Published 1 Feb 2023
နိုင်ငံတစ်ဝန်းလုံးအရေးပေါ်အခြေအနေကြေညာထားသည့်ကာလကို နောက်ထပ်(၆)လတိုးမြှင့်သတ်မှတ်ကြောင်း ကာလုံအစည်း အဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
“အခြေခံဥပဒေ ပုဒ်မ ၄၂၅ နှင့်အညီ “နိုင်ငံတော် တစ်ဝန်းလုံးအရေးပေါ် အခြေအနေကြေငြာထားသည့် ကာလကို ၁-၂-၂၀၂၃ ရက်မှစ၍ နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း” နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်”ထံသို့ ထပ်မံအပ်နှံကြောင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သို့ အသိပေးကြေညာအပ်ပါကြောင်း၊ “အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီ” အနေဖြင့်လည်း ကြေညာချက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ယာယီသမ္မတ ဦမြင့်ဆွေက ယမန်နေ့ ဇန်နဝါရီ (၃၁)ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ကာ/လုံ အစည်းအဝေးတွင်ပြောကြားခဲ့တာဖြစ်ပါတယ်။
အခြေခံ ဥပဒေပုဒ်မ ၄၂၅ အရ သာမာန်အားဖြင့် ၆ လ နှစ်ကြိမ်ပေး၍ရသည် ဖြစ်သော်လည်း လက်ရှိအချိန်သည် သာမာန်အချိန် မဟုတ်သဖြင့် ၆ လတစ်ကြိမ် အနည်းဆုံး ထပ်မံတိုးမြှင့်ပေးရန်သင့် သည်ဟု ယူဆမိပါကြောင်း၊ ၆ လပြည့်ပြီးပါက နိုင်ငံတော်၏ အခြေအနေများကို ထပ်မံတင်ပြမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်၏ လက်ရှိအခြေအနေများကိုအသေးစိတ်တင်ပြအပြီးမှာ ကာ/လုံ အဖွဲ့ ဝင်များအားလုံးရဲ့ သဘောတူ ဆုံးဖြတ်ချက်များအရ အရေးပေါ်ကာလနောက်ထပ်(၆)လသက်တမ်းတိုးကြောင်း ပြောကြားခဲ့ပါတယ်။
အစည်းအဝေးတွင် တက်ရောက်လာကြတဲ့ ကာ/လုံအဖွဲ့ဝင်များနှင့် အထူးဖိတ်ကြားထားသည့် ဥပဒေရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးတို့ကလည်း သာမာန်အချိန်မဟုတ်သည့်အတွက် သက်တမ်း တိုးပေးနိုင်ရေး ထောက်ခံဆွေးနွေးခဲ့ကြတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ယာယီသမ္မတ ဦးမြင့်ဆွေက တပ်မတော်အနေဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူလူထု အတွက် ဖွဲ့စည်း ပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အား အစဉ်အမြဲ အလေးထား ကာကွယ် စောင့်ရှောက်ပေးသွားရန်၊ နောင်ကျင်းပမယ့် ရွေးကောက်ပွဲတွင် မိမိနိုင်ငံသား တစ်ဦး ချင်းစီရဲ့ ဆန္ဒအတိုင်း လွတ်လပ်စွာ ဆန္ဒမဲပေးပိုင်ခွင့်ရှိနိုင်ရေး နိုင်ငံတစ်ဝန်းနေရာအနှံ့ အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်စေရန် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အပေါ် အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက် ပေးသွား ကြရန်တိုက်တွန်းပြောဆိုခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
ထိုသို့သက်တမ်းတိုးခြင်းသည် အခြေခံဥပဒေနှင့်ညီညွတ်မှုရှိကြောင်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက နိုင်ငံတော် ယာယီသမ္မတဦးမြင့်ဆွေထံ ဇန်နဝါရီ ၃၁ရက်က သဘောထားမှတ်ချက်ပြန်ကြားခဲ့ကြောင်းလည်းသီးခြားသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
-ymg/knl
#Myanmar
#Myanmar_Politcs
#Myanmar_Election
Published _31 January 2023
