၂၃ ဇူလိုင်၊၂၀၂၃
ထိုင်းရဲတပ်ဖွဲ့ဟာ ဇူလိုင်(၁)ရက်ကစတင်ခဲ့တဲ့ နိုင်ငံအနှံ့ တရားမဝင်လက်နက်ခဲယမ်းမီးကျောက်တွေ နှိမ်နှင်းမှုစစ်ဆင်ရေးတွေအတွင်း သံသယရှိဖွယ်လူပေါင်း ၉၆၆ ဦးကို ဖမ်းဆီးခဲ့ပြီး များပြားလှတဲ့ တရားမဝင်လက်နက်တွေနှင့် ခဲယမ်းမီးကျောက်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းဒုတိယရဲချုပ် ရဲဗိုလ်ချုပ်ကြီး တောဆက် ဆူဝီမိုလ်က ပြောပါတယ်။
ဇူလိုင် ၂၁ ရက်အထိ ထိုင်းရဲတွေဟာ ထိုင်းတစ်နိုင်ငံလုံးက ပစ်မှတ်နေရာပေါင်း ၁၆၅၈ နေရာကိုရှာဖွေတဲ့အခါ သံသယ တရားခံ၉၆၆ ဦးကိုဖမ်းဆီးခဲ့ပြီး တရားမဝင်လက်နက် ၉၁၁ လက်နှင့် ခဲယမ်းမီးကျောက်မျိုးစုံ ၄၄,၅၄၀ ခုကို သိမ်းဆည်းမိခဲ့ပါတယ်။ အဲဒီအပြင် ပေါက်ကွဲပစ္စည်း နှစ်ခုနှင့်စိတ်ကြွဆေးပြား ၆၂၃၉ ကိုလည်း သိမ်းဆည်းခဲ့တယ်လို့ ဒုရဲချုပ်ကပြောပါတယ်။
အဲဒီစီးနင်းမှုတွေထဲမှာ ကရာဘီပြည်နယ် ကောင်းဖနွမ်ခရိုင်၊ နာကောင်းမြို့က အိမ်တစ်အိမ်မှာ မူးယစ်နှင့်လူသတ်မှု သုံးမှုနှင့် ဝရမ်းထုတ်ထားတဲ့ အသက် ၂၈နှစ်အရွယ်တရားခံ ဘွမ်ကို အသေဖမ်းမိရခဲ့တယ်လို့ သိရပါတယ်။
အိမ်ကိုစီးနင်းစဉ် ဘွမ်ဟာ အိမ်နောက်ဖေးကနေ ဆိုင်ကယ်နှင့်ထွက်ပြေးလို့ ရဲက ပစ်ခတ်ဖမ်းဆီးရင်း အပြန်အလှန်ပစ်ခတ်မှုအတွင်း သူသေသွားရတာဖြစ်တယ်လို့ရဲကပြောပါတယ်။
သူနှင့်အတူ ၉ မမ Mauser ပစ္စတို၊ M67 လက်ပစ်ဗုံးတစ်လုံးနှင့် မီးခိုးဗုံးနှစ်လုံးကိုပါတွေ့ရပါတယ်။
ယခုစစ်ဆင်ရေးဟာ တရားမဝင်လက်နက်တွေနှင့် အငှားသေနတ်သမားတွေ၊ တရားမဝင်လက်နက် ရောင်းဝယ်ရေးတွေကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး ဇူလိုင်၁ရက်မှ ၃၀ရက်အထိ လက်ထောက်ရဲမှူး ရဲဒုဗိုလ်ချုပ်ကြီး ဆာမရန် နူယယ်မာက အနီးကပ်ကြီးကြပ်နေပါတယ်။ သတင်းအချက်အလက်တွေကို မြို့ပြရဲတပ်ဖွဲ့၊ပြည်နယ်ရဲတပ်ဖွဲ့၁မှ ၉၊ ဗဟိုထောက်လှမ်းရေးဌာန၊မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဗျူရို၊ ကမ္ဘာလှည့်ခရီးသွားရဲဗျူရို၊ လူဝင်မှုကြီးကြပ်ရေးရဲ ဗျူရို၊ ဆိုက်ဘာမှုခင်းထောက်လှမ်းရေးဗျူရိုနှင့် နယ်စပ်ကင်းလှည့်ရဲတို့ဆီက ရရှိခဲ့တာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာမှာသတင်းဖော်ပြရေးသားထားပါတယ်။
Source: Bangkok Post
#Thailand_crackdown_illegal_guns_trade
၂၂ ဇူလိုင် ၂၀၂၃
