Published 28 February 2022
ကမ္ဘာ့အကြီးဆုံးလေယာဉ်ကြီးဖြစ်တဲ့ Antonov AN-225 ဟာ ရုရှားတို့ ယူကရိန်းကို ကျူးကျော်စဉ်အတွင်း ဖျက်ဆီးခံလိုက်ရတယ်လို့ ယူကရိန်းအရာရှိတွေက ပြောတယ်လို့ စီအင်န်အင်န်က သတင်းဖော်ပြပါတယ်။
အဲဒီဧရာလေယာဉ်ကြီးကို အမ်ရီယာ သို့မဟုတ် အိပ်မက်လို့ ယူကရိန်းဘာသာနှင့်ခေါ်ဆိုထားပြီး ကိဗ်မြို့အနီးက လေယာဉ်ကွင်းတစ်ကွင်းမှာ ရပ်နားထားတာဖြစ်ပါတယ်။ အဲဒီလေယာဉ်ကို ရုရှားသိမ်းပိုက်သူတွေက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ယူကရိန်းအာဏာပိုင်တွေကပြောပါတယ်။ သူတို့က ဒီလေယာဉ်ကိုပြန်တည်ဆောက်မယ်လို့လည်း ပြောပါတယ်။
“ ရုရှားတွေဟာ ကျွန်တော်တို့ရဲ့ အမ်ရီယာကို ဖျက်ဆီးပစ်ကောင်းပစ်နိုင်မယ်။ဒါပေမယ့် ကျွန်တော်တို့ရဲ့ အားကောင်းပြီး လွတ်လပ်တဲ့ ဒီမိုကရက်တစ်ဥရောပနိုင်ငံဆိုတဲ့ အိပ်မက်ကိုတော့ သူတို့ဘယ်တော့မှဖျက်ဆီးပစ်လို့မရပါဘူး။ ကျွန်တော်တို့ အောင်ရမယ်” လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမိုင်ထရိုကူလေဘာက တွစ်တာမှာရေးသားထားပါတယ်။
လေယာဉ်ကိုပြန်တည်ဆောက်ရင် ဒေါ်လာ၃ ဘီလီယံလောက်ကုန်ကျနိုင်တယ်လို့ လေယာဉ်ကုမ္ပဏီကပြောပါတယ်။
ဒါပေမယ့် ဒီလေယာဉ်ဖျက်ဆီးခံရတယ်ဆိုတော့ လွတ်လပ်တဲ့ အတည်ပြုချက်တော့ မရသေးပါဘူးလို့ စီအင်န်အင်န်က ပြောပါတယ်။ အန်တိုနော့ဗ်ကုမ္ပဏီကတော့ ကျွမ်းကျင်သူတွေ မစစ်ရသေးဘဲနှင့် လေယာဉ်ရဲ့ စက်မှုပိုင်းဆိုင်ရာ အခြေအနေကို အတည်ပြုလို့မရနိုင်သေးဘူးလို့ပြောပါတယ်။
ယနေ့အထိ အမ်ရီယာဟာ ကမ္ဘာပေါ်မှာ အကြီးမားအလေးလံဆုံး လေယာဉ်ဖြစ်ပါတယ်။ လေယာဉ်ကို တာဘိုပန်ကာတပ် အင်ဂျင်(၆)လုံးတပ်ဆင်ထားပြီး အလေးချိန်တန်ချိန် ၂၅၀လေးပါတယ်။ အလျားက ၈၄မီတာ(၂၇၅ ပေခန့်)ရှိပြီး အကြီးဆုံးလေယာဉ်တောင်ပံကိုလည်းတပ်ဆင်ထား တာဖြစ်ပါတယ်။အဲဒီလေယာဉ်ကို ကိဗ်အခြေစိုက် အန်တိုနော့ဗ်ကုမ္ပဏီက တည်ဆောက်ခဲ့တာဖြစ်ပြီး ၁၉၈၈မှာ ပထမဆုံး အကြိမ်စတင်ပျံသန်းခဲ့ပါတယ်။ အဲဒီကတည်းက လေယာဉ်ကိုစတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။
Source CNN
Published 28 February 2022
ယူကရိန်းမှာဖြစ်ပျက်နေတဲ့ အခြေအနေတွေကြောင့် ဥရောပသမဂ္ဂက ရုရှားလေယာဉ်တွေအတွက် ယင်းတို့ရဲ့လေကြောင်း ပိုင်နက်ကို ပိတ်ပစ်လိုက်တယ်လို့ ယင်းရဲ့ တနင်္လာနေ့က တရားဝင်သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