မြန်မာနိုင်ငံသည် သာမန်မဟုတ်သောအခြေအနေတွင် ရှိနေဆဲဖြစ် ကြောင်း နစက ဥက္ကဌက ကာလုံအစည်းအဝေးတွင်အစီရင်ခံခဲ့ကြောင်းသိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၃)ကို ယနေ့ ဇန်နဝါရီလ ၃၁ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူးဖိတ် ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဥပဒေရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး တက်ရောက်ကြပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအနေဖြင့် ကျန်းမာရေးအခြေ အနေအရ အစည်းအဝေးမတက်ရောက်နိုင်ကြောင်း ခွင့်ပန်ကြားခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့ သည့် မဲမသမာမှုများနှင့် အဆိုပါမဲမသမာမှုများကို တာဝန်ရှိသူများက ဖြေရှင်းပေးခဲ့ ခြင်းမရှိဘဲ နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့်ရယူရန် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများ ကြောင့် နိုင်ငံတော်တစ်ဝန်းလုံးကို အရေးပေါ်အခြေအနေကြေညာခဲ့ရသည်အထိ ဖြစ်ပွားခဲ့သည့်အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်းပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အသစ် ဖွဲ့စည်း၍ မဲစာရင်းစစ်ဆေးခဲ့မှုနှင့် စစ်ဆေးတွေ့ရှိမှု အခြေအနေများ၊ မဲမသမာမှုတွင် တာဝန်ရှိသူများကို အရေးယူဆောင်ရွက်ခဲ့မှု အခြေ အနေများ၊ NLD ပါတီဥက္ကဋ္ဌနှင့် သမ္မတဟောင်းတို့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အပေါ် တိုက်ရိုက်နှင့်သွယ်ဝိုက် ဖိအားပေးဆောင်ရွက်မှုအခြေအနေများ၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး၊ ကုသရေးနှင့် ကာကွယ်ဆေးထိုးနှံပေးမှု အခြေအနေ များ၊ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်ငြိမ်းသက် သာခွင့်များပေးခဲ့သည့် အခြေအနေများ၊ နောင်လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်းများ မှန်ကန်မှုရှိစေရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မူးယစ်ဆေးဝါးဖော်ထုတ် ဖမ်းဆီးရမိမှုအခြေအနေများ၊ အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH NUG နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များ နှင့် အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်နေမှုများကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံးဒဏ်ရာရရှိမှု၊ နိုင်ငံပိုင်နှင့်ပုဂ္ဂလိကပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရမှုအခြေ အနေများနှင့် နိုင်ငံတော်အာဏာကိုဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုနည်းလမ်း များဖြင့်ရယူရန်ကြိုးပမ်းလုပ်ဆောင် လာမှုအခြေအနေများကို အကျယ်တဝံ့ ရှင်းလင်း ပြောကြားခဲ့ကြောင်း နစက က ထုတ်ပြန်ထားသည်။
ယာယီသမ္မတအပါအဝင် တက်ရောက်လာသူအားလုံးက နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်ပေးလျက်ရှိသော်လည်း နိုင်ငံတော်ကို အလုံးစုံ ပျက်သုဉ်းစေလိုသည့် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH NUG နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်းအများပြည်သူဆိုင်ရာနေရာများကို အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်ခြင်းပြည်သူများကိုလက်နက်ကိုင်ခြိမ်းခြောက်အကြပ်ကိုင်ခြင်း တို့ကိုဆက်လက်လုပ် ဆောင်လျက်ရှိပြီး နိုင်ငံတော်အာဏာကို ဆူပူသောင်းကျန်းမှုအကြမ်းဖက်မှုနည်းလမ်းများဖြင့် ရယူရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည့် သာမန်မဟုတ်သောအခြေအနေတွင် ရှိနေဆဲဖြစ် သည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်းနှင့် လိုအပ်သည့် ထုတ်ပြန်ကြေညာချက်ကို ၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ymg/mt
