#Local_News
Published_ 16 December 2022
အိန္ဒိယနိုင်ငံ ၊ ဗုဒ္ဓဂယာ၌ တည်ထားသည့် ရွှေစည်းခုံစေတီတော်အား စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲကို ယနေ့ ဒီဇင်ဘာလ ၁၆ ရက်က သီတဂူဆရာတော်ကြီး ဦးဆောင်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စေတီတော်အား ဗုဒ္ဓဂယာမြေမြတ်မဟာ၊ မဟာဗောဓိပရဟိတကျောင်း၌ တည်ထားကိုးကွယ်ထားခြင်းဖြစ်ကြောင်း၊ ယနေ့ နံနက် ၈ နာရီအချိန်တွင် သီတဂူအဓိပတိဆရာတော်ဘုရားကြီးမှ စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်ကို နားနေဆောင်မှ တင်လှူမည့်နေရာသို့ သံဃာတော်များ ခြံရံလျက်ပင့်ဆောင်လာခဲ့ကာ စိန်ဖူးတော်၊ ငှက်မြတ်နားတော် တပ်ဆင်မည့်ဒကာများကက သီလခံယူခဲ့ကြကြောင်း သိရသည်။
သီလခံယူပြီးနောက် သီတဂူအဓိပတိဆရာတော်ဘုရားကြီးနှင့် သံဃာတော်(၇)ပါးတို့မှ မေတ္တာသုတ်နှင့်အာဋာနာဋိယသုတ်ရွတ်ဖတ်ပူဇော်ခြင်း၊ သီတဂူအဓိပတိဆရာတော်ဘုရားကြီးက သံဃာတော်တစ်ပါးအားစတင်၍ စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်ကို လက်ဆင့်ကမ်းပင့်ဆောင်စေကာ အဆင့်ဆင့်လက်ဆင့်ကမ်း၍ စေတီပေါ်သို့ ပင့်ဆောင်ပူဇော်ခဲ့ကြကြောင်း သိရသည်။
စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်ကို ပန်းရံဆရာမှ စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်ကို တပ်ဆင်ခဲ့ပြီးနောက် သီတဂူအဓိပတိဆရာတော်ဘုရားကြီးနှင့် သံဃာတော်များမှ ဇယံတော ဗောဓိယာ အစရှိသော ဂါထာရွတ်ဖတ်ပူဇော်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သီတဂူဆရာတော်ဓမ္မသဘင် က ထုတ်ပြန်ထားသည်။
#ymg/mt
#Yangon_Media_Group
#Local _News
Published _ 16 December 2022
ကရင်ပြည်နယ် ဘားအံမြို့တွင် ယနေ့ ဒီဇင်ဘာ လ ၁၆ နံနက်ပိုင်းတွင် ကားတစ်စီး အရှိန်လွန်ပြီး လမ်းဘေးရေမြောင်းအတွင်းသို့ ထိုးကျသွားခဲ့ကာ ၁ ဦးသေဆုံးသွားကြောင်း မာဃလူမှုကူညီရေးအသင်း (Marga Ambulance & Rescue Service)ထံမှ သိရှိရသည်။
ဖြစ်စဥ်မှာ ဘားအံမြို့နယ်၊ ကော့မူယာကျေးရွာ၊ ဘားအံ- မော်လမြိုင် အဖြောင့်လမ်း၊ ထုံးအိုင် လမ်းခွဲအကျော်တွင် ကား ၁စီး အရှိန်လွန်၍ လမ်းဘေးရေမြောင်းအတွင်း ထိုးကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်ပါလာသည့် ယာဉ်မောင်းအမျိုးသား ၁ဦး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
