Published 13 December 2023
ကုလသမဂ္ဂက ဂါဇာကမ်းမြောင်မှာ လူသားချင်းစာနာမှု ချက်ချင်းအပစ်အခတ် ရပ်စဲရေးကို အင်္ဂါနေ့က တောင်းဆိုလိုက်ပါတယ်။
ဟားမတ်စ်စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ အစ္စရေးလ်အနေနဲ့ စစ်ပွဲထဲမှာ အရပ်သားတွေကိုပါ မခွဲခြားဘဲ ပစ်ခတ်နေတာကြောင့် နိုင်ငံတကာမှ ထောက်ခံမှုကို ဆုံးရှုံးလာရပြီလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သတိပေးလိုက်ပါတယ်။
ဂါဇာမှာ လူသားချင်းစာနာမှု အခက်အခဲနဲ့ ပတ်သက်ပြီး ကုလအရာရှိများက အပြင်းအထန် သတိပေးလာပြီးနောက် အဖွဲ့ဝင် ၁၉၃ နိုင်ငံပါဝင်တဲ့ ကုလအထွေထွေ ညီလာခံကနေ အပစ်အခတ်ရပ်စဲရေးအတွက် တောင်းဆိုလိုက်တဲ့ ဆုံးဖြတ်ဖြေရှင်းချက်တစ်ခုကို ထုတ်ပြန်လိုက်ကာ ၁၅၃ နိုင်ငံက ထောက်ခံခဲ့ကြပြီး ၂၃ နိုင်ငံက ကြားနေမဲ ပေးခဲ့ကြပါတယ်။
အမေရိကန်နဲ့ အစ္စရေးလ်တို့ကတော့ ဒီလိုအပစ်အခတ် ရပ်စဲတာဟာ ဟားမတ်စ်တို့အတွက်ပဲ အကျိုးရှိစေလိမ့်မယ်လို့ ငြင်းခုံနေကြပြီး အခြား ၈ နိုင်ငံနဲ့အတူ ကန့်ကွက်မဲ ပေးခဲ့ကြပါတယ်။
အဆိုပါ ဆုံးဖြတ်ဖြေရှင်းချက်ဟာ ခိုင်မာသေချာမှု မရှိပေမယ့် နိုင်ငံရေးအရ ဖိအားသက်ရောက်နေပြီး စစ်ပွဲအပေါ် တစ်ကမ္ဘာလုံးရဲ့ရှုမြင်ပုံကို မြင်သာစေပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ် ၁၅ နိုင်ငံ လုံခြုံရေးကောင်စီမှာတုန်းက အမေရိကန်ဟာ အလားတူတောင်းဆိုချက်မျိုးကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့ပါတယ်။
ပါလက်စ်တိုင်း အာဏာပိုင်များက ထိုဆုံးဖြတ်ဖြေရှင်းချက်ကို ကြိုဆိုလိုက်ကာ အပစ်အခတ်ရပ်စဲရေးအတွက် အစ္စရေးလ်ကို ဝိုင်းဝန်းဖိအားပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။
အစ္စရေးလ်အနေနဲ့ ရန်လိုမှုတွေ၊ လူမျိုးသုဥ်း သတ်ဖြတ်မှုတွေ လုပ်နေတာတွေကို ရပ်တန့်သင့်ပြီလို့ ဟားမတ်စ်အရာရှိတစ်ဦးက တယ်လီဂရမ်မှာ ဖော်ပြလိုက်ပါတယ်။
အစ္စရေးလ်တို့က ဟားမတ်စ်တို့ကို အမြစ်ပြတ်ချေမှုန်းဖို့ တိုက်ခိုက်နေရာမှာ ပါလက်စ်တိုင်းလူမျိုး အနည်းဆုံး ၁၈,၀၀၀ သေဆုံးထားပြီး ၅ သောင်းနီးပါး ဒဏ်ရာရရှိထားကြောင်း ဂါဇာကျန်းမာရေး ဝန်ကြီးဌာနက ဆိုပါတယ်။
