Published 14 April 2024
နေကြတ်ခြင်းဖြစ်စဥ်တွေဟာ မြင်တွေ့ရသမျှထဲမှာ ထူးခြားဆန်းကျယ်ဆုံးသော ဖြစ်ရပ်တွေထဲက တစ်ခုဖြစ်ပြီး အခုဆိုရင် အလိုရှိတဲ့အတိုင်း ဖန်တီးနိုင်တော့မှာ ဖြစ်ပါတယ်။
ဥရောပမှ သိပ္ပံပညာရှင်များက နေကြတ်ခြင်းအတု ဖန်တီးနိုင်မယ့် နည်းလမ်းတစ်မျိုး တွေ့ရှိထားပြီ ဖြစ်ပါတယ်။
Proba-3 လို့အမည်ပေးထားတဲ့ စီမံကိန်းမှာ အာကာသယာဥ် ၂ ခုကို နေရာချိန်ညှိပြီး နေကြတ်ခြင်းကို လိုချင်တဲ့အတိုင်း ဖန်တီးနိုင်ရန် စီစဥ်နေကြပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ် ဘယ်လ်ဂျီယံမှာ ပြုလုပ်တဲ့ ပွဲတစ်ပွဲမှာ ဥရောပအာကာသအေဂျင်စီ (ESA)က Proba-3 ဂြိုဟ်တုများဖြစ်တဲ့ Coronagraph နဲ့ Occulter တို့ကို ဖော်ထုတ်ပြသခဲ့ပါတယ်။
Occulter က Coronagraph နားတဝိုက် ၁၅၀ မီတာခန့်ကနေ ပျံသန်းစေမှာ ဖြစ်ပါတယ်။
ဂြိုဟ်တုတွေ သတ်မှတ်ထားတဲ့ နေရာအတိအကျကို ရောက်တာနဲ့ Occulter က Coronagraph မျက်နှာပြင်ပေါ် အရိပ်ထိုးစေကာ နေကိုပါအုပ်ပြီး စက်ဝန်းရောင် ထွက်ပေါ်စေမှာ ဖြစ်ပါတယ်။
အနည်းမျှပင် နေရာလွဲချော်တာနဲ့ မအောင်မြင်နိင်တာကြောင့် အလွန်ခက်ခဲတယ်လို့ ESA ညွှန်ကြားရေးမှူး ဒီယက်မာပစ်ဇ်က ပြောပြပါတယ်။
၁၉၇၅ ခုနှစ်တုန်းကလည်း အမေရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စုတို့မှ နက္ခတ္တပညာရှင်များ ပူးပေါင်းကာ နေကြတ်ခြင်းအတု ဖန်တီးရန် အလားတူစမ်းသပ်ခဲ့ဖူးပါတယ်။
ပျံသန်းမှုပုံစံ အမျိုးမျိုးကို ဖော်ပြသွားမှာဖြစ်ပြီး ဂြိုဟ်လည်ပတ်မှုနည်းပညာများနဲ့ စမ်းသပ်သွားမှာဖြစ်ကာ အောင်မြင်သွားပါက အနာဂတ်မစ်ရှင်တွေမှာ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။
Source: WION
Published 14 April 2024
အလုပ်စားပွဲမှာ အထိုင်များခြင်းကြောင့် ကျန်းမာရေးပြဿနာ အမျိုးမျိုး ဖြစ်နိုင်တဲ့အပြင် ကျားအင်္ဂါကိုပါ ထိခိုက်စေတယ်လို့ တွေ့ရှိထားပါတယ်။
တောင်မတ်ရန် ပြဿနာရှိခြင်း၊ ထောင်မတ်မှု အားနည်းခြင်း၊ လိင်အထွတ်အထိပ် ရောက်ရှိရန် ခက်ခဲခြင်းတို့အထိ ဖြစ်တတ်ပါတယ်။
