
#LocalNews
Published_ 16 March 2022
ခြွင်းချက်ပြုဖော်ပြထားသော ကိစ္စရပ်များမှအပ လူ ၄၀၀ ဦးအထိ မတ်လ ၁၆ ရက် နေ့မှစ၍ စုဝေးခွင့်ပြုကြောင်း ကျန်းမာရေးကြီးဌာနက ကူးစက်ရောဂါများ ကာကွယ် နှိမ်နင်းရေး ဉပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ အမိန့်ထုတ်ပြန် လိုက်ကြောင်း ဖော်ပြထားပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်း များနှင့် စပ်လျဉ်း၍ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရန်အတွက် လူ ၅၀ ဦးအစား လူ ၁၀၀ ဦး ထက်ပို၍ စုဝေးခြင်းမပြုရန် ၂၉-၁၀-၂၀၂၁ ရက်စွဲပါအမိန့်အမှတ် ၄၇၉/၂၀၂၁ ဖြင့် လည်းကောင်း၊ ဘာသာရေးဆိုင်ရာအခမ်းအနားများနှင့် သာရေး/နာရေးဆိုင်ရာ ကိစ္စရပ် များအတွက် လူ ၂၀၀ ဦးအထိ စုဝေးခွင့်ပြုကြောင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်စွဲပါ အမိန့်အမှတ် ၅၃၈/၂၀၂၁ ဖြင့် ထုတ်ပြန်ခဲ့ပါတယ်။
ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေများအပေါ် သုံးသပ်ချက်များ အရ ကိုဗစ်-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်တွေ့ရှိမှု၊ ပိုးတွေ့နှုန်းနှင့် သေဆုံးမှု နှုန်းတိုမှာ သိသာစွာကျဆင်းလာကြောင်း တွေ့ရှိရသဖြင့် ခြွင်းချက်ပြုဖော်ပြ ထားသော ကိစ္စရပ်များမှအပ လူ ၄၀၀ ဦးအထိ မတ်လ ၁၆ ရက်နေ့မှစ၍ စုဝေးခွင့်ပြုကြောင်း ထုတ်ပြန်လိုက်ပါတယ်။
ကိုဗစ်-19 ရောဂါနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတိုက ထုတ်ပြန်ထားတဲ့ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာရန်ပျက်ကွက် ပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထား ပါတယ်။
ယနေ့ညထုတ်ပြန်ချက်များအရ ခွဲနမူနာစုစုပေါင်း ၂၃,၅၀၀ ခုအား စစ်ဆေးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၆၈၃ ဦး တွေ့ရှိရပြီး၊ ယနေ့အတွက် ရောဂါ ပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၂.၉၁ ရာခိုင်နှုန်း ရှိပါတယ်။
#ymg_mnn
Yangon_Media_Group
- Category: Myanmar
- Hits: 331

#WorldHealth
Published - 16 March 2022
ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့နေသည်မှာ အချိန်အတော်ကြာရှိနေပြီဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေးအများအပြား ထွက်ပေါ်ထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ရောဂါပြင်းထန်တဲ့လူနာတွေကိုကုသရာမှာတော့ ရွေးချယ်စရာနည်းလမ်းများများစားစားမရှိပါဘူး။
