Published 13 Dec 2022
စက်သုံးဆီတွေကို တတ်နိုင်သမျှချွေတာသုံးစွဲဖို့အတွက် စက်ဘီးကဲ့သို့သော ယာဉ်များကို တိုင်းချစ်ပြည်ချစ်စိတ်ဖြင့် အသုံးပြုကြစေလိုတယ်လို့ နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
ဒီဇင်ဘာ ၁၃ ရက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကချင်ပြည်နယ်အတွင်းရှိ အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေနှင့် တွေ့ဆုံရာမှာ ဗိုလ်ချူပ်မှူးကြီးက အဆိုပါအတိုင်းပြောဆိုခဲ့တာဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
“ စက်သုံးဆီတွေကိုပြည်ပမှနှစ်စဉ်တင်သွင်းနေရလို့ နိုင်ငံခြားငွေသုံးစွဲမှုတွေ များစွာကုန်ကျနေပါတယ်။ အဲဒါကြောင့် စက်သုံးဆီတွေကို တတ်နိုင်သမျှချွေတာသုံးစွဲကြဖို့လိုပါတယ်။ စက်သုံးဆီသုံးစွဲဖို့မလိုတဲ့ စက်ဘီးကဲ့သို့သော ယာဉ်တွေကို တိုင်းချစ်ပြည်ချစ်စိတ်ဖြင့် အသုံးပြုကြစေလိုပါတယ်။ စက်သုံးဆီသုံးစွဲမှုနည်းပါးပြီး ကုန်စည်များစွာကို ပို့ဆောင်နိုင်တဲ့ ရထားဖြင့်သယ်ယူပို့ဆောင်ခြင်းကို ဆောင်ရွက်ရပါမယ်” လို့ နစက ဥက္ကဋ္ဌကပြောခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာရေအားလျှပ်စစ်ထုတ်လုပ်နိုင်တဲ့အရင်းအမြစ် မီဂါဝပ် ၄ သောင်းခန့်ရှိပေမယ့် အကြောင်းအမျိုးမျိုးကြောင့် စီမံကိန်းတွေရပ်တန့်ခဲ့ရတယ်၊ ကချင်ပြည်နယ်မှာ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်တဲ့ အရင်းအမြစ်များစွာရှိပြီးဖြစ်လို့ အကျိုးရှိရှိအသုံးချစေလိုတယ်လို့ ဗိုလ်ချူပ်မှူးကြီးကပြောပါတယ်။ ဒါပေမယ့် သမ္မတဦးသိန်းစိန်လက်ထက်မှာ ရပ်ခဲ့တဲ့ ကချင်ပြည်နယ်က မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကိုတော့ အမည်နာမရည်ညွှန်းပြောဆိုသွားခြင်းမရှိပါဘူး။
ကချင်ပြည်နယ်မှလုပ်ငန်းရှင်တွေက MSMEလုပ်ငန်းတွေအခက်အခဲကြုံတွေ့နေရမှုနှင့် အစိုးရမှလိုအပ်တာ တွေကူညီပေး ဖို့၊ ဒေသထွက်ကုန်ကြမ်းတွေကနေ ကုန်ချောတွေကို ပြည်ပသို့တင်ပို့ရာမှာ ကုန်သွယ်ခွန်နှုန်းထားလျှော့ချစေရေး သက်ဆိုင်ရာနိုင်ငံတွေနှင့် ညှိနှိုင်းဆောင်ရွက်ပေးဖို့၊ အတိုးနှုန်းသက်သာသည့် ရင်းနှီးမတည်ချေးငွေများရယူလိုမှုနှင့် အခြားအချက်အလက်တွေကိုတင်ပြခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်တွင်းမှာထုတ်ကုန်တွေကို လုံလောက်စွာထုတ်လုပ်နိုင်လျှင် ကုန်ဈေးနှုန်းတွေကျဆင်းလာလိမ့်မယ်လို့ ဗိုလ်ချူပ်မှူး ကြီးက ပြန်လည်ပြောကြားခဲ့ပါတယ်။ ကချင်ပြည်နယ်မှာ ဒေသထွက်ပစ္စည်းတွေကိုအခြေခံပြီး တန်ဖိုးမြင့်ထုတ်ကုန်တွေ ထုတ်လုပ်ကာ ပြည်ပနိုင်ငံတွေကို တင်ပို့နိုင်မည်ဆိုပါက အကျိုးရှိမယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးက တိုက်တွန်းပြောဆို ပါတယ်။
