နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓ ဥယျာဉ်တော်အတွင်းတည်ထားကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့ ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် အဆိုပါဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ကျင်းပခဲ့တယ်လို့ နစက ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ မင်္ဂလာအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ နှင့် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ မဟာဓမ္မ ကထိက ဗဟုဇနဟိတဓရ၊ ရွှေကျင်နိကာယ ဥက္ကဋ္ဌ ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူခဲ့ကြပါတယ်။
အဲဒီအပြင် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီ ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြည်ညိုခဲ့ကြပါတယ်။
အစီအစဉ်အရ ဆရာတော်ကြီးများ အမှူးပြု၍ ဦးဆောင်ဘုရားဒါယကာ ဗိုလ်ချူပ်မှူးကြီးနှင့်အဖွဲ့ဝင်များက ရတနာ ပလ္လင်တော်အနီးရှိ သတ်မှတ်နေရာများတွင် နေရာယူကြပြီး ရတနာပလ္လင် တော် အထောက်အကူပြု သံမဏိစင်၊ ဆင်းတုတော် ထည့်သွင်းထားသည့် သံမဏိ ပန်းတောင်း၊ ဆင်းတုတော်အား ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ပူဇော်မည့် သံမဏိမျှော်စင်ကရိန်းနေရာ (၄) ခုတို့အား ပရိတ်နံ့သာရည်များ ပက်ဖျန်းပူဇော်၍ သိဒ္ဓိမင်္ဂလာ ဆင်ယင်ကြပါတယ်။
အဲဒီနောက် မင်္ဂလာအချိန်တော်ရောက်ရှိတဲ့အခါ နစက ဥက္ကဋ္ဌ က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင် တော်ထက်သို့ စက်ခလုပ်နှိပ်၍ မင်္ဂလာစက်ယန္တရားများ ဖြင့် စတင်ပင့်ဆောင်ပူဇော် သည်။
ထို့နောက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော် ထက်သို့ ပင့်ဆောင်ခြင်း လုပ်ငန်းများကို လုပ်ငန်းစဉ်အလိုက် ဆက်လက်ဆောင်ရွက်ရာ သံဃာ တော်အရှင်သူမြတ်များ ဦးဆောင်၍ “ဇယန္တော ဗောဓိယာ မူလေ” အစချီသည့် ဇယ မင်္ဂလာ အောင်ဂါထာတော်များကို ရွတ်ဆိုပူဇော်ခဲ့ကြပါတယ်။
မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို ရတနာပလ္လင်တော်ထက်သို့ စတင် ပင့်ဆောင်ပူဇော်ရာတွင် ရတနာပလ္လင်တော်သည် အမြင့် ၁၈ ပေ၊ အလျား ၇၂ ပေ၊ အနံ ၅၄ ပေရှိကာ ယနေ့ပင့်ဆောင်သည့် ဆင်းတုတော်အပိုင်း (၁/၂/၃)တို့ကိုတွဲဆက်ထား သည့် ဆင်းတုတော်အစိတ်အပိုင်းကြီး၏ စုစုပေါင်းအလေးချိန်မှာ ၁၇၀၀ ရှိကြောင်းသိရပါတယ်။
အဆိုပါ ဆင်းတုတော်အစိတ်အပိုင်းကြီးအား သံမဏိမျှော်စင် ဝန်ချီစက် အသုံးပြု၍ ရတနာပလ္လင်တော်ပေါ်သို့ စတင်ပင့်ဆောင်ခြင်းဖြစ်ပြီး ရတနာပလ္လင်တော် ပေါ်သို့ရောက်ရှိရန် ပင့်ဆောင်ချိန် ၇၂ နာရီခန့် ကြာမြင့်မယ်လို့ သတင်းရရှိပါတယ်။
-ymg/knl
#Myanmar
#Myanmar_Buddhism