ဖွေထိုင်းပါတီဦးဆောင်မည့် ညွန့်ပေါင်းအဖွဲ့တွင် ရှေ့သို့ပါတီ MFP ဆက်လက်ပါဝင်နေသမျှ အဆိုပါညွန့်ပေါင်းနှင့် ပူးပေါင်း လိမ့်မည်မဟုတ်ကြောင်း နိုင်ငံရေးပါတီ(၄)ခုက ကြေညာလိုက်ပါတယ်။
အဆိုပါနိုင်ငံရေးပါတီ(၄)ခုမှာ Bhumjaithai ၊ United Thai Nation ၊ the Palang Pracharath Party (PPRP) နှင့် Chartthaipattana တို့ဖြစ်ကပြီး ဖွေထိုင်းဦးဆောင်မည့် ညွန့်ပေါင်းအဖွဲ့နှင့်ပတ်သက်လို့ သူတို့ရပ်တည်ချက်ကို ရှင်းရှင်း လင်းလင်းကြေညာခဲ့ကြတာဖြစ်ပါတယ်။
ဘမ်ဂျိုင်ထိုင်း Bhumjaithai ပါတီခေါင်းဆောင် အန်နုတင်ချန်ပီယာကူလ်က သူ့ပါတီဟာ the lese majeste law ပါ ပုဒ်မ၁၁၂ ကိုပြင်ဆင်မယ့်ကိစ္စ ခိုင်မာစွာကန့်ကွက်ပြီး အဲဒါကိုပြင်ဖို့ စည်းရုံးတဲ့ နိုင်ငံရေးပါတီတစ်ခုနှင့် တွဲအလုပ်မလုပ်နိုင် ဘူးလို့ ပြောလိုက်ပါတယ်။
အဲဒီပါတီကို ညွန့်ပေါင်းထဲပါဖို့ ဖွေထိုင်းက လောလောဆယ်အထိချဉ်းကပ်တာမရှိသေးလို့ ဖွေထိုင်းရဲ့ အစီအစဉ်ကို မသိရ သေးပါဘူး။ ဒါပေမယ့် အဲဒီမဟာမိတ်ထဲ MFP ရှေ့သို့ပါတီပါနေသမျှ သူတို့ တကယ့်ကို ဝင်ပါမှာမဟုတ်ဘူးလို့ သူက ဖြည့်စွက်ပြောလိုက်ပါသေးတယ်။
“ MFP ဟာ ဥပဒေကို ပြင်ဖို့ကြိုးစားနေတဲ့ တစ်ခုတည်းသောပါတီဖြစ်ပြီး နောက်ဆုတ်မယ့်ပုံလည်းမပေါ်ဘူး။ ပါတီရဲ့ အင်အား၊ တိုးတက်သောလှုပ်ရှးမှုနှင့် သူတို့ကိုထောက်ခံသူတွေဟာ ကန့်ကွက်နေတဲ့ကြားထဲက တစ်ပြားသာမှ လျှော့ကြ မှာမဟုတ်ဘူး” လို့သူကပြောပါတယ်။
ယူနိုက်တက်ထိုင်နေးရှင်း UTN ပါတီခေါင်းဆောင် ပီရာပန် သာလီရာသာဗီဘဂါကလည်း ညွန့်ပေါင်းမှာ ရှေ့သို့ပါတီရှိနေ တုန်းပိုဲရင် သူတို့အနေနှင့် ညွန့်ပေါင်းထဲ ဝင်မှာမဟုတ်သလို ဝန်ကြီးချုပ်လောင်းကို ထောက်ခံမယ်ပေးမှာမဟုတ်ဘူးလို့ သူ့ရဲ့ဖေ့စ်ဘုတ်ခ်ကနေ ရေးသားလိုက်ပါတယ်။
သူတို့ပါတီအနေနှင့် နိုင်ငံမှာ အစိုးရတစ်ရပ်ရှိဖို့လိုတာ သိထားပေမယ့် နိုင်ငံရဲ့ မဏ္ဍိုင်သုံးခုအအပေါ် အလေးထားတယ်။ ပါတီအနေနှင့် ရှေ့သို့ပါတီခေါင်းဆောင်ပီတကို မထောက်ခံရတာဟာ အဲဒီပါတီအနေနှင့် သူတို့နှင့် တူညီတဲ့ သဘောထား ရပ်တည်ချက်မရှိလို့ဖြစ်တယ်လို့ ဖြည့်စွက်ပြောကြားပါတယ်။
“ နောက်တစ်ကြိမ်ဝန်ကြီးချုပ်ရွေးတဲ့အခါ ရှေ့သို့ပါတီက ညွန့်ပေါင်းထဲဆက်ရှိနေဦးမယ်ဆိုရင် ပါတီအနေနှင့် အဲဒီ ဝန်ကြီးချုပ်လောင်းကိုမဲပေးမှာမဟုတ်ဘူး။ ရှေ့သို့ပါတီရဲ့ နိုင်ငံရေးလှုပ်ရှားမှဒတွေအခြေခံပြီးပြောရရင် သူတို့ဟာ သူတို့ရဲ့ နိုင်ငံရေးလမ်းကြောင်းနှင့် အတွေးအခေါ်ပြောင်းနိုင်မယ်လို့ မယုံကြည်ဘူး” လို့ သူကရေးသားထားပါတယ်။