နစက ဥက္ကဋ္ဌဟာ MSME လုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ဖို့ တိုင်းဒေသကြီးနှင့်ပြည်နယ်တွေက လုပ်ငန်းရှင်တွေနှင့် တိုက်ရိုက် ထိတွေ့ဆွေးနွေးမှုတွေလုပ်ဆောင်နေရာမှာ ယခု ကချင်ပြည်နယ်မှာလည်း အလားတူတွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။
အဲဒီ့အပြင် နစက ဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချူပ်မှူးကြိး မင်းအောင်လှိုင်ဟာ ဒီဇင်ဘာ ၁၃ရက် မနက်ပိုင်းမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မြစ်ကြီးနားတပ်နယ်မှ အရာရှိ၊စစ်သည်၊မိသားစုတွေကိုတွေ့ဆုံပြီး နိုင်ငံ့ သမိုင်း ကြောင်းဖြတ်သန်းခဲ့မှုနှင့် နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေတွေ၊ တပ်မတော်က ထိန်းသိမ်းဆောင်ရွက်နေရတဲ့ အခြေအနေတွေ၊ရှင်းလင်းပြောဆိုခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
-ymg/knl
#Myanmar_Politics
Published 12 Dec 2022
နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဒီကနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး Mr. CHHOUK Bunna ကိုလက်ခံတွေ့ဆုံပြီး နစကရဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နေတာတွေအပါအဝင် နှစ်နိုင်ငံဆက်ဆံရေးကိစ္စတွေဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
ဗိုလ်ချူပ်မှူးကြီးနှင့် ကမ္ဘောဒီးယားသံအမတ်ကြီးတို့ဟာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေး၊ နှစ်နိုင်ငံ ကုန်သွယ်မှု၊ ရင်းနှီးမြှပ်နှံမှုနှင့် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်ပူးပေါင်းဆောင်ရွက်မှု၊ ၂၀၂၀ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်မဲမသမာမှုတွေဖြစ်ပေါ်ခဲ့တဲ့အတွက် နစကက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ နိုင်ငံတာဝန်ယူခဲ့မှု၊ရှေ့လုပ်ငန်းစဉ်တွေချမှတ်ပြီး နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှုနှင့် နိုင်ငံအေးချမ်း တည်ငြိမ်ဖို့ ဥပဒေနှင့်အညီဉ ထိန်းးသိမ်းဆောင်ရွက်နေမှုတွေကို ဆွေးနွေးခဲ့ကြတယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ နစကတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချူပ်ကြီးရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်ကြီးနှင့် အတူ သံရုံမှတာဝန်ရှိသူတွေတက်ရောက်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
-ymg/knl
#Myanmar_Cambodia
#Myanmar_ASEAN
Published 9 Dec 2022
ဆော်ဒီအာရေဗျနိုင်ငံကိုရောက်ရှိနေတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ ရီယတ်မှာရှိတဲ့ အယ်ယာမာမား အိမ်တော်မှာ ဆော်ဒီအိမ်ရှေ့မင်းသားနှင့် ဝန်ကြီးချုပ် မိုဟာမက်ဘင်ဆယ်မန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဆော်ဒီအိမ်ရှေ့မင်းသားမိုဟာမက်ဘင်ဆယ်မန်းဟာ ဘုရင်ဘင်အက်ဒူလာဇစ်အယ်ဆော့ ကိုယ်စား သမ္မတရှီကို နွေးထွေးလှိုက်လှဲစွာကြိုဆိုခဲ့ပြီး တရုတ်ကွန်မြူနနစ်ပါတီရဲ့ အကြိမ်(၂၀)ကြိမ်မြောက်ပါတီညီလာခံအောင်မြင်မှုနှင့် တရုတ်ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူးအဖြစ်ဆက်အရွေးခံရတဲ့ ရှီကို ချီးကျူးပြောဆိုခဲ့ပါတယ်။