ဂါဇာမှ လူဦးရေတဝက်ခန့်ဟာ ငတ်ပြတ်နေကြပြီး လျှပ်စစ်မီး၊ လောင်စာ၊ ရေ၊ ဆေးများ မရရှိကြဘူးလို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ပြောပြခဲ့ပါတယ်။
ဂါဇာမှာ ဝမ်းပျက်ဝမ်းလျှောခြင်း၊ အစာအဆိပ်သင့်ခြင်း၊ ဦးနှောက်အမြှေးရောင်ခြင်း၊ အသက်ရှူလမ်းကြောင်း ရောဂါများ၊ ကူးစက်ရောဂါများ ဖြစ်ပွားနေကြပါတယ်။
ဟားမတ်စ်တို့ကို ချေမှုန်းခြင်းကြောင့် ပါလက်စ်တိုင်းပြည်သူတွေ ဆက်လက်ခံစားနေရမှာ မဖြစ်သင့်ဘူးလို့ ဩစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်တို့မှ ခေါင်းဆောင်များက ပူးတွဲထုတ်ပြန်ထားပါတယ်။
Source: Reuters
#World_News
#Published 13 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 13 December 2023
Published 13 December 2023
တရုတ်ပြည်ရဲ့ ပထမဆုံးပြည်တွင်းထုတ် အပျော်စီးသင်္ဘောရဲ့ အစိတ်အပိုင်းများ တပ်ဆင်မှုပြီးစီးကာ တနင်္ဂနွေနေ့က နိုင်ငံပေါင်းစုံမှ သင်္ဘောဝန်ထမ်း ၁,၂၉၂ ဦး ရောက်ရှိခဲ့ပြီဖြစ်ရာ စမ်းသပ်ပြေးဆွဲရန် အသင့်ဖြစ်နေပြီ ဖြစ်ပါတယ်။
Adora Magic City လို အမည်ပေးထားတဲ့ အပျော်စီးသင်္ဘောကြီးဟာ ဒီဇိုင်းဆွဲခြင်း၊ ဆောက်လုပ်ခြင်း၊ စမ်းသပ်ပြေးဆွဲမှုများ ဆက်တိုက်ပြုလုပ်ပြီးနောက် နိုဝင်ဘာ ၄ ရက်နေ့က ရှန်ဟိုင်းမှာ ရေချခဲ့ပြီး ၂၀၂၄ ဇန်နဝါရီ ၁ ရက်နေ့မှာ ပထမဆုံးခရီးစဥ်ပြေးဆွဲရန် စီစဥ်ထားပါတယ်။
#Asia_News
#Published 12 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 12 December 2023
ဒေါ်နယ်ထရမ့်ဟာ ၂၀၂၄ ရီပတ်ဘလစ်ကင် သမ္မတလောင်း အမည်စာရင်းယှဥ်ပြိုင်မှုမှာ ဆက်လက်ဦးဆောင်နေဆဲဖြစ်ပြီး ပါတီမဲဆန္ဒရှင်တဝက်ကျော်ရဲ့ ထောက်ခံမှုကို ရရှိထားကြောင်း တနင်္လာနေ့မှာ ပြီးစီးခဲ့တဲ့ Reuters/Ipsos ရဲ့ သဘောထားစစ်တမ်းအရ သိရှိရပါတယ်။
စစ်တမ်းများအရ ရီပတ်ဘလစ်ကင် ၆၁ ရာခိုင်နှုန်းဟာ ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒင်ကို ယှဥ်ပြိုင်ရန်အတွက် ပြည်နယ်အလိုက် အမည်စာရင်းယှဥ်ပြိုင်မှုတွေမှာ သမ္မတဟောင်းကို မဲပေးသွားကြမယ်လို့ ကောက်ယူရရှိထားပါတယ်။