အိုင်ယာလန်ခွဲစိတ်အထူးကုတော်ဝင်ကောလိပ်နဲ့ ကျန်းမာရေးသိပ္ပံ ဘော်မောင့်ဆေးရုံတို့က လက်တွေ့စမ်းသပ်ချက်ပြုလုပ်ခဲ့ကြရာ ရောဂါပြင်းထန်စွာခံစားနေရတဲ့ကိုဗစ်လူနာတွေကို ထိရောက်စွာကုသပေးနိုင်မယ့်နည်းလမ်း ရှာတွေ့ခဲ့ကြပါတယ်။
ဒီစမ်းသပ်တွေ့ရှိချက်ကို Clinical Advances ဂျာနယ်မှာ ကြာသပတေးနေ့က ဖော်ပြခဲ့ကြပါတယ်။ အသက်ရှူလမ်းကြောင်းထိခိုက်ခြင်းရောဂါလက္ခဏာ(ARDS) ဖြစ်လာနိုင်တဲ့ ကိုဗစ်လူနာတွေမှာ ရောင်ရမ်းခြင်းလျော့ကျစေတဲ့ အယ်လ်ဖာ-၁ အန်တီထရစ်ပ်ဆင်(AAT) ပရိုတိန်းဖြင့် ကုသခြင်းဖြင့် ရရှိလာတဲ့အကျိုးသက်ရောက်မှုတွေကို လေ့လာသုံးသပ်ခဲ့ကြပါတယ်။
ARDS ဆိုတာက အသက်ရှူလမ်းကြောင်းထိခိုက်ပျက်စီးကာ အလွန်ရောင်ရမ်းခြင်းဖြစ်ပေါ်လာတဲ့အခြေအနေဖြစ်ပြီး အသက်အန္တရာယ်ရှိတတ်ပါတယ်။
ARDS လက္ခဏာခံစားနေရတဲ့ ကိုဗစ်လူနာတွေကို လက်ရှိမှာကုသနည်းလမ်းတွေက အနည်းငယ်သာရှိနေပါတယ်။
AAT ပရိုတိန်းဆိုတာကတော့ လူ့ခန္ဓာကိုယ်ထဲရှိ အသည်းအင်္ဂါကထုတ်လွှတ်လိုက်တဲ့ သဘာဝပရိုတိန်းတစ်မျိုးဖြစ်ပြီး သွေးလမ်းကြောင်းထဲရောက်ရှိကာ ဖျားနာရောဂါများဖြစ်ပွားခြင်းကြောင့် အဆုတ်ပျက်စီးမှုတွေကို ကာကွယ်ပေးလေ့ရှိပါတယ်။
ယခုစမ်းသပ်မှုမှာ ကျန်းမာတဲ့သွေးလှူရှင်များရဲ့ သွေးထဲက AAT ပရိုတိန်းတွေကိုထုတ်ယူလိုက်ကာ ARDS လက္ခဏာခံစားနေရတဲ့ ကိုဗစ်လူနာတွေရဲ့သွေးကြောထဲသွင်းပေးပြီး ရောင်ရမ်းခြင်းကိုလျှော့ချပေးပါတယ်။
AAT ပရိုတိန်းနဲ့ကုသလိုက်တဲ့လူတွေဟာ တစ်ပတ်အကြာမှာ ရောင်ရမ်းခြင်းသက်သာသွားတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီကုသနည်းက ဘေးကင်းစိတ်ချရတဲ့အပြင် လူနာတွေရဲ့ကိုယ်ပိုင်ကိုဗစ်ခုခံအားစနစ်ကိုလည်း ထိခိုက်ခြင်းမရှိပါဘူး။
"ကိုဗစ်ရောဂါကူးစက်ပြီး ရောဂါပြင်းထန်စွာဖြစ်ပွားတဲ့သူတွေဟာ ခန္ဓာကိုယ်တလျှောက်ရောင်ရမ်းခြင်းများ ဖြစ်ပေါ်လာတတ်တယ်လို့ သိထားပါတယ်၊ ARDS လက္ခဏာပေါ်ပေါက်လာနိုင်ချေအလွန်များပြီး အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများဖြစ်ပွားနိုင်ပါတယ်" လို့ ပူးတွဲလေ့လာသူ ဒေါက်တာ'အိုလီဗာမက်အယ်ဗေနီ'က ဆိုပါတယ်။
"AAT ပရိုတိန်းက ကိုဗစ်ရောဂါပြင်းထန်ခြင်းကြောင့် ဖြစ်ပေါ်တတ်တဲ့ ရောင်ရမ်းခြင်းမျိုးတွေနဲ့ အလားတူရောင်ရမ်းခြင်းအခြေအနေတွေကို ကာကွယ်တဲ့နေရာမှာအသုံးပြုနိုင်ပါတယ်" လို့ ပြောကြားလိုက်ပါတယ်။
Source: The Jerusalem Post
- Category: World