ဆော်ဒီအာရေဗျဟာ အာရပ်နှင့် အစ္စလမ်ကမ္ဘာရဲ့ အရေးကြီးတဲ့ အဖွဲ့ဝင်ဖြစ်တယ်လို့ ရှီကျင့်ဖျင်က ပြောဆိုခဲ့တဲ့အပြင် ဝင်ရိုးစုံ ကမ္ဘာကြီးအတွက် အဓိကကျပြီး အမှီအခိုကင်းတဲ့ အင်အားတစ်ခုနှင့် တရုတ်နိုင်ငံရဲ့ အရေးကြီးပြီး မဟာဗျူဟာမြောက်တဲ့ အရှေ့အလယ်ပိုင်းမိတ်ဖက်နိုင်ငံဖြစ်တယ်လို့လည်း ရှီက အလေးပေးပြောဆိုခဲ့ပါတယ်။
မကြာသေးခင်နှစ်များအတွင်းတရုတ်နှင့် ဆော်ဒီအာရေဗျ ဆက်ဆံရေးဟာ အဆင့်မြင့် ဖွံဖြိုးတိုးတက်မှု ထိန်းသိမ်း ထားတယ်။ နိုင်ငံတကာနှင့် ဒေသဆိုင်ရာ အခြေအနေတွေက အလွန်လေးနက်သိမ်မွေ့ပြီး ရှုပ်ထွေးနေတာတွေက တရုတ်နှင့်ဆော်ဒီအာရေဗျဆက်ဆံရေးမှာ မဟာဗျူဟာမြောက်နှင့်ဆက်စပ်လွှမ်းခြုံအရေးပါမှုတွေဟာ ပိုပြီး ထင်ရှားပေါ်လွင်လာတယ်လို့လည်း သမ္မတ ရှီကျင့်ဖျင်ကပြောပါတယ်။
ဆော်ဒီအာရေဗျရဲ့ အချုပ်အခြာအာဏာ၊လုံခြုံရေးနှင့်တည်ငြိမ်ရေးမြှင့်တင်ဆောင်ရွက်နေတာတွေနှင့် နိုင်ငံအခြေအနေနှင့်ကိုက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ဆောင်ရွက်နေတာတွေကို တရုတ်က ထောက်ခံအားပေးတယ်လို့လည်း တရုတ်သမ္မတက ပြောပါတယ်။
တရုတ်ဟာစွမ်းအင်မူဝါဒနှင့်ပတ်သက်လို့ ဆော်ဒီအာရေဗျနှင့် ပူးပေါင်းဆောင်ရွက်ဆက်ဆံမှုတွေတိုးမြှင့်သွားမှာဖြစ်ပြီး ရေနံစိမ်းကုန်သွယ်မှုတွေတိုးမြှင့်မယ်လို့ ရှီကဆက်လက်ပြောပါတယ်။ တရုတ်-ဆော်ဒီ ဂူလိုင်း အီသာလင်းစီမံကိန်း ပူးပေါင်းဆောင်ရွက်မှုတွေမြှင့်တင်မယ်လို့ သူကပြောပါတယ်။
ဆော်ဒီအာရေဗျအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်မန်းကလည်း ဆော်ဒီအာရေဗျနှင့် တရုတ်တို့ဟာ အလွန်ရင်းနှီး ချစ်ကြည်တဲ့ ဆက်ဆံရေးကို အကျိုးခံစားနေကြတယ်လို့ ပြောပါတယ်။ ဆော်ဒီအာရေဗျဟာ အရှေ့အလယ်ပိုင်းမှာ တရုတ်ရဲ့ ပြည့်စုံကျယ်ပြန့်တဲ့ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်နိုင်ငံဖြစ်တယ်လို့လည်း အိမ်ရှေ့ မင်းသားက ဆက်လက်ပြောဆိုပါတယ်။
တရုတ်စီးပွားရေးဟာ ရှင်သန်အားကောင်းနေပြီး ဆော်ဒီအာရေဗျဟာလည်း ၂၀၃၀ မျှော်မှန်းချက်ကို အကောင်အထည် ဖော်နေတယ်လို့ အိမ်ရှေ့မင်းသားက ပြောပါတယ်။ အဲဒီအပြင် ဆော်ဒီအာရေဗျနှင့် တရုတ်နှစ်နိုင်ငံအကြား အပြန်အလှန်ထောက်ခံအားပေးမှုမြှင့်တင်ဖို့ နှင့် ကျယ်ပြန့်တဲ့ မဟာဗျူဟာမြောက်မိတ်ဖက်အဆင့်ကို ပိုမြင့်မားတဲ့အဆင့် မြှင့်တင်ဖို့လည်း အိမ်ရှေ့မင်းသား ကဆက်ပြောပါတယ်။
တရုတ်သမ္မတရှီရဲ့ ခရီးဟာ ဆက်ဆံရေးသမိုင်းမှာ အထင်ကရမှတ်တိုင်တစ်ခုဖြစ်လာပြီး နှစ်နိုင်ငံအကြား နယ်ပယ်စုံ ပူးပေါင်းဆောင်ရွက်ရေးပိုမို အောင်မြင်မှု ဖြစ်ထွန်းလိမ့်မယ်လို့လည်း အိမ်ရှေ့မင်းသားက ပြောပါတယ်။ တရုတ်တစ်နိုင်ငံတည်းမူဝါဒနှင့် ကိုယ်ပိုင်အချုပ်အခြာအာဏာ၊လုံခြုံရေးနှင့် နယ်မြေပိုင်နက်တည်တံ့ခိုင်မြဲရေး စောင့်ကြပ်နေတာတွေကို ဆော်ဒီအာရေဗျကထောက်ခံတယ်လို့လည်း သူက ဆက်ပြောပါတယ်။
