို့ကို ခွင့်ပြုချက် စောင့်ဆိုင်းနေပါတယ်။
▪️ ဟေးလ်ချောလ်ကာကွယ်ဆေး ထုတ်လုပ်ဖို့အတွက် စက်ရုံတွေမှာ ဒေါ်လာသန်း ၁၀၀ အကုန်အကျခံခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။
▪️ နောက်ဆုံးစမ်းသပ်အဆင့်မှာ အိန္ဒိယမှ စမ်းသပ်ပါဝင်သူ ၃၆၀၀ ခန့်ရှိခဲ့ပြီး ကာကွယ်ဆေးက ဘေးကင်းစိတ်ချရကာ လက်ရှိ ပါးစပ်မှပေးရတဲ့ ကာကွယ်ဆေးတွေထက် မနိမ့်ကျကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
▪️ WHO ရဲ့ အရည်အသွေးမီဖို့ဆိုရင် ထိရောက်မှု၊ စိတ်ချရမှု၊ ထုတ်လုပ်မှုပုံစံများ အထောက်အထားတွေအပေါ် မူတည်ပါတယ်။
▪️ ယခုနှစ် ပထမဆုံး ၆ လအတွင်း ကာလဝမ်းရောဂါ ဖြစ်ပွားသူ ၂၄၉၇၉၃ ရှိခဲ့ပြီး ၂၁၃၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
▪️ ဒီအတွက် WHO က သောက်ဆေးကာကွယ်ဆေးပေါင်း ၁၀၂ သန်းထုတ်လုပ်ဖို့ကို တောင်းဆိုလာပါတယ်။
▪️ တစ်နှစ်ကို ကာကွယ်ဆေး သန်း ၄၀ ခန့် ပြတ်လပ်နေကာ ဒီအတွက် ဟေးလ်ချောလ်ကို ထုတ်လုပ်တာဖြစ်တယ်လို့ ဘာရက်ဘိုင်အိုတက်ခ်က ပြောပါတယ်။
▪️ စင်္ကာပူ ဟေးလ်မန်ဓာတ်ခွဲခန်းကုမ္ပဏီ လိုင်စင်ခွင့်ပြုချက်ဖြင့် ဒီကာကွယ်ဆေးကို ထုတ်လုပ်တာဖြစ်ပြီး ၁၄ ရက်ခြားဖြင့် နှစ်ကြိမ်သောက်ရမှာဖြစ်ပါတယ်။
#Source: Reuters
ဓားစာခံလွတ်မြောက်ရေးကိစ္စ မလုပ်ဆောင်နိုင်ခဲ့သည့် အစ္စရေးလ်အစိုးရအား ပြည်သူအမြောက်အများဆန္ဒပြ
ဂါဇာကမ်းမြောင်မှာ ဟားမတ်စ်တို့ ဖမ်းဆီးထားတဲ့ ဓားစာခံများ ဘေးကင်းစွာ လွတ်မြောက်ရေးကို မလုပ်ဆောင်နိုင်ခဲ့တဲ့ အစ္စရေးလ်အစိုးရကို ဝေဖန်ဖို့အတွက် တနင်္ဂနွေနေ့က ပြည်သူအများ စုဝေးခဲ့ကြပါတယ်။
#World_News
Published 04 September 2024
#ဓားစာခံလွတ်မြောက်ရေးကိစ္စ #ပြည်သူများဆန္ဒပြ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 04 September 2024
၁။ 'အာရှယူ-၂၀ ခြေစစ်ပွဲ'ကန်ရန် မြန်မာ့လက်ရွေးစင်ယူ-၂၀အသင်းထိုင်း၌ခြေစမ်းပွဲ(၃)ပွဲကန်မည်