#Myanmar_Senior_General
Published 24 Jan 2023
နစကဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ဟာ ယနေ့ ဇန်နဝါရီ (၂၄)ရက်မနက်က နစက ဥက္ကဋ္ဌရုံး၊ သံတမန်ဆောင် ဧည့်ခန်းမမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ကူဝိတ်နိုင်ငံ၏ အထူး အာဏာကုန်လွှဲအပ်ခြင်းခံရသော သံအမတ်ကြီး မစ္စတာ မူဘာရက်(ခ်) အမ်အေ အလက်ဝါနီ Mr. Mubarak M A Aladwani ရဲ့ သံအမတ်ခန့်အပ်လွှာကို လက်ခံခဲ့ပါတယ်။
အဆိုပါသံအမတ်ခန့်အပ်လွှာပေးအပ်တဲ့အခမ်းအနားကို ဗိုလ်ချူပ်မှူးကြီးနှင့်အတူ နစက တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချူပ်ကြီး ရဲဝင်းဦးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် နှင့်သံတမန်ရေးရာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်တို့ တက်ရောက်ခဲ့ကြပါတယ်။
တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံသံတမန်ဆက်ဆံရေးတိုးမြှင့်ရေးနှင့် ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ကိစ္စရပ်များ၊ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကုန်သွယ်မှု မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ခရီးသွားလုပ်ငန်းများ တိုးတက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ ၏ လက်ရှိနိုင်ငံရေးဆိုင်ရာဖြစ်ပေါ်တိုးတက်နေမှုများနှင့် ပတ်သက်ပြီး ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြတယ်လို့ နစက ပြန်ကြားရေးရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်၊
မစ္စတာ မူဘာရက်(ခ်) အမ် အေ အလက်ဝါနီ ကို ၁၉၆၄ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ကူဝိတ်တက္ကသိုလ်မှ ပြည်သူ့စီမံခန့်ခွဲမှုရေးရာ အထူးပြုဘာသာရပ်ဖြင့် နိုင်ငံရေးသိပ္ပံဘွဲ့ကို ရရှိခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်တွင် ကူဝိတ်နိုင်ငံခြား ရေးဝန်ကြီးဌာနသို့ စတင်ဝင်ရောက်ခဲ့ပြီး ၁၉၉၈ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ ဆီရီးယားနိုင်ငံရှိ ကူဝိတ် သံရုံးတွင် သံအရာရှိအဖြစ် လည်းကောင်း၊ ၂၀၀၂ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ အယ်ဂျီးရီးယားနိုင်ငံရှိ ကူဝိတ်သံရုံးတွင် တတိယအတွင်းဝန်အဖြစ် လည်း ကောင်း၊ ၂၀၀၅ ခုနှစ်မှ၂၀၀၉ ခုနှစ်အထိ ဘယ်လ်ဂျီယံ နိုင်ငံရှိ ကူဝိတ်သံရုံးတွင် ဒုတိယအတွင်းဝန်အဖြစ် လည်းကောင်း၊ ၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ဥဇဘက်ကစ္စတန်နိုင်ငံရှိ ကူဝိတ်သံရုံးတွင် ပထမ အတွင်းဝန်အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးဌာနရှိ စီးပွားရေးဌာန တွင် အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ကနေဒါနိုင်ငံရှိ ကူဝိတ်သံရုံးတွင် သံမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှစ၍ မစ္စတာ မူဘာရက်(ခ်) အမ် အေ အလက်ဝါနီ သည် ပိုလန်နိုင်ငံရှိ ကူဝိတ် သံရုံးတွင် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သူဟာ အိမ်ထောင်ရှင်တစ်ဦးဖြစ်ကာ သားသမီး (၆) ဦးရှိတယ်လို့ သိရှိရပါတယ်။
