Published 24 October 2022
အရှေ့တောင်အာရှနိုင်ငံခြားရေးဝန်ကြီးများက ကြာသပတေးနေ့မှာအထူးအစည်းအဝေးတစ်ရပ်ကျင်းပပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဆွေးနွေးကြမယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
အဲဒီအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာရှိတဲ့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှာ ကျင်းပမှာဖြစ်ပြီး မြန်မာ နစက နှင့် ဆွေးနွေးထားတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ဘုံသဘောတူညီချက် အချက်ငါးချက်နှင့် ပတ်သက်လို့ အကောင်အထည်ဖော်မှုကိစ္စတွေကို ဆွေးနွေးကြမယ်လို့ လက်ရှိ အာဆီယဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရသူ ချမ်ဆောင်ရီကပြောတဲ့အကြောင်း ဟောင်ကောင်အခြေစိုက် တောင်တရုတ်နံနက်ခင်း သတင်းစာမှာဖော်ပြထားပါတယ်။
လာမယ့်လမှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဘယ်လို့ရှေ့သို့ တွန်းမလဲဆိုတာနှင့်ပတ်သက်တဲ့ ထောက်ခံတင်ပြချက်တွေကို အစည်းအဝေးမှာ ဆွေးနွေးရှာဖွေကြမယ်လို့ သူက ပြောပါတယ်။
မလေးရှာနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖုဒင် အဘူဒူလာက ငြိမ်းချမ်းရေးဘုံသဘောတူညီချက်ဟာ သုံးလို့ရသေးသလာဆိုတာကို နိုဝင်ဘာနောက်ဆုံးထားပြီး အာဆီယံက ဆုံးဖြတ်ဖို့လိုတယ်လို့ ပြီးခဲ့တဲ့လက ပြောကြားထားတဲ့အကြောင်း သတင်းမှာရေးသားထားပါတယ်။
Source: SCMP/Reuters
#ASEAN_FM_Meeting
#Myanmar_Politics
#ASEAN_Myanmar
#Local_News
Published_ 24 October 2022
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်တွင် ငွေကျပ် ၃၇၆၄ သိန်း တန်ဖိုးရှိ Ketamine နှင့် Happy Water စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
အောက်တိုဘာ၂၁ ရက် နေ့လယ် ၃ နာရီခွဲအချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ လှိုင်မြို့နယ်၊ (၇)ရပ်ကွက်ရှိ နိုင်လင်းအောင်(ခ)နိုင်လင်း(ခ)သီဟ နေထိုင်သည့် နေအိမ်တိုက်ခန်းအား ဝင်ရောက်ရှာဖွေခဲ့ပါတယ်။
ထိုသို့ရှာဖွေရာ ၎င်းနှင့်အတူ အိပ်ခန်းအတွင်းမှ Ketamine အလေးချိန် ၂ ဒသမ ၉၂ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈၇၆ သိန်း)၊ အက်တက်စီဆေးပြား ၇၀၁၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၂၈၀၄ သိန်း)၊ စိတ်ပြောင်းဆေးဝါးများရောစပ်ထားသောအမှုန့်(Happy Water)အလေးချိန် ၂၈၀ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈၄ သိန်း)၊ ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။
ထို့ကြောင့် နိုင်လင်းအောင်(ခ)နိုင်လင်း(ခ)သီဟ(၂၈)နှစ်အား လှိုင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ymg_mnn
#Yangon_Media_Group
#LocalNews
Published_ 24 October 2022
