၁၀ ဖေဖော်ဝါရီ ၂၀၂၄
စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော နိုင်ငံသားတိုင်းကို စစ်မှုထမ်းရန်ဆင့်ခေါ်နိုင်သည့် ပြည်သူ့စစ်မှု ထမ်းဥပဒေအား ၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလ ၁၀ ရက်နေ့(ယနေ့)တွင် စတင်အာဏာတည်ကြောင်း သတ်မှတ်သည့် အမိန့်ကြော်ငြာစာကို ယနေ့ရက်စွဲဖြင့်နစက,ကထုတ်ပြန်ခဲ့ပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၊ ၂၇/၂၀၁၀ဖြင့် ပြဋ္ဌာန်းထားခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေပုဒ်မပုဒ်မခွဲ(ခ)အရ ယခုကဲ့ သို့စတင်အာဏာတည်ကြောင်း သတ်မှတ်ခြင်းဖြစ်တယ်လို့ အမိန့်ကြော်ငြာစာမှာ ဖော်ပြထားပါတယ်။
စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ ဆိုသည်မှာ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း ဆိုသည်ဟူ၍ ပြည်သူ့စစ်မှုထမ်း ဥပဒေပုဒ်မ(၂)၊ပုဒ်မခွဲ(ခ)တွင်ဖော်ပြထားပါတယ်။
ယင်းအပြင် ပုဒ်မ(၂)၊ပုဒ်မခွဲ(ဂ)တွင် တပ်မတော်စက်မှုလက်မှုပညာသည် ဆိုသည်မှာ တပ်မတော်တွင် အမှုထမ်း လျက်ရှိသော ဝန်ထမ်း များအနက် ကာကွယ်ရေး ဌာနကောင်စီ အမိန့်ဖြင့် သတ်မှတ်သော ပညာသည် အုပ်စုဝင် ဇယား၌ ပါဝင်သည့် စက်မှုလက်မှုပညာ ကျွမ်းကျင်သူကို ဆိုသည်” ဟူ၍ဖော်ပြပါရှိပါတယ်။
ပုဒ်မ(၂)၊ပုဒ်မခွဲ(ဃ)တွင် ကျွမ်းကျင်သူ ဆိုသည်မှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တက်မြောက်သူ သို့မဟုတ် အခြား အတတ်ပညာ တစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်း နေသူများကို ဆိုသည်” ဟူ၍သတ်မှတ် ထားပါတယ်။
အဆိုပါဥပဒေပုဒ်မ(၃)အရ
“၃။ ပြည်သူ့စစ်မှုထမ်းရန်ကာလကို အောက်ပါအတိုင်းသတ်မှတ်သည်-
(က) စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော နိုင်ငံသားတိုင်းကို (၂၄)လ ထက်မပိုသည့် ကာလ အပိုင်းအခြား အတွက် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်။
(ခ) စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော နိုင်ငံသားများအနက် တပ်မတော် စက်မှုလက်မှု ပညာသည်များအဖြစ် အမှုထမ်းရန် ဆင့်ခေါ်ခြင်း ခံရသူများကို (၃၆) လထက် မပိုသည့် ကာလ အပိုင်းအခြားအတွက် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်။
(ဂ) စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော ကျွမ်းကျင်သူများအား (၃၆) လထက်မပိုသည့် ကာလ အပိုင်းအခြား အတွက် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်။” ဟူ၍ ဖော်ပြထားပါတယ်။
