#Local_News
Published 17 March 2024
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ပညာရေး ဝန်ကြီးဌာနနှင့် ပေါင်းစပ်၍ AFC-MFF(C) လိုင်စင်နည်းပြ သင်တန်းကို လယ်ဝေးမြို့နယ်တွင် ဖွင့်လှစ်ပြီးစီးခဲ့ကြောင်းသိရသည်။
သင်တန်းအား ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ်လ ၁၂ ရက်အထိ ပို့ချသင်ကြားပေးခဲ့ခြင်း ဖြစ်ပြီး သင်တန်းသား ၂၄ ဦး တက်ရောက်သင်ယူခဲ့သည်။
မတ်လ ၁၂ ရက်နေ့က ကျင်းပခဲ့သည့် သင်တန်းဆင်းပွဲတွင် ပညာရေးဝန်ကြီးဌာနနှင့်မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဧည့်သည်တော်များ၊ သင်တန်းဆရာများနှင့်ကြီးကြပ်သူများ၊ သင်တန်းသားများ တက်ရောက်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များအား ချီးမြှင့်ပေးအပ်ခဲ့သည်။
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် နည်းပြသင်တန်း၊ ဒိုင်သင်တန်းနှင့် ဒေသတွင်း ဘောလုံးဖွံ့ဖြိုးရေး သင်တန်းများအား ဖွင့်လှစ်ရန်နှင့် လူငယ် ပြိုင်ပွဲများ ပူးပေါင်းကျင်းပသွားရန်၊ အမျိုးသမီးဘောလုံး ဖွံ့ဖြိုးရေး၊ လူငယ်ကစားသမားများ၏ ပညာရေး လစ်ဟင်းမှု မရှိစေရေးနှင့် ကစားသမားကောင်းများ ပေါ်ထွက်လာရေး အစရှိသည့် ဒေသအလိုက် ဘောလုံးတိုးတက်ရေး လုပ်ငန်းများအား တိုင်းဒေသကြီးနှင့် ပြည်နယ် အဖွဲ့ချုပ်များနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published_17 March 2024
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း (၇)ဖွဲ့၏ မျက်နှာစုံညီ အစည်းအဝေး (7 NCA-S EAO Summit) စတင်နေပြီ ဖြစ်ကြောင်း သိရသည်။
ယင်းကို ယနေ့ မတ်လ ၁၇ ရက်က ၁၉ ရက်ထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်နေခြင်း ဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲ၏အဖွင့်မိန့်ခွန်းကို သဘာပတိ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားရာတွင် လက်ရှိနိုင်ငံရေး အခြေအနေသုံးသပ်ခြင်း အပါအဝင် အခြားအရေးပါသော အကြောင်းအရာများကိုဆွေးနွေးကြမည်ဟုပြောကြား ခဲ့ကြောင်း သိရသည်။
ယင်းအဖွဲ့ (၇)ဖွဲ့၏ ထိန်းချုပ်နယ်မြေဒေသများတွင် ကိုယ်ပိုင်ပြဌာန်းခွင့်၏ အုပ်ချုပ်ရေးစနစ်နှင့် စတင်အုပ်ချုပ် သွားရမည် ဖြစ်ကြောင်း၊ ယင်းဒေသရှိလူထုအတွက် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ပညာ ရေး၊ ကျန်းမာ ရေး၊ စားဝတ်နေရေး အပါအဝင် အခြားဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရသည်။
ယင်းအပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်သွားရမည် ဖြစ်ပြီး တစ်ဖက်တွင်လည်း (၇)ဖွဲ့ကြား တူသည်များကိုတွဲလုပ်ကာ မတူသည်များကို ခွဲခြားလုပ်ကိုင်မည်ဆိုသည့် မူအတိုင်း ဆောင်ရွက်သွားရန်လိုကြောင်းလည်း ၎င်းကပြောကြားခဲ့ကြောင်း သိရသည်။
#အပစ်ရပ်လက်မှတ်ထိုး #တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ #Yangon_Times/PP
#Local_News