ကိုယ်နေဟန်ထား မမှန်ခြင်းရဲ့ ကျန်းမာရေးပြဿနာများအကြောင်း အမျိုးသားကျန်းမာရေး ဆရာဝန် ဒေါက်တာ ဂျက်ဖ်ဖော်စတာက ပြောပြသွားပါတယ်။
ကျောကုန်းခြင်း၊ ဦးခေါင်းစောင်းခြင်းတို့ကလည်း ကိုယ်နေဟန်ထား မမှန်တဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။
ကိုယ်နေဟန်ထား မမှန်ခြင်းကြောင့် တင်ပါးရိုးများ တင်းကြပ်အားနည်းလာတတ်ပါတယ်။
ဆီးအိမ်၊ အူတွေကို ထောက်ပံ့ထားတဲ့ ကြွက်သားတွေပါပြီး ကိုယ်နေဟန်ထား မမှန်ပါက အာရုံကြော လုပ်ဆောင်ချက်များကို ထိခိုက်စေပါတယ်။
ကျားအင်္ဂါပါ ထိလာတဲ့အခါ ထောင်မတ်မှု အားနည်းခြင်း၊ ဆန္ဒမပြီးမြောက်ခြင်တို့ပါ ဖြစ်လာနိုင်တယ်လို့ ရှင်းကြပါတယ်။
တင်ပါးရိုးရှိ အင်္ဂါများလည်း ပြဿနာဖြစ်လာကာ ဆီးယိုစိမ့် နာကျင်ခြင်း၊ လိင်တံနဲ့ အနားတဝိုက် တင်းရင်းနာကျင်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
ကျောရိုးနဲ့ တင်ပါးကြွက်သားတွေကို အနေတော်ထိန်းထားဖို့က အရေးကြီးပြီး လိင်တံသို့ သွေးစီးဆင်းစေမှာ ဖြစ်ပါတယ်။
မတ်တပ်ရပ် အနေအထား မှန်ဖို့ဆိုရင် နံရံကိုကျောပေးရပ်ကာ ဦးခေါင်း၊ ပခုံးရိုး၊ တင်ပါးတို့က နံရံကို ထိထားရမှာ ဖြစ်ပါတယ်။
အလုပ်သဘောအရ ကြာရှည်ထိုင်ရမယ် ဆိုရင်တော့ ကွန်ပျူတာဖန်သားပြင်ကို မျက်လုံးနဲ့ တည့်စေကာ ခြေဖျားတွေက မြေပြင်မှာ ကပ်လျက်ရှိစေပြီး လက်တွေက စားပွဲပေါ်မှာ သက်တောင့်သက်သာ ရှိနေရမှာ ဖြစ်ပါတယ်။
ကိုယ်နေဟန်ထားမှန်ကန်ခြင်းဖြင့် ကျားအင်္ဂါသို့ သွေးစီးဆင်းစေကာ ကောင်းစွာထောင်မတ်နိုင်မှာ ဖြစ်ပါတယ်။
Source: Metro
၁၄ ဧပြီ ၂၀၂၄
အီရန်က အစ္စရေးကို လက်စားချေတုန့်ပြန်သည့်အနေဖြင့် စနေနေ့ညည့်နက်ပိုင်းက ဒရုန်းနှင့် ဒုံးကျည်ပေါင်း များစွာဖြင့် အစ္စရေး၏ ပိုင်နက်အတွင်း တိုက်ရိုက်တိုက်ခိုက်မှုကိုစတင်လိုက်ပါတယ်။ အမေရိကန်က အစ္စရေးကို တိုက်ခိုက်လာပါက အစ္စရေးဘက်က မားမားမတ်မတ်ရပ်တည်မည်ဟု ကတိ ပေးပြီးနောက် အီရန်က ယခုလိုလက်စားချေတိုက်ခိုက်လာခြင်းဖြစ်ပြီး စစ်ပွဲကြီးများ ဖြစ်လာမည် အန္တရာယ်နှင့် ရင်ဆိုင်နေကြရပြီဖြစ်ပါတယ်။
အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒန်နီယယ်ဟာဂါရီက အီရန်သည် ဒါဇင်ပေါင်း များစွာသော မြေပြင်ပစ်ဒုံးကျည်များနှင့် အစ္စရေးကတိုက်ခိုက်ခဲ့ပြီး အစ္စရေး၏ နယ်စပ်များ အပြင်ဘက် တွင် ယင်းတို့ကို ကြားဖြတ်ဟန့်တားခဲ့သည်ဟုပြောလိုက်ပါတယ်။ တိုက်ခိုက်တဲ့အထဲမှာ အနည်းဆုံး ခရုစ်ဒုံးကျည် ၁၀စီးပါဝင်တယ်လို့သူကပြောပါတယ်။
အီရန်တို့ဟာ ယခုထက်ထိ ဒရုန်းအစင်းပေါင်း အနည်းဆုံး နှစ်ရာကျော်ဖြင့် တိုက်ခိုက်ခဲ့ပြီးဖြစ်တယ်လို့ သူကပြောပါတယ်။ အစ္စရေးရဲ့စစ်ဌာနတစ်ခုမှာ အနည်းအကျဉ်းပျက်စီးမှုရှိခဲ့တယ်လို့သူကပြောပါတယ်၊
ယင်းကိစ္စအပေါ် ကုလသမဂ္ဂက အရေးပေါ်လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူကျင်းပနေပါတယ်။
Source Reuters
Published 13 April 2024
တူရကီနိုင်ငံမှာ ငွေကြေးဖောင်းပွမှု စဉ်ဆက်မပြတ် ဖြစ်နေပြီး တိုင်းသူပြည်သားတွေက သူတိုရဲ့ ပိုင်ဆိုင်မှုများကို ထိန်းသိမ်းချင်တဲ့အတွက် ရွှေဝယ်လိုအား မြင့်တက်နေပါတယ်။
Source CCTV+
ဆစ်ဒနီ- ဧပြီ၂၃၊၂၀၂၄
ဩစတြေလျနိုင်ငံ ဆစ်ဒနီမြို့ရှိ ဈေးဝယ်စင်တာကြီးတစ်ခုအတွင်း စနေနေ့ညနေပိုင်းမှာ လူတစ်ဦးက ဓားနှင့်လိုက်ခုတ်တဲ့ အတွက် လူ ၅ ဦးသေဆုံးပြီး အဲဒီတိုက်ခိုက်တဲ့ ဓားသမားကို ဆစ်ဒနီရဲက ပစ်ခတ်ပြီး အသေဖမ်းဆီးမိခဲ့ပါတယ်။
အဆိုပါဖြစ်ရပ်မှာ ဆစ်ဒနီမြို့ ကမ်းခြေဆင်ခြေဖုံးမြို့ဖြစ်တဲ့ ဘွန်ဒီမြို့ ဝက်စ်ဖီးလ်ဘွန်ဒီ ဂျန်းရှင်း ဈေးဝယ် စင်တာမှာ ဧပြီ ၁၃ရက်က ဖြစ်ပွားခဲ့တာပါ။ သူဟာ ဈေးဝယ်သူတွေရှုပ်ထွေးနေတဲ့အချိန်မှာ ဓားနှင့် လိုက်လံ တိုက်ခိုက်တဲ့အတွက် လူ(၉)ဦးထိခိုက်ခဲ့ရပါတယ်။
အမျိုးသမီးရဲတပ်ဖွဲ့ဝင်တစ်ဦးက သူ့ကိုသေနတ်နှင့်ပစ်ခတ်ဖမ်းဆီးခဲ့လို့ အဲဒီသူသေဆုံးခဲ့ရပြီး လူ(၅)ဦးမှာ ဓားဒဏ်ရာတွေနှင့်သေဆုံးခဲ့ရပါတယ်လို့ နယူးဆောက်တ်ဝေးလ်ရဲအရာရှိ အန်သိုနီကွတ်က သတင်း ထောက်တွေကိုပြောပါတယ်။
အဲဒီသူ ဘာကြောင့်ဒီလိုလုပ်ခဲ့သလဲဆိုတာတော့မသိကြရသေးပါဘူး။
ဓားခုတ်မှုဖြစ်ပွားပြီးနောက် အရေးပေါ်ဌာနတွေဟာ အဆိုပါ ဈေးဝယ်စင်တာသို့ ညနေ ၄နာရီမတိုင်ခင် ရောက်ရှိလာခဲ့ကြပါတယ်။
ကလေးငယ်တစ်ဦးအပါအဝင် လူ(၈)ဦးကို ဆေးရုံပို့ဆောင်လိုက်ရတယ်လို့လည်း နယူးဆောက်ဝေးလ် အရေးပါ်လူနာတင်လုပ်ငန်းပြောရေးဆိုခွင့်ရသူက ပြောပါတယ်။