ထရမ့်ရဲ့မဲရာခိုင်နှုန်းရရှိမှုကို အနီးစပ်ဆုံး ယှဥ်ပြိုင်နိုင်သူ ရှိမနေဘဲ ဖလော်ရီဒါ အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်းတစ်နဲ့ ကယ်လီဖိုးနီးယား တောင်ပိုင်းအုပ်ချုပ်ရေးမှူးဟောင်း နစ်ကီဟာလေတို့ကတော့ ရီပတ်ဘလစ်ကင် ၁၁ ရာခိုင်နှုန်းစီရဲ့ ထောက်ခံမှု ရရှိထားပါတယ်။
စွန့်ဦးတီထွင်သူ ရာမတ်စ်ရာဝီက ၅ ရာခိုင်နှုန်း၊ နယူးဂျာစီ အုပ်ချုပ်ရေးမှူးဟောင်း ခရစ္စခရစ္စတီက ၂ ရာခိုင်နှုန်းရှိနေပြီး ၈ ရာခိုင်နှုန်းက မဆုံးဖြတ်ရသေးပါဘူး။
၂၀၂၄ အမေရိကန်ရွေးကောက်ပွဲရဲ့ ပထမဆုံးမဲပေးမှုများကို ဇန်နဝါရီ ၁၅ ရက်နေ့ အိုင်အိုဝါပြည်နယ် ရီပတ်ဘလစ်ကင်အစည်းအဝေးမှာ ကြေညာသွားမှာ ဖြစ်ပါတယ်။
စစ်တမ်းများအရ ရီပတ်ဘလစ်ကင် မဲဆန္ဒရှင်များက ထရမ့်ရင်ဆိုင်နေရတဲ့ တိုင်းနဲ့ပြည်နယ် ရာဇဝတ်မှုများကြောင့် စိတ်ပြောင်းလဲယိမ်းယိုင်မှု သိပ်ပြီးမရှိဘူးလို့ တွေ့ရှိရပါတယ်။
စစ်တမ်းဖြေကြားသူ ရီပတ်ဘလစ်ကင် တွေထဲက ၄ ပုံ ၁ ပုံကတော့ ထရမ့်က ရွေးကောက်ပွဲလိမ်လည် စွပ်စွဲတာတွေ၊ ၂၀၂၁ ဇန်နဝါရီ ၆ ရက်နေ့ အမေရိကန် လွှတ်တော်အဆောက်အအုံကို တိုက်ခိုက်ရန် လူအုပ်ကြီးကို လှုံ့ဆော်ခဲ့တာတွေ စတဲ့ တရားစွဲချက်တွေကို ယုံကြည်ကြောင်း ဖြေကြားခဲ့ပါတယ်။
ထရမ့်ကိုဆန့်ကျင်တဲ့ ရီပတ်ဘလစ်ကင် လူနည်းစုက သူ့ရဲ့ပြိုင်ဘက် ဟာလေကို ထောက်ခံလာကြပြီး သူ့ရဲ့မဲဆန္ဒရပ်တည်ချက်က စတုတ္ထနေရာမှာ ၄ ရာခိုင်နှုန်းဖြင့် ရပ်တည်နေပါတယ်။
ဒီဇင်ဘာ ၅ ရက်နေ့မှ ၁၁ ရက်နေ့အတွင်း ရီပတ်ဘလစ်ကင် ၁,၆၈၉ ဦးကို အွန်လိုင်းကနေ စစ်တမ်းကောက်ယူမှု လုပ်ခဲ့တာဖြစ်ပြီး ရာခိုင်နှုန်း ၃ ခုလောက် အလျော့အတင်း ရှိနိုင်ပါတယ်။
Source: Reuters
#World_News
#Published 12 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#World_Health
Published 12 December 2023
ဘရစ္စတိုလ်တက္ကသိုလ်မှ နောက်ဆုံးသုတေသနတစ်ခုမှာ HIV ဆေးတစ်မျိုးက SARS-CoV-2 မျိုးဗီဇကွဲများ အပါအဝင် ကိုရိုနာဗိုင်းရပ်စ် ရောဂါအတော်များများကို တားဆီးနိုင်တယ်လို့ ဆိုလိုက်ပါတယ်။
ရောဂါပိုးကူးစက်ထားတဲ့ ဆဲလ်တွေဆီကို သင့်တင့်မှန်ကန်တဲ့ ပမာဏပေးနိုင်ပါက တားဆီးနိုင်ဖွယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။