Published 17 March 2024
မက်ဆီကိုနိုင်ငံတွင် ကျင်းပပြုလုပ်မည့် Miss Universe ပြိုင်ပွဲအတွက် ဒီဇိုင်းနာတစ်ဦး၏တီထွင်ချုပ်လုပ်ထားသည့် ဝတ်စုံသည် မြန်မာ့ဇာတ်သဘင်ယဉ်ကျေးမှုထိခိုက်၍ မြန်မာနိုင်ငံသဘင်အစည်း အရုံး(ဗဟို)မှ သတိပေးတားမြစ်ချက်ထုတ်ပြန်လိုက်ကြောင်း သိရသည်။
အဆိုပါ ဒီဇိုင်း နှင့် ဝတ်ဆင်မှုသည် မြန်မာ့ဇာတ်သဘင်တွင် အမြတ်တနိုး အလေးအနက်ထားရသော သဘင်မင်းသားခေါင်းပေါင်း နှင့် အမျိုးသမီး ဂါဝန်ကို တွဲဖက်ထားခြင်း၊ ရိုးရာ သဘင်မင်းသားခေါင်းပေါင်းပေါင်းပြီး ရင်သားဖော်ကာ ချုပ်လုပ် ဝတ်ဆင်ထားခြင်းပါဝင် နေ၍ ယင်းကဲ့သို့ သတိပေးတားမြစ်ချက် ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု ဆိုသည်။
ထုတ်ပြန်ချက်တွင် လူမှုကွန်ယက်စာမျက်နှာ၊ FAE: Fashion & Artistry Exhibition Page တွင် ၁၆.၃.၂၀၂၄ ရက်နေ့က တင်ထားသည့် Post များ၌- ၂၀၂၄ ခုနှစ်၊ မက်ဆီကို နိုင်ငံတွင် ကျင်းပပြုလုပ်မည့် Miss Universe ပြိုင်ပွဲအတွက် မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်နိုင်ရန် တီထွင်ချုပ်လုပ်ထားသည်ဆိုသော ဝတ်စုံဖန်တီးမှုဟုဆိုကာ မော်ဒယ် စင်ဒီမြတ်မှ ဝတ်ဆင်ပြသထားပြီး ဒီဇိုင်နာ ခင်စုစုအောင် ၏ ဒီဇိုင်း ပုံကြမ်းများကို တွေ့ရှိရပါသည်။
ပို့စ်တွင် ရေးသားချက်အရ မြန်မာ့ဇာတ်သဘင် ဇာတ်မင်းသား၏ ပုံရိပ်ကို ကူးယူကြောင်းလည်း ဖော်ပြထားကြောင်း
အဆိုပါ ဒီဇိုင်း နှင့် ဝတ်ဆင်မှုသည်
(၁) မြန်မာ့ဇာတ်သဘင်တွင် အမြတ်တနိုး အလေးအနက်ထားရသော သဘင်မင်းသား ခေါင်းပေါင်း နှင့် အမျိုးသမီး ဂါဝန်ကို တွဲဖက်ထားခြင်း
(၂) ရိုးရာ သဘင်မင်းသားခေါင်းပေါင်း ပေါင်းပြီး ရင်သားဖော်ကာ ချုပ်လုပ် ဝတ်ဆင်ထားခြင်း တို့သည်
မည်သို့မျှ မသင့်တော် မအပ်စပ်သည့် အပြင်၊ မြန်မာ့ဇာတ်သဘင် ယဉ်ကျေးမှုကို ထိပါး စော်ကားရာ ရောက်နေသည်ဟုထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
သို့ဖြစ်ပါ၍ အဆိုပါဝတ်စုံအား ထပ်မံ၍ ဝတ်ဆင် ဖော်ပြခြင်း နှင့် နိုင်ငံ့ကိုယ်စားပြုယှဉ်ပြိုင်မည့် Miss Universe ပြိုင်ပွဲတွင် ဝတ်ဆင်ခြင်းတို့အား မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ ပြင်းထန်စွာ ရှုံ့ချ၍ အလေးအနက် သတိပေး တားမြစ်ကြောင်း၊
ယခု သတိပေးတားမြစ်ချက်အား လိုက်နာခြင်း မရှိပါက မြန်မာနိုင်ငံသဘင်အစည်းအရုံး၏ သဘင့် စည်းမျဉ်းစည်းကမ်းများ၊ မြန်မာ့ယဉ်ကျေးမှု စည်းမျဉ်းစည်းကမ်းများနှင့် အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာထားသည်။
#Local_News #ဇာတ်မင်းသားခေါင်းပေါင်းနှင့်ဂါဝန်တွဲ #မြန်မာ့ဇာတ်သဘင်ယဉ်ကျေးမှုထိခိုက်
#tthl #Yangon_Times
#Local_News
Published 17 March 2024
ရန်ကုန်မြို့ရှိမြို့နယ်အချို့တွင်မတ်လ(၁၇)ရက်ညနေပိုင်းအချိန်၌ အချိန်အခါမဟုတ်မိုးများရွာ သွန်းပြီးနေပူမိုးရွာဖြစ်ခဲ့ကြောင်းသိရသည်။