- Hits: 999

#WorldHealth
Published - 16 March 2022
ကနေဒါနိုင်ငံ ဟာမီလ်တန်ရှိ မက်မာစတာတက္ကသိုလ်မှ ရူပဗေဒပညာရှင်များ၊ ဓာတုဗေဒပညာရှင်များနဲ့ ရောဂါခုခံအားဆိုင်ရာ ပညာရှင်များစုပေါင်းစမ်းသပ်မှုပြုလုပ်ခဲ့ရာ သွေးနီဥများကို ဗိုင်းရပ်စ်အမှုန်နဲ့ပေါင်းစည်းစေခြင်းဖြင့် SARS-CoV-2 ကိုခုခံကာကွယ်နိုင်မယ့် ရောဂါခုခံအားထွက်ရှိစေကြောင်း တွေ့ရှိခဲ့ကြပါတယ်။
ဒီနည်းလမ်းအသစ်ကို ပညာရှင်တွေအချင်းချင်းလေ့လာသုံးသပ်ပြီးပြီဖြစ်ပြီး ကာကွယ်ဆေးထိုးနိုင်မယ့်နည်းလမ်းအသစ် ဖြစ်လာနိုင်ပါတယ်။
ကြွက်တွေနဲ့စမ်းသပ်ရာမှာ သွေးနီဥအမြှေးပါးတွေကို SARS-CoV-2 စပိုက်ခ်ပရိုတိန်းထဲမှာထည့်သွင်းကာ ဗိုင်းရပ်စ်လိုအမှုန်လေးတွေဖြစ်ပေါ်လာစေပြီး ကိုယ်ခံအားစနစ်ကိုလှုံ့ဆော်ပေးခြင်းဖြင့် ပဋိပစ္စည်း(antibody)များထွက်ရှိစေပါတယ်။
လက်ရှိအသုံးပြုနေတဲ့ကာကွယ်ဆေးတွေက ရောဂါခုခံအားစနစ်အပြင်းအထန်လှုံ့ဆော်စေပြီး အချိန်ခဏသာတာရှည်ခံကြောင်း မက်မာစတာတက္ကသိုလ် ရူပဗေဒနဲ့နက္ခတ္တဗေဒဌာနမှ ပရော်ဖက်ဆာ'မိုက်ကယ်ရိုင်းစတက်ဒါ'က ဆိုပါတယ်။
စမ်းသပ်ချက်များအရ ဆဲလ်တွေကိုဗိုင်းရပ်စ်ပရိုတိန်းအများအပြားဖြင့် ပေါင်းစပ်လိုက်ပေမယ့် ဘေးထွက်ဆိုးကျိုးအနည်းငယ်သာရှိပြီး အခြားကာကွယ်ဆေးအမျိုးအစားတွေထက် ပိုမိုထိရောက်တာရှည်ခံနိုင်မှာဖြစ်ပါတယ်။
အဆိုပါနည်းလမ်းဟာ မျိုးရိုးဗီဇပစ္စည်းတွေကိုအသုံးပြုခြင်းမရှိဘဲ ခုခံအားထွက်ရှိစေတာဖြစ်ပါတယ်။'ရိုင်းစတက်ဒါ'နဲ့တပည့်တွေဟာ သွေးနီဥတွေကိုပြုပြင်ပြောင်းလဲကာ ကင်ဆာ၊ အယ်လ်ဇိုင်းမားရောဂါတွေလို ရောဂါဆိုးကြီးတွေကိုပစ်မှတ်ထားတဲ့ဆေးတွေ စမ်းသပ်ပြီးနောက် ဒီနည်းလမ်းအတိုင်းစမ်းသပ်ခဲ့ကြတာဖြစ်ပါတယ်။
"ဒီနည်းလမ်းက ကျွန်တော်တို့ရဲ့သွေးထဲရှိဆဲလ်တွေကို အဆင့်မြှင့်တင်ပေးပါတယ်။ ဒီကာကွယ်ဆေးက ခန္ဓာကိုယ်ထဲရှိ နာနိုရိုဘော့လိုဆဲလ်တွေကိုအသုံးချပြီး ရောဂါပိုးတစ်ခုခုဝင်ရောက်လာတဲ့အခါ တိုက်ခိုက်ပေးကြမှာဖြစ်ပါတယ်" လို့ 'ရိုင်းစတက်ဒါ'က ရှင်းပြသွားပါတယ်။
Source: The Jerusalem Post
- Category: World
- Hits: 601

#WorldHealth
Published - 15 March 2022
ဖိုင်ဇာ(Pfizer)ကုမ္ပဏီမှထုတ်လုပ်ပြီး ကိုဗစ်ရောဂါကုသရာမှာအလွန်ထိရောက်တဲ့ကုသရေးသောက်ဆေး တစ်ကမ္ဘာလုံးရရှိရေးအတွက် သဘောတူညှိနှိုင်းမှုများကို များမကြာခင်အချိန်မှာ ထုတ်ဖော်ကြေညာသွားမှာဖြစ်ပါတယ်။