လိုအပ်သည့်ဥပဒေနှင့်ဆက်စပ်သည့် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များ ကိုကာကွယ်ရေးဝန်ကြီးဌာနက ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၅ တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်၏လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်” ဟုလည်းကောင်း၊ ပုဒ်မ ၃၈၆ တွင် “ နိုင်ငံသားတိုင်းသည် ဥပဒေ ပြဋ္ဌာန်း ချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်” ဟုလည်းကောင်း ပြဋ္ဌာန်းထားပြီး ပြည်သူ့စစ်မှုထမ်းဥပဒေ၏ နိဒါန်းပိုင်းတွင် “နိုင်ငံသားတိုင်းသည် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာ သင်ကြားရန်နှင့်နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန်ဥပဒေပြဋ္ဌာန်းရခြင်းဖြစ် ကြောင်း”ဟူသည့် သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ချက် မှာဖော်ပြပါရှိပါတယ်။
@ymg/knl
- Category: Myanmar
၈ ဖေဖော်ဝါရီ ၂၀၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာန နာယကနိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိ သည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက် ကြာသပတေးနေ့အကူး ၀၀:၀၂နာရီ အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ရာ ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား နစကဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ တို့ ယနေ့မွန်းလွဲပိုင်းတွင် သွားရောက် ဖူးမြော်ကြည်ညိုခဲ့ကြတယ်လို့သိရှိရပါတယ်။
ဗိုလ်ချုပ်မှူးကြီးသည် ဆရာတော် ကြီး၏ အန္တိမအဂ္ဂိဈာပနကျင်းပရေး နာယကအဖွဲ့တွင်ပါဝင်သည့် သီလဓမ္မကုန်းသာ တောရကျောင်းတိုက်ဦးစီးပဓာနနာယက(ဝစီပိတ်)ဆရာတော် ဘဒ္ဒန္တကောဝိဒ အမှူးပြု သည့် ဆရာတော်ကြီးများအားဖူးမြော်ကြည်ညိုပြီး ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိ ဈာပနပူဇာသဘင် အခမ်းအနားပြုလုပ်မည့်အခြေအနေများကို လျှောက်ထား ဆွေးနွေးခဲ့ပါတယ်။
ထို့အပြင် ဗိုလ်ချုပ်မှူးကြီးနှင့် ဇနီးတို့သည် ဆရာတော်ကြီးများထံသို့ အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေး အလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။
ဆရာတော်ကြီးသည် နိုင်ငံ့ဥသျှောင် အဓိပတိဆရာတော်ကြီးများတွင် ပါဝင်သဖြင့် အန္တိမ အဂ္ဂိ ဈာပနပူဇာသဘင် အခမ်းအနားအား စည်ကားသိုက်မြိုက်စွာနှင့် အခမ်းနားဆုံးဖြစ်အောင် ကျင်းပနိုင်ရေး အတွက် ဗိုလ်ချုပ်မှူးကြီးက တာဝန်ရှိသူတွေကို မှာကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရပ်ဝေးမှလာရောက်သည့် ဆရာတော်၊ သံဃာတော်များ၊ သာသနာ နွယ်ဝင်သီလရှင်များနှင့် အများ ပြည်သူများ သွားလာရေး၊ တည်းခိုနေထိုင် ရေးနှင့်စားသောက်ရေးတို့တွင် အဆင်ပြေ ချောမွေ့မှုရှိစေရေး၊ သောက်သုံးရေများ လုံလောက်စွာရရှိရေးနှင့် အခြားလိုအပ်သည်များကိုလည်း နစက ဥက္ကဋ္ဌက ဆက်လက်မှာကြားခဲ့ပါတယ်။
နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာန နာယကဆရာတော်ကြီး အလောင်း လျာကို ကောဇာသက္ကရာဇ် ၁၂၉၀ ပြည့်နှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက် (ဗုဒ္ဓဟူးနေ့) တွင် ခမည်းတော် ဦးဟောင်၊ မယ်တော် ဒေါ်နန်းပင် တို့က ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ယန်းကိန်ရွာ၌ မွေးဖွားသန့်စင်ခဲ့ပြီး ၁၂၉၉ ခုနှစ်၊ တပေါင်း လပြည့်နေ့တွင် ကျိုင်းတုံမြို့၊ကျိုင်းယင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဓမ္မရံသီ ကို ဥပဇ္ဈယ်ပြု၍ ရှင်သာမဏေအဖြစ်သို့ လည်း ကောင်း၊ ၁၃၀၀ ပြည့်နှစ်၊ ကဆုန်လဆန်း ၁၃ ရက်နေ့တွင် မြင့်မြတ်သောရဟန်းအဖြစ်သို့လည်းကောင်း အသီးသီး ရောက်ရှိတော်မူခဲ့ပါတယ်။
သက်တော် ၁၀ နှစ်အရွယ်တွင် ရှင်သာမဏေဘဝဖြင့် အခြေခံပညာမူလတန်းပညာသင်ယူ တော်မူခဲ့ပြီး ကျိုင်းယင်း ကျောင်းတိုက်ဆရာတော်ထံတွင် ပရိယတ္တိစာပေများကို ဂုံရှမ်း ဘာသာဖြင့် မူလဓမ္မာစရိယတန်းအောင်မြင်သည် အထိ ပညာသင်ယူဆည်းပူးတော်မူခဲ့ ကာ ၁၃၂၀ ခုနှစ်တွင် မူလဓမ္မာစရိယကို ဂုံရှမ်းဘာသာဖြင့် အောင်မြင် တော်မူခဲ့ပါတယ်။
ဆရာတော်ကြီးသည် ၁၃၅၇ ခုနှစ်တွင် နဂါးနှစ်ကောင် ပရိယတ္တိစာသင်တိုက်ကို စတင် ဖွင့်လှစ်တော်မူခဲ့ပြီး ပရိယတ္တိစာသင်တိုက်ခွဲ ၄ ခုကို ဖွင့်လှစ်ထူထောင်ထားရှိ၍ စာသင်တိုက်များ၌ ရှမ်းတိုင်းရင်းသား ရဟန်း၊ သာမဏေ များအား အစိုးရပါဠိ ပထမပြန်မူ အတိုင်း ဂုံရှမ်းဘာသာဖြင့် အခြေပြ မူလတန်း၊ အငယ်တန်း၊ အလတ်တန်း၊ အကြီး တန်း များကို သင်ကြားပို့ချပေးခြင်းနှင့် စာမေးပွဲများကို အကြိမ် ၅၀ တိုင် ကျင်းပပေးခဲ့ပါတယ်။
၁၃၅၅ နှစ်မှစတင်၍ ပိဋကတ် သုံးပုံပါဠိတော်နှင့် ဂုံရှမ်းဘာသာပြန်စာအုပ် ပုံနှိပ်ထုတ်ဝေခြင်း၊ ပိဋကတ်သုံးပုံ ပါဠိတော်အစုံအား ကျောက်စာချပ်ရေ ၂၅၀၀ ခန့်ဖြင့် ကျောက်ထက် အက္ခရာတင်ပြီး တာချီလိတ်မြို့ ၊ ရွှေတိဂုံ စေတီတော်ရင်ပြင်တွင် စိုက်ထူတည်ထားကိုး ကွယ်ခြင်း များကို ဆောင်ရွက်ခဲ့ပါတယ်။
ထို့အပြင် တာချီလိတ်မြို့ အတွင်းရှိ အခြေခံပညာအဆောက်အဦများအတွက် မြေနေရာများ လှူဒါန်းပေးခြင်း၊ ဘိုးဘွားရိပ်သာနှင့် မိဘမဲ့လူငယ်ပရဟိတဂေဟာကို တည်ထောင်ဖွင့်လှစ်၍ လိုအပ်သောထောက်ပံ့မှုများ ဆောင် ရွက်ပေးခြင်း၊ ခရိုင်ပြည်သူ့ဆေးရုံကြီး မြေနေရာနှင့် လိုအပ်သည့် ကျန်းမာရေးအထောက်အကူပြု အဆောက် အဦများဆောက်လုပ်လှူဒါန်းပေးခြင်းများ စသည့် သာသနာပြုလုပ်ငန်းများနှင့် လူထုအကျိုးပြုလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်တော်မူခဲ့ပါတယ်။