ယင်းဖြစ်ရပ်ကြောင့် စင်တာထဲက လူရာပေါင်းများစွာကို အပြင်သို့ကယ်ထုတ်ခဲ့ကြရပါတယ်လို့လည်း သိရပါတယ်။
Source Reuters
Published 13 April 2024
အီရန်က သိပ်မကြာခင် အချိန်မှာပဲ အစ္စရေးလ်ကို တိုက်ခိုက်လိမ့်မယ်လို့ မျှော်မှန်းရကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သောကြာနေ့မှာ ပြောကြားလိုက်ပြီး ဒီလိုတိုက်ခိုက်ခြင်း မပြုဖို့လည်း အီရန်ကို သတိပေးလိုက်ပါတယ်။
သတင်းထောက်တွေက မေးမြန်းရာမှာ အီရန်အနေဖြင့် တိုက်ခိုက်ခြင်း မပြုရန်နဲ့ အမေရိကန်က အစ္စရေးလ်ကို ကူညီကာကွယ်သွားဖို့ သန္နိဌာန်ချထားတဲ့ အကြောင်းကို ဘိုင်ဒင်က အလေးပေးဖြေကြားခဲ့ပါတယ်။
‘’အစ္စရေးလ်ကို ကာကွယ်ဖို့ ဆုံးဖြတ်ထားပါတယ်။ အစ္စရေးလ်ကို ထောက်ပံ့သွားပါမယ်။ အစ္စရေးလ်ဘက်ကနေ ကူညီကာကွယ်သွားမှာ ဖြစ်ပြီး အီရန်အောင်မြင်မှာ မဟုတ်ပါဘူ’’ ပြောကြားသွားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ဆီးရီးယားနိုင်ငံ ဒါမတ်စ်ကပ်စ်ရှိ အီရန်သံရုံးဝင်း တိုက်ခိုက်ခံရတဲ့အတွက် လက်စားချေမယ်ဆိုတဲ့ သတိပေးသံတွေ ထွက်ပေါ်လာကာ အီရန်နဲ့ အပေါင်းအပါတွေ တိုက်ခိုက်လာနိုင်တာကို အစ္စရေးလ်ဘက်က ပြင်ဆင်ထားရပါတယ်။
အဆိုပါ ဧပြီ ၁ ရက်နေ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အစ္စရေးလ်တို့က ယင်းတို့မဟုတ်ဘူးလို့ ဆိုထားပေမယ့် အီရန်နိုင်ငံ အကြီးအကဲ အိုင်ယာတိုလာအလီခါမနယ်က အစ္စရေးလ်ကို လက်တုန့်ပြန်အပြစ်ပေးရမယ်လို့ ကြိမ်းဝါးထားပါတယ်။
ခိုင်လုံတဲ့ အချက်အလက်ကို ထုတ်ဖော်မှာမဟုတ်ပေမယ့် အီရန်က မကြာခင်မှာ တိုက်ခိုက်လာလိမ့်မယ်လို့ ဘိုင်ဒင်က ထင်နေပါတယ်။
အီရန်ဘက်က တိုက်ရိုက်တိုက်ခိုက်လာမှာကို ရင်ဆိုင်ရန် ပြင်ဆင်တဲ့အနေနဲ့ ထိုဒေသမှာရှိတဲ့ အမေရိကန်တပ်တွေနဲ့ အစ္စရေးလ်တပ်တွေကို ကာကွယ်ဖို့အတွက် အမေရိကန်က စစ်သင်္ဘောများကို အလျင်စလို နေရာချထားပါတယ်။
အီရန်တွေ တိုက်ခိုက်လာနိုင်တဲ့ နေရာနဲ့အချိန်အကြောင်း နီးစပ်တဲ့သတင်းရင်းမြစ်က သတိပေးလာပြီးနောက် အမေရိကန်က အခုလို ပြင်ဆင်လာတာ ဖြစ်ပါတယ်။