ရခိုင်ပြည်နယ် စစ်တွေတွင် သုံးရက်ခန့်ကြာပျောက်ဆုံးနေသည့် စတုတ္ထတန်းကျောင်းသား သုံးဦးအနက် တစ်ဦးကို သေဆုံးလျက် ယနေ့ အောက်တိုဘာလ ၂၄ ရက် နံနက်က တွေ့ရှိခဲ့ကြောင်းသိရသည်။
အဆိုပါ သေဆုံးနေသည့် အလောင်းကို စစ်တွေမြို့နယ် ကျေးတောရွာမ ချောင်းအနီးတွေ့ရှိခဲ့ကြောင်း ၊ ချောင်းပေါ်တွင် မျှောကာ ရေပေါ်ပေါ်နေသည့် အဆိုပါကျောင်းသားမှာ ဘုမေရွာ စစ်တွေတက္ကသိုလ်လေးထပ်ဆောင်နေ မောင်ဇွဲဘုန်းခန့်ဖြစ်ကြောင်း၊အလောင်းကို ကျေးတောရွာမချောင်းထဲမှ ဆယ်ယူ၍ စစ်တွေဆေးရုံကြီးသို့ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းက သယ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။
အသက်ဆယ်နှစ်အရွယ် စတုတ္တတန်းကျောင်းသား ၃ ဦးဖြစ်ကြသည့် ပြည်တော်သာရပ်ကွက်နေ မောင်ဟိန်းထက်ဝင်းနိုင်၊ မောင်အောင်လင်းသူ နှင့် ဘုမေ စစ်တွေတက္ကသိုလ် လေးထပ်ဆောင်နေ မောင်ဇွဲဘုန်းခန့်တို့ ၎င်းတို့နေအိမ်မှ ပြင်ပသို့ ကစားရန် ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက် နံနက်ပိုင်းကပင် ထွက်ခွာကြပြီးနောက် ပျောက်ဆုံးနေကြခြင်းဖြစ်သည်။
လက်ရှိတွင် အခြားပျောက်ဆုံးနေသည့် ကျောင်းသားနှစ်ဦးကို ဆက်လက် ရှာဖွေနေကြဆဲ ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group

#LocalNews
Published_24 October 2022
ယနေ့ (အောက်တိုဘာ ၂၄ ရက်) တွင်ကျရောက်သည့် '' ဒီပါဝလီနေ့ ''အတွက်ရည်ရွယ်၍ မြန်မာနိုင်ငံလုံးဆိုင်ရာတမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)မှရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ အခြေခံလူတန်းစားများဖြစ်သော တမီလ်ဟိန္ဒူ ဘာသာဝင်အိမ်ထောင်စုများ အထောက်အပံ့ဖြစ်စေရန်အတွက် အခြေခံစားသောက်ကုန်များကို အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါလှူဒါန်းမှုကို အောက်တိုဘာ ၁၉ ရက်မှ ၂၃ ရက်ထိပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ လှူဒါန်းရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များဖြစ်သော ရန်ကင်း ၊အင်းစိန် ၊ခရမ်း၊ ဒလ၊ လှိုင်သာယာ၊ထန်းတပင်နှင့် ရွှေပြည်သာမြို့နယ်များအပါအဝင် မြို့နယ်စုစုပေါင်း ၁၅ မြို့နယ် ရှိ အခြေခံလူတန်းစားများဖြစ်သော အိမ်ထောင်စု ၂၅၀၀ အတွက် အိမ်ထောင်စုတစ်စုလျှင် ဆန် ၂ ပြည်၊ ဆီ ၁ လီတာတစ်ဗူး၊ ဂျုံ တစ်ပိသာ၊ ၊ကုလားပဲခြမ်း ၅၀ ကျပ်သား၊သကြား ၅၀ ကျပ်သားနှင့်ဆား ၅၀ ကျပ်သားတို့ကို အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာတမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)အနေဖြင့် နှစ်စဉ်ကျရောက်သည့် '' ဒီပါဝလီနေ့ ''မတိုင်မီတိုင်း တမီလ်ဟိန္ဒူ ဘာသာဝင်အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန်များကို အိမ်တိုင်ရာရောက် နှစ်စဉ်သွားရောက်လှူဒါန်းခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကိုဗစ်-၁၉ ကုသရေးဆေးရုံများနှင့် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာများအတွက် ထမင်းဟင်းလျာများနှင့် အချိုပွဲများပါဝင်သော နေ့လည်စာနှင့်ညစာ ထမင်းဗူးများကို နေ့စဉ်ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ကြောင်းလည်း သိရသည်။