-ymg/knl
#Myanmar_Kuwait
#Myanmar_Diplomacy
#Myanmar
Published 23 Jan 2023
မည်သို့သောအခြေအနေရှိသည် ဖြစ်စေလွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေးလုပ်ဆောင်သွားမယ် လို့ နစက ဥက္ကဋ္ဌဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ဇန်နဝါရီ ၂၃ ရက် ယနေ့မှာကျင်းပတဲ့ နစက အဖွဲ့အစည်းအစည်းအဝေးမှာ ပြောကြားပါတယ်။
ရွေးကောက်ပွဲကို ပြည်သူများ အားလုံးပါဝင်သည့် လွတ်လပ်၍တရားမျှတပြီး အကြားအလပ်မရှိ ကျင်းပနိုင်ရန်နှင့် သမာသမတ်ရှိသည့် ရွေးကောက်ပွဲ၊ စနစ်ကျသည့်ရွေးကောက်ပွဲဖြစ်ရန်လိုအပ်တယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးက ပြောကြားတယ်လို့ နစကပြန်ကြားရေးရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
၂၀၂၃ခုနှစ်အတွင်းပထမအကြိမ်ကျင်းပတဲ့ အဆိုပါ နစက အဖွဲ့အစည်းအဝေးမှာ အထူးကိစ္စရပ်အဖြစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး ဦးတည်ဆွေးနွေးခဲ့ကြတာဖြစ်ပြီး နစက ကောင်စီဝင်များအပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ဥပဒေဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်တွေကိုပါ တက်ရောက်စေခဲ့တာဖြစ်ပါတယ်။
ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင်ပါဝင်သည့် နောက်ဆုံးအချက် ဖြစ်သည့် အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအားပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အားလွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဆိုသည့်အတိုင်း မိမိတို့ဘက်မှ ကြိုတင်ဆောင်ရွက်ရန်လိုအပ်ချက်များကို ဆွေးနွေးရန်ဖြစ်တယ်လို့ အစည်းအဝေးအဖွင့်အမှာစကားမှာ နစက ဥက္ကဋ္ဌက အစည်းအဝေးရဲ့ ရည်ရွယ်ချက်ကိုထုတ်ဖော်ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီများပြား နေပြီး ပါတီအလိုက်ပြည်သူကို ကိုယ်စားပြုနိုင်မှုမှာ အားနည်းနေသည်ကိုတွေ့ရတယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးက ပြောပါတယ်။ ဖြစ်သင့်သည်မှာ နိုင်ငံရေးပါတီများသည် မိမိကိုထောက်ခံသည့် ပြည်သူများ ကို စုစုစည်းစည်း အင်အားရှိရှိဖြင့် ကိုယ်စားပြုနိုင်ရန်လိုကြောင်း၊ ပြည်သူတို့၏ စုပေါင်း စွမ်းအားဖြင့် နိုင်ငံကိုဦးဆောင်ရန်လိုတယ်လို့လည်း သူကထောက်ပြပြောဆိုပါတယ်။