ဒါပေမဲ့ ထုတ်လုပ်ညှိနှိုင်းရေးအပိုင်းတွေမှာ အခက်အခဲတွေရှိနေတာကြောင့် ကမ္ဘာ့နေရာအနှံ့အပြားကိုရောက်ရှိဖို့ကတော့ တစ်နှစ်လောက်ကြာမြင့်ဦးမှာဖြစ်ပါတယ်။
ဖိုင်ဇာကုမ္ပဏီနဲ့ လိုင်စင်မူပိုင်ခွင့်သဘောတူညီမှုရရှိပြီး ၄ လအကြာမှာ အဆိုပါသောက်ဆေးတွေကို နောက်အပတ်ကစပြီးထုတ်လုပ်သွားမယ့် ဆေးဝါးထုတ်လုပ်ရေးအဖွဲ့အစည်းများကို ကုလထောက်ပံ့ရေးဆေးဝါးမူပိုင်ခွင့်အစီအစဉ်များဖြင့် အမည်တပ်ကြေညာသွားမှာဖြစ်ပါတယ်။
ဖိုင်ဇာရဲ့ကိုဗစ်ကုသရေးသောက်ဆေး ပက်ဇ်လိုဗစ်(Paxlovid)ဆေးတွေကို ဒီဇင်ဘာလအရောက်မှာ ပထမဆုံးစတင်ဖြန့်ဖြူးနိုင်အောင် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတွေအနေနဲ့ အဆင်သင့်ပြင်ဆင်ထားရမှာဖြစ်ပါတယ်။
ဆေးဝါးအမြောက်အများကိုတော့ ၂၀၂၃ မေလလောက်မှ ရရှိနိုင်ဖွယ်ရှိကြောင်း Airfinity Ltd ကုမ္ပဏီက ခန့်မှန်းဖော်ပြလိုက်ပါတယ်။ လက်တွေ့စမ်းသပ်ချက်များအရ ပက်ဇ်လိုဗစ်ဆေးတွေဟာ ကိုဗစ်ရောဂါကြောင့်ဖြစ်တဲ့ အသက်သေဆုံးမှုနှုန်းနဲ့ ဆေးရုံတက်ကုသခံယူရမှုနှုန်းတိုကို ၉၀ ရာခိုင်နှုန်းနီးပါးလျှော့ချနိုင်ကြောင်းသိရှိထားတာကြောင့် ပက်ဇ်လိုဗစ်ဝယ်ယူလိုအားများနိုင်တာကြောင့် ပစ္စည်းထောက်ပံ့ရေးအပိုင်းမှာ မလုံလောက်ခြင်းမျိုးကြုံတွေ့ရမှာပါ။
ကနဦးထုတ်လုပ်ရရှိလာတဲ့ဆေးဝါးပမာဏရဲ့ ၄ ပုံ ၁ ပုံခန့်ကို ချမ်းသာတဲ့နိုင်ငံတစ်စုက ဝယ်ယူဖို့သေချာနေတာကြောင့် ကာကွယ်ဆေးအလုံအလောက်မရရှိသေးတဲ့ ဆင်းရဲတဲ့နိုင်ငံတွေကို ပက်ဇ်လိုဗစ်ဆေးတွေရောက်ရှိနိုင်ဖိုအတွက် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကြီးတွေမှာ ဖိအားအများအပြားရှိလာပါတယ်။
ကပ်ရောဂါစတင်ပေါ်ပေါက်ပြီး ၂ နှစ်ကြာတဲ့အချိန်မှာ ကိုဗစ်ရောဂါကိုတိုက်ဖျက်ဖို့ ဖိုင်ဇာရဲ့ကုသရေးသောက်ဆေးက အဓိကကျလာပါတယ်။ လက်ရှိအချိန်မှာ ရောဂါကူးစက်မှုတွေလျော့ကျလာပြီဆိုပေမယ့် နောင်ထွက်ပေါ်လာနိုင်တဲ့ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲတွေကိုပါ တိုက်ဖျက်နိုင်ဖို့အတွက် တာဝန်ရှိသူတွေက ပက်ဇ်လိုဗစ်ဆေးတွေရရှိအောင် ကြိုးပမ်းနေကြတာဖြစ်ပါတယ်။
"ကုန်ကြမ်းအရင်းအမြစ်တွေအများဆုံးရရှိပြီး ထောက်ပံ့ရေးပစ္စည်းတွေထုတ်လုပ်နိုင်ဖို့ အာရုံစိုက်လုပ်ဆောင်နေပါတယ်။ နိုင်ငံငယ်များအပါအဝင် နိုင်ငံပေါင်း ၁၀၀ ကျော်ကို လက်လှမ်းမီသလောက် ချိတ်ဆက်ပြောဆိုထားပါတယ်" လို့ ဖိုင်ဇာမှပြောရေးဆိုခွင့်ရှိသူ'ကစ်ဒ်လောင်ဂ်လီ'က ဆိုပါတယ်။
ပက်ဇ်လိုဗစ်ကုသရေးသောက်ဆေးမှာ ဆေး ၂ မျိုးပါဝင်ပါတယ်။