#ymg/sth
#Yangon_Media_Group






#LocalNews
Published _ 24 october 2022
သုဝဏ္ဏ-ဒဂုံတောင်ပိုင်းသို့ ဖြတ်သန်းသည့် အမှတ်(၂)ကမာကြည်တံတားပေါ်မှ အောက်တိုဘာ ၂၄ ရက် ယနေ့နံနက်ပိုင်းက အမျိုးသမီးငယ်တစ်ဦးခုန်ချသွားခဲ့ကြောင်း သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့မှ သိရသည်။
မနက် ၉ နာရီကျော်ခန့်က အသက်၂၀ နှစ်ခန့်ရှိ အမျိုးသမီးငယ်တစ်ဦးသည် ၎င်းတွင်ပါလာသည့် ပစ္စည်းများအား အမှတ်(၂) ကမာကြည်တံတား၏ လျှောက်လမ်းတွင်ချထားခဲ့ပြီးနောက် ရေထဲသို့ခုန်ချသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
"ရှာဖွေရေးလုပ်ဖို့အတွက် လူမှုကူညီရေးအသင်းတွေအတော်များများရောက်နေကြပါပြီ၊ လတ်တလောမြေပြင်အခြေအနေကိုတော့ မပြတ်စောင့်ကြည့်နေပါတယ်"ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့၏ သတင်းပြန်ကြားရေး တာဝန်ရှိသူက YMG ကိုပြောသည်။
"အမျိုးသမီးကိုင်ပိုက်ဆံအိတ်၊ ဖုန်း၊ ပိုက်ဆံတစ်ချို့၊ ဆွဲကြိုးနဲ့ လိပ်စာကဒ်တွေလည်း တံတားလျှောက်လမ်းမှာချထားခဲ့တာကိုတွေ့ရပါတယ်" ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။
ယခုချိန်ထိ ကူညီကယ်ဆယ်ရေးတွေကို ပြုလုပ်နေကြပြီး မိုးရွာထားတဲ့အတွက် မြစ်ထဲရေစီးသန်နေတာကြောင့် ရှာဖွေကယ်ဆယ်ရေးအနည်းငယ်နှောင့်နှေးနေရကြောင်း နီးစပ်သူများမှတစ်ဆင့် သိရသည်။
Photo- သာကေတ လူမှုကူညီရေးအသင်း
#ymg/NN
#Yangon_Media_Group



#Local_News
Published_ 24 October 2022
၂၀၂၂ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဥ္စမနေ့ကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ကျောက်စိမ်းအတွဲပေါင်း ၆၆၅ တွဲ ရောင်းချခဲ့ရကြောင်း သိရပါတယ်။
ဒီကနေ့ပြပွဲတွင် ရောင်းချမည့် ကျောက်စိမ်းအတွဲအမှတ် ၁ မှ အတွဲအမှတ် ၇၅၀ အထိ တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက် စစ်ဆေးကာ ကျောက် စိမ်းအတွဲပေါင်း ၆၆၅ တွဲရောင်းချရပါတယ်။
ပြပွဲ ဆဌမနေ့တွင် ကျောက်စိမ်းအတွဲအမှတ် (၇၅၁) မှ (၁၅၀၀) ကိုအိတ်ဖွင့် တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဆက်လက်ရောင်းချပေးသွား မှာဖြစ်ပါတယ်။
ပြပွဲတွင် ပုလဲအတွဲပေါင်း ၄၀၀ အနက်မှ အတွဲပေါင်း ၃၆၂ တွဲနှင့် ကျောက်မျက်အတွဲ ၁၂၀ အနက်မှ အတွဲပေါင်း ၅၅ တွဲရောင်းချခဲ့ရပြီး ကျန်ရှိနေသည့် ကျောက်စိမ်းအတွဲများကိုလည်း အောက်တိုဘာ ၂၄ ရက်မှ ၂၅ ရက်အထိ ဆက်လက်ရောင်းချပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့စတင်ရောင်းချတဲ့ ကျောက်စိမ်းအတွဲများအတွက် ကြမ်းခင်းဈေးကို ယူရိုငွေဖြင့် သတ်မှတ်ထားရှိပြီး ပြည်ပရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့်လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များက ကျပ်ငွေဖြင့် ပေးချေသွားရမှာဖြစ်ပါတယ်။
