Published 25 Aug 2022
အသက်၁၇နှစ်သာရှိသေးတဲ့ ဗြိတိန်-ဘယ်လ်ဂျီယမ် မက်ရူသာဖို့ဒ်ဟာ ဗုဒ္ဓဟူးနေ့က သူမောင်းနှင်လာတဲ့ အပေါ့စားလေယာဉ်ငယ်ကလေး ဘူဂေးရီးယားကို ဆင်းသက်ပြီးနောက် တစ်ဦးတည်း
ကမ္ဘာတစ်ပတ် လေယာဉ်မောင်းနှင်တဲ့ အသက်အငယ်ဆုံးလေယာဉ်မှူး အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
သူဟာ ဘူဂေးရီးယားကနေ မတ်လက စတင်ပျံသန်းထွက်ခွာခဲ့တာဖြစ်ပြီး ငါးလနှင့်တစ်ရက်အကြာမှာ မြို့တော်ဆိုဖီယာကနေ တစ်နာရီကြာသွားရတဲ့ ရာဒိုမီယာမြို့ရဲ့ လေဆိပ်အသေးလေးတစ်ခုကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။
“ လူငယ်တွေဟာ ကိုယ့်စိတ်ကူးအိပ်မက်နောက်ကိုလိုက်ပါဆောင်ရွက်ရုံမျှနှင့် ခြားနားမှုတွေလုပ်နိုင်ကြပါတယ်ဆိုတာကို ကျွန်တော့် ဒီခရီးစဉ်နှင့်ပြသဖို့ကြိုးစားတာပါ” လို့ သူက လေယာဉ်ဆင်းသက်ပြီးပြီးချင်းပြောပါတယ်။
သူဟာ မိုင်ပေါင်း ၃၄,၀၀၀ ရှိတဲ့ နိုင်ငံပေါင်း ၃၀ကို ပျံသန်းချိနန် ၂၂၁နာရီနှင့် ဖြတ်ကျော်ပျံသန်းခဲ့တာဖြစ်ပါတယ်။
Source: AFP
#Mack_Rutherford
#Youngest_Pilot
#Fly_around_the_world
- Category: World
- Hits: 356

Published 21 August 2022
ဉာဏ်ရည်တုနည်းပညာနှင့်ပြုလုပ်ထားတဲ့ ဟိုလိုဂရပ်ဖစ် သုံးဖက်မြင်ရုပ်လုံးကြွ ဗွီဒီယိုနည်းပညာရဲ့ကျေးဇူးကြောင့် ယခုဆိုရင် သေဆုံးသွားတဲ့ အမျိုးသမီးကြီးဟာ သူမရဲ့ အသုဘအခမ်းအနားမှာ ကြေကွဲဝမ်းနည်းနေကြသူတွေနှင့် စကားပြောဆိုနိုင်ပြီဖြစ်ပါတယ်။
မာရီနာစမစ် အမ်ဘီအီးဟာ ပြီးခဲ့တဲ့ဇွန်လက အသက် ၈၇နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ဇူလိုင် ၂၉ရက်က နော်တင်ဟမ်မြို့ ဘေဝေါ့တ်ရွာမှာကျင်းပတဲ့ သူမရဲ့ အသုဘအခမ်းနားမှာ ဟိုလိုဂရမ်အဖြစ် သူမဟာ ပေါ်လာခဲ့ပါတယ်။
ဟောလိုကော့စ် သင်ကြားပေးသူတစ်ဦဖြစ်တဲ့ မစ္စစ် စမစ်ဟာ သူ့ဘဝဇာတ်ကြောင်းနှင့် ယုံကြည်သက်ဝင်မှုတွေ ကို အကျဉ်းချုပ်ပြောပြပြီးတဲ့နောက် အသုဘအခမ်းအနားတက်ရောက်လာတဲ့ မိသားစုဝင်တွေရဲ့ မေးခွန်းတွေကို ဖြေကြားပေးခဲ့ပါတယ်။
ယခုနည်းပညာကို ဒီတစ်ပတ်ထဲမှာ ယူကေ မှာ သုံးနိုင်တော့မှာဖြစ်ပြီး မစ္စစ်စမစ်ရဲ့သားဖြစ်သူ လော့စ်အင်ဂျလိအခြေစိုက် AI ဉာဏ်ရည်တုကုမ္ပဏီဖြစ်တဲ့ စတိုရီဖိုင် ရဲ့ စီအီးအို ဒေါက်တာ စတက်ဖင် စမစ်က တီထွင်ဖန်တီးခဲ့တာပါ။
ဟိုလိုဂရမ်ဟာ ကြေကွဲဝမ်းနည်းသူတွေကို တုန်လှုပ်သွားစေပြီး မေးခွန်းတွေကို အသေးစိတ်အချက်အလက်အသစ်တွေနှင့် အတူရိုးသားစွာဖြေကြားခဲ့တယ်လို့ ဒေါက်တာစမစ်က ပြောပါတယ်။