သေဆုံးသွားသည့် ယာဉ်မောင်း၏ ရုပ်အလောင်းကို မေတ္တာစေတနာ လူမှုကူညီရေးအသင်း(ကော့ကျိုက်) နှင့် မာဃလူမှုကူညီရေးအသင်း (ဘားအံ) တို့ပူးပေါင်းဆယ်ယူပြီး ဘားအံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟုလည်း သိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published_ 16 December 2022
ငါးရက်ကြာပျောက်ဆုံးခဲ့သည့် ကလေးငယ်ဇွဲဝေယံထွန်းကို ခေါ်ယူထားသည့် အိမ်နီးချင်းများကို သက်ဆိုင်ရာခေါ်ယူစစ်မေးနေသည်ဟု ကလေးငယ်၏ မိခင်ဖြစ်သူက YMG ကို ပြောသည်၊၊
ကလေးငယ်ကို ပျောက်သွားသည့်သူ့အဘွားအိမ်၏ ဘေးအိမ်မှပြန်လည်တွေ့ရှိခဲ့သည်ဟု ဆိုသည်၊၊
ကလေးမိခင်ဖြစ်သူက "ဘေးအိမ်ကနေပြန်တွေ့တာပါရှင်၊ အပေါ်ထပ်မှာ ပြန်တွေ့တာပါ၊ စောင်ခြုံထားတယ်ဆိုတာက ကလေးကအိပ်နေတာပါရှင်၊ အစ်မတို့က ပုံမှန်သက်ဆိုင်ရာကို ကလေးပျောက်တုန်းက အကြောင်းကြားထားတာရှိတဲ့အတွက် စခန်းက အဲ့ဒီအိမ်က သက်ဆိုင်တဲ့သူတွေကို ခေါ်သွားပါတယ်ရှင့်၊၊ အစ်မတို့ကလေးပျောက်နေတယ်ဆိုတာ သူတို့သိပါတယ်ရှင့် ဘာရည်ရွယ်ချက်ကြောင့် ဒီလိုလုပ်ရလဲဆိုတာတော့ အစ်မတို့လည်း ခန့်မှန်းရခက်နေပါတယ်၊၊ ဗေဒင်ဆရာတစ်ဦးက ဒီအိမ်မှာရှိနိုင်တယ်လို့ ပြောတယ်၊၊ ကလေးကိုကျတော့ သူတို့ကပဲ(ခေါ်ထားတဲ့ အိမ်နီးချင်း) ပြန်ဆက်သွယ်ပြီး လာပြောတာပါရှင့်၊၊ အဲ့အိမ်ဘက်က အမျိုးသားတစ်ယောက်က ဒီအိမ်ပေါ်မှာ ကလေးလေးတစ်ယောက် ရှိတယ်၊၊ သူ့ရဲ့အိမ်ထောင်ဖက်အမျိုးသမီးကို သင်္ကာမ ကင်းဖြစ်နေတယ်၊၊ အိမ်ပေါ်ထပ်မှာ ကလေးလေးတစ်ယောက်ရောက်နေတယ် ထင်တယ်ပေါ့နော်၊၊ သူတို့ကအဲလိုလာပြောပါတယ်ရှင့်၊၊ ဒီဘက်က ကလေးလေးဖြစ်ဖို့ များတယ်ပေါ့၊၊ အိမ်အပေါ်တက်ကြည့်လိုက်တော့ အိမ်ကကလေးလေးဖြစ်နေတာပါရှင့်"ဟု ပြောသည်၊၊
ဒီဇင်ဘာလ(၁၁)ရက်က ကလေးငယ်မောင်ဇွဲဝေယံထွန်းသည် ၇၁လမ်း၃၀×၃၁လမ်းရှိ အဘွားအိမ်တွင် ဆော့နေစဉ်နေ့လည် ၂:၄၅ အချိန်ခန့်တွင် ပျောက်ဆုံးခဲ့ကြောင်းနှင့် ဒီဇင်ဘာ (၁၆)ရက်မနက်တွင် ပျောက်ဆုံးခဲ့သည့် အိမ်၏ဘေးအိမ်အပေါ်ထပ်တွင် အိပ်ပျော်လျက်ပြန်လည်တွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_16 December 2022
မြန်မာနိုင်ငံရှိ ဆင်းမ်ကတ်သုံးစွဲသူများအနေနှင့် မိမိတို့ ဆင်းမ်ကတ် မှတ်ပုံတင်ထားသည့် အချက်အလက်များ မှန်ကန်မှု ရှိ/မရှိ စစ်ဆေးပြီး ပြင်ဆင်ရန် လိုအပ်ပါက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက် နောက်ဆုံးထားပြီး ပြန်လည်ပြင်ဆင်ရန် လိုအပ်ကြောင်း မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများက ထပ်မံအသိပေး ထုတ်ပြန်ကြေညာထားသည်။