ပါတီတွေအားလုံး ယခုထက်ပိုမို၍ ကျစ်လျစ်ခိုင်မာစွာ၊ စည်းစနစ်ကျစွာနှင့် ထုထည်ဖြင့် ဖွဲ့စည်းနိုင်ရန်လိုအပ်တဲ့အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြန်လည်သုံးသပ်ခြင်းများကို ဆောင်ရွက် ခဲ့ပြီး ပြင်ဆင်သင့်သည်များကို ပြင်ဆင်ပြဋ္ဌာန်းရန်ဖြစ်တယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးကပြောပါတယ်။
အဲဒီနောက်အစည်းအဝေးမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပြင်ဆင်ပြဋ္ဌာန်းရေးကို တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
EAO အဖွဲ့များနှင့် ဆွေးနွေးရာမှာလည်း ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်တည်ဆောက်ရေးကို မူအားဖြင့် သဘောတူညီမှုရရှိပြီးဖြစ်၍ နိုင်ငံ အဝှမ်း အကြားအလပ်မရှိရွေးကောက်ပွဲကျင်းပနိုင်ရေး၊ ပြည်သူအားလုံး ခြိမ်းခြောက်မှု၊ အကြပ်ကိုင်မှုမရှိဘဲ လွတ်လပ်စွာဆန္ဒဖော်ထုတ်မဲပေးနိုင်ရေး ဦးတည်ဆောင်ရွက်ကြရမယ်လို့ နစက ဥက္ကဋ္ဌက အစည်းအဝေးမှာ ထပ်မံ အလေးပေးပြောဆိုပါတယ်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပြဋ္ဌာန်းနိုင်ရန်အရေးကြီးတဲ့အတွက် လိုအပ်သည်များထပ်မံသုံးသပ်ပြင်ဆင်ပြီးပါက အတည်ပြု ထုတ်ပြန်သွားမည်မယ်လို့လည်း ရွေးကောက်ပွဲဝင်မယ့်နိုင်ငံရေးအဖွဲ့အစည်းတွေက စောင့်စားနေတဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေကိစ္စကို ဗိုလ်ချူပ်မှူးကြီးက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
ပါတီများကိုမှတ်ပုံတင်ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်သည့် နိုင်ငံရေးပါတီများမဖြစ်ရန်နှင့် ရွေးကောက်ပွဲကော်မရှင်ရုံးများကိုအပြည့်အစုံ ဖွင့်လှစ်နိုင်ရေး ၊မဲစာရင်းများမှန်ကန်ရေးအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ရန်ကိစ္စတွေကိုပါ နစက ဥက္ကဋ္ဌက ထည့်သွင်းပြောဆိုသွားကြောင်းးသတင်းရရှိပါတယ်။
-ymg/knl
#Myanmar
#Myanmar_election
Published 22 Jan 2023
ကာလီဖိုနီးယားပြည်နယ် မွန်ထရီပတ်မြို့အနီးမှာ လူအစုလိုက်အပြုံလိုက်ထဲ သေနတ်ဖြင့်ပစ်ခတ်မှု စနေနေ့ညက ဖြစ်ပွားခဲ့ရာ လူ(၉)ဦးသေဆုံးခဲ့တယ်လို့ လော့အင်ဂျလိစီရင်စုရဲဌာနက ပြောပါတယ်။
“ ပစ်ခတ်မှုကြောင့်သေဆုံးရမှုတွေကို စုံစမ်းစစ်ဆေးနိုင်ဖို့ မွန်ထရီပတ်ရဲဌာနကို အကူအညီပေးဖို့ လော့အင်ဂျလိစီရင်စုရဲဌာနက ရဲထောက်လှမ်းရေးတွေ ဆောင်ရွက်နေပါတယ်။ လူ(၉)ဦးသေဆုံးပါတယ်” လို့ အဲဒီရဲဌာနက သတင်းတိုထုတ်ပြန်ပါတယ်။
“ယခုအချိန်မှာ နောက်ထပ် သတင်းအချက်အလက်မရရှိသေးပါဘူး” လို့လည်းဆိုပါတယ်။
သံသယဖြစ်စရာသေနတ်သမားဟာ အမျိုးသားတစ်ဦးဖြစ်တယ်လို့ ရဲဌာနကပြောပေမယ့် သူလွတ်မြောက်နေသလား ဖမ်းမိသလား မသိကြရသေးပါဘူး။