ပီပီအာပီ PPRP ပါတီရဲ့ကိုယ်စားအဖြစ် ယင်းရဲ့ လွှတ်တော်ကိုယ်စားလှယ် ကမ်ဖန်ဖက်ဖိုင်းလစ်က သူတို့ဟာ lese majeste law ပြင်ဆင်ဖို့ကြိုးစားတာမှန်သမျှကိုဆန့်ကျင်ကြောင်းနှင့် ရှေ့သို့ပါတီဆက်ရှိနေမယ့် ညွန့်ပေါင်း မှာပါဝင်လိမ့်မယ်မဟုတ်ဘူးလို့ ပြောကြားပါတယ်။
ချတ်ထိုင်းပါတာနာChartthaipattana ပါတီ ခေါင်းဆောင် ဗာရာဝတ်သီပါအာချာကလည်း ဖွေထိုင်းဟာ lese majeste law ဥပဒေကို ထောက်ခံတဲ့ ပါတီနှင့် တွဲအလုပ်မလုပ်ဘူးဆိုရင်တော့ ဖွေထိုင်းကတင်မယ့် ဝန်ကြီးချုပ်လောင်းကို မဲပေး ဖို့ ဆန္ဒရှိပါတယ်လို့ ပြောကြားခဲ့ပါတယ်။
Source Bangkok Post
#ThailandPolitics
#MFP
၁၉ ဇူလိုင်၊၂၀၂၃
ဗုဒ္ဓဟူးနေ့မှာ ကျင်းပတဲ့ အောက်လွှတ်တော်နှင့် အထက်လွှတ်တော်ပူးတွဲအစည်းအဝေးက ရှေ့သို့ပါတီ Move Forward Party ခေါင်းဆောင် ပီတာလင်းဂျာရွန်ရတ်ကို ဝန်ကြီးချုပ်လောင်းအဖြစ် ထပ်မံအဆိုပြခြင်းကို ပယ်ချလိုက်ပါတယ်။ ပါလီမန်ရဲ့ လုပ်ထုံးလုပ်န်းတွေကြောင့် ယခုလိုပိတ်ပင်လိုက်တာဖြစ်တယ်လို့ ပါလီမန်ဥက္ကဋ္ဌ ဝန်မူဟာမက် နို မာသာက ပြောပါတယ်။
ယနေ့ ဇူလိုင်၁၉ရက် ဒေသစံတော်ချိန်ညနေ ၅နာရီ၁၀မိနစ်မှာ ပါလီမန်အမတ် ၇၁၅ ဦးက မဲပေးပြီးတဲ့နောက် မစ္စတာဝန်က ယခုလိုကြေညာခဲ့ခြင်းဖြစ်ပါတယ်။ ပါလီမန်အစည်းအဝေးကို မနက်၉နာရီခွဲစတင်ကတည်းက ရှည်လျားလှ သော အချေအတင်ဆွေးနွေးမှုတွေပြုလုပ်ပြီးနောက်မဲခွဲခဲ့ကြတာဖြစ်ပါတယ်။
ပူးတွဲအစည်းအဝေးမှာ မစ္စတာပီတာ ထပ်မံအဆိုပြုခြင်းကို ကန့်ကွက်သူပေါင်း ၃၉၅ ဦးရှိပါတယ်။ အများစုဟာ ရွေးကောက်ခံမဟုတ်တဲ့ဆီးနိတ်အမတ်များဖြစ်ကြပါတယ်။ ၃၁၂ဦးကထောက်ခံခဲ့ပြီး (၈)ဦးက ကြားနေခဲ့ကာ တစ်ဦးက မဲပေးခွင့်ကိုမရယူခဲ့ပါဘူး။
ကန့်ကွက်ပယ်ချသူတွေဟာ သတ်မှတ်ထားတဲ့ အမတ်ဦးရေတစ်ဝက်ဖြစ်တဲ့ ၃၇၄မဲထက်ကျော်လွန်တဲ့အတွက် ဒါဟာ အများစုဖြစ်တယ်လို့ မစ္စတာဝန်ကပြောပါတယ်။ မဲပေးပြီးနောက် အစည်းအဝေးကို ရပ်နားလိုက်ပါတယ်။ သူတို့ဟာ လာမယ့် ကြာသပတေးနေ့မှာထပ်ဆုံကြဦးမှာဖြစ်ပြီး ဒီတစ်ခါတော့ ဖွေထိုင်းပါတီဟာ ဝန်ကြီးချုပ်လောင်းအသစ် အဆိုတင်သွင်းလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။ အဆိုပြုခံရဖို့ ဖြစ်နိုင်သူကတော့ စီးပွားရေးလုပ်ငန်းရှင် သရက်သာ သာဗစ်ဆင်ပဲ ဖြစ်ပါတယ်။ အကယ်၍ ဖွေထိုင်းပါတီဟာ တစ်ကြိမ်တည်းနှင့် ဝန်ကြီးချုပ်မတင်မြှောက်နိုင်ရင် အဲဒီ အဆိုပြုခံရသူအဖို့ နောက်တစ်ကြိမ်ပြန်ပြီး အဆိုပြုခံရတော့မှာမဟုတ်ပါဘူး။