တိုက်ခိုက်ဖို့အကြောင်း ဆွေးနွေးနေကြပေမယ့် နောက်ဆုံးပိတ် ဆုံးဖြတ်ချက်တော့ မချရသေးဘူးလို့ သိရပါတယ်။
အိန္ဒိယ၊ ပြင်သစ်၊ ပိုလန်၊ ရုရှားအပါအဝင် နိုင်ငံအချို့က ထိုဒေသသို့ ခရီးသွားလာခြင်းမပြုရန် နိုင်ငံသားများကို သတိပေးထားပါတယ်။
Source: Reuters
#World_Health
Published 13 April 2024
စီးကရက်အတု (အီးစီးကရက်) သောက်သုံးခြင်းက သာမန်ဆေးလိပ်သောက်ခြင်းထက် ပိုကောင်းတယ်လို့ အများက ထင်နေကြပေမယ့် နှလုံးအားနည်းရောဂါ ဖြစ်နိုင်ခြေ ၁၉ ရာခိုင်နှုန်း ပိုများစေတယ်လို့ အမေရိကန်မှ လေ့လာတွေ့ရှိထားပါတယ်။
နှလုံးရောဂါဆိုတာက နှလုံးကြွက်သားများ တင်းမာခြင်း၊ အားနည်းခြင်းတို့ ဖြစ်ကာ သွေးပုံမှန် မညှစ်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။
စီးကရက်တု ပါဝင်ပစ္စည်း နီကိုတင်းက သွေးဖိအားများစေပြီး သွေးကြောတွေ ကောင်းစွာ မလှုပ်ရှားနိုင်ဘဲ ကျဉ်းမြောင်းလာစေတယ်လို့ ဒေလီမှ ဒေါက်တာ နီရှစ်ချန်ဒရာက ပြောပြပါတယ်။
Vape လို့လည်းခေါ်တဲ့ စီးကရက်တုတွေမှာ ပါဝင်တဲ့ အနံ့အမျိုးမျိုးက လူကိုစွဲလမ်းစေပြီး ကျောင်းသားလူငယ်တွေ အများဆုံး အသုံးပြုကြပါတယ်။
လူပေါင်း တစ်သိန်းခွဲကျော်ကို ၄၅ လကြာတဲ့အထိ စောင့်ကြည့်လေ့လာခဲ့ကြရာ နှလုံးရောဂါ ဖြစ်ပွားသူ ၁၉ ရာခိုင်နှုန်းရှိခဲ့ပါတယ်။
Vape သောက်ခြင်းဖြင့် ဖြစ်နိုင်တဲ့ အခြေအနေတွေထဲမှာ နှလုံးခုန်ချက်တိုင်းကြားမှာ နှလုံးက မနားရဘဲ သွေးကြောနံရံများ ထိပါးလာပြီး ရောင်ရမ်းခြင်းများ ဖြစ်ပေါ်လာကာ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်းတို့ ဖြစ်နိုင်ခြေ များလာပါတယ်။
စီးကရက်တုမှာပါတဲ့ နီကိုတင်းက ဆေးလိပ်ပြတ်မယ့်အစား စွဲလမ်းခြင်းကိုသာ ဖြစ်စေနိုင်ပါတယ်။
Vape တွေမှာ အသုံးပြုထားတဲ့ အရည်တွေက စံချိန်စံညွှန်း သတ်မှတ်ထားခြင်း မရှိဘဲ ဓာတုပစ္စည်းများ၊ ကင်ဆာဖြစ်စေတဲ့ ဒြပ်ပေါင်းများ ထွက်လာပါတယ်။
အဆုတ်ကိုလည်း ထိခိုက်စေကာ အသက်ရှူကြပ်ခြင်း၊ ရင်ဘတ်အောင့်ခြင်းတို့ ဖြစ်စေပါတယ်။
#World_Health #Vapeသောက်ခြင်း #နှလုံးရောဂါဖြစ်နိုင်ခြေ(၁၉)ရာခိုင်နှုန်း #Source: IndianExpress
Page 158 of 823