#LocalNews
Published - 7 June 2022
ထိုင်းနိုင်ငံ၌ ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်းက အဓမ္မပြုကျင့်၍ မီးရှို့အသတ်ခံခဲ့ရသည့် မြန်မာအမျိုးသမီး မမြင့်မြင့်ခိုင်၏အမှုကို ထိုင်းတရားရုံးက စက်တင်ဘာတွင် အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ ကဘင်ဘူရီတရားရုံး၌ သက်သေသုံးဦး၏ ထွက်ဆိုချက်များကို ဇွန်လ ၆ ရက်တွင် ကြားနာခဲ့ပြီး အထောက်အထား ၁၈ ခုရရှိခဲ့ကြောင်း၊ တရားခံမှ ပြစ်မှု ခြောက်မှုကို ဝန်ခံခဲ့သည့်အတွက် လာမည့်စက်တင်ဘာလတွင် ပြစ်ဒဏ်အတွက် အမိန့်ချမှတ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံးမှသိရသည်။
ယင်းအပြင်သေဆုံးသူ မမြင့်မြင့်ခိုင်အတွက် နစ်နာကြေးတစ်လလျှင် ထိုင်းဘတ် ၅၀၀၀ ဖြင့် နှစ်ပေါင်း ၄၀ စာတောင်းခံသွားရန် အလုပ်သမားသံအရာရှိ ရုံးမှစီစဉ်နေပြီး မြန်မာသံရုံးတာဝန်ရှိသူများနှင့် သံအရာရှိ၊ မြန်မာရှေ့နေတို့မှ ကဘင်ဘူရီမြို့ရှိ သေဆုံးသူ၏ အမဖြစ်သူ မမြင့်မြင့်အေး၊ မညိုညိုစိန်တို့အား သွားရောက်တွေ့ဆုံခြင်း၊ ရဲစခန်း၌ အမှုအခြေအနေစုံစမ်းခြင်း၊ DNA ရလဒ်ရရှိရေးနှင့် အလောင်းသင်္ဂြိုဟ်နိုင်ရေးကိစ္စရပ်များ မေးမြန်းခဲ့ကာ လိုအပ်သော အထောက် အထားများ စုဆောင်းခြင်း၊ အလောင်းထုတ်ယူနိုင်ရေး၊ သင်္ဂြိုဟ်နိုင်ရေးကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မမြင့်မြင့်ခိုင်ကို စေလွှတ်ခဲ့သည့် Top Chance Services ကုမ္ပဏီမှ လိုအပ်သည်များ ပံ့ပိုးကူညီရေးနှင့် သံရုံးတာဝန်ရှိသူများ၊ သံအရာရှိအဖွဲ့တို့မှ သေဆုံးသူ၏ အမဖြစ်သူတို့နှင့်အတူ အစိုးရရှေ့နေများထံ သွားရောက်ပြီး အမှုအခြေအနေ ဆက်လက်ဆောင်ရွက်မည့် အခြေအနေနှင့် နစ်နာကြေးရရှိနိုင်ရေး အခြေအနေတို့ဆွေးနွေးခဲ့ကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားသည်။
မြန်မာအမျိုးသမီး မမြင့်မြင့်ခိုင်ကို မည်သည့်ဇာတိမှဖြစ်သည်ကို သံအရာရှိရုံးက ဖော်ပြထားခြင်းမရှိဘဲ သေဆုံးသူအား ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၈ ရက်၌ ထိုင်းနိုင်ငံသား Boonlai Buaman က အဓမ္မပြုကျင့် မီးရှို့သတ်ဖြတ်ခဲ့ပြီးနောက် ယင်းနေ့တွင် ကဘင်ဘူရီခရိုင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#LocalNews
Published _ 7 June 2022
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကမ်းနားလမ်းပေါ်ရှိ မြို့မတံတားအနီးတွင် ဇွန်လ ၇ ရက် နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က ကားနှင့်ဆိုင်ကယ်တိုက်မိသည့်ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း ရာမညအရေးပေါ် လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ဆိုင်ကယ်မှာ (၂) ပိုင်းပြတ်ထွက်သွားခဲ့ပြီး ဆိုင်ကယ်မောင်းနှင်လာသော အမျိုးသား (၂) ဦးမှာလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသား (၂) ဦးအား ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲနှင့် ရွှေတောင်အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့တို့မှ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#LocalNews