Published 30 January 2023
မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံအကြား စီးပွားရေးဆိုင်ရာကိစ္စရပ် များနှင့် နည်းပညာဆိုင်ရာကိစ္စရပ်များတွင် ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက် သွားမည့်အခြေအနေများကို နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ရုရှားကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကိုပြောဆိုခဲ့တယ်လို့ နစကပြန်ကြားရေးရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Anatoly Bulochnikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကိုရောက်ရှိနေပြီး ယနေ့ဇန်နဝါရီ ၃၀ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ ဗိုလ်ချူပ်မှူးကြီးထံ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့တာဖြစ်ပါတယ်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ရုရှား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင် ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်လာမှု အခြေအနေများ၊ စီးပွားရေးဆိုင်ရာကိစ္စရပ် များနှင့် နည်းပညာဆိုင်ရာကိစ္စရပ်များတွင် ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက် သွားမည့်အခြေအနေများ၊ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံ အကြား တိုက်ရိုက်လေကြောင်း ပျံသန်းရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံထုတ်ကုန်များ အပြန်အလှန်တင်ပို့နိုင်သည့် အခြေအနေများ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုများ ယခုထက် ပိုမိုတိုးတက်စေရေးနှင့် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုး တက်အောင် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ အဆိုပါသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
တွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌဗိုလ်ချူပ်မှူးကြီးနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြည်ထောင်စု ဝန်ကြီးတွေဖြစ်ကြတဲ့ ဒေါက်တာကံဇော်၊ ဦးကိုကိုလှိုင်နှင့် တာဝန်ရှိသူများတက် ရောက်ကြပြီး ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင် ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌနှင့်အတူ ကိုယ်စားလှယ်အဖွဲ့မှ တာဝန်ရှိသူများတက် ရောက်ခဲ့ကြပါတယ်။
Ymg/knl
#Myanmar
#Myanmar_Russia
#Myanmar_SAC
Published 30 January 2023
ပါကစ္စတန်ရဲဌာနချုပ်တစ်ခုအတွင်းမှာရှိတဲ့ ဗလီတစ်ခုအတွင်း ဇန်နဝါရီ ၃၀ ရက် တနင်္လာနေ့က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ ရဲအရာရှိများအပါအဝင် ၃၃ ဦးသေဆုံးပြီး ၁၅၀ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
အကြမ်းဖက်မှုတွေမြင့်တက်နေတဲ့ အာဖဂန်နစ္စတန်နယ်စပ်အနီးက ပက်ရှ်ဝါပြည်နယ်မြို့တော်မှာ တနင်္လာနေ့ မွန်းလွဲပိုင်းက ဝတ်ပြုဆုတောင်းပွဲလုပ်နေစဉ်အတွင်း အဆိုပါတိုက်ခိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ပေါက်ကွဲမှုပြင်းအား ကြောင့် နံရံတစ်ခုလုံးနှင့် အမိုးအချို့ လွင့်စင်ပွင့်ထွက်ခဲ့ရပါတယ်။