မိမိတို့သုံးစွဲနေသည့် ဆင်းမ်ကတ်များကို စစ်ဆေးပြီးပြန်လည်ပြင်ဆင် မှတ်ပုံတင်ခြင်းအားဖြင့် သုံးစွဲသူများအတွက် မိုဘိုင်းလ်ငွေကြေး ဝန်ဆောင်မှုများကိုလည်း လုံခြုံစိတ်ချစွာဖြင့် သုံးစွဲနိုင်မည့်အပြင် ဒီဂျစ်တယ်ပိုင်းဆိုင်ရာနှင့် ပြင်ပ လိမ်လည်မှုများ၏ အန္တရာယ်မှ ကာကွယ်ပေးမည် ဖြစ်သည်ဟု အဆိုပါအော်ပရေတာများက ပြောကြားထားသည်။
ဆင်းမ်ကတ်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အချက်အလက်များနှင့် နှိင်းယှဉ်စစ်ဆေး၍ အချက်အလက်များ မှန်ကန်ပြည့်စုံစွာ ဖြည့်စွက်ထားခြင်းမရှိသည့် ဆင်းမ်ကတ်များကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန် ကြေညာထားပြီး ဆင်းမ်ကတ်သုံးစွဲသူများအနေနှင့် မိမိတ့ို၏ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် နှင့် နိုင်ငံသား စိစစ်ရေးကတ်၏ ရှင်းလင်းထင်ရှားသည့် အရှေ့/အနောက် ရောင်စုံဓာတ်ပုံတိုဖြင့် ဆင်းမ်ကတ် စတင်သုံးစွဲချိန်တွင် မှတ်ပုံတင်ရန် လိုအပ်ကြောင်းသိရသည်။
အလားတူဆင်းမ်ကတ် ပြန်လည်ပြင်ဆင် မှတ်ပုံတင်ခြင်းကို သက်ဆိုင်ရာ အော်ပရေတာများ၏ တရားဝင်ဝက်ဘ်ဆိုက်၊ အက်ပလီကေးရှင်းနှင့် သက်ဆိုင်ရာ အရောင်းဆိုင်များတွင်လည်း ဆောင်ရွက်နိုင်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 16 December 2022
ငါးရက်ကြာပျောက်ဆုံးခဲ့တဲ့ ကလေးငယ်ဇွဲဝေယံထွန်းကို ပျောက်သည့်နေရာအနီးတစ်ဝိုက်မှာ ပြန်လည်တွေ့ရှိတယ်ဆိုပြီး လာရောက်ပို့ဆောင်သွားတယ်လို့ မိခင်ဖြစ်သူက YMG ကို ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 16 December 2022
ပဲခူးတိုင်း၊ ပြည်မြို့၊ နဝဒေးလမ်းတွင် ကိုယ်ဝန်ဆောင်တစ်ဦးလိုက်ပါလာသည့် သုံးဘီးဆိုင်ကယ်အား ၆ ဘီးကားက ဒီဇင်ဘာလ ၁၅ ရက် နေ့လည်ပိုင်းက ဝင်တိုက်မိ၍ ကားမှာမောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)မှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ နေ့လည် ၃ နာရီကျော်ခန့်က ပြည်မြို့၊ နဝဒေးလမ်းရှိ PT Power စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ရှေ့တွင် ၆ ဘီးကားက ကိုယ်ဝန်ဆောင်တစ်ဦးလိုက်ပါလာသည့် သုံးဘီးဆိုင်ကယ်အားဝင်တိုက်မိခဲ့သည်။