ပထမဆေးအမျိုးအစားက nirmatrelvir ဆေးဖြစ်ကာ ဗိုင်းရပ်စ်ပွားခြင်းကိုဖြစ်စေတဲ့ အဓိကအင်ဇိုင်းတစ်မျိုးကိုတားဆီးပေးတာဖြစ်ပါတယ်။
နောက်တစ်မျိုးကတော့ HIV လူနာတွေမှာအသုံးပြုတဲ့ ritonavir ဆေးဖြစ်ပြီး nirmatrelvir ဆေးရဲ့ဖြိုခွဲမှုကိုနှေးအောင်ပြုလုပ်ကာ အချိန်ကြာမြင့်တဲ့အထိ ဆေးအာနိသင်ပမာဏများနေအောင် ထိန်းသိမ်းပေးတာဖြစ်ပါတယ်။
ဖိုင်ဇာရဲ့ကိုဗစ်ကုသရေးသောက်ဆေးက ဗိုင်းရပ်စ်ကိုတိုက်ဖျက်ရာမှာ Merck ကုမ္ပဏီရဲ့ molnupiravir ဆေးထက်ပိုမိုထိရောက်နိုင်ဖို့ မျှော်လင့်နိုင်ပါတယ်။
molnupiravir ဆေးကတော့ အသုံးပြုတဲ့လူနာအချို့မှာ ဘေးကင်းစိတ်ချရမှုအပိုင်းပြဿနာတွေရှိနေပြီး ကိုဗစ်ရောဂါကြောင့်ဖြစ်တဲ့ ဆေးရုံတက်ကုသခံယူရမှုနဲ့ အသက်သေဆုံးမှုနှုန်းတို့ကိုကာကွယ်ရာမှာ ၃၀ ရာခိုင်နှုန်းခန့်သာ ထိရောက်မှုရှိခဲ့တာကြောင့် ပက်ဇ်လိုဗစ်နဲ့အခြားကုသနည်းတွေ မရနိုင်တဲ့အခြေအနေမှသာ Merck ရဲ့ဆေးဝါးကိုအသုံးပြုဖို့ အမေရိကန်နိုင်ငံတော်ကျန်းမာရေးအဖွဲ့အစည်းက ညွှန်ကြားထားပါတယ်။
ဒါပေမဲ့ ဖိုင်ဇာရဲ့ပက်ဇ်လိုဗစ်ဆေးဝါးကိုထုတ်လုပ်ဖို့က အခြားဆေးဝါးတွေထုတ်လုပ်ရတာထက် ပိုပြီးကြာရှည်နိုင်တာကြောင့် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတွေအနေနဲ့ အခက်အခဲတွေရှိလာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
ပက်ဇ်လိုဗစ်မှာပါဝင်တဲ့ nirmatrelvir ဆေးက ကန့်သတ်ချက်ရှိတာမို့လို့ လိုင်စင်ခွင့်ပြုချက်ရရှိအောင်စောင့်ဆိုင်းရဦးမှာဖြစ်ပါတယ်။ ညတွင်းချင်းထုတ်လုပ်လို့ရတဲ့ပစ္စည်းတွေ မဟုတ်တဲ့အတွက် ချက်ချင်းကြီးပမာဏအများအပြားထုတ်လုပ်ဖို့ မျှော်လင့်နေတာတော့ မတရားဘူးလို့ ဆေးဝါးမူပိုင်ခွင့်ဆောင်ရွက်ရေးအဖွဲ့အစည်းမှ အမှုဆောင်ချုပ်'ချားလ်စ်ဂိုး'က ပြောကြားခဲ့ပါတယ်။
ပက်ဇ်လိုဗစ်ဆေးဝါးထုတ်လုပ်ဖို့အတွက် ကမ္ဘာတဝန်းမှ ကုန်ကြမ်းပစ္စည်းများနဲ့ဓာတ်ပြုပစ္စည်းအမျိုးအစား ၃၈ မျိုးလိုအပ်ပြီး အခုထက်ထိ ကုန်ကြမ်းပစ္စည်းပြတ်လတ်တာမျိုးမရှိပေမယ့် ကြာလာတဲ့အချိန်ကျရင်တော့ အခက်အခဲရှိလာနိုင်ပါတယ်။ဖိုင်ဇာကုမ္ပဏီက ၂၀၂၂ ခုနှစ်အတွင်း ပက်ဇ်လိုဗစ်ဆေးဝါးပေါင်း သန်း ၁၂၀ ထုတ်လုပ်ဖို့ မျှော်မှန်းထားပြီး ယခုနှစ်မှာ အမေရိကန်နိုင်ငံကို ဆေးဝါးသန်း ၂၀ ပို့ဆောင်ဖို့ စီစဉ်ထားပါတယ်။
ယူကေက ဆေးဝါး ၂.၇၅ သန်းကိုဝယ်ယူထားကာ နောက်ထပ် ၁၀ သန်းခန့်ကို နိုင်ငံငယ်များထံပေးပို့သွားမှာဖြစ်ကြောင်း Airfinity က ဖော်ပြထားပါတယ်။