Published _ 7 June 2022
မိန်းကလေးတစ်ဦးအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားပြီး ငွေကြေးအကျိုးအမြတ်ရယူခဲ့သူကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် ရိုးကြီးကျေးရွာတွင်နေထိုင်သည့် ဇော်သက်ထွေး (ခ)ချစ်ထွေး (ခ)နိုင်လင်းသည် မင်းဒဿ အကောင့်ဖြင့် လူမှုကွန်ရက်စာမျက်နှာ အသုံးပြုပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ မ --- (၁၈ နှစ်)အား တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ဟောပေါ့ဆိုင်တွင် အလုပ်လုပ်ကိုင်လိုပါက တစ်လလျှင် ငွေကျပ် ၃၅၀၀၀၀ ရရှိမည်ဟု ပြောဆိုစည်းရုံး၍ တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သည်။
ထို့နောက် တရုတ်အမျိုးသား ဖန်ကွေ့ဆိုသူထံ ရောင်းစား၍ ငွေကြေးအကျိုးအမြတ်ရယူခဲ့သဖြင့် ရွှေပြည်သာမြို့မရဲစခန်း (ပ) ၁၉၁၈ / ၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်၍ မြောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပိုခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တရားခံ ဇော်သက်ထွေး (ခ)ချစ်ထွေး (ခ)နိုင်လင်းကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန်ဇွန်လ ၃ ရက်က အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#LocalNews
Published_7 June 2022
တေးသံရှင်မနောက သားနှင့်သမီးအား သာသာနာ့ဘောင်သို့ အပြီးအပ်နှင်းလိုက်ကြောင်း သူ၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။
"သမီးလေး မေကြေးမုံ နှင့် သားလေးဘုန်းပြည့်စုံ၊ သာသနာ့ဘောင်မှာ အပြီးအပ်နှင်းလိုက်ပြီ၊မိဘတိုင်းသားသမီးများနှင့် ဘယ်ခွဲချင်ပါ့မလဲ၊ သိပ်ကိုပင်ပန်းကြမှာပါ၊ အမှန်တကယ် မေတ္တာအစစ်နဲ့ ပေးဆပ်ချစ်နိုင်ဖို့တော့လိုပါတယ်။ ဒီဘဝအတွက်လောက်ပဲ ချမ်းသာခြင်းကိုပေးတာမဟုတ်ပါ။ သူတို့လေးတွေကို တန်ဖိုးထားသလို လေးစားဦးညွှတ်ပါတယ်၊ ယခင်နှင့် ယခုဘဝတွေက ကျွန်တော်တို့မိဘနှစ်ပါးရဲ့ ဖန်တီးခဲ့သော အကြောင်းများကြောင့် ယခုဘဝမှာ သားလေးသမီးလေးတွေဆိုတဲ့ အကျိုးတရားတွေ သမုဒယတွေရရှိခဲ့ရပြီပေါ့။ နောင်ဘဝဆိုတာကြီးကို ပြန်မရစေဖို့ အကြောင်းတွေ မဖန်တီးဖြစ်အောင် ပြုလုပ်ရခြင်းသာဖြစ်ပါတယ်၊ ခန္ဓာရခြင်းဟာ ဒုက္ခရခြင်း အတိဖြစ်ပါ၍ သမုဒယသစ္စာကို အရှင်းသားကြီးမြင်နိုင်မှာဖြစ်ပါတယ်။ ဤကုသိုလ်များ ကြောင့် အားလုံးသော လူနတ်ဗြဟ္မာသတ္တဝါအပေါင်း ထပ်တူရပါစေခင်ဗျာ"ဟု ယင်းကရေးသားထားသည်။