ygm_mnn
#Yangon_Media_Group

#Local_News
Published_ 24 October 2022
မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် ကျောက်ဆည်မြို့ ဆင်လှူပွဲတော် ဆင်အကအလှပြိုင်ပွဲ အခမ်းအနားကို ကျောက်ဆည်မြို့ ရွှေသာလျောင်းတောင်ခြေတွင် အောက်တိုဘာ ၂၂ ရက်နံနက်ပိုင်းက ကျင်းပရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ဆင် (၆၇) စီးနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါတယ်။
ဦးစွာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပြိုင်ပွဲကို ဖွင့်လှစ်ပေးပြီး ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်ဆင် (၆၇) စီးအတွက် ချီးမြှင့်ငွေကျပ် (၆၇) သိန်း၊ အမှတ်ပေးနှင့် အကဲဖြတ်ဒိုင်အဖွဲ့ (၄) ဖွဲ့အတွက် ချီးမြှင့်ငွေကျပ် (၄) သိန်းနှင့် ဆိုင်းအဖွဲ့ချီးမြှင့် ငွေကျပ် (၁) သိန်းတို့ကို ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။
ဆင်အဖွဲ့များက မြန်မာပြည်သားသီချင်းဖြင့် ကပြနှုတ်ဆက်ကြပြီး မြို့မိမြို့ဖများက အမှတ်တရ ဆင်ရုပ်လက်ဆောင်များကို ပေးအပ်ကြကာ ဆင်အကအလှ စွမ်းရည်ပြဖျော်ဖြေမှုနှင့် ပြိုင်ပွဲဝင်ဆင်အဖွဲ့များက ယှဉ်ပြိုင်ကြပါတယ်။
ဆင်အကအလှပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကိုကျင်းပရာ ရိုးရာဆင် ပထမဆုရ မြင်စိုင်း ဇာနည်ဆင်အဖွဲ့ကို ငွေကျပ်သိန်း (၅၀)၊ ဒုတိယဆုရ မင်းမင်းနိုင် ဆင်အဖွဲ့ကို ငွေကျပ်သိန်း (၃၀)၊ တတိယဆုရ ပိတောက်မြိုင် ဆင်အဖွဲ့ကို ငွေကျပ်သိန်း (၂၀)၊ နှစ်သိမ့်ဆုများရရှိသည့် မျိုးမဟာ (ပြည်အားမာန်) ဆင်အဖွဲ့၊ မြင်စိုင်းရာဇာဆင်အဖွဲ့၊ ဇာနည်ဘွား ဆင်အဖွဲ့တို့ကို ငွေကျပ် (၅) သိန်းစီ ချီးမြှင့်ခဲ့ပါတယ်။
ဘော်ကြယ်ဆင် ပထမဆုရ ဉာဏ်လင်းထက်ဆင်အဖွဲ့ကို ငွေကျပ်သိန်း (၄၀)၊ ဒုတိယဆုရ အများချစ်တဲ့ သားခေတ် ဆင်အဖွဲ့ကို ငွေကျပ်သိန်း (၃၀)၊ တတိယဆုရ မိုးမင်းဆင်အဖွဲ့ကို ငွေကျပ်သိန်း (၂၀)၊ ကလေးဆင်ပထမဆုရ စိမ်းလန်းစိုပြေဘိုကေ ဆင်အဖွဲ့ကို ငွေကျပ်သိန်း (၃၀)၊ ဒုတိယဆုရ ခန့်မှူးပိုင် ဆင်အဖွဲ့ကို ငွေကျပ်သိန်း (၂၀)၊ တတိယဆုရ ဇွဲရတနာဆင်အဖွဲ့ကို ငွေကျပ် (၁၀) သိန်း၊ နှစ်သိမ့်ဆုရ မင်းကျန်စစ်ဆင်အဖွဲ့ကို ငွေကျပ် (၂) သိန်းချီးမြှင့်ပါတယ်။
တီထွင်စမ်းသပ်မှု သဘာဝဆင် ပထမဆုရ ပဏ်ဆင်အဖွဲ့ကို ငွေကျပ်သိန်း (၂၀)၊ ဒုတိယဆုရ ဂရုဏာရှင်ဆင်အဖွဲ့ကို ငွေကျပ် (၁၅) သိန်း၊ ရိုးရာဂုဏ်ထူးဆောင်ဆင် (သက်ကြီးဆင်) ဇော်ဂျီမောင်ဆင်အဖွဲ့နှင့် နွဲ့ဆိုးဆင်အဖွဲ့တို့အတွက် ဂုဏ်ပြုဆုငွေကျပ် (၁၀) သိန်းစီ၊ မြို့မဆင်ဖြူတော်နှင့် မာဃဆင်ဖြူတော်တို့အတွက် ဂုဏ်ပြုဆု ငွေကျပ် (၅) သိန်းစီ၊ ဈေးပတ်ဆင် (၄၈) စီးအတွက် ငွေကျပ် (၉၆) သိန်း စုစုပေါင်းငွေကျပ် (၄၂၈) သိန်း ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။
ygm_mnn
#Yangon_Media_Group
Page 1740 of 2284