#Local_News
Published_ 12 May 2023
မုန်တိုင်းမဖြတ်ကျော်ခင်အချိန်တွင် ရခိုင်ပြည်နယ်နေပြည်သူများဖုန်း၊ ဓာတ်မီး၊ ဘက်ထရီ၊ မီးသီးစသည်များ အားသွင်းထားကြပါရန် ရခိုင်ပြည်နယ်ရှိ EPC မှ နှိုးဆော်ထုတ်ပြန်လိုက်ကြောင်း သိရသည်၊၊
ထုတ်ပြန်ချက်တွင် "မုန်တိုင်းဖြတ်ကျော်မည်ဟု ခန့်မှန်းထားသည့်မြို့များကို ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နိုင်ရန် တက်နိုင်သလောက် ဓာတ်အားမပြတ်ရေး ကြိုးစားဆောင်ရွက်ပေးထားကြောင်း၊ ဖုန်း၊ ဓာတ်မီး၊ ဘက်ထရီ၊ မီးသီး....စသည်များ အားသွင်းထားကြပါရန် ပထမအကြိမ် နှိုးဆော်ကြောင်း ဖော်ပြထားသည်၊၊
သဘာဝဘေးကြုံရချိန်တွင် ဆေးရုံစသည့် အရေးကြီးနေရာများတွင်လျှပ်စစ်ဓာတ်အားပြတ်တောက်မှု မရှိအောင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ မီးစက်များဖြင့်စီစဉ်ဆောင်ရွက်ထားမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်၊၊
မေလ(၁၄) ရက်တွင် အားအလွန်ကောင်းသည့် ဆိုက်ကလုန်းမုန်တိုင်းသည် ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နှင့် စစ်တွေမြို့အနီးမှဖြတ်ကျော်ဝင်ရောက်ရန်ရှိသောကြောင့် ကြိုတင်ပြင်ဆင်မှုဆောင်ရွက်ထားရန် လိုအပ်ကြောင်းသိရသည်၊၊
#ymg/tthl #Local_News #ဖုန်း၊ ဓာတ်မီး၊ ဘက်ထရီ၊ မီးသီး #EPC မှ နှိုးဆော်
#YMG #Yangon_Media_Group
#Local_News
Published_ 12 May 2023
သဘာဝဘေးကြုံနိုင်သည့် ရခိုင်ပြည်နယ်သို့ ရွေ့လျားရေသန့်စင်စက်၊ ဆေးဝါးနှင့်ရေသန့်ဆေးပြားများ၊ မိုးကာတဲများ၊ တာပေါ်လင်စများနှင့်လိုအပ်သောပစ္စည်းများ ပို့ဆောင်ထားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှသိရသည်၊၊
ယင်းကဲ့သို့ ပို့ဆောင်ထားခြင်းကို သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Centre-DMC) လုပ်ငန်းဆောင် ရွက်မှု ရှင်းလင်းတင်ပြခြင်း အစည်းအဝေးတွင်လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများ၏ ထည့်သွင်းဆွေးနွေးချက်အရသိရခြင်းဖြစ်သည်၊၊
လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA)၏ လက်ရှိအခြေအနေ၊ မုန်တိုင်းဦးတည်ရာလမ်းကြောင်း၊ မုန်တိုင်းပြင်းအားနှင့် မုန်တိုင်းဖြတ်သန်းဝင်ရောက်မည့် အခြေအနေ၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ရှိ မုန်တိုင်းဖြတ်သန်း ဝင်ရောက်နိုင်သည့် မြို့နယ်များတွင် လုံခြုံရေးပိုင်းဆိုင်ရာ အသင့်ပြင်ဆင်ထားရှိမှု၊ အရေးပေါ် ဆက်သွယ်ရေးအတွက် ပြင်ဆင်ထားရှိမှု၊ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအတွက် လူအင်အား၊ ယာဉ်အင်အား၊ စက်ပစ္စည်း ကိရိယာအင်အားများ စုဖွဲ့ထားရှိမှု၊ Cyclone Shelter နှင့် ဘေးလွတ် ရာနေရာများသို့ ပြောင်းရွှေ့ပြီးစီးမှုနှင့် ဆက်လက်ပြောင်းရွှေ့ရန် စီစဉ်ထားရှိမှု၊ ဆက်သွယ်မှု ကောင်းမွန်စေရေး ဆက်သွယ်ရေးစက်နှင့် Satellite Phone များ တပ်ဆင်ထားရှိမှု၊ နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ထားရှိမှု၊ ရခိုင်ပြည်နယ်သို့ ရွေ့လျားရေသန့်စင်စက်ပေးပို့ပြီးစီးမှု၊ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များ စေလွှတ်ပြီးစီးမှုနှင့် ဆက်လက်စေလွှတ်ရန် စီစဉ်ထားရှိမှု၊ လူနာတင်ယာဉ်နှင့် ဆေးရုံများ အသင့်ပြင်ဆင်ထားရှိမှု၊ ဆေးဝါးများနှင့် ရေသန့်ဆေးပြားများ ပို့ဆောင်ထားရှိမှု၊ ဘေလီတံတားနှင့် လူအင်အားစုဖွဲ့ထားရှိမှု၊ ကယ်ဆယ်ရေးပစ္စည်းများ၊ မိုးကာတဲများ၊ တာပေါ်လင်စများ အသင့်ပြင်ဆင်ထားရှိမှု စသည်ဖြင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများအတွက် ဆောင်ရွက်ထားရှိမှုများကို အစည်းအဝေး၌ ဆွေးနွေးတင်ပြခဲ့ကြသည်၊၊
ဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှပြည်ထောင် စုဝန်ကြီးကလည်း အရေးပေါ်တုံ့ပြန်ရေး ကြိုတင်ပြင်ဆင်ထားရှိမှု၊ အရန်ဆန်တန်ချိန် (၁)သောင်း ဝယ်ယူဖြန့်ခွဲမည့် အခြေအနေနှင့်DMC အဖွဲ့ဝင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားလှယ်က မုန်တိုင်းဒီရေ မြင့်တက်လာပါက ဖြစ်ပေါ်လာနိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြောင်း သိရသည်၊၊
#ymg/tthl #Local_News #သဘာဝဘေးကြုံနိုင် #ရွေ့လျားရေသန့်စင်စက်၊ ဆေးဝါးနှင့်ရေသန့်ဆေးပြားများပို့ဆောင် #YMG #Yangon_Media_Group
#Local_News
Published_ 12 May 2023
လေကြောင်းလိုင်းမရှိ၍ ငပလီမှ ပြန်မရဖြစ်နေသော ဧည့်သည်များအား မုန်တိုင်းပြီးချိန်အထိ ဆက်လက်နားခိုနိုင်ရန်လုပ်ဆောင်ပေးထားကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ထွဋ်အောင် ကပြောသည်။
“လေကြောင်းလိုင်းတွေ ပိတ်ထားတယ်ဆိုတော့ ပြန်မယ့် ခရီးသွားတွေ မပြန်နိုင်သူတွေလည်း ရှိတယ်။ ကျန်ရှိတဲ့ သူတွေကို ဟိုတယ်တွေက ထိန်းသိမ်းစောင့်ရှောက်ထားဖို့ မှာကြားထားတယ်။ မေလ ၉ ရက်ကစပြီး မုန်တိုင်းငြိမ်သက်ချိန်အထိ မုန်တိုင်းကာလအဖြစ် သတ်မှတ်ထားတာကြောင့် ပင်လယ်ကမ်းခြေ ခရီးသွားတွေ ခရီးသွားလာမှု တွေကို ရပ်နားထားဖို့ တိုက်တွန်းထားတာရှိတယ်။ ဌာနအနေနဲ့ ပျက်စီးဆုံးရှုံးမှုနည်းနိုင်သမျှနည်းအောင် ကြိုတင်ပြင်ဆင်ထားဖို့ ဝန်ထမ်းတွေကို လမ်းညွှန်ထားပါတယ်။ အထူးသဖြင့် ပင်လယ်ကမ်းခြေ ဟိုတယ်နှင့် တည်းခိုခန်းတွေကို မုန်တိုင်းအန္တရာယ်နဲ့ ပတ်သက်ပြီး ကြိုတင်အသိပေးထားပါတယ်” ဟု ယင်းက မီဒီယာများအား ပြောသည်။
ယနေ့ မေလ ၁၂ ရက် နံနက် ၉ နာရီခွဲ အချိန် တိုင်းထွာချက်အရ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း(Severe Cyclonic Storm) “မိုခါ(MOCHA)”သည် မြောက်ယွန်းယွန်းသို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ အားအလွန်ကောင်းသောဆိုင် ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) “မိုခါ(MOCHA)”အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “မိုခါ (MOCHA)”သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၃၁၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့(Hainggyigyun)၏ အနောက်တောင်ဘက် ရေမိုင်(၄၀၀)မိုင်ခန့်၊ စစ်တွေမြို့(Sittwe)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၄၉၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယား(Port Blair)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၂၉၀)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား မြို့(Cox’s Bazar)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၅၃၀)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။
ယင်းအားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) “မိုခါ(MOCHA)”၏ လက်ရှိအခြေအနေမှာ ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်း သို့ ဦးတည်ရွေ့လျားနိုင်သည့် အခြေအနေရှိပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ကြောင်း၊“မိုခါ(MOCHA)”သည် မေလ ၁၄ ရက်တွင်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့(Kyaukpyu)တို့ကြား စစ်တွေမြို့(Sittwe)အနီးမှ ဖြတ် ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရကြောင်း သိရသည်။
#ymg/pl #Local_News #လေကြောင်းလိုင်းမရှိ #မုန်တိုင်းပြီးချိန်အထိနားခိုနိုင်ရန်လုပ်ဆောင်
#YMG #Yangon_Media_Group
#Local_News
Published_ 12 May 2023
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၁၃/၄)နှင့် (၂၁၃/၅)ကြားတွင် မေလ ၁၂ရက်နေ့မနက် ၇ နာရီဝန်းကျော်ခန့်က EDUINOX အမျိုးအစား အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအုတ်ခုံအား တိုက်မိပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၃)ဦးအနက် ကျား(၂)ဦး မှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် ယာဉ်တိုက်မှုဖြစ်ပွားရာနေမှာပင် ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြုလုပ်ပေးခဲ့ရကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုကို ပန်းတင်အမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး ဒဏ်ရာရှိသူများကို အမြန်လမ်းမကြီး လူနာတင်ယာဉ်ဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