“ ရုရှားလေကြောင်းလိုင်းတွေက ပျံသန်းပြေးဆွဲနေတဲ့ လေယာဉ်တွေ၊အဲဒီအထဲမှာ code-sharing နှင့် blocked-space အစီအစဉ်နှင့်ပျံသန်းနေတာတွေ၊ရုရှားမှတ်ပုံတင်ထားတဲ့ လေယာဉ်တွေ၊ရုရှားရဲ့သဘာဝအအလျာက်ဖြစ်တည်ထားတဲ့ နိုင်ငံသားတွေ ဒါမှမဟုတ် ဥပဒေအရဖြစ်တည်တဲ့နိုင်ငံသားတွေ၊အဖွဲ့အစည်းတွေက ငှားထားတာ၊ပိုင်ထားတာ၊ထိန်းချုပ် ထားတာတွေဖြစ်တဲ့ အခြားနိုင်ငံတစ်နိုင်ငံက လေယာဉ်တွေအားလုံးဟာ ဥရောပသမဂ္ဂလေပိုင်နက်ထဲကနေ ပျံတက်ခြင်း၊ ပျံသန်းခြင်းတွေကို ပိတ်ပင်လိုက်တယ်” လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါပေမယ့် လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာရည်ရွယ်ချက်တစ်ခုခု ဒါမှမဟုတ် ယခုစည်းကမ်းသတ်မှတ်ချက်တွေနှင့် ကိုက်ညီတဲ့ အခြားရည်ရွယ်ချက်တစ်ခုခုကြောင့် ဆင်းသက်ခြင်း၊ပျံတက်ခြင်းနှင့် ဖြတ်ကျော်ပျံသန်းခြင်းတွေလိုအပ်လာပါက သက်ဆိုင်ရာ အခွင့်အာဏာရှိသူတွေက ခွင့်ပြုနိုင်တယ် လို့ ခြွင်းချက်အဖြစ်ဖော်ပြထားပါတယ်။
Source: TASS
Published 27 February 2022
ယူကရိန်းနိုင်ငံ ကိဗ်မြို့တော်တွင် တနင်္လာနေ့မနက်အထိ နေ့ည ကာဖျူးအမိန့်ထုတ်ပြန်လိုက်တဲ့အတွက် မြို့ရဲ့လမ်းတွေဟာ လူသူကင်းမဲ့သွားပါတယ်။
အပြင်မှာရှိနေတဲ့လူတွေကို ရန်သူရဲ့ အဖျက်သမားတွေနှင့်ကင်းထောက်အဖွဲ့တွေလို့ သတ်မှတ်ရမှာဖြစ်တယ်လို့ အမိန့် ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ကျူးကျော်မှုစတင်ချိန်မှ ယခုအချိန်အထိ ကလေးငယ်(၃)ဦးအပါအဝင် အရပ်သား(၁၈၉)ဦးသေဆုံးခဲ့တယ်လို့ အေအက်ဖ်ပီရဲ့ သတင်းအရသိရပါတယ်
တနင်္ဂနွေနေ့က ယူကရိန်းရဲ့ ဒုတိယမြောက်အကြီးဆုံး မြို့ဖြစ်တဲ့ ခါကစ်မြို့မှာ လမ်းပေါ်တိုက်ပွဲတွေရှိနေပြီး စက်သေနတ်သံတွေနှင့်ပေါက်ကွဲသံတွေကြားနေကြရပါတယ်။
ရုရှားနှင့်ယူကရိန်းစေ့စပ်ဆွေးနွေးကြဖို့ ဘီလာရု(စ်)မှာစီစဉ်ခဲ့ပေမယ့် ယူကရိန်းသမ္မတက ပယ်ဖျက်ခဲ့ပြီး ဝါဆော၊ဘရက်တစ်လာဗား၊ ဘူဒါပက်စ်၊အီစတန်ဘူလ်နှင့် ဘာကူးမြို့တွေထဲက တစ်မြို့မြို့ကို ရွေးပေးဖို့ သူက ရုရှားကို ပြန်လည်အဆိုပြုခဲ့ပါတယ်။
Source AFP
Published 27 February 2022