သူမကို သင်္ဂြိုဟ်ပြီးတဲ့နောက် ပူဆွေးနေကြတဲ့ ဆွေမျိုးသားချင်းတွေရဲ့ မေးခွန်းတွေကို မိခင်ကြီးက ဖြေကြားပေးခဲ့တယ်လို့ ဒေါက်တာစမစ်က တယ်လီဂရပ် သတင်းစာကိုပြောပါတယ်။
ဖြစ်ရိုးဖြစ်စဉ်မဟုတ်တာက သူမဟာ မေးခွန်းတွေကို အသေးစိတ်အချက်အလက်အသစ်တွေနှင့် ရိုးသားစွာ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
“ သူတိုဲ့့အချက်အလက်တွေ သိမ်းဆည်းတဲ့အခါ လူတွေက ရဲဆေးတင်ပြောနေရသလိုခံစားကြရတယ်။ ကျန်ရစ်သူတွေဟာ ကွယ်လွန်သွားကြတဲ့ သူတို့ချစ်ရသူတွေဆီက ပိုပြီးလွတ်လပ်စစ်မှန်တဲ့ ပုံစံမျိုး ရရှိကြရမယ်” လို့ သူက ပြောပါတယ်။
“စတိုရီဖိုင်း” ဟာ တစ်ခုနှင့်တစ်ခုချိတ်ဆက်အချိန်ကိုက်လှုပ်ရှားကြတဲ့ ကင်မရာ အလုံး (၂၀)ဥိုအသုံးပြုပြီး မေးခွန်းတွေ တသီတသန်းကြီးကိုဖြေကြားတာကိုဖမ်းယူခဲ့ကြပြီးနောက် ဒစ်ဂျစ်တယ်ပုံပွားတစ်ခု ဖန်တီးယူခဲ့ပါတယ်။
အဲဒီနောက်ပညာရှင်တွေဟာ ရိုက်ကူးထားတဲ့ ရုပ်သံတွေ၊အသံကလစ်တွေကို နည်းစဉ်ဖြင့်ထုတ်လုပ်စီမံပါတယ်။ အဲဒီနောက် မေးခွန်းတွေကို သဘာဝစကားနှင့် မေးခွန်းတွေဖြေနိုင်အောင် အဲဒါကိုသုံးပြီး အေအိုင်(ဉာဏ်ရည်တု)ကို လေ့ကျင့်ပေးပါတယ်။
ရရှိလာတဲ့ ထုတ်ကုန်ရလာဒ်ကို စတိုရီဖိုင်ပလက်ဖောင်းပေါ် တင်ပေးလိုက်ပါတယ်။ အဲဒီနောက် လူတစ်ဦးဦးဟာ ကွယ်လွန်သွားပြီးတဲ့နောက် လူတွေနှင့် ဆက်သွယ်ပြောဆိုနိုင်ပြီဖြစ်ပါတယ်။
နည်းပညာက တကယ်ပကတိအချိန်မှာပြောဆိုနေသလိုဖြစ်အောင် ဖန်တီးပေးထားတဲ့အတွက် အသုဘလာပို့ကြသူတွေဟာ သူတို့ချစ်ရသူတွေနှင့် စကားပြောဆိုနိုင်တာဖြစ်ပါတယ်။
သူ့မိခင်ဟာ သူ့မရဲ့အသုဘမှာ ကလေးဘဝတုန်းက သူမအကြောင်းတွေကို ပြောသွားတယ်လို့ ဒေါက်တာစမစ်ကပြောပါတယ်။
ပြောသွားတဲ့အထဲမှာ သူမရဲ့မိဘတွေ ကွာရှင်းပြတ်စဲသွားကြပြီး အိန္ဒိယကလာတဲ့ ရွှေ့ပြောင်းလာသူတွေအဖြစ်နေခဲ့ရတဲ့ ခက်ခဲတဲ့ခေါင်းစဉ်အကြောင်းအရာတွေလည်းပါဝင်တယ်လို့ ဒေါက်တာစမစ်ကဆက်ပြောပါတယ်။
“ ပြီးတော့ အမေဟာ နိုင်ငံရေးအပေါ်သူမရဲ့သဘောထား၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်အနာဂတ်လိုမျိုး အင်မတန် စိတ်ဝင် စားစရာကောင်းတဲ့အကြောင်းအရာတွေကိုလည်း ဖြေဖို့ပြင်ဆင်ခဲ့တယ်။ဘာဖြစ်လို့စိတ်ဝင်စားရတာလဲဆိုရင် အမေက ကျွန်တော့်ကို အဲဒီအကြောင်းအရာတွေ တစ်ခါမှ မပြောဖူးလို့ပါ” လို့ သူကပြောပါတယ်။
Source: DailyMail
#Marina_Smith