တရုတ်နှင့်ဆော်ဒီအာရေဗျတို့ဟာ အဆင့်မြင့် ပူးတွဲကော်မတီကို ဝန်ကြီးချုပ်အဆင့်တိုးမြှင့်ဖို့ သဘောတူခဲ့ကြပါတယ်။ အဲဒီ့အပြင် Belt and Road ပူးပေါင်းဆောင်ရွက်မှု၊ တရားရေး၊ပညာရေး၊ဟိုက်ဒရိုဂျင်စွမ်းအင်၊ရင်းနှီးမြှပ်နှံမှု၊ အိမ်ရာ တည်ဆောက်ရေးအပါအဝင်အခြားနယ်ပယ်များမှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ရှီဟာ ကင်းဆော့ တက္ကသိုလ်ကပေးအပ်တဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို တော်ဝင်နန်းတော်မှာ လက်ခံခဲ့ပြီး အဲဒီပွဲကို ဆော်ဒီအိမ်ရှေ့မင်းသားလည်း တက်ရောက်ခဲ့ပါတယ်။
Source: CCTV+
#Saudi Arabia-Xi_Visit
#Mohammed_bin_Salman
#Saudi_China_Relations
Published: 7 Dec 2022
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးအဖြစ်ခန့်အပ်ဖို့သဘောတူထားတဲ့ သံအမတ်ကြီး Mr.Mongkol Visitstump မစ္စတာ မောင်ကောလ်ဗစ်ဆစ်တမ့်ဟာ ဒီဇင်ဘာ(၇)ရက် ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံးမှာ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ သူ့ရဲ့သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့တယ်လို့ နစကရဲ့ သတင်း ထုတ်ပြန်ချက်အရသိရပါတယ်။
သံအမတ်ခန့်အပ်လွှာပေးအပ်ပြီးနောက် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ဟာ ထိုင်းသံအမတ်ကြီးအသစ် မောင်ကောလ် ဗစ်ဆစ်တမ့်နှင့် ထိုင်းနှင့်မြန်မာအကြား သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုတွေ တိုးမြှင့်ဆောင်ရွက်သွားဖို့၊ နယ်စပ်ကုန်သွယ်ရေး၊စီးပွားရေး ရင်းနှီးမြှပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်သွား ရေး၊ မြန်မာနှင့်ထိုင်း အဆင့်မြင့်အရာရှိကြီးတွေ အစည်းအဝေးကျင်းပနိုင်ရေးတွေဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။
ထိုင်းသံအမတ်ကြီးအသစ်ဟာ ဆက်လက်ပြီး နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချူပ်မှူးကြီး စိုးဝင်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့်လည်း သီးခြားစီတွေ့ဆုံခဲ့ကြတယ်လို့ သိရှိရပါတယ်။
ဒုတိယဗိုလ်ချူပ်ကြီး စိုးဝင်းနှင့်တွေ့ဆုံစဉ် အစိုးရနှင့်တပ်မတော်များအကြား အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်တွေ လည်ပတ်ရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊တရားမဝင်ကုန်သွယ်မှဒနှင့် တရားမဝင်အလုပ်သမားကိစ္စ တိုက်ဖျက် ရေး၊ခရီးသွားလုပ်ငန်းတိုးတက်ရေး၊ကုန်သွယ်မှုနှင့်ရင်းနှီးမြှပ်နှံမှုကိစ္စများ၊နယ်စပ်ဒေသလမ်းပန်းဆက်သွယ်မှုတိုးတက်ရေး နှင့် ထားဝယ်ရေနက်ဆိပ်ကမ်းကိစ္စတွေဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