ဖွေထိုင်းပါတီဟာ အောက်လွှတ်တော် နေရာ ၁၄၁နေရာအနိုင်ရရှိထားတဲ့ ဒုတိယမြောက်အကြီးဆုံးအနိုင်ရ ပါတီဖြစ်ပါတယ်။
Source-Bangkok Post
#ThailandPolitics
#PitaLimjaroenrat
၁၉ ဇူလိုင်၊၂၀၂၃
ထိုင်းနိုင်ငံက ဖွဲ့စည်းပုံအခြေခံခုံရုံးက ရှေ့သို့ပါတီ Move Forward Party ခေါင်းဆောင်နှင့် ဝန်ကြီးချုပ်လောင်းအဖြစ် စာရင်းတင်သွင်းထားသူ ပီတာလင်မ်ဂျရွန်ရတ်ကို အောက်လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ဗုဒ္ဓဟူးနေ့(ဇူလိုင်၁၉) ရက်မနက်မှာ ဆိုင်းငံ့လိုက်ပါတယ်။
မစ္စတာပီတာဟာ အိုင်တီဗွီ မီဒီယာကုမ္ပဏီရဲ့ ရှယ်ယာတွေကို ဆက်ခံခဲ့သူအဖြစ်တိုင်တန်းမှုကိုလက်ခံလိုက်ပြီးနောက် ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက သူ့ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ဆိုင်းငံ့ကြောင်းကြေညာလိုက် ခြင်းဖြစ်ပါ တယ်။
ထိုင်းအခြေခံဥပဒေအရ ပါလီမာန်အမတ်တွေကို မီဒီယာအဖွဲ့အစည်းတွေမှာ ရှယ်ယာပိုင်ဆိုင်ခွင့် တားမြစ်ထားပါတယ်။ မစ္စတာပီတာဟာ ကွယ်လွန်သူဖခင်ရဲ့ ပိုင်ဆိုင်မှုအစိတ်အပိုင်းအဖြစ် ရှယ်ယာပေါင်း ၄၂၀၀၀ ကိုသေတမ်းစာအရသာ ရရှိခဲ့ခြင်းဖြစ်ပြီးအဲဒါတွေအားလုံးကို ဆွေမျိုးတွေဆီ လွှဲပေးပြီဖြစ်တယ်လို့ စောဒကတက်ထားပါတယ်။
ယခုလိုလွှတ်တော်ကိုယ်စားလှယ်အဖြစ်မှဆိုင်းငံ့ခံရသော်လည်း သူ့ကို ဝန်ကြီးချုပ်အဖြစ်အမည်စာရင်းတင်သွင်းခဲ့မှု အပေါ် ဟန့်တားလို့မရပါဘူး။ ဒီကနေ့မှာ အဲဒီအတွက် လွှတ်တော်ပူးတွဲအစည်းအဝေးကျင်းပပြီး အချေအတင် ပြောဆိုကြမှာဖြစ်ပါတယ်။
အဲဒီအမှုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးထံ ပြီးခဲ့တဲ့အပတ်က ရောက်ရှိခဲ့ပါတယ်။
မစ္စတာပီတာဟာ မီဒီယာအဖွဲ့အစည်းရဲ့ ရှယ်ယာရှင်ဖြစ်လို့ သူ့ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ပေးဖို့ ရွေးကောက်ပွဲကော်မရှင်က အခြေခံဥပဒေခုံရုံးကို ထောက်ခံတင်ပြခဲ့ပါတယ်။
အဲဒါကြောင့် ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ခုံရုံးက အဲဒီအမှုကို ကန့်ကွက်သူမရှိ သဘောတူလက်ခံခဲ့ကြတာဖြစ်ပါတယ်။အဲဒီအပြင် သူ့ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှဆိုင်းငံ့ဖို့ကိုလည်း ထောက်ခံမဲ(၇)မဲ ကန့်ကွက်မဲ(၂)မဲနှင့် ခုံရုံးက အတည်ပြုခဲ့ပါတယ်။