#ymg/ynzw #Local_News #ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး #အမျိုးသားနှစ်ဦးဒဏ်ရာရ
#YMG #Yangon-Media-Group
#Local_News
Published - 12 May 2023
Volkswagen ID - 4 အမျိုးအစား EV ကားများ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိလာသောကြောင့် မေလ ၁၁ ရက်တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ယင်းမှာ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Myanmar Construction and Development Infrastructure Co., Ltd. မှ တင်သွင်းလာသော ကားများ ဖြစ်ကြောင်း သိရသည်။
ရောက်ရှိလာသော ကားများမှာ Volkswagen ID - 4 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၂၉) စီးဖြစ်ကြောင်း၊ အဆိုပါလျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းမှုအတွက် အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။
#ymg/pl #Local_News #Volkswagen ID - 4 #EVကားများ ရန်ကုန်ဆိပ်ကမ်းသို့ရောက်
#YMG #Yangon_Media_Group
#Local_News
Published-12 May 2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်တွင် ဝန်ထမ်းကြိုပို့ ဒိုင်နာယာဉ်ကို ဟိုက်ဂျက်စ်က နောက်မှဝင်တိုက်၍ အမျိုးသား၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့က သိရသည်။
ယနေ့ မေလ ၁၂ ရက် နံနက်၇နာရီ ၂၀ မိနစ်က အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ သီရိမင်္ဂလာလမ်းတွင် မိုးရွာသွန်းမှုကြောင့် ဝန်ထမ်းကြိုပို့ ဒိုင်နာယာဉ်ကို ဟိုက်ဂျက်က အရှိန်မထိန်းနိုင်ဘဲ နောက်က ဝင်တိုက် မိခဲ့ခြင်းဖြစ်သည်။
"အသင်းကို ဖုန်းဆက်အကြောင်းကြားလာတာကြောင့် အခင်းဖြစ်ရာနေရာကိုအရေးပေါ်လူနာတင်ယာဉ်ဖြင့်သွားရောက်ခဲ့ပါတယ်။ ဟိုက်ဂျက်စ်ပေါ်ပါလာသူ၂ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ မစိုးရိမ်ရပါဘူး"ဟု တွဲလက်လူမှုကူညီရေးအဖွဲ့ အင်းစိန်က သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူ၂ဦးကို မြေပြင်ရှေးဦးပြုစု၍ အင်းစိန်ဆေးရုံသို့ အဆိုပါလူမှုကူညီရေးအသင်း လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#ymg/pl #Local_News #ဝန်ထမ်းကြိုပို့ဒိုင်နာယာဉ်ကိုဟိုက်ဂျက်စ်ကဝင်တိုက် #အမျိုးသား၂ဦးဒဏ်ရာရ#YMG #Yangon-Media-Group
#Local_News
Published_ 12 May 2023
အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”ကြောင့် ငါးဖမ်းရေယာဉ်၊ လှေ၊ သင်္ဘောများ အထူးအန္တရာယ်ရှိသည့်အတွက် လုံးဝ (လုံးဝ) မထွက်ရန်နှင့် ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်း မရှိပါက သက်ဆိုင်ရာမှ လိုအပ်သလို အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
အဆိုပါ မုန်တိုင်းသည် ယနေ့မှစ၍ နောက်(၄၈)နာရီအတွင်း စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည်ဟုလည်း ခန့်မှန်းချက် ထုတ်ပြန်ထားပြီးဖြစ်သောကြောင့် လက်ရှိအခြေအနေတွင် မုန်တိုင်းသည် လေတိုက်နှုန်း အမြင့်ဆုံး တစ်နာရီမိုင် (၁၁၀)အထိ ရောက်ရှိနိုင်ပြီး လှိုင်းအမြင့်မှာလည်း (၁၃)ပေ မှ (၁၆)ပေအထိ ရောက်ရှိနိုင်မည်ဖြစ်၍ အထက်ပါအတိုင်း ညွှန်ကြားချက် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။
#ymg/pl #Local_News #ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” #ငါးဖမ်းရေယာဉ်၊ လှေ၊ သင်္ဘော
#YMG #Yangon_Media_Group
Page 1046 of 1977