၂။ စက်သုံးဆီ မှောင်ခိုဈေးကွက်မဖြစ်ရန် စမတ်ကတ်ဖြင့်ရောင်းချပေးရန်စီစဉ်နေ
၃။ အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီကြွချီအပူဇော်ခံမည်
၄။ ဓားစာခံလွတ်မြောက်ရေးကိစ္စ မလုပ်ဆောင်နိုင်ခဲ့သည့် အစ္စရေးလ်အစိုးရအား ပြည်သူအမြောက်အများဆန္ဒပြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 04 September 2024
▪️ လက်နက်ထုတ်လုပ်ရေး တာဝန်ရှိသူ ယူကရိန်းဝန်ကြီးဟာ အခြားကာကွယ်ရေး ကဏ္ဍမှာ ပါဝင်ဖို့အတွက် အင်္ဂါနေ့က ရာထူးမှ နုတ်ထွက်ခဲ့သလို ရုရှားနဲ့စစ်ပွဲ အရေးကြီးတဲ့အချိန်မှာ အစိုးရနေရာ ပြန်လည်ဖွဲ့စည်းမှုအတွင်း အခြားဝန်ကြီး ၄ ဦးဟာလည်း အနားယူခဲ့ပါတယ်။
▪️ ယခုနှစ် အစောပိုင်းက ရာထူးမှထုတ်ပယ်ခဲ့ကြပြီးနောက် ဗျူဟာမြောက် စက်မှုဝန်ကြီး အိုလက်ဆန်ဒါကာမီရှင်၊ လက်ထောက်ဝန်ကြီးချုပ် အိုလာစတီဖာနီရှီနာ၊ တရားရေးဝန်ကြီး၊ သဘာဝပတ်ဝန်းကျင်ဝန်ကြီး၊ ပြန်လည်နေရာချထားရေးဝန်ကြီးတို့ နုတ်ထွက်ကုန်ကြကာ ဝန်ကြီးအဖွဲ့ရဲ့ ၃ ပုံ ၁ ပုံကျော် လစ်လပ်သွားပါတယ်။
▪️ ယခုလအတွင်း သမ္မတ ဗိုလိုဒီမီယာဇယ်လန်စကီ အမေရိကန်သို့ မသွားရောက်ခင်မှာ ဒီနေရာတွေကို ဖြည့်ဆည်းသွားမှာဖြစ်ပါတယ်။
▪️ "ဆောင်းဦးအချိန်က ယူကရိန်းအတွက် အလွန်အရေးကြီးပါတယ်။ ကျွန်ုပ်တို့အားလုံး အလိုရှိတဲ့အရာတွေ ရယူနိုင်ဖို့ တိုင်းပြည်ရေးရာ အဖွဲ့အစည်းတွေ ဖွဲ့စည်းသင့်ပါတယ်" လို့ ဇယ်လန်စကီက မိန့်ခွန်းပြောသွားပါတယ်။
▪️ ဒီအတွက် အစိုးရအဖွဲ့ အချို့နေရာတွေကို အားဖြည့်တင်းပြီး ပြောင်းလဲမှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း၊ သမ္မတရုံးအတွင်းမှာလည်း ပြောင်းလဲမှုတွေ ရှိမှာဖြစ်ကြောင်း ပြောပါတယ်။
▪️ ဒါ့အပြင် စီးပွားရေးအပိုင်းမှာ ထမ်းဆောင်နေတဲ့ လက်ထောက် ကာကွယ်ရေးဦးစီးချုပ်တွေထဲက ရိုစတီစလက်ဗ်ရှာမာကိုလည်း ထုတ်ပယ်လိုက်ကြောင်း သမ္မတရုံးဝက်ဘ်ဆိုက်မှာ ထုတ်ပြန်တဲ့ အမိန့်တစ်ရပ်အရ သိရပါတယ်။