ထိုဆေးဟာ လက်ရှိနဲ့ အနာဂတ် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါတွေကို တိုက်ဖျက်ရာမှာ ရှိပြီးသားဆေးဝါးတွေအတွက် အထောက်အကူ ဖြစ်စေနိုင်မယ်လို့ ဒီဇင်ဘာ ၅ ရက်နေ့က ဖော်ပြခဲ့ပါတယ်။
Cobicistat ဆေးဟာ SARS-CoV-2 မျိုးဗီဇကွဲတစ်မျိုးကို တိုက်ထုတ်နိုင်စွမ်းရှိတယ်လို့ ယခင်က တွေ့ရှိထားပါတယ်။
ဒီဆေးဟာ ပုံမှန်အားဖြင့် HIV ကုသဆေးတွေရဲ့ အာနိသင်ကို မြှင့်တင်ပေးတာ ဖြစ်ပါတယ်။
Cobicistat ရဲ့သက်ရောက်မှုတွေကို ပက်ဇ်လိုဗစ်ဆေးထဲက ပါဝင်ပစ္စည်းတစ်မျိုးနဲ့ တည်ဆောက်ပုံ ဆင်တူတဲ့ ritonavir နဲ့ နှိုင်းယှဥ်ခဲ့ကြပါတယ်။
ပက်ဇ်လိုဗစ်ဆေးဟာ လက်ရှိမှာ SARS-CoV-2 ကိုကုသဖို့အတွက် အကောင်းဆုံးဆေးဝါးအဖြစ် သတ်မှတ်ထားပါတယ်။
Cobicistat ရော ritonavir ဟာ ခံနိုင်ရည်ရှိတဲ့ ဆေးပမာဏဖြင့် ကိုရိုနာဗိုင်းရပ်စ်တွေကို ဆန့်ကျင်နိုင်ပြီး လက်ရှိမှာ HIV ကုသဆေးအတွက် လိုအပ်တဲ့ပမာဏထက်တော့ များပြားနေပါတယ်။
စမ်းသပ်ချက်များအရ cobicistat ဟာ လက်တွေ့အသုံးပြုချက်ထက် ပိုမိုမြင့်မားတဲ့ ပမာဏဖြင့် ဗိုင်းရပ်စ်ကိုဆန့်ကျင်နိုင်ကာ လက်ရှိနည်းလမ်းများထက် ပိုမိုထိရောက်တဲ့ နည်းလမ်း ဖြစ်လာနိုင်တယ်လို့ ဆဲလ်နှင့်မော်လီကျူးဆေးတက္ကသိုလ်မှ ဒေါက်တာ လာ့လူကာရှီတက်ဂျ်က ပြောပြသွားပါတယ်။
တိရိစ္ဆာန်နဲ့ လက်တွေ့စမ်းသပ်မှုတွေမှာ အတည်ပြုနိုင်မယ်ဆိုရင် လက်ရှိနဲ့ အနာဂတ်ရဲ့ ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုတွေကို ဆေးတွေရဲ့ တိုက်ဖျက်နိုင်စွမ်းနဲ့ အများပြည်သူကျန်းမာရေး ထိခိုက်မှုကို လျှော့ချရာမှာ အရှိန်မြှင့်တင်နိုင်မှာဖြစ်တယ်လို့ ရှီတက်ဂျ်က ပြောပြသွားပါတယ်။
#World_Health #HIV ကုသဆေးတစ်မျိုး #ကိုရိုနာဗိုင်းရပ်စ် #Source: WION
#World_Health
Published 12 December 2023
ညဘက်မှာ အိပ်ရေးမဝတာမျိုး လုံးဝမအိပ်ရတာမျိုး ကြုံခဲ့ရင် နောက်နေ့မှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ မချမှတ်သင့်ဘူးလို့ ကနေဒါသုတေသနက ဆိုလိုက်ပါတယ်။