မစ္စတာပီတာဟာ ခုံရုံးစာရရှိပြီး ၁၅ရက်အတွင်းဖြေရှင်းချက်ပေးပို့ရမှာဖြစ်ပါတယ်။
Source-Bangkok Post
#ThailandPolitics
#PitaLimjaroenrat
ဇူလိုင်-၁၆၊၂၀၂၃
ကမ္ဘာပေါ်ရှိ ထိုင်တော်မှု ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက်ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ပြီးစီးမှုအခြေအနေများကို နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ဇူလိုင် ၁၆ ရက်နေ့က ရှင်းလင်းပြသသည့်အခမ်းအနားသို့ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်နှင့် ယာယီသမ္မတ ဦးမြင့်ဆွေတို့ တက်ရောက်ခဲ့ကြတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အဆိုပါအခမ်းအနားသို့ ဦးသိန်းစိန်၊ဦးမြင့်ဆွေတို့နှင့်အတူ ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီနှင့် ဦးသိန်းစိန်အစိုးရ လက်ထက်မှ အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့်အစိုးရထိပ်တန်းပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြတာကိုလည်း တွေ့ရှိရပါတယ်။
ဦးဆောင်ဘုရားဒါယကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကမ္ဘာပေါ်ရှိထိုင်တော်မှုကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရခြင်းနှင့်ပတ်သက်၍ းကျောက်တုံးတော်ကြီးများကို အပိုင်းလိုက်ခွဲ၍ရေကြောင်း ကုန်ကြမ်းအဆင့်ဆင့်သယ်ယူခဲ့ခြင်းမှစပြီး ယခုနောက်ဆုံး ဆောင်ရွက်နေသည့် အခြေအနေများကို အသေးစိတ်ရှင်းလင်းပြောပြခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခမ်းအနားတက်ရောက်လာကြသူတွေဟာ မာရဝိဇယဘုရားကြီးနှင့် ဗုဒ္ဓဥယျာဉ်ပုံစံငယ်များ၊ ပိဋကတ်ကျမ်းစာအုပ်များကို ပါဠိအက္ခရာနှင့် RomanizeLanguage တို့ဖြင့်ရိုက်နှိပ်ထားမှုနှင့် Tablet များအတွင်းထည့်သွင်းထားရှိမှုများကို ကြည့်ရှုခဲ့ကြပါတယ်။
အဲဒီနောက် လုမ္ဗိနီအင်ကြင်းပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြပြီးနောက်မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းလှည့်လည်ကြည့်ရှုဖူးမြော်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည်ထေရဝါဒ ဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန် စသည့် ရည်ရွယ် ချက် ၄ ရပ်ဖြင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရှိရပါတယ်။
Published_ 16 July 2023
ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ပြုလုပ်နေသည့် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ တက်ရောက်လျက်ရှိသည့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ သည် ဇူလိုင် ၁၆ ရက်တွင် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး ဒေါက်တာ အက်စ်ဂျိုင်ရှန်ကာ၊ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်ပရာမွတ်(ဒ်)ဝီနိုင်း တို့နှင့် သီးခြားစီ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
အိန္ဒိယပြည်ပရေးရာဝန်ကြီးနှင့် တွေ့ဆုံစဉ် ဝန်ကြီးက နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်အညီ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတက်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင် ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ် တိုးတက်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
မြန်မာ-အိန္ဒိယအကြား ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး ပိုမို တိုးမြှင့်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေး၊ ပေါင်းစည်း ချိတ်ဆက်မှုကဏ္ဍများအပါအဝင် နှစ်နိုင်ငံအကြား အပြန်အလှန် အကျိုး ဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများတိုးချဲ့ရေး၊ မဲခေါင်-ဂင်္ဂါ ပူးပေါင်း ဆောင်ရွက်မှုနှင့် ဘင်းမ်စတက် အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက် ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။
ဆက်လက်၍ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးမြှင့် ခိုင်မာရေး၊ နှစ်နိုင်ငံ အပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှုများ အထူးသဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရေး၊ အာဆီယံနှင့် ကုလသမဂ္ဂတို့တွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များအပေါ် ခင်မင်ရင်းနှီးစွာဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group
မြန်မာနိုင်ငံရဲ့ ဂျီဒီပီမှာမြန်မာနိုင်ငံ၏ရေမြေသဘာဝနှင့်တူညီသည့် ဒေသတွင်းနိုင်ငံများ၏ ဂျီဒီပီနှင့်နှိုင်းယှဉ်ပါကများစွာကွာခြားလျက်ရှိနေသေးတယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇူလိုင် ၁၅ ရက်က ကျင်းပတဲ့ ကုန်ထုတ်လုပ်မှုမြှင့်တင်ရေးအစည်းအဝေးတစ်ခုတွင် ပြောကြားပါတယ်။