#Dr_smith_hologram_AI
#StroyFile
- Category: World
- Hits: 1469
Published -21 August 2022
တရုတ်နိုင်ငံက ပထမဆုံး ကိုယ်ပိုင်တီထွင်ပြုလုပ်ထားတဲ့ ရှားပါးမြေသတ္တု rare earth ဖြင့်ပြုလုပ်တဲ့ အမြဲတမ်းသံလိုက် ပျံကြွနည်းပညာလို့ခေါ်တဲ့ PML နည်းပညာသုံး လေရထား လိုင်းကို စတင်စမ်းသပ်အသုံးပြုနေပြီဖြစ်ပါတယ်။
သက်တန့်ရောင်ဒီဇိုင်းနှင့် အဲဒီ ဆင်းဂေါမက်လက်ပ် လိုင်းဟာ တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းစီပြည်နယ် ဆင်းဂေါခရိုင်မှာ တည်ဆောက်ထားတာဖြစ်ပြီး ၈၀၀ မီတာ ရှည်လျားပါတယ်။
ဒါဟာ တရုတ်နိုင်ငံမှာ PML နည်းပညာကို ပထမဆုံးအနေဖြေင့် လေရထားလမ်းမှာ အသုံးပြုတာဖြစ်ပါတယ်။ ယခင် သုံးနေတဲ့ EMS လို့ခေါ်တဲ့ အီလက်ထရစ် မဂ္ဂနက်တစ် suspension နှင့် EDS အီလက်ထရိုဒိုင်းနမစ် suspension နည်းပညာ ပြီးရင် နည်းပညာအသစ်တစ်ခုဖြစ်ပါတယ်။ ဒီနည်းပညာအသစ်အရ ရထားဟာ သံလမ်းနှင့် ထိတွေ့မှုမရှိဘဲ လေထဲမှာ ပေါလောမျောရွေ့လျားစေတာပါ။
“ ဒီနည်းပညာမှာ အထင်ရှားဆုံးက လျှပ်စစ်ဓာတ်အားမသုံးတဲ့ အမြဲတမ်းသံလိုက်လမ်းဖြစ်ပြီး လက်ရှိ စနစ်တွေနှင့် နှိုင်းယှဉ်ရင် အနည်းဆုံးတော့ suspension power (ဆပ်ဆပန်းရှင်း ပါဝါ) ကို ၃၀ ရာခိုင်နှုန်းအနည်းဆုံး ချွေတာနိုင်ပါတယ်လို့ ယခုသရုပ်ပြတဲ့ လိုင်းရဲ့ ကျွမ်းကျင်သူပညာရှင်ချုပ် ယန်ဘင်း ကပြောပါတယ်။
ဒီစမ်းသပ်ရထားလမ်းဟာ ကျန်းစီနည်းပညာတက္ကသိုလ်၊တရုတ်လျူယွမ်ရထားအုပ်စု၊ တရုတ်ရထားနည်းပညာမြင့်စက်မှုကကုမ္ပဏီနှင့် တရုတ် အမျိုးသား ရှားပါးမြေသတ္တုတီထွင်ရေးစင်တာတို့ ပူးပေါင်းဖန်တီး တာဖြစ်ပါတယ်။ လေရထားတွေဟာ ဒီနည်းပညာအရ အမြန်နှုန်းနိမ့်နှင့် အမြန်နှုန်းအသင့်အတင့် ဖြင့် သွားနိုင်ပါတယ်။
တစ်နာရီကို ၈၀ကီလိုမီတာနှုန်း အမြင့်ဆုံးအမြန်နှုန်းသွားနိုင်အောင် ဒီဇိုင်းလုပ်ထားတဲ့ ဒီရထားဟာ လူ ၈၈ဦးစီးနင်းလိုက်ပါနိုင်ပြီး ယခု ရထားနှစ်တွဲဖြင့် စမ်းသပ်ပြေးဆွဲနေပါတယ်။ ရထားမောင်းနှင်မှုကို ဘေဒေါင်း နေရာပြ ဂြိဟ်တုစနစ်နှင့် ချိတ်ဆက်ထားပြီး 5G နှင့် အသိဉာဏ်ရှိအာရုံခံနည်းပညာတွေကိုပါ အသုံးပြုထားပါတယ်။
အဲဒီစမ်းသပ်တဲ့နေ့က ဒီရထားပုံစံအသစ်ကို စမ်းသပ်စီးနင်းလိုက်ပါလိုသူတွေ များခဲ့ပါတယ်။
“ သိပ်ပျော်မိပါတယ်။ နှစ်ပေါင်း ၇၀ကျော်ပြီ ဘဝမှာ ဒီလိုမျိုး မမြင်ဖူးသေးဘူး။ ရထားတွဲထဲက လေအေးပေးစက်နှင့် အဆင်အပြင်တွေ တော်တော်ကောင်းတယ်။ နေရာလည်းကျယ်ကျယ်ဝန်းဝန်းရှိတယ်။ ဒါဟာ တရုတ်ပြည်မှာလုပ်တပါ” လို့ ဒေသခံတစ်ဦးဖြစ်တဲ့ ရှောင်ဝန်ဖန်းက ပြောပါတယ်။