▪️ ဇယ်လန်စကီပါတီအဖွဲ့မှ အကြီးတန်းလွှတ်တော်အမတ် ဒေးဗစ်အာရက်ခါမီယာက ဝန်ကြီးတဝက်ကျော်လောက် ပြောင်းလဲနိုင်ကာ အစိုးရပြန်လည်ဖွဲ့စည်းမှုကြီး ဖြစ်လာလိမ့်မယ်လို့ ပြောပါတယ်။
▪️ မနက်ဖြန်ဟာ ရာထူးတွေကနေ ထုတ်ပယ်မယ့်နေ့ဖြစ်ပြီး နောက်တစ်နေ့ကတော့ ရာထူးခန့်အပ်မယ့်နေ့ ဖြစ်လာမှာပါ။
▪️ ဥရောပသမဂ္ဂနဲ့ နေတိုးမဟာမိတ်အဖွဲ့တို့မှာ ယူကရိန်းပူးပေါင်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတဲ့ စတီဖာနီရှီနာကို တာဝန်ပိုကြီးတဲ့ ဝန်ကြီးဌာနအကြီးအကဲအဖြစ် တွေ့ရနိုင်ပြီး သူမရဲ့ တာဝန်ဟောင်းနဲ့ တရားရေးဝန်ကြီးဌာနတို့ရဲ့ကဏ္ဍတို့ကို ပူးတွဲလုပ်ကိုင်ရဖွယ်ရှိပါတယ်။
▪️ ကာမီရှင်ကတော့ ယူကရိန်းထက် အင်အားများစွာသာလွန်တဲ့ ရုရှားနဲ့ တိုက်ခိုက်ဖို့ ဒရုန်းတွေ၊ တာဝေးပစ်ဒုံးကျည်တွေ အပါအဝင် ကာကွယ်ရေးလက်နက် ထုတ်လုပ်မှုမှန်သမျှ တိုးမြှင့်ရာမှာ ဦးဆောင်လုပ်ကိုင်နေပါတယ်။
▪️ အစိုးရအဖွဲ့မှာ တက်သစ်စအဖြစ် သတ်မှတ်ခံထားရတဲ့ အသက် ၄၀ အရွယ် ကာမီရှင်က ကာကွယ်ရေးကဏ္ဍမှာ ဆက်လက်လုပ်ကိုင်မှာ ဖြစ်ပေမယ့် ကဏ္ဍကွဲပြားသွားတယ်လို့ တယ်လီဂရမ်မှာ ဖော်ပြထားပါတယ်။
▪️ ကာကွယ်ရေးလက်နက် ထုတ်လုပ်မှုပိုင်းမှာ ကာမီရှင် ဦးဆောင်လာပြီးနောက် ယူကရိန်းဟာ တာဝေးပစ်ဒရုန်းတွေ ထောင်နဲ့ချီ ထုတ်လုပ်နိုင်ခဲ့ပါတယ်။
▪️ ဥပဒေပြုအမတ်တွေနဲ့ နိုင်ငံရေးသုံးသပ်သူတွေဟာ အစိုးရအဖွဲ့အတွင်း အဓိကပြောင်းလဲမှုတွေ ဖြစ်လာမယ်လို့ ခန့်မှန်းခဲ့ပါတယ်။
▪️ ယခုနှစ်အစောပိုင်းက ဝန်ကြီးတွေ ရာထူးမှ နုတ်ထွက် ထုတ်ပယ်သူတွေ ရှိခဲ့ပြီး အနည်းဆုံးကဏ္ဍ ၅ ခုလောက် လစ်လပ်နေခဲ့ပါတယ်။
#Source: Reuters
#World_News
Published 04 September 2024
▪️ စလော့ရောဂါလို့ခေါ်တဲ့ ရှားပါးဗိုင်းရပ်စ်တစ်မျိုးကို ကျူးဘားကနေ အမေရိကန်သို့ ပြန်ရောက်လာတဲ့ ခရီးသည် ၂၁ ဦးမှာ တွေ့ရှိခဲ့တယ်လို့ အမေရိကန် CDC မှ ထုတ်ပြန်ထားပါတယ်။