စနေနေ့ ဒေသံစံတော်ချိန် ည၁၀နာရီမှာ သေနတ်ပစ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး မွန်ထရီပတ်ခ်က တရုတ်နှစ်သစ်ကူးပွဲ ကျင်းပနေတဲ့ အနားတစ်ဝိုက်မှာ ဖြစ်ခဲ့တာလို့ အမေရိကန်မီဒီယာတွေက သတင်းဖော်ပြပါတယ်။
ဆိုရှယ်မီဒီယာတွေမှာတင်ထားတဲ့ပို့စ်တွေထဲမှာ ဒဏ်ရာရတဲ့သူတွေကို လူနာတင်စင်နှင့် လူနာတင်ကားပေါ် သယ်ဆောင်သွားတာကိုမြင်တွေ့ကြရပါတယ်။ သေနတ်ပစ်ခတ်တဲ့နေရာအနီးမှာ ကပွဲကလပ်တစ်ခုလည်းရှိပြီး အခြာတစ်ဖက်မှာ ရဲတပ်ဖွဲ့အရံအတားရှိနေတာကို ဗွီဒီယိုတွေမှာတွေ့ရပါတယ်။
“ ကျွန်တော်တို့ရဲ့ အနီးနားက မွန်ထရီပတ်ခ်မြို့ သေနတ်ပစ်ခတ်မှုမှာ ယနေ့ညမှာ သူတို့ချစ်မြတ်နိုးသူတွေကို ဆုံးရှုံးခဲ့ရသူတွေအတွက် ကျွန်တော်တို့ကြေကွဲကြရပါတယ်” လို့ လော့အင်ဂျလိမြို့ ကြီးကြပ်ရေးအရာရှိ ကက်နက် မဲဂျာက တွစ်တာမှာရေးပါတယ်။
စနေစောစောပိုင်းမှာ အဆိုပါတရုတ်နှစ်သစ်ကူးပွဲကို လူရာပေါင်းများစွာတက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
အဲဒီနေရာမှာ မက်ရှင်းဂန်းကိုင်ထားတဲ့ အမျိုးသားတစ်ဦးတွေ့ခဲ့တယ်လို့ အနီးအနားက သူ့ရဲ့ စားသောက်ဆိုင်လာရောက်ပြီး ခိုလှုံတဲ့ လူတစ်ဦးက ဆိုင်ရှင်ကိုပြောခဲ့တယ်လို့ လော့အင်ဂျလိတိုင်းမ်သတင်းစာကရေးသားပါတယ်။
Source Reuters
#Mass_shooting_Monterey-Park_California
#9_killed_mass_shooting
#USA
Published 22 Jan 2023
အမေရိကန်ပြည်ထောင်စု၊ ဒယ်လာဝဲပြည်နယ် ဝီလ်မင်တန်က သမ္မတဂျိုးဘိုင်ဒင်ရဲ့နေအိမ်ကို တရားရေးဌာနက ဇန်နဝါရီ ၂၀ရက် သောကြနေ့က ရှာဖွေမှုတွေပြလုပ်ခဲ့စဉ်အတွင်း လျှို့ဝှက်အဆင့်သတ်မှတ်ထားတဲ့ စာရွက်စာတမ်းတွေ ထပ်မံတွေ့ရှိခဲ့တယ်လို့ သူ့ရဲ့ ကိုယ်ရေးရှေ့နေ ဘော့ဘော်ဝါက စနေနေ့နှောင်းပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
၁၉၇၃ခုနှစ်နှင့် ၂၀၀၉ခုနှစ်အတွင်း ဒယ်လဝဲ ဆီးနိတ်အမတ်အဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလက လျှို့ဝှက်အဆင့် သတ်မှတ်ပေးထားတဲ့ စာရွက်စာတမ်းတွေအပါအဝင် စာရွက်စာတမ်း အနည်းဆုံး(၆)ခုတွေ့ရှိခဲတာလို့ ဘော်ဝါက ပြောပါတယ်။
ကျန်တဲ့စာရွက်စာတမ်းတွေကတော့ ၂၀၀၉မှ၂၀၁၇နှစ်အတွင်း အိုဘားမား သမ္မတဖြစ်စဉ် ဒုတိယသမ္မတအဖြစ် သူတာဝန်ထမ်းဆောင်စဉ်က ဖြစ်တယ်လို့ ဘော်ဝါကဆက်လက်ပြောပါတယ်။ တရားရေးဌာနက အနည်းဆုံး ၁၂ နာရီ ကြာအထိ အိမ်ထဲရှာဖွေမှုပြုလုပ်ရာကနေ အဲဒီစာရွက်စာတမ်းတွေကို တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ အဲဒီအပြင် ဒုတိယ သမ္မတအဖြစ်တာဝန်ထမ်းဆောင်စဉ်က သူ့ရဲ့ လက်ရေးစာတွေကိုပါ တရားရေးဌာနက ယူဆောင်သွားတယ်လို့ ရှေ့နေ ဘော်ဝါကပြောပါတယ်။