Source- CCTV Plus
#Air_Train_China
#Rare_earth_permanent_magnetic_levitation
#World”s_first_Air_train
- Category: World
- Hits: 382
Published: 20 Aug 2022
အိန္ဒိယရဲ့ ဖျော်ဖြေရေးမြို့တော်ဖြစ်တဲ့ မွမ်ဘိုင်းမှာ ရာစုနှစ်တစ်စုနီးပါးမျှ လန်ဒန်စတိုင် နှစ်ထပ်ဘတ်စ်ကားတွေကို တိုးချဲ့ပြေးဆွဲလာခဲ့ရာမှာ ယခုတစ်ခါတိုးချဲ့လိုက်တာကတော့ ယခင်နှင့်မတူလှပါဘူး။ ဒီတစ်ခါနှစ်ထပ်ဘတ်စ်ကားတွေကို လျှပ်စစ်ကားတွေအဖြစ် ထပ်မံတိုးချဲ့လိုက်တာဖြစ်ပါတယ်။
ဒီဇင်ဘာလကစပြီး ပထမဆုံး လျှပ်စစ် နှစ်ထပ်ဘတ်စ်ကားကြီး အစင်းရေ ၂၀၀ဟာ မမ်ဘိုင်းရဲ့ အလုပ်များလှတဲ့ လမ်းတွေ အပေါ် ပြေးဆွဲတော့မှာပါ။ အဲဒီကားကြီးတွေဟာ လောလောဆယ်ပြေးဆွဲနေတဲ့ လျှပ်စစ် တစ်ထပ်ဘတ်စ်ကား အစီးရေ ၄၀၀ နှင့်အတူ ပူးပေါင်းကြ ပါလိမ့်မယ်။
လူဦးရေ၁.၄ဘီလျံရှိနေတဲ့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကာဘွန်အထုတ်လုပ်မှု တတိယမြောက် အများဆုံးနိုင်ငံဖြစ်နေလို့ အစိုးရဟာ ၂၀၇၀ အရောက်မှာ ကာဘွန်ထုတ်လုပ်မှုလုံးဝမရှိစေရေးလျှော့ချဆောင်ရွက်နိုင်ဖို့ ကြိုးစားနေရပါတယ်။
ကမ္ဘာပေါ်မှာ လေထုအညစ်ညမ်းဆုံးမြို့တွေထဲမှာ ပါဝင်နေတဲ့ အိန္ဒိယရဲ့ အချို့မြို့တွေဟာ လေထုညစ်ညမ်းမှုကိုလျှော့ချဖို့ လိုအပ်နေတဲ့အတွက် လျှပ်စစ်သုံး အများပြည်သူသယ်ယူပို့ဆောင်ရေးကို မြှင့်တင်ဆောင်ရွက်နေရတာဖြစ်ပါတယ်။
ယခုလျှပ်စစ်ဘတ်စ်ကားတွေကို အိန္ဒိယကားထုတ်လုပ်တဲ့ ကုမ္ပဏီကြီးဖြစ်တဲ့ အာရှော့လေးလန်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဆွစ် မိုဘီလတီ Switch Mobility က ဖန်တီးထုတ်လုပ်တာပါ။
ကုမ္ပဏီက ထုတ်လုပ်တဲ့ အလားတူ နှစ်ထပ်လျှပ်စစ်ဘတ်စ်ကားတွေကို ၂၀၁၄ခုနှစ်ကတည်းက လန်ဒန်မှာ ပြေးဆွဲနေပြီ ဖြစ်ပါတယ်။
“ လျှပ်စစ်ဓာတ်အားသုံးယာဉ်တွေကို သာမာန်ပြည်သူတွေသုံးစွဲလာစေချင်ပါတယ်။ ဒါမှ နက်ဇီးရိုးဆိုတဲ့ ရည်မှန်းချက်ကို ရရှိမှာဖြစ်ပါတယ်။ဘတ်စ်ကား အစင်း၂၀၀ ကြောင့် နှစ်စဉ် မြို့မှာ အပင် ၈၆၀၀၀(ရှစ်သောင်းခြောက်ထာင်)စိုက်ပေးတာနှင့်ညီမျှပါတယ်။” လို့ ဆွစ်မိုဘီလတီအိန္ဒိယရဲ့ အမှုဆောင်အရာရှိချုပ် မာဟက်ရှ် ဘာဘူက ကြာသပတေးနေ့မှာ ပြုလုပ်တဲ့ ဘတ်စ်ကားအသစ်ကို ပြသတဲ့ ပွဲမှာအေအက်ဖ်ပီကိုပြောပါတယ်။