ထိုကဲ့သို့ သာသနာပြုလုပ်ငန်းများနှင့် လူထုအကျိုးပြုလုပ်ငန်းများ စွမ်းစွမ်းတမံဆောင်ရွက်တော် မူခဲ့မှုများကြောင့် နိုင်ငံတော်မှ ၁၉၉၂ ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်၊ ၂၀၀၁ ခုနှစ်တွင် အဂ္ဂမဟာသဒ္ဒမဇောတိကဓဇ ဘွဲ့တံဆိပ်တော်၊ ၂၀၀၅ ခုနှစ်တွင် အဘိဓဇ အဂ္ဂမဟာသဒ္ဒမဇောတိက ဘွဲ့တံဆိပ်တော်၊ ၂၀၂၁ ခုနှစ်တွင် အဘိဓဇမဟာ ရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်တို့ကို ဆက်ကပ်ချီးမြှင့်ခဲ့သကဲ့သို့ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ မှ ဆက်ကပ်ချီးမြှင့်သည့် ဘွဲ့တံဆိပ်တော်များကိုလည်း ဆက်ကပ်ခံခဲ့ရပါတယ်။
ဆရာတော်ကြီးသည် သက်တော် ၉၆၊ ဝါတော် ၇၇ ဝါ အရောက်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ရတာဖြစ်ပါတယ်။
@ymg/knl
- Category: Myanmar
၆ ဖေဖော်ဝါရီ ၂၀၂၄
နစက သည် အမိန့်အမှတ် ၁၈/ ၂၀၂၄ ကို ယနေ့ထုတ်ပြန်ကာ နေပြည်တော်ကောင်စီဝင်တစ်ဦးနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့ကို အပြောင်းအလဲလုပ်ခဲ့ပါတယ် ။
အမိန့်အရ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်အစား ဗိုလ်မှူးကြီး မျိုးဝင်းကို အစားထိုးခန့်အပ်ခဲ့ပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်းအစား ဗိုလ်မှူးကြီး မိုးမင်းသိန်းကို အစားထိုးခန့်အပ်ခဲ့တာဖြစ်ပါတယ်။
@ymg/knl
- Category: Myanmar
၆ ဖေဖော်ဝါရီ ၂၀၂၄
ထိုင်းနိုင်ငံက မြန်မာနစကအစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေနှင့် NUG တို့ပါဝင်ကြမယ့် တွေ့ဆုံ ဆွေးနွေးပွဲ တစ်ခုကို ကမကထပြုလုပ်ဖို့ စီစဉ်နေတယ်လို့သိရပါတယ်။
ထိုင်းနိုင်ငံကဦးဆောင်မယ့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဦးစီးဦးရွက်ပြုမှုအစီအစဉ်ဟာ မြန်မာနစက အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို ဦးတည်သွားနိုင်လိမ့်မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဆီဟာဆတ်ပေါင်ကက်ကော Sihasak Phuangketkeow ကပြောကြားခဲ့တာဖြစ်ပြီး အဆိုပါပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ယနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ သတင်းဖော်ပြခဲ့တာပါ။
“ အနည်းဆုံးတော့ ဒီနှစ်နှစ်လယ်ပိုင်း နောက်ဆုံးထားပြီး ဆွေးနွေးပွဲတစ်ခုခု စတင်သင့်ပါတယ်” လို့ ဆီဟာဆတ်က ရိုက်တာ ကိုပြောပါတယ်။ ဒါပေမယ့် သူက အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။