“ အပျက်အစီးပုံတွေကြားထဲမှာ ရဲသားတွေအများကြီးရှိနေတယ်”လို့ ပက်ရှ်ဝါရဲချုပ် မူဟာမက် အိုင်ဂျက်ဇ်ခန်က ပြောပါတယ်။ အဲဒီ ဗလီထဲမှာ ပုံမှန်အားဖြင့် ရဲအရာရှိ ၃၀၀နှင့် ၄၀၀အကြား ဝတ်ပြုလေ့ရှိကြတယ်လို့လည်းသူက ပြောပါတယ်။
Source AFP
#Pakistan_mosque_blast
#Pakistan_sucide_bomb_blast_at_a_mosque
#Pakistan
Published 29 January 2023
အမေရိကန်လေတပ်မှ ကြယ်လေးပွင့်အဆင့်ဗိုလ်ချူပ်ကြီး မိုက်မီနီဟမ်က ဇန်နဝါရီ ၂၇ ရက်သောကြာနေ့က သူ့လက်အောက်စစ်တိုင်းက အရာရှိတွေကို ပေးပို့တဲ့ ဌာနတွင်းဖြန့်ဝေစာထဲမှာ လာမယ့်(၂)နစ်အတွင်း အမေရိကန်ဟာ တရုတ်နှင့် စစ်ပွဲစစ်ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ရေးသားလိုက်ပါတယ်။ထိုင်ဝမ်ကိစ္စကြောင့်ဖြစ်ဖို့များပြီး သူ့လူတွေကို ကြိုတင်ပြင်ဆင်ထားဖို့ သူက ပြောထားပါတယ်။
အဲဒီစာဟာ ဆိုရှယ်မီဒီယာပေါ် ပထမဆုံးတွေ့လာကြရတာဖြစ်ပြီး နောက်ပိုင်းမှာ ပင်တဂွန်က အဲဒီစာဟာ အမှန်ဖြစ်တယ်လို့ အတည်ပြုပေးခဲ့ပါတယ်။ အဲဒီစာထဲမှာ လေကြောင်းတပ်စုရုံးရေးစစ်တိုင်း တိုင်းမှူး မီလီဟန်က “ ကျွန်တော်မှားတာဖြစ်မယ်လို့မျှော်လင့်ပါတယ်။ ဒါပေမယ့် ၂၀၂၅မှာ ကျွန်တော်တို့ တိုက်ကြရလိမ့်မယ်လို့ ကျွန်တော်စိတ်ထဲခံစားနေရတယ်” လို့ သူကပြောပါတယ်။
“အဓိကရည်မှန်းချက်က ဟန့်တားဖို့ဖြစ်ပြီး လိုအပ်လာရင်တော့ တိုက်ခိုက်ရလိမ့်မယ်” လို့ သူကပြောပါတယ်။ ဒီလိုပြောရတဲ့အကြောင်းရင်းကတော့ ထိုင်ဝမ်နှင့် အမေရိကန်နှစ်နိုင်ငံစလုံးဟာ ၂၀၂၄ မှာရွေးကောက်ပွဲရှိကြတဲ့အတွက် အမေရိကန်ဟာ ရွေးကောက်ပွဲကြောင့် အာရုံမစိုက်နိုင်တဲ့အချိန်မှာ အဲဒါဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်အတွက် အခွင့်အရေးတစ်ခုဖြစ်ပြီး တရုတ်ဟာ ထိုင်ဝမ်ထဲ ဝင်လိမ့်မှာကြောင့်ဖြစ်တယ်” လို့ သူကဆိုပါတယ်။
တရုတ်သမ္မတဟာ သူ့ရဲ့တတိယသမ္မတသက်တမ်းကို အသေအချာခိုင်အောင်လုပ်ထားပြီးနောက် သူဟာ ၂၀၂၂ အောက်တိုဘာမှာ စစ်(ပွဲ)ကောင်စီကိုဖွဲ့စည်းခဲ့တယ်လို့ အမေရိကန်လေတပ်ဗိုလ်ချူပ်ကြီးကပြောပါတယ်။
“ရှီရဲ့သက်တမ်း၊ အကြောင်းပြချက်နှင့် အခွင့်အလမ်းတွေဟာ ၂၀၂၅ကို ဦးတည်နေတယ်” လို့ သူကဖြည့်စွက် ပြောပါတယ်။ အမေရိကန်လေတပ်စုရုံးစစ်တိုင်းမှာ စစ်သည် ငါးသောင်းကျော်ရှိပြီး ပိုဆောင်ရေးနှင့် လောင်စာဆီ ဖြည့်တင်းရေးတာဝန်ယူတဲ့ လေယာဉ်အစီး ၅၀၀နီးပါးရှိနေပါတယ်။
တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကိုထိန်းချုပ်သိမ်းပိုက်ဖို့ သူ့အချိန်ဇယားကို အရှိန်မြှင့်တင်နေပုံရတယ်လို့ အမေရိကန်အရာရှိတော်တော်များများဟာ ပြီးခဲ့တဲ့လများအတွင်း ပြောဆိုခဲ့ပြီးနောက် ယခုလို ရုံးတွင်းဖြန့်စာပေါ်ပေါက်လာတာဖြစ်ပါတယ်။
Source WION
#China_US_War
#China_US_Politics
Published 27 January 2023