ရုရုားကိုယ်စားလှယ်အဖွဲ့ဟာ ယူကရိန်းနှင့်ဆွေးနွေးဖို့အတွက် ဘီလာရု(စ်)နိုင်ငံကို ရောက်ရှိနေတယ်လို့ ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိလ် ဒီမစ်ထရီ ပက်ကော့ဗ်က တနင်္ဂနွေနေ့ကပြောပါတယ်။
“သဘောတူညီချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာန၊ကာကွယ်ရေးဝန်ကြီးဌာန၊အခြားဝန်ကြီးဌာနတွေနှင့် သမ္မတရုံးကကိုယ်စားလှယ်တွေ ပါဝင်တဲ့ ရုရှားကိုယ်စားလှယ်အဖွဲ့ဟာ ယူကရိန်းတွေနှင့်စကားပြောဖို့ ဘီလာရု(စ်)နိုင်ငံကို ရောက်နေပါပြီလို့ ပက်စ်ကော့ဗ်က ပြောပါတယ်။
“ ကျွန်တော်တို့ဟာ ဂိုမဲလ်မှာ ဆွေးနွေးပွဲတွေစတင်မှာဖြစ်ပါတယ်”
ရုရှားဟာ အထူးစစ်ဆင်ရေးဆိုပြီး ဖေဖော်ဝါရီ(၂၄)ရက်မှာ ယူကရိန်းထဲ တပ်တွေဝင်ရောက်ခဲ့ပါတယ်။ အဲဒီနောက် ယူကရိန်းနှင့်ဆွေးနွေးညှိနှိုင်းဖို့မျှော်လင့်ချက်နှင့် စစ်ဆင်ရေးကို ခေတ္တရပ်ဆိုင်းပေးခဲ့ပါတယ်။ စနေနေ့မှာတော့ ယူကရိန်းက စေ့စပ်ဆွေးနွေးဖို့ ငြင်းဆန်လိုက်တဲ့အတွက် စစ်ဆင်ရေးကိုပြန်စတင်ခဲ့ပါတယ်။
ဖေဖော်ဝါရီ(၂၆)ရက်မှာတော့ ဘီလာရု(စ်)ဟာ စေ့စပ်ညှိနှိုင်းဖို့ အတွက် စီစဉ်ပေးဖို့ အဆင်သင့်ရှိတယ်လို့ သူ့ရဲ့သမ္မတ အလက်ဇင်းဒါး လူကာရှင်ကိုက ပြောဆိုလိုက်ပါတယ်။ တူရကီနှင့်အဇာဘိုင်ဂျန်တို့ရဲ့သမ္မတတွေက ဆွေးနွေးပွဲတွေ ရှေ့ဆက်သွားဖို့ အဆိုပြုခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇီလင်ကကီးက စနေနေ့နှောင်းပိုင်းမှာတွေ့ခဲ့ပါတယ်။
Source TASS
Published 27 February 2022
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သူ့အနေနှင့် ရုရှားတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ရွေးချယ်စရာ နည်းလမ်းနှစ်ခုပဲရှိတယ်။ “ တတိယကမ္ဘာစစ်ကိုစတင်မလား” ဒါမှမဟုတ် ရုရှားကို စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုနှင့်တိုက်ခိုက်မလားဆိုတာပဲဖြစ်တယ်လို့ အင်တာဗျူးတစ်ခုမှာပြောလိုက်ပါတယ်။ သူက သရုပ်ဆောင်နှင့် ပေါ့တ်ကတ်စ်တင်ဆက်သူ ဘရီယန်တိုင်လာကိုဟင်နှင့် အင်တာဗျူးမှာပြောလိုက်တာဖြစ်ပြီး အဲဒီအင်တာဗျူးကို စနေနေ့က အွန်လိုင်းမှာတင်ခဲ့ပါတယ်။