တာမွေမြို့နယ်၊ရန်ကင်းမြို့နယ်၊လှိုင်သာယာမြို့နယ်အစရှိသည့်မြို့နယ်တို့တွင် မိုးထစ်ချုန်းရွာခဲ့သည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း နေ့လည်(၂)နာရီကတည်းက အချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက်ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်တွင် “ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ၂၀-၃-၂၀၂၄ ရက်နေ့မှ ၂၄-၃-၂၀၂၄ ရက်နေ့အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ ရွေ့လျားလာသော တိမ်တိုက်များကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့် လည်းကောင်း၊ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် လည်းကောင်း တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း၊
အကြံပြုချက်အနေဖြင့်ပြည်သူများအနေဖြင့် အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မိုးတိမ်တောင်ဖြစ်ထွန်းမှု အားကောင်းသော ဒေသများတွင် လေပြင်းတိုက်ခတ်ခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုထားကြောင်း သိရသည်။
#Local_News #ရန်ကုန်တွင်အချိန်အခါမဟုတ်မိုးရွာ #tthl #Yangon_Times
#Local_News
Published 17 March 2024
လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုများကို ဖြေပေးရမည့်“လန်ချန်း-မဲခေါင်ဗဟုသုတအမေးအဖြေပြိုင်ပွဲ” ကိုမြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှကြီးမှူးကျင်းပမည်ဖြစ်ပြီး အဖြေမှန်သူများအားလက်ဆောင်များချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
(၇) ကြိမ်မြောက် လန်ချန်း-မဲခေါင်သီတင်းပတ်ကို ဂုဏ်ပြုတဲ့အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တတိယအကြိမ်မြောက် “လန်ချန်း-မဲခေါင်ဗဟုသုတအမေးအဖြေပြိုင်ပွဲ” ကို သံရုံး Facebook Page ၌ကျင်းပသွားမည်ဖြစ်သည်ဟုဆိုသည်။
Facebook Page မှာ မတ်လ ၁၈ ရက်မှ ၂၂ ရက်နေ့အထိ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်သော မေးခွန်း ၃ ခုကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
နေ့စဉ်အဖြေအားလုံးမှန်သူများထဲမှ ၃ ဦးကို ကျပန်းရွေးချယ်ကာ Xiaomi ခြင်ဖမ်းစက်နဲ့ သုံးမျိုးပါစာရေးကိရိယာပစ္စည်းကို လက်ဆောင်အနေဖြင့် ချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် ဆုရရှိသူစာရင်းကို လန်ချန်း-မဲခေါင်သီတင်းပတ် ပြီးဆုံးပြီးနောက် ကြေညာပေးသွားမည်ဖြစ်ပြီး အားလုံးပါဝင်ဆင်နွှဲကြဖို့ ဖိတ်ခေါ်ထားကြောင်းသိရသည်။
#"လန်ချန်း-မဲခေါင်ဗဟုသုတအမေးအဖြေပြိုင်ပွဲ #အဖြေမှန်သူကိုလက်ဆောင်များချီးမြှင့်
#tthl #Yangon_Times
#Local_News
Published 17 March 2024