Source: Bloomberg
- Category: World
- Hits: 603

#WorldHealth
Published - 15 March 2022
လူအယောက်များစွာရှိနေတဲ့လူအုပ်တွေထဲက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူတွေကိုရှာဖွေရာမှာ သေချာလေ့ကျင့်သင်ကြားပေးထားသောခွေးများက အကူအညီပေးနိုင်ကြောင်း သုတေသနအသစ်များအရ အထောက်အထားတွေ့ရှိထားပါတယ်။
ပဲရစ်မြို့ရှိ ရောဂါပိုးစစ်ဆေးရေးစင်တာ ၂ ခုမှာ စမ်းသပ်ခံတဲ့သူ ၃၃၅ ယောက်ဟာ ချွေးနမူနာများဖြင့် PCR test စမ်းသပ်ခဲ့ကြပါတယ်။ PCR စမ်းသပ်ချက်များအရ ရောဂါလက္ခဏာပေါ်သူ ၇၈ ယောက်နဲ့ လက္ခဏာမပေါ်သူ ၃၁ ယောက်တို့မှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိခဲ့ပါတယ်။
သူတို့ရဲ့ချွေးနမူနာများကို ခွေးများဖြင့်အနံ့ခံရာမှာ ရောဂါကူးစက်ထားသူတွေကို ၉၇ ရာခိုင်နှုန်းတိကျတဲ့အထိ ရှာဖွေနိုင်ပြီး လက္ခဏာမပေါ်ဘဲရောဂါကူးစက်ထားသူတွေကို ရှာဖွေရာမှာ ၁၀၀ ရာခိုင်နှုန်းတိကျမှန်ကန်ကြောင်း medRxiv ဝက်ဘ်ဆိုက်မှာ အင်္ဂါနေ့ကဖော်ပြခဲ့ပါတယ်။
ရောဂါကူးစက်ခြင်းမရှိဘဲ မိမိဆန္ဒအလျောက်လာရောက်စမ်းသပ်သူတွေကို အနံ့ခံရှာဖွေခိုင်းရာမှာ ၉၁ ရာခိုင်နှုန်းတိကျမှုရှိပြီး လက္ခဏာမပေါ်ဘဲရောဂါပိုးကူးစက်ထားသူတွေကိုတော့ ၉၄ ရာခိုင်နှုန်းတိကျအောင် ရှာဖွေနိုင်ခဲ့ပါတယ်။
ခွေးတွေနဲ့ရှာဖွေစမ်းသပ်ခြင်းက လူ့ခန္ဓာကိုယ်ထဲပစ္စည်းထည့်စရာမလိုတဲ့အပြင် ထွက်ရှိလာတဲ့အဖြေက ယုံကြည်စိတ်ချရပြီးတိကျလျင်မြန်ကြောင်း၊ လေဆိပ် သင်္ဘောဆိပ် မီးရထားဘူတာ ပွဲလမ်းသဘင်နဲ့ အားကစားပွဲတွေက လူအုပ်ကြီးတွေကို ခွေးတွေနဲ့ ရောဂါပိုးအနံ့ခံစစ်ဆေးနိုင်ဖို့ အဓိကအာရုံစိုက်ပြီး ဆက်လက်လေ့လာသွားမှာဖြစ်ကြောင်း သုတေသီများက ပြောကြားလိုက်ပါတယ်။
Source: Reuters
- Category: World
- Hits: 426

#WorldHealth
Published - 14 March 2022
ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဒယ်လ်တာမျိုးဗီဇကွဲနဲ့ အိုမီခရွန်မျိုးဗီဇကွဲတို့မှ မျိုးရိုးဗီဇများပေါင်းစပ်သွားကာ ပေါ်ပေါက်လာသည့်မျိုးဗီဇကွဲအသစ်ကို 'ဒယ်လ်တာခရွန်'လို့အမည်ပေးခဲ့ကြပါတယ်။
အဆိုပါဒယ်လ်တာခရွန်မျိုးဗီဇကွဲကူးစက်မှုကို အမေရိကန်နဲ့ဥရောပမှလူနာ အနည်းဆုံး ၁၇ ဦးမှာတွေ့ရှိခဲ့ကြကြောင်း သုတေသီများထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဒယ်လ်တာခရွန်ကူးစက်ခံရသူ အလွန်နည်းပါးလွန်းသေးတာကြောင့် ဒီမျိုးဗီဇကွဲအသစ်က အလွန်ကူးစက်မြန်နိုင်လား ဒါမှမဟုတ် ရောဂါဆိုးရွားပြင်းထန်စေလားဆိုတာကို မသိရသေးကြောင်း ပြင်သစ်နိုင်ငံမာဆေးလ်မြို့ရှိ IHU Mediterranee Infection ကုမ္ပဏီမှ 'ဖီးလစ်ကော်ဆန်'က medRxiv ဝက်ဘ်ဆိုက်မှာ အင်္ဂါနေ့ကဖော်ပြခဲ့ပါတယ်။
