Published 23 February 2024

ဖေဖေါ်ဝါရီ ၂၃ ရက် နံနက်ပိုင်းက ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မူလာရှီးဒီချောင်းအတွင်း တောင်ပေါ်တွင် မိုးရွာသွန်းမှုကြောင့် တောင်ကျရေများဖြင့် ရေလျံတက်မှုဖြစ်ပွားသဖြင့် လုပ်သား ၆ ဦးနှင့် ကလေးငယ် တစ်ဦး ကို ကယ်ဆယ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အလုပ်သမားများနှင့်ကလေးငယ်မှာ ချောင်းအတွင်း ချောင်းကမ်းပါးရေကာတန်း(မြေထိန်းနံရံ) တည်ဆောက်ရေးလုပ်ငန်းရှိ လုပ်သားများ ဖြစ်ပြီး ရေလည်သောင်ပြင်ရှိ နေထိုင်ရာတဲအတွင်း ကျန်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ လုပ်သားများနှင့် ကလေးငယ် အခက်ခဲဖြစ်နေကြောင်း တာဝန်သိပြည်သူတစ်ဦးမှ သတင်းပေးပို့လာသဖြင့်
ပူတာအိုခရိုင်/ မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခုဖြစ်စဉ်တွင် ကယ်ဆယ်ရေး လုပ်ငန်းများကို အောင်မြင်စွာ လုပ်ဆောင်ပေးနိုင်ခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 23 February 2024
#YMG_News #Yangon_Times #Yangon_Media_Group