ဂျိုးဘိုင်ဒင်က သူ့အိမ်ထဲ လျှို့ဝှက်အဆင့်သတ်မှတ်ထားတဲ့ စာရွက်စာတမ်းတွေရှိမရှိ အစအဆုံးအနှံ့ ရှာဖွေဖို့ ခွင့်ပြုခဲ့တယ်လို့လည်း ဘော်ဝါကပြောပါတယ်။
အိမ်ကိုရှာဖွေနေစဉ်အတွင် သမ္မတနှင့် သမ္မတကတော်တို့ရှိမနေကြဘဲ တရာရေးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေ၊ သမ္မတရဲ့ ကိုယ်ရေးနှင့်အိမ်ဖြူတော်ရှေ့နေတွေအတူတကွရှာဖွေခဲ့ကြတာဖြစ်တယ်လို့လည်း သမ္မတရဲ့ အထူးဥပဒေ အကျိုးဆောင် ရစ်ချတ်ဆော်ဘာကလည်း သတင်းထုတ်ပြန်ချက်နောက်တစ်စောင်မှာ ဖော်ပြပြောဆိုထားပါတယ်။
Source: WION
#Biden_House_search
#US_Politics
#Classified_documents_Biden
Published 23 Jan 2023
တစ်နိုင်ငံတည်း ဗိုလ်ကျစိုးမိုးနေသည့် ဧကဝင်ရိုးမှ ဗဟုဝင်ရိုးကို ပြောင်းလဲနိုင် ရေးအတွက် အခြားကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်း လုပ်ဆောင် သွားမည့်ကိစ္စများ အပေါ်၌ လည်း ကြိုဆိုအားပေးပါတယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားကြောင်း နစက ပြန်ကြားရေးရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဇန်နဝါရီ ၂၂ရက် ညနေပိုင်းက ရန်ကုန်မြို့ရှိအမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပ ပြုလုပ်ခဲ့တဲ့တရုတ်နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ်ချစ်ကြည်ရေးဘက်စကက်ဘောပြိုင်ပွဲ ပိတ်ပွဲနှင့် တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားမှာ ဗိုလ်ချူပ်မှူးကြီးက အထက်ပါအတိုင်းပြောကြားခဲ့တာဖြစ်ပါတယ်။
အဲသလို ဗဟုဝင်ရိုးကိုပြောင်းလဲအောင်ဆောင်ရွက်ခြင်းဟာ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အလွန်အကျိူး ဖြစ်ထွန်းမယ့်ကိစ္စဖြစ်တယ်လို့ နစက ဥက္ကဋ္ဌက ဆက်လက်ပြောဆိုခဲ့ပြီး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organization)၌ မြန်မာနိုင်ငံ ကို ဆွေးနွေးဖက်နိုင်ငံအဖြစ် (Dialogue Patner) သတ်မှတ်ပေးခဲ့တဲ့အတွက် တရုတ်နိုင်ငံကို အထူးပင်ကျေးဇူးတင်ရှိတယ်လို့လည်း သူကဆက်လက်ပြောဆိုပါတယ်။
တရုတ်နိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်တွင် တရုတ်(တိုင်ပေ) နှင့်ပတ်သက်၍ တတိယအကြိမ် စက္ကူဖြူစာတမ်း ထုတ်ပြန်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် မည်သူတရားပျက်ပျက် ကိုယ်မပျက်စေနှင့် ဟူသည့်အတိုင်း အိမ်နီးချင်း ကောင်းပီသစွာ တရုတ်တစ်နိုင်ငံတည်း မူဝါဒ(One China Policy)ကို အစဉ်ထောက် ခံရပ်တည်လျက်ရှိတယ်လို့လည်း နစက ဥက္ကဋ္ဌကပြောပါတယ်။