တစ်လအတွင်း တရားမဝင်ကုန်သွယ်မှု(၈၀)မှု ဖမ်းဆီးရမိ၊သတင်းပေးသူများကိုဆုကြေးငွေ( ၈၀၃.၅၆၄)သန်းချီးမြှင့်မည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင်ဖော်ပြထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလက တာဝန်သိပြည်သူသတင်းပေးမှု ၈၇ ကြိမ်ရှိခဲ့ရာ သတင်းမှားငါးကြိမ်နှင့် နောက်ကျသတင်း နှစ်ကြိမ်ရှိခဲ့ပြီး ဖမ်းဆီးရမိမှုအကြိမ် ၈၀ တွင် ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၁၇ ဒသမ ၈၂ သန်းရှိခဲ့သည်ဟုဆိုသည်။
အဆိုပါဖမ်းမိတန်ဖိုး၏ ၂၀ ရာခိုင်နှုန်းကို သတင်းပေးဆုကြေးငွေအဖြစ် ချီးမြှင့်သွားမည်ဖြစ်ရာ စုစုပေါင်းကျပ် ၈၀၃ ဒသမ ၅၆၄ သန်းကို ချီးမြှင့်သွားမည်ဟု သိရသည်။
သို့ဖြစ်ရာ တရားမဝင်ကုန်သွယ်မှုသတင်းများကို သိရှိလိုပါက ဖုန်း- ၀၉၄၀၄၃၃၉၉၆၉၊ အော်တိုတယ်လီဖုန်း- ၀၆၇-၄၀၉၈၈၃ နှင့် အီးမေးလ်- antiillegaltradeinfo@gmail. com သို့ အချိန်မီဆက်သွယ်သတင်းပေးပို့ခြင်းဖြင့် တာဝန်သိနိုင်ငံသား ပြည်သူတစ်ဦးအဖြစ် ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။
#Local_News #ကုန်သွယ်မှု(၈၀)မှုဖမ်းဆီးရမိ #ဆုကြေးငွေသန်း(၈၀၀)ကျော်ချီးမြှင့် #tthl #Yangon_Times
#Local_News
Published 17 March 2024
မြန်မာနိုင်ငံ ဗမာတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းကြီး (UMBEEA)မှကြီးမှူး၍"မြန်မာ့ရိုးရာ နှစ်သစ်ကူးသင်္ကြန်အကြိုစျေးရောင်းပွဲတော် ၂၀၂၄" ကန်သာယာ စျေးဝယ်စင်တာ၌ (၃)ရက် တိုင်တိုင်ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
၂၀၂၄-ခုနှစ်၊ မတ် (၂၄၊၂၅၊၂၆)ရက်နေ့များတွင် Wyndham Hotel ၏ ကန်သာယာစျေးဝယ်စင်တာ(Shopping Mall) တွင် ကျင်းပမည်ဖြစ်သည်။
အခုနှစ်တွင် ဆိုင်ခန်းပေါင်း (၅၆)ခန်းခင်းကျင်းရောင်းချနိုင်ရန်ပြင်ဆင်ထားပြီး သင်္ကြန်အငွေ့ အသက်သီချင်းများ၊စတုဒိတာများလည်း ပြင်ဆင်ထားမည်ဟုဆိုသည်။
(၃)ရက်တာ ကျင်းပမည့် သင်္ကြန်အကြို စျေးရောင်းပွဲတော်ကြီးအတွက် ဆိုင်ခန်းနေရာများကိုလည်း အသင်းဝင်များရော အသင်းဝင်မဟုတ်သူများကိုပါ ရောင်းချပေးနေပြီးပြည်တွင်း MSMEs လုပ်ငန်းရှင်များမှ ချက်ချင်း ဝယ်ယူကြရာဆိုင်ခန်းနေရာစုစုပေါင်း၏ 25% ကို တစ်ထိုင်တည်းရောင်းချပြီးဖြစ်သည်ဟုဖော်ပြထားသည်။
မြန်မာနိုင်ငံ ဗမာတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းကြီး (UMBEEA)၏ ဒုတိယအကြိမ် "မြန်မာ့ရိုးရာ နှစ်သစ်ကူးသင်္ကြန်အကြိုစျေးရောင်းပွဲတော် ၂၀၂၄" အတွက် ရှင်းလင်းပွဲ အခမ်းအနားကို UMFCCI တွင် ကျင်းပခဲ့ရာMOU ရေးထိုးထားသော မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ပြည်တွင်းမှ MSMEs လုပ်ငန်းရှင်များ နှင့် တာဝန်ရှိသူများ အသီးသီးတက်ရောက်ခဲ့ကြောင်းသိရသည်။
ဆိုင်ခန်းဖြင့် ရောင်းချရန်စိတ်ဝင်စားသူများအနေ ဖြင့်UMBEEA အသင်း Page မှ လည်းကောင်းViber no. 095107724 သို့ တိုက်ရိုက် ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သိရသည်။
#Local_News #ကန်သာယာစျေးဝယ်စင်တာ #"မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်အကြိုစျေးရောင်းပွဲတော် #tthl #Yangon_Times
Page 701 of 2167