#Yangon_Media_Group
-knl/ymg
Published_ 5 December 2022
မြန်မာ-ရုရှား စီးပွားရေးဆိုင်ရာကိစ္စရပ်များနှင့် နည်းပညာဆိုင်ရာကိစ္စရပ်များ ပူးပေါင်း ဆောင်ရွက်မှု နစကဥက္ကဋ္ဌနှင့် ရုရှား စီးပွားရေးဖွံဖြိုးတိုးတက်မှုဝန်ကြီးတို့ဆွေးနွေး ခဲ့ကြောင်း သိရပါတယ်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရုရှားနိုင်ငံ၊ စီးပွားရေးဖွံဖြိုး တိုးတက်မှုဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Maxim RESHETNIKOV က ဒီဇင်ဘာ ၅ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင် ဧည့်ခန်းမ၌ လာရောက် ဂါရဝပြုတွေ့ဆုံစဉ်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းဖွံဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံအကြား တိုက်ရိုက် လေကြောင်း ပျံသန်းရေးဆိုင်ရာကိစ္စရပ်များနှင့် အခြားလိုအပ်သော ကိစ္စရပ်များ၊ မြန်မာ-ရုရှား ချစ်ကြည်ရေးအဖွဲ့များအား နိုင်ငံအနှံကျယ်ကျယ်ပြန့်ပြန့် ဖွဲစည်းဆောင်ရွက် လျက်ရှိမှု အခြေအနေများ၊ ခရီးသွားလုပ်ငန်းဖွံဖြိုးတိုးတက်ရေးအတွက် ရုရှားနိုင်ငံမှ မြန်မာနိုင်ငံ တွင်လာရောက်ရင်းနှီးမြှုပ်နှံမည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ သံနှင့် သံမဏိ ထုတ်လုပ်ရေးလုပ်ငန်းများ တိုးတက်စေရေးအတွက် နည်းပညာပိုင်းဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်ပေးမည့် အခြေအနေများ ဆွေးနွေးခဲ့ကြတယ်လို့ နစကရဲ့ သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထိုပြင် စွမ်းအင်ဆိုင်ရာ ကိစ္စရပ်များ၊ ကျန်းမာရေးဆိုင်ရာ ဆေးဝါးထုတ်လုပ်ရေးနှင့် ကုသရေးဆိုင်ရာ ကိစ္စရပ်များ၊ တွင်းထွက်ပစ္စည်း ထုတ်လုပ်ခြင်းဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်သွား မည့် အခြေအနေများ၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ တိုးတက်ရေးအတွက် နည်းပညာ ပိုင်းဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် စက်မှု ထုတ်ကုန်များ ထုတ်လုပ်ခြင်းတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများနှင့် အခြားကဏ္ဍပေါင်းစုံတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group
Published 2 December 2022
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀(စ) အရ တို့တာဝန်အရေး(၃)ပါးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ တပ်မတော်မှာ အဓိကတာဝန်ရှိတဲ့အတွက် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူလူထု အကျိုးအတွက် ကာကွယ်စောင့်ရှောက်သူ Guardian အဖြစ် အဆိုပါတာဝန်တွေကိုထမ်းဆောင်သွားမယ်လို့ နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ကပြောလိုက်ပါတယ်။