အဲဒီအပြင် ဗိုလ်ချူပ်မှူးကြီးက “မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် တရုတ်လူမျိုးများ၊ တရုတ်နွယ် ဖွား မြန်မာနိုင်ငံသားများအတွက် မျက်နှာနှစ်ဖက် ဆက်ဆံရေးမျိုး မရှိသည့် ယုံကြည် စိတ်ချရသည့် အိမ်နီးချင်းနိုင်ငံတစ်ခု ဖြစ်ကြောင်းနှင့်၊တရုတ်နိုင်ငံသည်လည်း မြန်မာ နိုင်ငံအတွက် အရေးကြီးသည့် အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သကဲ့သို့ ဘက်စုံမဟာဗျူဟာ မြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံတစ်ခုလည်း ဖြစ်တယ်” လို့လည်း ထပ်လောင်း ပြောကြားတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒီနောက်ဗိုလ်ချူပ်မှူးကြီးက တရုတ်နှစ်သစ်ကူး ယုန်နှစ်အတွက် ဆုတောင်းစကားပြောကြားပေးခဲ့တယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတမြန်မာနိုင်ငံသံအမတ်ကြီး Mr. Chen Hai ကလည်း တရုတ်နှစ်သစ်ကူးပွဲတော်သို့ ယခုကဲ့သို့ နိုင်ငံ့အကြီးအကဲကိုယ်တိုင် တက်ရောက်သည်မှာ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး တက် ရောက်ချီးမြှင့်ပေးခဲ့သည့်အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း၊ နှစ်သစ်တွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ ဆွေမျိုးပေါက်ဖော်သံယောဇဉ်ကို ဆက်လက်လက်ဆင့်ကမ်းပြီး တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို စဉ်ဆက်မပြတ်ဖေါ်ဆောင်ကာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ရလဒ် များဖြင့် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးကိုပိုမိုဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊နှစ်နိုင်ငံဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများ ယခုထက်ပိုမိုတိုးတက်ခိုင်မြဲပြီး အဓွန့်ရှည်တည်တံ့ပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားခဲ့ပါတယ်။
အဲဒီနောက် နစက ဥက္ကဋ္ဌနှင့်ဇနီးအဖွဲ့ဝင်တွေဟာ အခမ်းအနားတက်ရောက်လာကြသူများတွေနှင့်အတူ တရုတ်ရိုးရာနှစ်သစ် ကူး အထိမ်းအမှတ်ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ခဲ့ကြတယ်လို့သိရှိရပါတယ် ။ ညစာစားပွဲအတွင်း ဘတ်စကက်ဘောပြိုင်ပွဲဆုပေးပွဲကိုပါ ထည့်သွင်းကျင်းပပေးခဲ့ပါတယ်။
ယခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော်ကို ချစ်ကြည်ရေးဘတ်စကက်ဘောပြိုင်ပွဲပိတ်ပွဲနှင့်အတူ ရန်ကုန်မြို့တွင် ခမ်းနားစွာကျင်းပပေးခဲ့တာဖြစ်ပါတယ်။
-ymg/knl
#Myanmar
#China_Myanmar
#China_Lunar+_New Year_in_Myanmar
#Asia_News
Published 21 January 2023
တရုတ်သမ္မတ'ရှီကျင့်ဖင်'က တရုတ်နှစ်သစ်ကူးမတိုင်မီမှာ လက်နက်ကိုင်တပ်များကို ရုပ်သံမှကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်လုံခြုံရေးနဲ့ တည်ငြိမ်ရေးတို့ကိုကာကွယ်ရန် တိုက်ပွဲဝင်အသင့်ပြင်ဆင်ထားဖို့ ဗုဒ္ဓဟူးနေ့က တိုက်တွန်းပြောကြား လိုက်ပါတယ်။
#Yangon_Media_Group
Page 110 of 209