နေပြည်တော်မှာ ဇူလိုင် ၁၅ရက်က ကျင်းပတဲ့ နိုင်ငံကုန်ထုတ်လုပ်မှုမြှင့်တင်ရေး အစည်းအဝေးတွင် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီအတွက် ဂျီဒီပီတိုးတက်ရေးအတွက် လုပ်ငန်းဆောင်ရွက်နေသူများအားလုံး လုပ်ငန်းများအလိုက် အောင်မြင်အောင် ဆောင်ရွက်လိုစိတ်ရှိဖို့လိုတယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးကပြောပါတယ်။
ပြည်သူအများစုနေ့စဉ် သုံးစွဲစားသုံးနေရတဲ့ စိုက်ပျိုး၊ မွေးမြူရေးထုတ်ကုန်များကို ပြည်တွင်းဖူလုံမှုကို ဦးစားပေး၍ဆောင်ရွက်ရမှာဖြစ်ပြီး အများစုသုံးစွဲခြင်းမဟုတ်ဘဲ ပြည်ပပို့ကုန်အဖြစ်တင်ပို့နိုင်သည့် ထုတ်ကုန်များကိုမူ ပို့ကုန်အဖြစ်ပိုမိုတင်ပို့နိုင်ရေး ဆောင်ရွက်နိုင်တယ်လို့ ဗိုလ်ချူပ်မှူးကြီးက ဆက်လက်ပြောဆိုပါတယ်။
ယင်းအပြင် ဗိုလ်ချုပ်မှူးကြီးက မွေးမြူရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် လူဦးရေ ၅၅ သန်းခန့်ရှိပြီး အသား၊ ငါး၊ဥ၊ နို့များနှင့် စားသောက်ကုန်များ နေ့စဉ်လိုအပ်ချက်များရှိကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများအလိုက် ဒေသတွင်းဖူလုံနေရုံဖြင့် ကျေနပ်နေခြင်းမရှိဘဲ တစ်နိုင်ငံလုံးဖူလုံမှုရှိရေးအတွက် စဉ်းစားဆောင်ရွက်ရန်လိုအပ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒေသတွင်းနိုင်ငံတွေက လိုအပ်ချက် ရှိသည့် သီးနှံထွက်ကုန်တွေကို စိုက်ပျိုးရေး သုတေသန၊ ဈေးကွက်သုတေသနများ ပြုလုပ်ပြီး စိုက်ပျိုးပြီးတင်ပို့ဆောင်ရွက်ရန်လိုကြောင်းနှင့် ပြည်တွင်း၌ အဓိကလိုအပ် သည့်သီးနှံများ၊ ပြည်ပတင်ပို့မှုအတွက် အဓိကလိုအပ်သည့် သီးနှံများကို အောင်မြင်ဖြစ်ထွန်းအောင်ဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌက ပြောဆိုခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အစည်းအဝေးတွင် ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နှင့် ပြည်ထောင်စုဝန်ကြီးများ၊နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့က စိုက်ပျိုးရေးနှင့်မွေးမြူရေးဆောင်ရွက်နေမှုဆိုင်ရာ ကုန်ထုတ်လုပ်မှုအခြေအနေတွေကို ရှင်းလင်းတင်ပြခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
#ymg/knl
#Seniorgeneralminaunghlaing
#SAC
#myanmareconomy
Page 99 of 221