အဆိုပါ SARS-CoV-2 ဗိုင်းရပ်စ်မျိုးဗီဇကွဲအသစ်ဟာ ဒယ်လ်တာမျိုးဗီဇကွဲရဲ့ကိုယ်ထည်နဲ့ အိုမီခရွန်မျိုးဗီဇကွဲရဲ့စပိုက်ခ်ပရိုတိန်းတို့ကို ပေါင်းစပ်ထားတာဖြစ်ပြီး ပြင်သစ်နိုင်ငံအတွင်းကူးစက်သူ အနည်းဆုံး ၃ ယောက်တွေ့ရှိထားကြောင်း ဖော်ပြထားပါတယ်။
အမေရိကန်မှာလည်း ဒယ်လ်တာခရွန်မျိုးဗီဇကွဲကူးစက်သူ ၂ ဦးတွေ့ရှိထားကြောင်းကို မျိုးရိုးဗီဇလေ့လာရေးကုမ္ပဏီ Helix က medRxiv မှာ ဖော်ပြထားပါတယ်။
ဗိုင်းရပ်စ်ရှာဖွေလေ့လာရေးသတင်းများအရ ဇန်နဝါရီလကစပြီး ဥရောပမှာ ဒယ်လ်တာခရွန်မျိုးဗီဇကွဲကူးစက်သူ ၁၂ ယောက်တိုးလာခဲ့ပါတယ်။
လူသားဆဲလ်တစ်ခုတည်းအတွင်း မျိုးဗီဇကွဲနှစ်မျိုးကူးစက်တဲ့အခါ ကိုရိုနာဗိုင်းရပ်စ်အချင်းချင်း မျိုးရိုးဗီဇပေါင်းစပ်ခြင်းတွေထွက်ပေါ်လာနိုင်ပါတယ်။
"SARS-CoV-2 ဗိုင်းရပ်စ်ကပ်ရောဂါကာလမှာ တူညီတဲ့အချိန်ကာလတစ်ခုနဲ့ တူညီတဲ့နေရာဒေသတစ်ခုအတွင်း မျိုးဗီဇကွဲ ၂ မျိုး ဒါမှမဟုတ် ၂ မျိုးထက်ပိုပြီးကူးစက်ပြီဆိုရင် အဆိုပါမျိုးဗီဇကွဲတွေအချင်းချင်း ပေါင်းစပ်သွားနိုင်ချေရှိနေပါတယ်။ အဆိုပါဗိုင်းရပ်စ်အသစ်ကို အချိန်တိုအတွင်းစမ်းသပ်စစ်ဆေးတွေ့ရှိနိုင်မယ့် PCR test ကို ဖန်တီးထုတ်လုပ်ထားပါတယ်" လို့ 'ကောလ်ဆန်'က ပြောပြသွားပါတယ်။
Source: Reuters
- Category: World
- Hits: 940

#WorldHealth
Published - 13 March 2022
ကိုဗစ်ကပ်ရောဂါဖြစ်ပွားပြီး သေဆုံးခဲ့ရသူအရေအတွက်ဟာ တရားဝင်ခန့်မှန်းချက်တွေထက် ၃ ဆလောက်ပိုများနေနိုင်ပြီး ကမ္ဘာဒေသအနှံ့အပြားနဲ့နိုင်ငံအများအပြားမှာ လက်တွေ့သေဆုံးသူအရေအတွက်နဲ့ ခန့်မှန်းတွက်ချက်တွေအကြား ကွာဟချက်အင်မတန်ကြီးမားနေကြောင်း လေ့လာတွေ့ရှိထားပါတယ်။
ကပ်ရောဂါဖြစ်ပွားပြီး ၂ နှစ်အတွင်း ကိုဗစ်ရောဂါကြောင့်လူပေါင်း ၁၈.၂ သန်းသေဆုံးထားပြီး ခန့်မှန်းထားတာထက် ပိုများနေခဲ့ကြောင်း သုတေသီများတွေ့ရှိထားပါတယ်။
ဖြစ်နိုင်တဲ့အကြောင်းအရင်းတွေကတော့ ရောဂါပိုးစမ်းသပ်မှုနည်းပါးပြီး သေဆုံးမှုနှုန်းအချက်အလက်တွေက စိတ်ချရခြင်းမရှိတာတွေကြောင့်ဖြစ်ကာ တရားဝင်ခန့်မှန်းချက်အရ အကြမ်းဖျင်း ၅.၉ သန်းသေဆုံးနိုင်ကြောင်း ခန့်မှန်းခဲ့ကြတာဖြစ်ပါတယ်။
တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ကြည့်ရင် စပိန်တုပ်ကွေးရောဂါပြီးကတည်းက သေဆုံးမှုနှုန်းအများဆုံးရောဂါဖြစ်နေကြောင်း ဝါရှင်တန်တက္ကသိုလ်မှ ကျန်းမာရေးတွက်ချက်ခန့်မှန်းရေးရာညွှန်ကြားရေးမှူး 'ခရစ္စတိုဖာဂျေအယ်လ်မာရေး'က ပြောကြားလိုက်ပါတယ်။
၁၉၁၈ ခုနှစ်က တုပ်ကွေးကပ်ရောဂါကြောင့် အနည်းဆုံးလူသန်း ၅၀ သေဆုံးခဲ့ပြီး အခုအခါကိုဗစ်ရောဂါကြောင့် တစ်ကမ္ဘာလုံးသေဆုံးမှုနှုန်း ၁၇ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပါတယ်။
သေဆုံးသူအရေအတွက်လျှော့တွက်တာမျိုး မပြုလုပ်ဖို့နဲ့ ကပ်ရောဂါကြောင့် အများအပြားသေဆုံးမှုတို့ကို အလေးထားဖို့အရေးကြီးနေပြီဖြစ်ပါတယ်။
သေဆုံးသူအရေအတွက် အလွန်များပြားနေခြင်းက ကိုဗစ်ကပ်ရောဂါနဲ့တိုက်ရိုက်သက်ဆိုင်နေပြီး အချို့သေဆုံးမှုတွေက ကိုဗစ်ရောဂါနဲ့သွယ်ဝိုက်ပတ်သက်လျက်ရှိပါတယ်။
ကျန်းမာရေးအသိနည်းပါးခြင်း၊ ကပ်ရောဂါကာလအတွင်း ကျန်းမာရေးဝန်ဆောင်မှုမရှိခြင်း၊ မိမိကိုယ်ကိုအဆုံးစီရင်ခြင်းနဲ့ ဆေးစွဲခြင်းတို့ဖြစ်လာနိုင်တဲ့ အပြုအမူပြောင်းလဲခြင်းတွေနဲ့လည်း သက်ဆိုင်နေပါတယ်။
ကိုဗစ်ရောဂါကြောင့်သေဆုံးမှုအချက်အလက်တွေကို မှန်မှန်ကန်ကန်ရှာဖွေနိုင်မှ အစိုးရအနေနဲ့ ပြည်သူတွေကိုကာကွယ်ဖို့ မှန်ကန်တဲ့ကျန်းမာရေးဆောင်ရွက်ချက်တွေကို ဆုံးဖြတ်ချက်ချနိုင်မှာဖြစ်ကြောင်း Bloomberg မှ ကျန်းမာရေးအချက်အလက်ပြုစုချက်တွေကို ဦးဆောင်ပြုလုပ်နေတဲ့ 'ဂျန်နီဖာအဲလစ်'က တိုက်တွန်းလိုက်ပါတယ်။
နိုင်ငံ ၃၆ နိုင်ငံကသာ ၂၀၂၀ အတွင်း အသက်သေဆုံးခဲ့သူတွေရဲ့ သေဆုံးရသည့်အကြောင်းအရင်းများကို ဖော်ပြခဲ့ကြပါတယ်။အချက်အလက်မတင်ပြတဲ့နိုင်ငံတွေရဲ့ သေဆုံးသူအရေအတွက်တွေကိုတော့ ခန့်မှန်းတွက်ချက်ခဲ့ကြပါတယ်။
တောင်အာရှဒေသမှာ တင်ပြချက်ထဲကထက် သေဆုံးသူအရေအတွက် ၉ ဆခွဲပိုများနေပြီး ဆာဟာရာအာဖရိကအပိုင်းမှာတော့ ၁၄.၂ ဆပိုများနေခဲ့ပါတယ်။
နှာခေါင်းစည်းတပ်ဆင်ခြင်း၊ ခပ်ခွာခွာနေထိုင်ခြင်း၊ အခြားကာကွယ်ရေးအတိုင်းအတာများဆောင်ရွက်ခြင်းဖြင့် ရောဂါကူးစက်မှုကိုလျှော့ချနိုင်ပြီး သေဆုံးမှုနှုန်းလျော့နည်းစေနိုင်မှာဖြစ်ပါတယ်။
ခန့်မှန်းသေဆုံးမှုနှုန်းအနည်းဆုံးနိုင်ငံတွေကတော့ အိုက်စ်လန်၊ ဩစတြေးလျ၊ စင်္ကာပူ၊ နယူးဇီလန်တို့ဖြစ်ပါတယ်။အဝလွန်ရောဂါရှိခြင်းနဲ့ အသက်အရွယ်ကြီးခြင်းတို့ကလည်း အသက်သေဆုံးမှုဖြစ်နိုင်တဲ့ အဓိကအချက်တွေဖြစ်ပါတယ်။
Source: Bloomberg
- Category: World
- Hits: 636