ယင်းအပြင် တေးသံရှင်မနောက မိမိကိုမိမိ "အများအမြင်၊ ကိုယ်ချင်းမစာသူကြီး"ဟုလည်း ရေးသားထားသည်ကို တွေ့ရသည်။
ymg/mt
#Yangon_Media_Group
#DailyNews
Published - 7 June 2022
၁။ ယခုမိုးရာသီတွင်ကြုံတွေ့နိုင်သည့် သဘာဝဘေးအတွက် ရန်ကုန်တိုင်းရှိလူမှုကူညီရေးအဖွဲ့များ ကြိုတင်ပြင်ဆင်ထားဟုဆို
၂။ YBS စီး ခရီးသွားများအပေါ် အုပ်စုဖွဲ့ခါးပိုက်နှိုက် လုယက်သူများအား ရဲတပ်ဖွဲ့က အသွင်ယူဖမ်းဆီးမှုများစတင်
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ အိန္ဒိယအရာရှိတစ်ဦး၏ အစ္စလာမ်မုန်းတီးရေးမှတ်ချက်များအပေါ် ပင်လယ်ကွေ့တိုင်းပြည်များကန့်ကွက်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 7 June 2022
မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး အဖြစ် ခန့်အပ်ရန် သဘောတူပြီးဖြစ်တဲ့ သံအမတ်ကြီး မစ္စတာ ဂျေအမ် ဂျန်နကာ ပရီယန်သာ ဘန်ဒါရာဟာ ယနေ့ ဇွန်လ (၇)ရက်နေ့ မနက်ပိုင်းမှာ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ယင်းရဲ့ သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ထေရဝါဒဗုဒ္ဓဘာသာ နှစ်နိုင်ငံဖြစ်တဲ့ မြန်မာနှင့် သီရိလင်္ကာအကြား ကာလရှည်ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံမှုကို တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ သံအမတ်ကြီး ဂျေအမ်ဂျာနာကာပရီယန်သာ က ရန်ကုန်မှာရှိတဲ့ သူ့သံရုံးဝန်ထမ်းတွေကို ပြောကြာခဲ့ကြောင်း သီရိလင်္ကာအစိုးရသတင်းဌာန news.lk ကရေးသားခဲ့ပါတယ်။အဲဒီအပြင် နှစ်နိုင်ငံအကြား စီးပွားရေး၊နိုင်ငံရေးနှင့် ယဉ်ကျေးမှုချိတ်ဆက်မှုကို နှစ်ဘက်အကျိုးစီးပွားအတွက် မြှင့်တင်ဆောင်ရွက်သွားမယ်လို့လည်း သူကပြောပါတယ်။
မစ္စတာ ဂျေ၊ အမ်၊ ဂျန်နကာ ပရီယန်သာ ဘန်ဒါရာ ကို ၁၉၆၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် မွေးဖွားခဲ့ပြီး ကိုလံဘိုတက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ကို ၁၉၉၃ ခုနှစ်တွင်ရရှိခဲ့ပါတယ်။ သူဟာ ၁၉၉၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ အလွတ်တန်းရှေ့နေအဖြစ်လည်းကောင်း၊ တွဲဖက် ခရိုင်တရားသူကြီးအဖြစ်လည်းကောင်း၊ ပိုင်ဆိုင်မှုနှင့် မြေယာ စီမံခန့်ခွဲရေးဆိုင်ရာ အစိုးရရှေ့နေအဖြစ်လည်းကောင်း ရာထူးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှစ၍ သမ္မတဟောင်း မစ္စတာမဟင်ဒါရာဂျာပက်ဆာ၏သာသနာရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် လည်းကောင်း၊ ၂၀၀၈ ခုနှစ်မှ ၂၀၀၉ခုနှစ်အထိ အာရပ်စော်ဘွားများ ပြည်ထောင်စုဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး အဖြစ်လည်းကောင်း၊ ၂၀၀၉ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ဆာဘရာဂမူဝါ ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ်လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အထိ လွှတ်တော်ကိုယ်စားလှယ် (အမျိုးသားစာရင်း)အဖြစ်နှင့် လွှတ်တော်ပြည်သူ့အသနားခံစာတင်သွင်းရေး ကော်မတီ ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအလွန်ကာလ တွင်သမ္မတဟောင်း မစ္စတာမဟင်ဒါရာဂျာပက်ဆာ၏ ညှိနှိုင်းရေးမှူး အဖြစ် လည်းကောင်း၊ ၂၀၁၆ ခုနှစ်မှစ၍ အလွတ်တန်းဥပဒေရေးရာ ဝါရင့်အကြံပေးအဖြစ် လည်းကောင်း၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ ဒီဇင်ဘာလအထိ သမ္မတဟောင်း မစ္စတာမဟင်ဒါရာဂျာပက်ဆာမှ ဘဏ္ဍာရေးဝန်ကြီးအဖြစ်ဆောင်ရွက်စဉ် ၎င်း၏ ကိုယ်ရေးအရာရှိအဖြစ် လည်းကောင်း၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လအထိ ဝန်ကြီးချုပ် မစ္စတာ မဟင်ဒါရာဂျာပက်ဆာ၏ လွှတ်တော်ကိစ္စရပ်များဆိုင်ရာ အတွင်းရေးမှူးအဖြစ်လည်းကောင်း အဆင့်ဆင့်တာဝန် ထမ်းဆောင်ခဲ့ပါတယ်။
မြန်မာနိုင်ငံသို့မရောက်ခင် နိုင်ဂျီးရီးယားနိုင်ငံဆိုင်ရာ သီရိလင်္ကာရဲ့ သံအမတ်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ကြောင်းသိရပါတယ်။အသက် ၅၄နှစ်အရွယ်ရှိပြီဖြစ်တဲ့သူဟာ အိမ်ထောင်ရှင်တစ်ဦးလည်းဖြစ်ပါတယ်။
#LocalNews
Published_7 June 2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ တန့်ကြည့်တောင်ပေါ်ရှိ တန့်ကြည့်တောင်စေတီသို့ ဘုရားဖူးလာသော မော်တော်ယာဉ်တစ်စီး ယနေ့ ဇွန်လ ၇ ရက်နံနက်ပိုင်းက ပစ်ခတ်ခံရသောကြောင့် အသက် ၈၀ ခန့်အရွယ် အဖိုးအိုတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။
"ပုဂံညောင်ဦးကနေ တန့်ကြည့်တောင်ဘက်ကို ဟိုက်ဂျက်ကားနဲ့ ဘုရားဖူးသွားတဲ့အဖွဲ့ပါ၊ ဒေသတွင်းလက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ ပစ်ခဲ့လို ကားရှေ့ခန်းမှာလိုက်ပါလာတဲ့ အသက် ၈၀ လောက်အဖိုးကို သေနတ်ကျည်ဆံမှန်ခဲ့ပါတယ်။ အဖိုးမှာ ရင်ဘတ်နဲ့တင်ပါးမှာ သေနတ်ထိတဲ့ဒဏ်ရာရတာ။ ဒဏ်ရာက စိုးရိမ်ရတဲ့အခြေအနေရှိပါတယ်။ အခုတော့ ဆိက္ခဝကျေးရွာက တစ်ဆင့် စက်လှေနဲ့ ညောင်ဦးဆေးရုံကိုတော့ ပို့ပြီးပါပြီ" ဟု အဆိုပါ အခင်းဖြစ်စဉ်ကို ကူညီခဲ့သည့်အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
အဆိုပါ အဖြူရောင် ဟိုက်ဂျက်မော်တော်ယာဉ်သည် ဘုရားဖူးခရီးသည် လူကြီး(၇)ဦး၊ ကလေး (၁)ဦး တင်ဆောင်၍ တန့်ကြည့်တောင်ဘုရားကုန်းပေါ်သို့ မောင်းနှင်ပို့ဆောင်စဉ် လမ်းခရီးတစ်ဝက် အန္တရာယ်ကွေ့ အရောက်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ချောင်းမြောင်းပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
Page 1744 of 1977