“ ကြည့်လိုက်ပါ။ရွေးချယ်စရာနည်းလမ်းက(၂)ခု၊ တတိယကမ္ဘာစစ်တစ်ခု ကိုစလိုက်ပြီး ရုရှားနှင့်လက်တွေ့စစ်ဖြစ်မလား။ ဒါမှမဟုတ် နံပါနှစ်ဖြစ်တဲ့ နိုင်ငံတကာဥပဒေကိုဆန့်ကျင်တဲ့နိုင်ငံတစ်နိုင်ငံကို သူအဲသလိုလုပ်တဲ့အတွက် တန်ရာတန်ကြေး ပေးဆပ်ရအောင် အသေအချာလုပ်မလား” လို့ ဘိုင်ဒင်က အဲဒီပေါ့တ်ကတ်စ်မှာ ပြောခဲ့ပါတယ်။
လွန်ခဲ့တဲ့နှစ်ရက်က ဘိုင်ဒင်ဟာ ရုရှားဘဏ်ပေါင်းစုံ၊လူတစ်ဦးချင်းစီ အများအပြားနှင့် နည်းပညာတင်ပို့မှုတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။ သောကြာနေ့မှာ အိမ်ဖြူတော်က ရုရှားသမ္မတဗလက်ဒီမာပူတင်၊နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့နှင့် ရုရှား လုံခြုံရေး ကောင်စီအဖွဲ့ဝင်တွေကို ပစ်မှတ်ထားအရေးယူတာကို နောက်တစ်ကျော့ထပ်လုပ်ခဲ့ပါတယ်။
ရုရှားနှင့် ယူကရိန်းအကြား ပဋိပက္ခကို စစ်ရေးအရဝင်စွက်ဖက်တာကို အမေရိကန်က မလုပ်ဘူးလို့ ဘိုင်ဒင်က တောက်လျောက်ပြောဆိုနေခဲ့ပါတယ်။ ဒါပေမယ့် ယူကရိန်းကိုစစ်ရေးအထောက်အပံ့တွေတိုးမြှင့်ပေးလိုက်ပြီး နေတိုးနှင့် အရှေ့ဥရောပကို အမေရိကန်တပ်ထောင်ပေါင်းများစွာ စေလွှတ်ထားပါတယ်။
စစ်ရေးဆောင်ရွက်မှုတွေမစခင်မှာပဲ ယူကရိန်းကိစ္စ ဝင်စွက်ဖက်တဲ့ အခြားနိုင်ငံတွေအနေနှင့် သမိုင်းမှာကြုံဖူးတာထက် ပိုပြီး ကြီးမားတြ့ အကျိုးဆက်တွေရင်ဆိုင်ရလိမ့်မယ်လို့ ပူတင်က သတိပေးခဲ့ပါတယ်။
Source RT/Agencies
Published 27 February 2022
ပူတင် စမတ်ဖြစ်နေတာကပြဿနာမဟုတ်ဘူး လို့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။ သူက ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမှာကျင်းပတဲ့ ကွန်ဆာဗေးတစ်နိုင်ငံရေးလှုပ်ရှားမှုကွန်ဖရင့်မှာ ပြောကြားတဲ့ မိန့်ခွန်းထဲ ထည့်သွင်းပြောကြားလိုက်တာပါ။ “ ပြဿနာအစစ်က ကျွန်တော်တို့ခေါင်းဆောင်တွေ(နေတိုးခေါင်းဆောင်)ဟာ လူပေါတွေ ဖြစ်လို့ပဲ “ လို့ သူကပြောပါတယ်။ နေတိုးခေါင်းဆောင်တွေဆီက အရေးယူဒဏ်ခတ်မှုရဲ့ အနည်းဆုံးအကျိုးဆက်တစ်ခုတည်းနှင့် တစ်နိုင်ငံလုံးသိမ်းယူနိုင်တယ်လို့ ပူတင်က ထင်ကိုထင်လိမ့်မယ်” လို့ သူကပြောပါတယ်။
Source AFP
#LocalNews
Published -27 Feb 2022
သျှမ်းပြည်ညီညွတ်ရေးကောင်စီ (CSSU) ရဲ့လုပ်ငန်းစဉ်များ ခေတ္တဆိုင်းငံ့ထားရန် အချက် ၄ ချက်ပါ သဘောထားထုတ်ပြန်ချက်ကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) မှ ယနေ့ထုတ်ပြန်လိုက်ပါတယ်။
၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်နေ့က RCSS နဲ့ အစိုးရတို့အကြား နှစ်ဖက်အပစ်ရပ်သဘောတူစာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပြသာနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းခွင့်ရရှိရန်အတွက် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်နေ့က သျှမ်းပြည်ညီညွှတ်ရေးကော်မတီ (Committee for Shan State Unity - CSSU) ကို ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ထုတ်ပြန်ချက်မှာ အလှည့်ကျခေါင်းဆောင်ခြင်းစနစ်ကျင့်သုံးရန် သဘောတူညီမှုရရှိခဲ့သော်လည်း အခြေအနေနဲ့ကိုက်ညီမှုရှိသော်လည်း အခြားတစ်ဖက်တွင် သက်ဆိုင်ရာအစုအဖွဲ့အတွက် နိုင်ငံရေးအကျိုးအမြတ် ရယူနိုင်တဲ့အခွင့်အလမ်းများဖြစ်စေတာကြောင့် ထိရောက်မှုမရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ပါတီနှစ်ပါတီအကြား ညိနှိုင်းဆောင်ရွက်မှုများ မလုပ်ဆောင်နိုင်ခဲ့ခြင်း၊ သျှမ်းလက်နက်ကိုင်တပ်နှစ်တပ် အကြား ၂၀၁၈ နှစ်ကုန်ပိုင်းမှစပြီး ၂၀၂၀ အထိ ဖြစ်ပွားခဲ့သည့် နှစ်ဘက်တပ်ထိတွေ့မှုများကို CSSU မှ မဖြေရှင်းနိုင်ခဲတဲ့အပြင် ၂၀၂၁ - ၂၀၂၂ ခုနှစ် အထိ တိုက်ပွဲများစဉ်ဆက်မပြတ် ပြင်းထန်ကျယ်ပြန့်လာခြင်းကြောင့် အရပ်သား ပြည်သူများ ထိခိုက်နစ်နာ၊ စစ်ဘေးရှောင်၊ အတိဒုက္ခရောက်စေခြင်းတို့ ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။
ဆက်လက်ပြီး CSSU ရဲ့ရည်မှန်းချက်ဖြစ်တဲ့ သျှမ်းတိုင်းရင်းသားများအကြား ညီညွှတ်ရေးမှသည် သျှမ်းပြည်တိုင်းရင်းသားများအားလုံး ညီညွှတ်ရေးသို့ ဦးတည်ရန်အတွက် တိုးတက်မှု မရှိသလောက် နည်းပါးတဲ့အပြင် သျှမ်းပြည်အတွက် ရှင်းလင်းတိကျတဲ့ နိုင်ငံရေးရည်မှန်းချက်များ မချမှတ်နိုင်ခဲ့ခြင်းနဲ့ ကော်မတီအတွင်း အဖွဲ့ဝင်များ ကိုယ်စားပြုပါဝင်မှုနဲ့ အတွင်းရေးမှူးအဖွဲ့ ကိုယ်စားပြုပါဝင်မှုတို့မှာ အဖွဲ့ဝင်ဖြစ်တည်မှုအပေါ်တွင် အခြေမခံခြင်း စတဲ့အချက်အလက်များကြောင့် CSSU လုပ်ငန်းစဉ်များ ယာယီဆိုင်းငံ့ရန် RCSS ရဲ့ထုတ်ပြန်ကြေညာချက်မှာ ရေးသားဖော်ပြထားပါတယ်။
ymg/hm
#Yangon_Media_Group
Page 234 of 248