he Switch EiV 22 လျှပ်စစ် နှစ်ထပ်ဘတ်စ်ကားတွေဟာ အိန္ဒိယမှာထုတ်လုပ်ပြီး ခရီးသည် ၆၅ ဦးစီးနင်းလိုက်ပါနိုင်ပြီး ၁၅၅ မိုင်အထိ မောင်းနှင်လို့ရတဲ့ ဘက်ထရီအိမ်ပူးတွဲပါရှိပါတယ်။
ရုပ်ကြွင်းလောင်စာသုံး နှစ်ထပ်ဘတ်စ်အနီကြီးတွေကတော့ ၁၉၃၇ ခုနှစ်ကတည်းက မမ်ဘိုင်းမှာ စတင်ပြေးဆွဲခဲ့ပါတယ်။ ယခုဆိုရင် လူအကြပ်ဆုံးအချိန်မှာ အဲဒီဘတ်စ်ကားတွေဟာ အစီးရေ ၉၀၀ အထိမြို့တွင်းလမ်းကြောင်းတွေမှာပြေးဆွဲနေပါတယ်။
၁၉၉၀ပြည့်လွန်နှစ်တွေကတည်းက ဟောင်းနွမ်းနေတဲ့ အဲဒီဘတ်စ်ကားတွေကိုဖြည်းဖြည်းချင်း အစားထိုးခဲ့ပါတယ်။ ယခုဆိုရင် အဲဒီဘတ်စ်ဟောင်းတွေ အစင်း ၅၀ကျော်လောက်ပဲ ပြေးဆွဲနေတော့တာဖြစ်ပါတယ်။
Source AFP
#Electric_double-decker_Mumbai
#India_Electric_Vehicles
#Electric_Buses
- Category: World
- Hits: 302

Published 19 August 2022
အက်ပဲလ်က ယင်းရဲ့ အိုင်ဖုန်း၊အိုင်ပက်နှင့် ကွန်ပျူတာတွေမှာ အရေးကြီးတဲ့ လုံခြုံရေးဆိုင်ရောပျော့ကွက်တွေဖြစ်ပေါ်ခဲ့ပြီး အဲဒါကြောင့် ဟက်ကာတွေဟာ အဲဒီပစ္စည်းတွေကို ထိန်းချုပ်မှုပြုလုပ်နိုင်ကြလိမ့်မယ်လို့ ဖွင့်ဟသတိပေးခဲ့ပါတယ်။
အဲဒီ လုံခြုံရေးပညာရှင်တွေရဲ့ သတိပေးချက်ကြောင့် အက်ပဲလ်သုံးသူတွေဟာ သူတို့ရဲ့ ပစ္စည်းတွေကို အဆင့်မြှင့်တင်ဖို့ လိုအပ်လာပြီဖြစ်ပါတယ်။
အက်ပဲလ်က ဘာပြောတာလဲ
လာမယ့်လတစ်ရက်ရက်မှာ ထုတ်ပေးဖို့ရှိတဲ့ iOS 16 ဆော့ဝဲအသစ်ကြိးတစ်ခုမတိုင်ခင် သိပ်မကွာတဲ့အချိန်ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့မှာ ကုမ္ပဏီက လက်ရှိဆော့ဖ်ဝဲကို အဆင့်မြှင့်တင်Update ဖို့ အံအားသင့်စရာ ကြေညာခဲ့ပါတယ်။
အဲဒီဆော့ဝဲလ်အဆင့်မြှင့်ဖို့ကြေညာချက်ဟာ လုံးဝမျှော်လင့်မထားတဲ့ အချိန်ပိုင်းမှာဖြစ်ပြီး အရေးပေါ်လုံခြုံရေး အပြေင်းအလဲတွေ ကြောင့်လို့ဖော်ပြထားပါတယ်လို့ ဖော့ဘ်ရဲ့ နည်းပညာစာရေးဆရာ ဒေးဗစ်ဖီလန်က ပြောပါတယ်။
အကန့်အသတ်နှင့်သာဖော်ပြထားတဲ့အသေးစိတ်အချက်အလက်ကို အက်ပဲလ်ရဲ့ ဆော့ဝဲလ်အဆင့်မြှင့် ပေ့ချ်ကနေသာ ဖော်ပြခဲ့တာဖြစ်ပြီး ကုမ္ပဏီကနေ မကြေညာခဲ့ပါဘူး။
အဲဒီလုံခြုံရေးပျော့ကွက်တွေကို ဘယ်သူတွေ့ခဲ့တာလဲ ဘယ်လိုတွေ့တာလဲ ဆိုတာ အက်ပဲလ်ကမဖော်ပြဘဲ သူ့ရဲ့ စာထဲမှာ အမည်မဖော်လိုသူ သုတေသနသမားတွေဆီက လို့ပဲ ရေးထားပါတယ်။
Telegram Channelတွင်ဖတ်ရှုလိုပါက