ဒီဇင်ဘာ ၂ရက် သောကြာနေ့(ယနေ့) နံနက်က ပြင်ဦးလွင်မြို့မှာကျင်းပတဲ့ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၄) သင်တန်းဆင်းဂုဏ်ပြု အခမ်းအနားမှာ ဗိုလ်ချူပ်မှူးကြီးက ယင်းကဲ့သို့ပြောကြားခဲ့တာဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
“မိမိတို့နိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်ဟာ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်၊ တို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်၊စစ်မှန်ပြီးစည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို စောင့်ရှောက်ရန် အဓိက တာဝန်ရှိတယ်။ ဒါကြောင့်တပ်မတော်အနေနှင့် နိုင်ငံတော်အတွက် အသက်ခန္ဓာသဖွယ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပါတီစုံဒီမိုကရေစီစနစ်ကို ယိမ်းယိုင်ပျက်စီးအောင်ပြုလုပ်လာတဲ့ အပြူအမူမှန်သမျှကို ဥပဒေနှင့်အညီ ကာကွယ်တားဆီးခြင်းဟာ သမိုင်းပေးတာဝန်ထမ်းဆောင်ခြင်းသာဖြစ်တယ်” လို့ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ဆက်လက်ပြောဆိုပါတယ်။
၂၀၂၀ပြည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ ဆိုးရွားလှတဲ့ မဲမသမာမှုများကိုဖန်တီးပြီး နိုင်ငံတော်အာဏာကို အတင်းရယူရန်ကြိုးပမ်းခဲ့သူတွေကြောင့် နိုင်ငံရေးအရ အရေးပေါ်အခြေအနေပေါ်ပေါက်ပြီး တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်တာဝန်ကိုရယူထိန်းသိမ်းခဲ့ရတာဖြစ်ကြောင်း သူကထပ်မံပြောဆိုပါတယ်။
အဲဒီအပြင် နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ပြည်ထောင်စုအဖြစ် တည်ဆောက်သွားမယ်လို့ လည်း ဗိုလ်ချူပ်မှူးကြီးက ကတိပေးပြောဆိုပါတယ်။
“ဖြတ်သန်းခဲ့တဲ့သမိုင်းအတွေ့အကြုံများအရ တို့နိုင်ငံကိုတည်ဆေက်ရာမှာ ပါတီစုံဒီမိုကရေစီ စနစ်တစ်ခုတည်းနှင့်မပြည့်စုံဘဲ တိုင်းရင်းသားအားလုံး ပေါင်းစည်းနေထိုင်ပြီး အခွင့်အရေးမျှဝေခံစားနိုင်တဲ့ ပြည်ထောင်စုစနစ်တည်ဆောက်သွားခြင်းဟာ တို့နိုင်ငံအတွက် အသင့်တော်ဆုံးဆိုတာ တွေ့ရှိရမှာဖြစ်တယ်ဒါကြောင့်နိုင်ငံတော်ကို ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်သွားရမှာဖြစ်တယ်” လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတွေကို နိုင်ငံအနှံ့အကြားအလပ်မရှိ ကျင်းပပေးနိုင်ဖို့လိုအပ်တယ်လို့လည်း နောင်ကျင်းပမယ့် ရွေးကောက်ပွဲတွေကို ဗိုလ်ချူပ်မှူးကြီးက ရည်ညွှန်းပြောဆိုခဲ့ပါတယ်။
“စစ်မှန်ပြီးစည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေဖို့ အခြေခံဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲပဲဖြစ်တယ် ဒါကြောင့်နောင်ပြုလုပ်မယ့်ရွေးကောက်တွေပွဲမှာ တိုင်းရင်းသားတွေ ဒေသတွေနှင့် နိုင်ငံအနှံ့ လူထူလူတန်းစားအလွှားအသီးသီးကို ကိုယ်စားပြူသူတွေ ဝင်ရောက် အရွေးချယ်ခံနိုင်ဖို့နှင့် နိုင်ငံအနှံ့ အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ လိုအပ်တယ်” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးအတွက် ယခုနှစ်ကစတင်ပြီး ခြေလှမ်းးသစ်များနှင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေဟာ နိုင်ငံနှင့်ပြည်သူအတွက် ရလာဒ်ကောင်းတွေ ရရှိခဲ့တယ်လို့လည်း သူက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“တပ်မတော်အနေနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ ငြိမ်းချမ်းရေးမူဝါဒ(၆)ရပ်ကိုချမှတ်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို စစ်မှန်တဲ့ ပြည်ထောင်စုစိတ်ဓာတ်အရင်းခံတဲ့ ငြိမ်းချမ်းရေးဆောင်ရွက်ဖို့ နိုင်ငံတော်အစိုးရ ပြည်သူတို့နှင့်အတူအားသွန်ခွန်စိုက်ကြိုးပမ်းနေခြင်းပဲဖြစ်တယ်။ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ လက်တွေ့ကျကျတိုးတက်လာစေရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနှင့် တွေ့ဆုံမှုတွေပြုလုပ်လျက်ရှိရာမှာ ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံပြီး ဒေသနှင့်တိုင်းပြည်အတွက် ပကတိလိုအပ်ချက်တွေကို ညှိနှိုင်းဆွေးနွေးလျက်ရှိနေတယ်။ ဒီလိုဆွေးနွေးတဲ့နေရာမှာ ပြည်သူလူထုနှင့် နိုင်ငံတော်အတွက် ရလာဒ်ကောင်းတွေ ရရှိခဲ့တယ်” လို့ ဗိုလ်ချူပ်မှူးကြီးက ဗိုလ်လောင်းတွေကို အသိပေးမိန့်ကြားခဲ့ပါတယ်။
အဆိုပါ သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ နစက ဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ညိနှိုင်းကွပ်ကဲရေးမှူး(ကြည်းရေလေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့်ဇနီး၊ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချူပ်ကြီးမိုးအောင်၊ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချူပ်ကြီးထွန်းအောင်နှင့် တပ်မတော် အရာရှိကြီးတွေ၊ နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှုးတွေနှင့် အခြားဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
-ymg/knl
#Myanmar_Politics_Military
#DSA
Published 1 December 2022
တရုတ်သမ္မတဟောင်း ကျန်ဇီမင်းရဲ့ ရုပ်အလောင်းကို ဒီကနေ့ ဒီဇင်ဘာ (၁)ရက် ကြာသပတေးနေ့ မွန်းလွဲပိုင်းမှာ ရှန်ဟိုင်းမြို့ကနေ အထူးလေယာဉ်ဖြင့် မြို့တော်ဘေဂျင်းကို သယ်ဆောင်လာခဲ့ပါတယ်။
သမ္မတရှီကျင့်ဖျင်နှင့် အခြားသော ပါတီနှင့် နိုင်ငံ့ခေါင်းဆောင်တွေဟာ ကျန်ရဲ့ ရုပ်အလောင်းကို လေဆိပ်မှာ လက်ခံရယူခဲ့ကြပါတယ်။
ကွယ်လွန်သူ သမ္မတဟောင်း ကျန်ဇီမင်း အောက်မေ့ဘွယ်အခမ်းအနားကို လာမယ့် အင်္ဂါနေ့မှာ ဘေဂျင်းမြို့တော်တွင် ကျင်းပသွာမှာဖြစ်ပါတယ်။
ဘေဂျင်းက ပြည်သူ့ခန်းမဆောင်ကြီးမှာ အဲဒီနေ့ မနက်၁၀နာရီမှာ အခမ်းအနားစတင်မှာဖြစ်ပြီး အခမ်းအနားတစ်ခုလုံးကို ရုပ်သံတိုက်ရိုက်ထုတ်လွှင့်မယ်လို့ ဈာပနကော်မတီကပြောပါတယ်။
Source CCTV+/CGTN
#Jiang_Zemin's_remains
#Jiang_Zemin-Memorial
#Xi_Jinping
Page 109 of 202