နေပြည်တော်၊ ဒက္ခိဏသီရိမြို့ နယ်ရှိ မာရဝိဇယ ဗုဒ္ဓ ဥယျာဉ်တော်အတွင်းတည်ထားကိုးကွယ်မည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် ဗဟိုဌာနတွင် ဌာပနာတော်သွင်းလှူ ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့ ဇန်နဝါရီ(၂၇)နံနက်ပိုင်းက အဆိုပါဗုဒ္ဓဥယျာဉ်တော် အတွင်းရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မည့် ရတနာ ပလ္လင် တော် နေရာ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဲဒီမင်္ဂလာအခမ်းအနားသို့ မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ဆောက် ရေး သြဝါဒါစရိယဆရာတော် နေပြည်တော်၊ ပျဉ်းမနားမြို့ ၊ ပါဠိတက္ကသိုလ်၊ မင်္ဂလာ ဇေယျုံကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ဦးဆောင်ဘုရားဒါယကာ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဘုရားဒါယကာများ တက်ရောက် ကြည်ညို ခဲ့ကြပါတယ်။
အစီအစဉ်အရထို့နောက် ဦးဆောင်ဘုရားဒါယကာ ဦးဆောင်ပြီး မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် ဗဟိုဌာနရှိ ဌာပနာတိုက်တော်တွင်းသို့ ထည့်သွင်းပူဇော်မည့် (၇)ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် ဗုဒ္ဓမြတ်စွာဘုရား၏ ဇာတာတော်များ၊ အဖိုးတန် ရွှေငွေ ကျောက်သံပတ္တမြားများ၊ နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများကို ဌာပနာရွှေသေတ္တာတော်များ အတွင်းသို့ ထုံးတမ်းစဉ်လာ များနှင့်အညီ ထည့်သွင်းပြီး နံ့သာမှုန့်များ ပက်ဖြန်း ပူဇော်ခဲ့ကြပါတယ်။
မင်္ဂလာအချိန်တော်ကျရောက်တဲ့အခါ ပါဠိဆရာတော်ကြီးနှင့် ဦးဆောင်ဘုရားဒါယကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် ဗဟိုဌာနနေရာရှိ ဌာပနာတိုက်တော်များအတွင်းသို့ (၇)ရက် သား၊ သမီး၊ ဘုရား ဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် ဗုဒ္ဓမြတ်စွာ ဘုရား၏ ဇာတာတော်များ၊ အဖိုးတန် ရွှေငွေ ကျောက်သံ ပတ္တမြားများ၊ နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများ ထည့်သွင်းထားသည့် ဌာပနာ ရွှေသေတ္တာတော်များနှင့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်တည် ကဗ္ဗည်းမော်ကွန်းကျောက်စာတော် တို့ကို သတ်မှတ်ဌာပနာတော် နေရာအသီးသီးတွင် ထုံးတမ်းစဉ်လာများနှင့်အညီ သွင်းလှူ ပူဇော်ကြခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
-ymg/knl
#Myanmar
#Myanmar_Buddhism
Published 27 January 2023
တရုတ်-မြန်မာ နိုင်ငံတကာရထာလမ်းရဲ့ တရုတ်နိုင်ငံဖက်အခြမ်း အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဒါလီ-ရွှေလီ ရထားလမ်းရဲ့ အဓိက ဥမင်လှိုဏ်ခေါင်းကြီး တည်ဆောက်ရေးလုပ်ငန်းတွေကို တရုတ်နှစ်သစ်ကူးရက်မှာပင် မနားဘဲ အလုပ်သမားတွေ ကြိုးစားဖောက်လုပ်နေကြပါတယ်။
၃၃၀ကီလိုမီတာရှည်လျားတဲ့ ဒါလီ-ရွှေလီရထားလမ်းဟာ တရုတ်-မြန်မာရထားလမ်းမှာ အရေးပါတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်က ဒါလီမြို့ကနေ ပေါင်ရှန်မြို့အထိ လမ်းပိုင်းကို ဖွင့်လှစ်ခဲ့ပြီးပါပြီ။
ပေါင်ရှန်မှ နယ်စပ်မြို့ရွှေလီအထိ လမ်းပိ,င်းမှာ ကောင်လီကောင်းတောင်ဥမင်လှိုဏ်ခေါင်းဟာ ၃၄.၅ ကီလိုမီတာအထိ ရှည်လျားပြီး တရုတ်နိုင်ငံမှာ အရှည်လျားဆုံး ရထားဥမင်လှိုဏ်ခေါင်းဖြစ်ပါတယ်။ အဲဒီအပြင် အဆိုပါဥမင်လှိုဏ်ခေါင်းဟာ ရထားကြီးတစ်ခုလုံးရဲ့ အဓိကစီမံကိန်းလည်းအပြင် ဟန်တွမ်တောင်တန်းများကိုဖြတ်သန်းတဲ့ ပထမဆုံး လှိုဏ်ခေါင်းလည်း ဖြစ်ပါတယ်။ အဆိုပါဥမင်လှိုဏ်ခေါင်းဟာ အနက်၁၁၀၀ မီတာမှာ တည်ဆောက်ထားပြီး ပြတ်ရွေ့ကြောဇုန် ၁၉ဇုန်ကိုလည်း ဖြတ်သန်းဖောက်လုပ်ထားတာပါ။
Source CCTV+
#China_Myanmar_Railway
#Dali-Ruili_Railway
#Myanmar_China_Relations
Page 109 of 209