ထိုင်းနိုင်ငံဟာ နိုင်ငံတကာ မိတ်ဖက်တွေဖြစ်တဲ့ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းတွေဖြစ်တဲ့ အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့နှင့်လည်း အဆိုပါကိစ္စ အကြံဉာဏ်ရယူတိုင်ပင်နေတယ်လို့လည်း သူကဖြည့်စွက်ပြောပါတယ်။
“ မြန်မာအတွက် နိုင်ငံတကာ အသိုက်အဝန်းနှင့် ပြန်လည်ထိတွေ့ကာ အပြုသဘောဆက်ဆံမှု ပြန်စတင်နိုင်ဖို့ ဒါဟာ လမ်းဖွင့်ပေးတာဖြစ်တယ်” လို့ သူကပြောပါတယ်။
“ ဆွေးနွေးပမှုအချို့၊ အပြုသဘောဆောင်ဆွေးနွေးမှုအချို့ စတင်နိုင်ဖို့ အခွင့်အလမ်းဖြစ်တယ်” လို့ သူပြောတဲ့အကြောင်း ရိုက်တာက ဆက်လက်ရေးသားပါတယ်။
ထိုင်းနိုင်ငံဟာ ယင်းဦးဆောင်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဦးစီးဦးရွက်ပြုမှုတစ်ခုကို စီစဉ်နေပါတယ်။ အဆိုပါ အစီအစဉ်အရ ယခုဖေဖော်ဝါရီလ နှောင်းပိုင်းခန့်မှာ မဲဆောက်-မြဝတီနယ်စပ်အနိးမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုံခြုံဇုန် Safe Zone တစ်ခုလုပ်ဆောင်သွာဖို့ရှိနေပါတယ်။ အဲဒီလုံခြုံဇုန်ကနေတစ်ဆင့် အစားအသောက်နှင့် ဆေးဝါးတွေကို ဒေသခံတွေနှင့် တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာခဲ့ရသူ လူနှစ်သောင်းခန့်ကို အကူအညီပေးမှာဖြစ်ပါတယ်လို့ ထိုင်းနိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်က ပြောပါတယ်။
ဒီအစီအစဉ်ဟာ အာဆီယံ (၁၀)နိုင်ငံရဲ့ ကြိုးပမ်းအားထုတ်မှုတွေဖြစ်ပါတယ်လို့ သူကဆိုပါတယ်။ အဆုံးစွန်ရည်မှန်းတာက ပဋိပက္ခတွေကို ထိန်းချုပ်နိုင်တဲ့အဆင့်ရောက်လာစေပြီး တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းတွေ ဖွင့်ပေးဖို့ပဲဖြစ်တယ်လို့ သူက ပြောပါတယ်။
“ မြန်မာနိုင်ငံကို ဒီထက်ပိုပြီး မတည်မငြိမ်ဖြစ်မှာ ကျွန်တော်တို့မမြင်လိုဘူး” လို့ သူကပြောပါတယ်။ အဲဒါကြောင့် ဒီ လုပ်ငန်းစဉ်ဟာ ထိရောက်မှုရှိရမယ်။ ယုံကြည်စိတ်ချရပြီး ပွင့်လင်းမြင်သာရမယ်” လို့လည်း သူကဆက်ပြောပါတယ်။
ယခုဦးစီးဦးရွက်ပြုမှုအစီအစဉ်ကို မြန်မာနိုင်ငံမှ နိုင်ငံရေးကိုယ်စားမပြုသူကိုယ်စားလှယ်တစ်ဦးအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန ခေတ္တအမြဲတမ်းအတွင်းဝန် ဒေါ်မာလာသန်းထိုက်ကို ပထမဆုံးတက်ရောက်စေခဲ့တဲ့ လာအိုမှာကျင်းပတဲ့ အာဆီယံနိုင်ငံခြား ရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ ထောက်ခံအတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ အာဆီယံ လူသာချင်းစာနာထောက်ထားမှဒ ဆိုင်ရာအကူအညီပေးရေးအဖွဲ့ရဲ့ကြီးကြပ်မှုနှင့် မြန်မာနှင့်ထိုင်းနှစ်နိုင်ငံရဲ့ ကြက်ခြေနီတွေက အကူအညီတွေကို မြေပြင်မှာ ပေး အပ်နေတာတွေ မြင်လာရတော့မှာဖြစ်တယ်လို့လည်း ရိုက်တာသတင်းကရေးပါတယ်။
@ymg/knl
- Category: Myanmar
၅ ဖေဖော်ဝါရီ ၂၀၂၃