▪️ တောင်အမေရိက စလော့ကောင်တွေမှာ စတင်တွေ့ရှိခဲ့တာကြောင့် စလော့ရောဂါလို့ အမည်ပေးထားပြီး ကျန်းမာရေး ခြိမ်းခြောက်လာနိုင်တယ်လို့ ကျွမ်းကျင်သူများ ဆိုပါတယ်။
▪️ တရားဝင်အားဖြင့် အော်ရိုပေါ့ချ် ရောဂါလို့ခေါ်တဲ့ ဗိုင်းရပ်စ်ကြောင့် ဘရာဇီးလ်မှ အသက် ၂၀ ဝန်းကျင် မိန်းကလေး ၂ ဦး အသက်ဆုံးပါးထားပါတယ်။
▪️ ခြင်မှတဆင့် ကူးစက်လာတယ်လို့ ယူဆထားကာ အခုဆိုရင် ဥရောပမှာ ရောဂါတွေ့ရှိသူ ၁၉ ဦးရှိပြီး စပိန်မှာ ၁၂ ယောက်၊ အီတလီမှာ ၅ ယောက်၊ ဂျာမနီမှာ ၂ ယောက်ဖြစ်ပါတယ်။
▪️ ရောဂါရှိတဲ့ စလော့ကောင်၊ မျောက်၊ ငှက်တို့ဆီက သွေးစုပ်ယူထားတဲ့ ခြင်တွေ ကိုက်တာကြောင့် ဗိုင်းရပ်စ်က အဓိကကူးစက်ပါတယ်။
▪️ သွေးလွန်တုပ်ကွေးနဲ့ ဆင်တူတာတွေရှိပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ အဓိကကူးစက်တတ်ပါတယ်။
▪️ ရောဂါလက္ခဏာအနေနဲ့ ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာခြင်း၊ မူးဝေအော့အန်ခြင်း၊ ချမ်းတုန်ခြင်း၊ အလင်းရောင် အထိမခံနိုင်ခြင်းတို့ ဖြစ်ပါတယ်။
▪️ ဆိုးရွားလာရင်တော့ ဦးနှောက်အမြှေးရောင်ခြင်းအထိ ဖြစ်တတ်ကာ လူအများစုကတော့ ရောဂါကြာရှည်မဖြစ်ဘဲ သက်သာကြပါတယ်။
▪️ ဒါပေမဲ့ ကိုယ်ဝန်ထဲက သန္ဓေသားတွေအတွက် အန္တရာယ်ရှိနိုင်ပြီး ကလေးအသေမွေးခြင်း၊ ကိုယ်ဝန်ပျက်ခြင်း၊ မွေးတဲ့အခါ ကိုယ်လက်အင်္ဂါချို့ယွင်းခြင်းတို့ ဖြစ်တတ်ပါတယ်။
▪️ လက်ရှိမှာ ထိုရောဂါအတွက် ကုသဆေး ကာကွယ်ဆေးမရှိပါဘူး။
▪️ လက်ရှိမှာ ကူးစက်နေတဲ့ ဗိုင်းရပ်စ်မျိုးနွယ်အကြောင်း သိပ်ပြီးမသိကြရသေးပါဘူး။
▪️ မိခင်ကနေ ကလေးကို ကူးစက်နိုင်ခြေ ရှိမရှိကိုတော့ ဘရာဇီးလ်မှာ လေ့လာနေဆဲဖြစ်ပါတယ်။
▪️ ဦးခေါင်းသေး အခြေအနေဖြစ်နေတဲ့ မွေးကင်းစကလေး ၄ ဦးကို စမ်းသပ်ရာမှာ အောရိုပေါ့ချ်ဗိုင်းရပ်စ်ကို ဆန့်ကျင်တဲ့ ပဋိပစ္စည်းတွေ တွေ့ရှိထားပါတယ်။
▪️ ဗိုင်းရပ်စ်ကူးစက်ထားတဲ့ အမျိုးသမီးတစ်ဦး ဇွန်လက ကလေးအသေမွေးထားသလို နောက်တစ်ဦးကတော့ ကိုယ်ဝန်ပျက်ကျခဲ့ပါတယ်။
#Source: India Today
Page 413 of 1179