ထို့ကြောင့် သုံးဘီးဆိုင်ကယ်မောင်းသူနှင့်ကိုယ်ဝန်ဆောင်တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့၍ အသင်းထံဆက်သွယ်ရာ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်ပေးခဲ့ကြသည်။
နှာခေါင်းပေါက်၊ ခြေ၊ လက်၊ မျက်နှာတို့တွင် ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သည့် သုံးဘီးမောင်းသူအမျိုးသားအား အခင်းဖြစ်နေရာ၌ အရေးပေါ်ပြုစုကုသပေးပြီး ကိုယ်ဝန်ဆောင်မှာသွေးလန့်သည့်အနေအထားဖြစ်နေသည့်အတွက် ပြည်မြို့ပြည်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
မောင်းနှင်ထွက်ပြေးသွားသည့် ၆ ဘီးကားအား ဖမ်းဆီးရမိရေးအတွက် တာဝန်ရှိသူများမှ လိုက် လံစုံစမ်းဖမ်းဆီးမှုများပြုလုပ်လျက်ရှိကြောင်းလည်း သိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published_ 16 December 2022
ငါးရက်ကြာပျောက်ဆုံးခဲ့သည့် ကလေးငယ်ဇွဲဝေယံထွန်းကို ပျောက်သည့်နေရာအနီးတစ်ဝိုက်တွင် ပြန်လည်တွေ့ရှိသည်ဟုဆိုပြီး လာရောက်ပို့ဆောင်သွားကြောင်း မိခင်ဖြစ်သူက YMG ကို ပြောသည်၊၊
ဒီဇင်ဘာ (၁၁)ရက်က ပျောက်ဆုံးသွားတဲ့ အသက် ငါးနှစ်အရွယ် ကလေးငယ်မောင်ဇွဲဝေယံထွန်းကို ဒီဇင်ဘာ (၁၆)ရက် မနက်တွင်ပြန်လည်တွေ့ရှိခြင်းဖြစ်သည်၊၊
ကလေးမိခင်ဖြစ်သူက "မောင်ဇွဲဝေယံထွန်း ဒီမနက်ပဲ ပြန်တွေ့ပါတယ်၊၊ ကျန်းကျန်းမာမာလေး ကောင်းကောင်းမွန်မွန်လေးပြန်တွေ့ပါတယ်၊၊ ဒီနားဝန်းကျင်က တွေ့လို့ဆိုပြီး လာပို့ပေးတာပါ၊၊ ပျောက်တဲ့နေရာကနေနည်းနည်းနီးတဲ့နေရာအပိုင်းကနေ တွေ့လို့ဆိုပြီး လာပို့ပေးထားတာပါ၊၊ အချို့ကလည်း လိုင်းမသုံးတဲ့သူတွေရှိရင်ရှိမယ် အစ်မတို့ကလည်း မနေ့ကစက်တွေနဲ့လည်း အော်တယ်လေ၊၊ အခုပြန်တွေ့ပါပြီ၊၊ကလေးပျောက်လို့ တိုင်ထားတာမျိုးရှိပါတယ်၊၊ မနက်ဖြန်ကျရင်ပြည့်ပြည့်စုံစုံဖြေပေးပါမယ်၊၊ ကလေးကိုတော့လောလောဆယ် စခန်းကို ခဏခေါ်သွားပါတယ်"ဟု ပြောသည်၊၊
ကလေးငယ်သည် ဒီဇင်ဘာလ(၁၁)ရက်က ၇၁လမ်း၃၀×၃၁လမ်းရှိအဘွားအိမ်တွင် ဆော့နေစဉ်နေ့လည် ၂:၄၅ အချိန်ခန့်တွင် ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါကလေးငယ်အပြင် အခုရက်ပိုင်းအတွင်း ကလေးငယ်ပျောက်ဆုံးမှုများ လူမှုကွန်ရက်ပေါ်တွင်(၄)(၅) ဦး တွေ့ရှိရပြီးတွေ့ရှိပါက ဆက်သွယ်ပေးကြရန်လည်းရေးသားဖော်ပြထားကြကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
Page 1192 of 1848