ထိုင်းဝန်ကြီးချုပ်လောင်းလျာလို့ နာမည်ကြီးခဲ့တဲ့ ပီတလင်ဂျာရွန်ရတ်ကို ၂၀၁၉ခုနှစ်က တရားဥပဒေမဲ့ လူထုစီတန်းမှုတွေ လုပ်ခဲ့လို့ ထိုင်းတရားရုံးတစ်ခုက ဖေဖော်ဝါရီ (၅)ရက် တနင်္လာနေ့မှာ ထောင်ဒဏ်(၄)လချခဲ့ပြီး အဆိုပါထောင်ဒဏ်ကို ချက်ခြင်းမကျခံစေရဘဲ (၂)နှစ် ဆိုင်းငံ့ပေးလိုက်ပါတယ်။
ဒါဟာ ထိုင်းနိုင်ငံရဲ့ အခြေခံဥပဒေခုံရုံးက သူ့ရဲ့ အတိုက်အခံ ရှေ့သို့ချီပါတီ Move Forward Party(MFP) ကို ဘုရင်စနစ်နှင့် အမျိုးသားလုံခြုံရေးကို အနှောက်အယှက်ပေးခဲ့တယ်လို့ ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း ဥပဒေရေးရာ အခက်အခဲတွေနှင့် ထပ်မံ ရင်ဆိုင်လာရတာဖြစ်ပါတယ်။ MFP ဟာ ဘုရင်စနစ်ကို အကာအကွယ်ပေးတဲ့ ဥပဒေကို ပြင်ဆင်ဖို့ လူအုပ်နှင့်ကြိုးစားခဲ့တာ ဖြစ်ပါတယ်။
ဘန်ကောက်မှာရှိတဲ့ ပက်သမ်ဝန် ခရိုင်တရားရုံးက သူ့ MFP ပါတီရဲ့ ဦးဆောင်ခေါင်းဆောင် (၆)ဦး၊ ယခင်တာဝန်ယူသူနှင့် လှုပ်ရှားတက်ကြွသူ (၂)ဦးတို့ကို လေးလထောင်ဒဏ်နှင့် ၁၁၂၀၀ ဘတ်ငွေ ဒဏ်ငွေရိုက်ခဲ့ပါတယ်။ ထောင်ဒဏ်တွေကိုတော့ (၂)နှစ်ဆိုင်းငံ့ထားလိုက်တာပါ။ အားလုံးကတော့ အယူခံဝင်ဖို့စီစဉ်နေတယ်လို့ သူတို့ရဲ့ရှေ့နေ ပီယာဘတ်က ပြောပါတယ်။
တကယ်လို့များ သူ့ရဲ့အယူခံ ရှုံးသွားပြီး တရားရုံးတွေက စီရင်ချက်အပေါ် အတည်ပြုခဲ့တယ်ဆိုရင် ပီတဟာ ပါလီမန်အမတ် အဖြစ်ကနေ ပျက်ယွင်းပြီး ပါလီမန်က ထွက်ခွာရမှာဖြစ်ပါတယ်။ ထိုင်းဥပဒေအရ ပြင်းထန်တဲ့ ပြစ်မှုကျခံရသူတွေကို ပါလီမန်မှာ ထိုင်ခွင့်မပေးပါဘူး။
အခြေခံဥပဒေခုံရုံးရဲ့ ဆုံးဖြတ်ချက်အပြီးမှာ ရှေ့နေတွေနှင့် သူ့အတိုက်အခံတွေက ဥပဒေပိုင်းဆိုင်ရာ စွဲချက်တွေထပ်တင်ဖို့ ကြိုးစားနေကြပါတယ်။ အဲဒါကြောင့် သူ့ရဲ့ MFP ပါတီဟာ ဖျက်သိမ်းခံရပြီး ပါတီအရာရှိကြီးတွေကိုလည်း နိုင်ငံရေးလုပ်တာကို တားမြစ်ခံရနိုင်ချေတွေနှင့် ရင်ဆိုင်နေရပါတယ်။
MFP ပါတီဟာ မနှစ်ကရွေးကောက်ပွဲမှာ မမျှော်လင့်ဘဲ အနိုင်ရရှိခဲ့ပြီး ပါလီမန်မှာ အမတ်အများဆုံးရခဲ့ပါတယ်။ ဒါပေမယ့် ပါတီရဲ့ လစ်ဘရယ်သိပ်ကျမှုနှင့် လူငယ်မဲဆန္ဒရှင်တွေကို ဆွဲဆောင်နိုင်မှုတွေက ပိုနေမြဲကျားနေမြဲ နေလိုတဲ့ ထိုင်းနိုင်ငံရေး အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဝေဖန်ရေးသားပါတယ်။
Ref: Reuters
@ymg/knl
- Category: World
၂ ဖေဖော်ဝါရီ ၂၀၂၄
ဖေဖော်ဝါရီ (၁)ရက် ကြာသပတေးနေ့က မလေးရှားရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းကနေ ဘင်္ဂလီ အများစု နှင့် မြန်မာနိုင်ငံသားတွေပါဝင်တဲ့ခိုးဝင်ရောက်ရှိလာသူ (၁၀၀) ကျော်ထွက်ပြေးခဲ့ရာမှာ တစ်ဦးဟာ ယာဉ်မတော် တဆမှုနှင့် သေဆုံးခဲ့ရပါတယ်။