အက်ပဲလ် ဆော့ဝဲရဲ့ အစိတ်အပိုင်းနှစ်ခုပြဿနာလို့ ဝက်ဘ်ဆိုက်မှာဖော်ပြထားပါတယ်။ အဲဒါတွေက အိုင်အိုအက်စ်နှင့် အချက်အခြာဖြစ်တဲ့ kernel အပိုင်းနှင့် ဝက်ဘ်ဘရောင်စာအင်ဂျင် WebKit တို့ဖြစ်ကြပြီး အဲဒီအားနည်းချက်တွေကြောင့် ကုတ်ဒ်တွေကို ထင်သလိုပြောင်းလဲလုပ်ပစ်လိုက်နိုင်တာဖြစ်ပါတယ်။
ဘာသဘောလဲ
ဒီပျော့ကွက်ကြောင့်ဟက်ကာဟာ အက်ဒမင်အဖြစ် ကိုယ့်ပစ္စည်းထဲ အပြည့်အဝဝင်ရောက်လုပ်ဆောင်နိုင်သွားမယ့် သဘောဖြစ်ပါတယ်။
အဲဒါကြောင့် ကျူးကျော်ဝင်ရောက်မယ့်သူဟာ ပိုင်ရှင်အယောင်ဆောင်ပြီး သူတို့အမည်နှင့် ကြိုက်တဲ့ ဆော့ဝဲတွေ သွင်းနိုင်မယ်လို့ ဆိုရှယ်ပရုဖ် လုံခြုံရေးမှူးချုပ် ရာချဲလ် တိုဘက်ကပြောပါတယ်။
ဒီလိုပျော့ကွက်တွေနှင့်ပတ်သက်လို့ ကျွမ်းကျင်တဲ့ ကုမ္ပဏီတွေထဲကတစ်ခုဖြစ်တဲ့ အစ္စရေးရဲ့ အင်န်အက်စ်အိုအုပ်စုက ပစ်မှတ်ထားတဲ့ စမတ်ဖုန်းတွကို လျှို့ဝှက်စွာကူးစက်ပြီးတော့ သူတို့ရဲ့ contentsတွေကို ထုတ်ယူပြီး အချိန်နှင့်တပြေးညီ ပစ်မှတ်တွေကို စုံစမ်းထောက်လှမ်းတတ်ကြတယ်လို့ ပြောပါတယ်။
MacOS.
ပြဿနာဖြေရှင်းနိုင်ပြီလား
အက်ပဲလ်ရဲ့ အဆင့်မြှင့်တင်ရေးပေ့ချ်ကတော့ အဆင့်မြှင့်တင်လိုက်တာနှင့် အဲဒီပြဿနာတွေ ပြေလည်သွားပြီလို့ရေးထားပါတယ်။
ဘယ်ကိရိယာ/ပစ္စည်းတွေ အဆင့်မြှင့်ဖို့လိုသလဲ
- iPhone 6s and later
- iPad Pro (all models)
- iPad Air 2 and later,
- iPad 5th generation and later
- iPad mini 4 and later
- iPod touch (7th generation)
- Mac computers running MacOS Monterey
Source :ABC News
#Apple
#Serious_security_vulnerabilities
#Hacker_alert
- Category: World
- Hits: 494

Published 7 August 2022
ပြင်သစ်သိပ္ပံပညာရှင်တစ်ဦးဟာ တွစ်တာပေါ်မှာ သူတင်ထားတဲ့ ကြယ်နီကြီးဆိုတဲ့ ပုံဟာ တကယ်တမ်းတော့ ကြယ်နီကြီးပုံမဟုတ်ဘဲ စပိန်ဝက်အူချောင်းအစပ်တစ်မျိုးကို လျှပ်တစ်ပြက်ရိုက်ကူးထားတဲ့ပုံသာဖြစ်ပါတယ်လို့ ဝန်ခံလိုက်ပါတယ်။
“ နေနှင့်အနီးဆုံးက ကြယ်တစ်ပွင့်ဖြစ်တဲ့ ပရောက်ဆီမာ စင်တာယူရီ Proxima Centauri ပုံဖြစ်ပါတယ်။ ကျွန်တော်တို့နှင့် အလင်းနှစ်ပေါင်း ၄.၂ အကွာမှာရှိပါတယ်။ ဒီပုံကို ဂျိမ်းစ်ဝက် အာကာသ အဝေးကြည့်မှန်ပြောင်းကြီးကနေ ရိုက်ကူးထားတာပါ။ ကမ္ဘာသစ်တစ်ခုဟာနေ့တိုင်း ထွက်ပေါ်နေပါတယ်” လို့ ရူပဗေဒပညာရှင် အက်တျနနီကလိန်းက တွစ်တာမှာ ပုံတင်ပြီး သူ့ဖော်လိုဝါတွေကို ပုံနှင့်အတူ ပြောထားခဲ့တာဖြစ်ပါတယ်။