စစ်ဘက်ဆိုင်ရာနဲ့ နိုင်ငံရေးခေါင်းဆောင်များ၊ ကပ်ဘေးအန္တရာယ်အတွင်း ဦးဆုံးလှုပ်ရှားဆောင်ရွက်သူများဟာ ဖိစီးမှုအလွန်များတဲ့ သူတွေဖြစ်ပြီး ညဘက်မအိပ်ရတဲ့အခါ နောက်တစ်နေ့မှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခြင်းကို ရှောင်ရှားသင့်ပါတယ်။
လူသားတွေရဲ့ ကျန်းမာရေး၊ ဦးနှောက်သိရှိမှုစွမ်းရည်၊ စိတ်ခံစားချက် ထိန်းချုပ်မှုတွေမှာ အိပ်စက်ခြင်းရဲ့ အရေးပါပုံကို သိရှိနားလည်ထားပါတယ်လို့ အော့တာဝါတက္ကသိုလ်မှ အာရုံကြောသိပ္ပံ အချက်အလက် သိပ္ပံပညာရှင် ကျိုးဖန်က ပြောပြသွားပါတယ်။
အိပ်ရေးပျက်ခြင်းကြောင့် အမျိုးမျိုးသော ခန္ဓာကိုယ်ဖြစ်စဥ်တွေမှာ စွမ်းဆောင်ရည် ကျဆင်းလာတာကို တွေ့ရှိထားသလို အများပြည်သူ ကျန်းမာရေးကို ဆက်လက်ခြိမ်းခြောက်နေပြီး အသက်အရွယ်မရွေး ထိခိုက်စေနိုင်ပါတယ်။
၂၄ နာရီအချိန်အတွင်း အိပ်ရေးပျက်ခြင်းဟာ ရွေးချယ်လိုက်တဲ့ ရလဒ်တွေမှာ အာရုံကြောတုန့်ပြန်ခြင်းကို ထိခိုက်စေပြီး ဆုံးဖြတ်ချက်ချတဲ့ ဖြစ်စဥ်တွေကို သိသိသာသာ ထိခိုက်စေတယ်လို့ သုတေသီများ တွေ့ရှိခဲ့ပါတယ်။
တစ်ညအတွင်း ၇ နာရီလောက်မျှ မအိပ်ရဘူးဆိုရင် လူတွေရဲ့ ဦးနှောက်အသိဉာဏ် စွမ်းရည်၊ အာရုံစူးစိုက်မှု၊ စွမ်းဆောင်ရည်တွေ ကျဆင်းသွားသလို စိတ်ခံစားချက်ကိုလည်း ထိခိုက်စေပါတယ်။
ကျန်းမာသန်စွမ်းတဲ့လူ ၅၆ ဦးမှာ တစ်ညတာ အိပ်ရေးပျက်ခြင်းကို စမ်းသပ်ရာမှာ အမျိုးမျိုးသော ထွက်ပေါ်ချက်တွေကို ဦးနှောက်က တုန့်ပြန်ရာမှာ သိသိသာသာ ကျဆင်းသွားပြီး တစ်ညတာ အိပ်ရေးပျက်ခြင်းကြောင့် စွန့်စားဆုံးဖြတ်ချက်တွေမှာ အာရုံကြောတုန့်ပြန်မှုတွေကို ထိခိုက်စေပါတယ်။
အာရုံကြောတုန့်ပြန်မှုနဲ့ စွန့်စားမှုလုပ်ရတဲ့ အနေအထားကြား ဆက်စပ်မှုကို ဆိုးရွားစွာ ထိခိုက်စေပါတယ်။
ဒီလေ့လာချက်ရလဒ်တွေက လုံလောက်စွာ အိပ်စက်ရဖို့ ဘယ်လောက်အရေးကြီးကြောင်း၊ အိပ်ရေးပျက်တာမျိုး ကြုံတွေ့ရတဲ့အခါ အရေးကြီးဆုံးဖြတ်ချက်များ မပြုလုပ်ရန် လိုအပ်ကြောင်း ထောက်ပြနေတယ်လို့ ပန်ဆယ်လ်ဗေးနီးယားတက္ကသိုလ်မှ တီယန်ရှင်မောက်က ဖော်ပြခဲ့ပါတယ်။
#World_Health #ညအိပ်ချိန်(၇)နာရီလုံလောက်စွာအိပ်စက်ရ #အရေးကြီးဆုံးဖြတ်ချက် #Source: The Jerusalem Post
Page 247 of 825