#Local_News
Published 16 October 2026
■ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံအစိုးရတို့အကြား ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့် စီမံချက် (QIP) ၅ ခု အကောင်အထည်ဖော်ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာတွေကို ယနေ့တွင်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
■ အဆိုပါအခမ်းအနားကို အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur အပါအဝင် တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြသည်။
■ လက်မှတ်ရေးထိုးခဲ့သည့် စီမံချက် ၅ ခုမှာ ရန်ကုန်မြို့ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၏ ကျေးရွာပတ်လမ်း အဆင့်မြှင့်တင်ခြင်း၊ ငလျင်ဒဏ်သင့်ကျောင်းများအတွက် WASH ထောက်ပံ့ကူညီခြင်း၊ ဘွိုင်လာကိုင်တွယ်ထိန်းသိမ်းသူများ သင်တန်းကျောင်း အဆင့်မြှင့်တင်ခြင်း၊ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးလူငယ်သင်တန်းကျောင်းတွင် ဖူဆယ်ဘောလုံးကွင်း တည်ဆောက်ခြင်းနဲ့ စာရင်းစစ်ဆေးလေ့ကျင့်သင်ကြားရေးအတွက် အချက်အလက်ထုတ်ယူစိစစ်သုံးသပ်သည့် ဆော့ဖ်ဝဲလ်ဝယ်ယူခြင်းတို့ဖြစ်သည်။
■ အဆိုပါ QIP စီမံချက် ၅ ခု၏ စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၄၇,၅၀၂ ဒသမ ၄၇ ဖြစ်ပြီး ယခုလက်မှတ်ရေးထိုးခဲ့သည့် စီမံချက်များအပါအဝင် အိန္ဒိယနိုင်ငံအစိုးရက မြန်မာနိုင်ငံအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် QIP စီမံချက် ၁၀ ခု ပေးအပ်ထားကြောင်း သိရသည်။
#YMG/SW #Yangon_Times