တကယ်တမ်းတော့ အဲဒီပုံမှာ ဘာကြယ်နီပုံမှမဟုတ်ဘဲ ကျပ်တင်ထားတဲ့ ဝက်အူချောင်းတစ်မျိုးဖြစ်တဲ့ စပိန်က ချိုရီဇို လို့ခေါ်တဲ့ စားစရာ အချပ်တစ်ခုဖြစ်နေပါတယ်။
ပထမပို့စ်တင်ပြီး တစ်နာရီတောင်မကြာပါဘူး.. အဲဒီပညာရှင်က ဒါဟာ နောက်ပြောင်လိုက်တာဆိုပြီး ပြန်ရှင်းခဲ့ပါတယ်။ သတိထားကြပါ။ ခေတ်ပြိုင်စကြဝဠာဗေဒမှာ စပိန် ချာကူတာရီ(ကော့တ်တေး) နှင့် ဆက်စပ်တဲ့ အရာလိုမျိုး ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာမှ မတည်ရှိပါဘူး” လို့ သူက ဖြည့်စွက်ပြောထားပါတယ်။
သူ့ရဲ့ပို့စ်ဟာ လူသိများသွားပြီ အဲဒီအပေါ် အမျိုးမျိုးတုန့်ပြန်ကြပါတယ်။ အချို့က မယုံနိုင်ဘူးလို့ပြောကြပြီး အချို့ကတော့ ဒါဟာ နောက်တာပဲ ဆိုတာ ချက်ခြင်းရိပ်မိကြတယ်။ အချို့ကတော့ ပြင်သစ်နိုင်ငံရဲ့ သမားရိုးကျမဟုတ်သည့် စွမ်းအင်နှင့် အနူမြူစွမ်းအင်ကော်မရှင်ရဲ့ သုတေသနညွှန်မှူးတစ်ဦးဖြစ်တဲ့ သူ့အနေနှင့် သူဒီလိုပြောတဲ့ အချိန်နှင့် သူ့လုပ်ပိုင်ခွင့်ကို အလွဲသုံးစာလုပ်တာဆိုပြီး ဝေဖန်ကြပါတယ်။
“ အချို့သော မှတ်ချက်တွေအရ ကျွန်တော်ရေးတဲ့ပို့စ်ထဲမှာ ပရောက်ဆီမာ စင်တာယူရီ လို့ရေးထားတာဟာ နောက်ပြောင်ထားတာပါ” လို့ သူက ဖြည့်စွက်ရေးထားပါတယ်။
Source: Insider
#Proxima_Centauri
#Etienne_Klein
#Slice_of_chorizo
- Category: World
- Hits: 919

Published: 31 July 2022
ယူကျု YouTube က နာမည်ကျော် မစ္စတာဘိစ် MrBeast ဟာ ဇူလိုင် ၂၈ ရက်က စာရင်းသွင်းကြည့်ရှုသူ (subscribers) ပေါင်း သန်း ၁၀၀ အထိရရှိတဲ့ ဒုတိယမြောက် တစ်သီးပုဂ္ဂလက ဖန်တီးသူတစ်ဦးဖြစ်လာခဲ့ပါတယ်။
အမည်ရင်း ဂျင်မီ ဒေါ်နယ်ဆန်ဖြစ်တဲ့ ယူကျုအမည် မစ္စဘာ ဘိစ်ဟာ သူ့ကိုအားပေးတဲ့ပရိဿတ်ကို ကျေးဇူးတင်ကြောင်း ယူကျုမှာ streaming ထုတ်လွှင့်ပြသပြီး တုန့်ပြန်ခဲ့ပါတယ်။
“ ဒီဗွီဒီယိုတွေကို ကြည့်ရှုကြသူ ခင်ဗျားတို့ တစ်ဦးချင်းစီကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ဒါဟာ ကျွန်တာ့်ဘဝမှာ ကျွန်တော် လုပ်ခဲ့သမျှ အားလုံးပါပဲ” လို့ သူကပြောပါတယ်။ “ ကျွန်တော်လုပ်သမျှအားလုံးက မနက်အိပ်ရာထတယ်။ ပြီးတော့ အကောင်းဆုံးဗွီဒီယိုကို ဘယ်လိုလုပ်မလဲဆိုတာကို စွဲစွဲလန်းလန်းလုပ်တယ်။ ဒါဟာ ကျွန်တော် ဂရုတစ်စိုက်လုပ်တာ အားလုံးပဲ။ဒါဟာ ကျွန်တော့်ကို ပျော်ရွှင်အောင်လုပ်ပေးတဲ့ တစ်ခုတည်းသော အရာဖြစ်တယ်” လို့ သူက ဖြည့်စွက် ပြောပါတယ်။