နှစ်ပေါင်းများစွာအတွင်း ဒီလိုဖြစ်ရပ်မျိုးဖြစ်တာ ဒါဟာ ဒုတိယအကြိမ်ပါ။ ၂၀၂၂ခုနှစ် ဧပြီလတုန်းကလည်း မလေးရှား မြောက်ပိုင်း ကာဒါးပြည်နယ် ထိန်းသိမ်းရေးစခန်းကနေ ဘင်္ဂလီ ၅၈၂ ဦးထွက်ပြေးခဲ့ဖူးတဲ့အကြောင်း ရိုက်တာသတင်းဌာနက သတင်းရေးသားပါတယ်။ အဲဒီအချိန်တုန်းက ထွက်ပြေးသူတွေအထဲမှာ ခြောက်ဦးဟာ အမြန်လမ်းမပေါ် ယာဉ်တိုက်ခံရလို့ သေဆုံးခဲ့ကြရပါတယ်။
ယခုတစ်ကြိမ်မှာတော့ မလေးရှားနိုင်ငံ အနောက်ပိုင်းပီရတ်ပြည်နယ်က လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်းမှာ ကြာသပတေးနေ ဖေဖော်ဝါရီ ၁ ရက်ညပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး စုစုပေါင်း ၁၃၁ ဦး ထွက်ပြေးခဲ့ကြပါတယ်လို့ လူဝင်မှုကြီး ကြပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ရူစလင် ဂျုဆော့တ်က သတင်းထုတ်ပြန်ပါတယ်။
ထွက်ပြေးသွားသူတွေကို လိုက်လံရှာဖွေနေတယ်လို့လည်းသူကပြောပါတယ်။
ထွက်ပြေးသူတွေအထဲမှာ ဘင်္ဂလီ ၁၁၅ ဦးနှင့် အခြားမျိုးနွယ်ဝင် မြန်မာနိုင်ငံသား ၁၆ ဦးပါဝင်ပါတယ်လို့ မလေးရှား နိုင်ငံပိုင် သတင်းဌာန ဘာနာမားက ပီရတ်ရဲဌာနကို ကိုးကား၍ သတင်းရေးသားပါတယ်။ သေဆုံးသူဟာ အမြန်လမ်းမကြီးပေါ်မှာ ထရပ်ကားတစ်စီးတိုက်မိလို့သေဆုံးခဲ့ရတာလို့ဆိုပါတယ်။
@ymg/knl
- Category: Myanmar
၃၁ ဇန်နဝါရီ ၂၀၂၄
နစက သည် အရေးပေါ်ကာလကို ခြောက်လ ထပ်မံသက်တမ်းတိုးပြီးနောက် ရာထူးနေရာအချို့ကို စတင်အပြောင်းအလဲလုပ်ခဲ့ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးသိန်းစိုးကို ကျန်းမာရေးအရ အနားယုခွင့်ပြုခဲ့ပြီး ရွေး/ကော် ဥက္ကဋ္ဌအသစ်အဖြစ် ဦးကိုကို ကိုခန့်အပ်လိုက်ပါတယ်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေးနေရာတွင် ဦးအောင်အောင်ကို ဝန်ကြီးချုပ်အဖြစ် အစားထိုးခန့်အပ်လိုက်ပါတယ်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးသန်းဝင်းကို အနားယူခွင့်ပေးလိုက်ပြီး ဦးကျော်မျိုးထွဋ်ကို ရာထူးဝန်အဖွဲ့ အဖွဲ့ဝင်အဖြစ်ခန့်အပ်လိုက်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်အဖြစ် ဦးမျိုးလှိုင်ကိုခန့်အပ်လိုက်ပြီး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးထိန်လင်းကိုခန့်အပ်လိုက်ပါတယ်။
နစက ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါက်တာကျော်ထွန်းကိုလည်း တာဝန်မှအနားယူခွင့်ပြုလိုက်ပါတယ်။
အဆိုပါအပြောင်းအရွှေ့များကို နစက အမိန့်အမှတ် ၉/၂၀၂၄မှ ၁၆/၂၀၂၄ တို့ဖြင့် ထုတ်ပြန်ကြေညာခဲ့ ခြင်းဖြစ်ပါတယ်။
အပြောင်းအလဲကြေညာမှုတွေ ဆက်တိုက်ထုတ်ပြန်နိုင်ဖွယ်ရှိတယ်လို့လည်း သုံးသပ်မှုများရှိနေကြပါတယ်။
@ymg/knl
- Category: Myanmar