ဒေါ်နယ်ဆန်ရဲ့ ချယ်နယ်လ်ဟာ ကမ္ဘာပေါ်မှာ စတုတ္ထမြောက် subscribe အလုပ်ဆုံး ချယ်နယ်လ်ဖြစ်ပါတယ်၊ ယူကျု ပလက်ဖောင်းပေါ်မှာ သူဟ လူကြည့်အများဆုံးနှင့် ဝင်ငွေအများဆုံး ဖန်တီးသူလည်းဖြစ်နေပါတယ်။ သူ့အရင် သန်း၁၀၀ subscribers ရရှိခဲ့တဲ့ တစ်သီးပုဂ္ဂလကကတော့ ဂိမ်း influencer ပီဒိုင်းဒိုင်း PewDiePie ဖြစ်ပါတယ်။ သူ့နာမည်ရင်းက ဖဲလစ် ကေဂျဲလ်ဘတ်ဖြစ်ပြီး ယခုအထိ သူဟာ ဖော်လိုဝါ ၁၁၁သန်းရရှိထားပါတယ်။
သူ့ချယ်နယ်မှာ တင်ချင်တဲ့ စိတ်ကူးအကြောင်းအရာတွေ အများကြီးရှိနေသေးတယ်လို့ ဒေါ်နယ်ဆန်က ပြောပါတယ်။ သူဟာ ယူကျုပေါ်မှာပဲ သူ့ရဲ့ အသက်မွေးဝမ်းကျောင်းကို နှစ်ပေါင်း ၂၀ကနေ ၃၀ အထိတည်ဆောက်သွားမယ်လို့လည်း သူက ဆိုပါတယ်။
“ ဒါဟာ အစပိုင်းမျှပဲရှိသေးတယ်လို့ ကျွန်တော်ခံစားရပါတယ်။ ဒီလိုပြောလိုက်လို့ ကျွန်တော် စိတ်ကြီးဝင်နေတာမဟုတ်ပါဘူး၊ တကယ့်ကို အစလောက်ပဲရှိသေးတယ်လို့ ခံစားရတာပါ။ ကျွန်တော့်အနေနှင့် တီထွင်ဖန်တီးမှုတွေ အများကြီးပေးဖို့ ရှိသေးတယ်” လို့ သူက stream ထဲမှာပြောပါတယ်။
သူဟာ စေတနာထက်သန်လှတဲ့ သူ့ဗွီဒီယိုတွေကြောင့် သူ့ပရိသတ်တွေကြား ကောင်းသတင်းမွှေးပျံနေပါတယ်။ သူဟာ မကြာခဏဆိုသလို သူရတဲ့ပိုက်ဆံ ပမာဏာတော်တော်များများကို ကြည့်ရှုသူတွေထံ ပြန်ပေးလေ့ရှိပါတယ်၊ သူဟာ Twitch မှာ ဗွီဒီယို stream တင်သူအသေးကလေးတွေနှင့် ယူကျုသမားတွေကို ဒေါ်လာထောင်ပေါင်းများစွာ ပြန်လှူခဲ့တဲ့အတွက် ၂၀၁၈ မှာသူ နာမည်ရလာပါတယ်။ သိပ်မကြာသေးခင်ကပဲ သူဟာ ပရိဿတ်တွေကို ပြိုင်ပွဲကလေးတစ်ခုလုပ်ခဲ့ပါတယ်။ အဲဒီပွဲမှာ ပရိဿတ်တွေဟာ ကိုယ်ပိုင်ဗွီဒီယိုကလေးတွေနှင့် ဆုကြီးတွေရဖို့ ဝင်ပြိုင်ခဲ့ကြပါတယ်။
၂၀၂၁ခုနှစ်မှာ သူဟာ နက်ဖလစ်ရဲ့ စကွစ်ဂိမ်းပြိုင်ပွဲတစ်ခုပြုလုပ်ခဲ့ပြီး အားပေးသူ ၄၅၆ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အဲဒီအပြင် ဝီလီဝန်ကာရဲ့ ချောကလက်စက်ရုံ ခံစားပြီး ပြုလုပ်တဲ့ ပြိုင်ပွဲတစ်ခုမှာ ပရိသတ်တစ်ဦးကို ဒေါ်လာ ငါးသိန်း ချီးမြှင့်ခဲ့ပါတယ်။
သူဟာ Beast Philanthropy လို့ခေါ်တဲ့ လူသားချင်းအကူအညီပေးရေးကုမ္ပဏီတစ်ခုကို ၂၀၂၀မှာ တည်ထောင်ထားပါတယ်။ အဲဒီကုမ္ပဏီ က ဆင်းရဲမွဲတေနေသူတွေကို အကူအညီတွေပေးပါတယ်။ ပြီးတော့ ဘာဂါဆိုင်တွဲတွေနှင့် ချောကလက်ထုတ်ကုန် တွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။
Source: Insider
#YouTube_Star-_MrBeast
#MrBeast
#Jimmy Donalds
- Category: World
- Hits: 630