#Local_News
Published_ 17 September 2022
မျက်မမြင်များအတွက် အွန်လိုင်းမှ အခမဲ့လေ့လာနိုင်မည့် စီးပွားရေးနှင့် စီမံခန့်ခွဲမှုသင်တန်းများကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမျက်မမြင်များအသင်းမှ သိရသည်၊၊
Strategy First University Extension – SFUx နှင့် မြန်မာနိုင်ငံမျက်မမြင်များအသင်းတို့ ပူးပေါင်း၍ ဖွင့်လှစ်သွားမည်ဖြစ်သည်ဟုဆိုသည်၊၊
အွန်လိုင်းမှ အခမဲ့သင်ကြားပေးမည့် စီးပွားရေးနှင့် စီမံခန့်ခွဲမှုသင်တန်းများအနေဖြင့် Certificate တန်းတစ်ခုခု (သို့မဟုတ်) Diplomaတန်းကို တက်ရောက် နိုင်ကြောင်းသိရသည်၊၊
တက်ရောက်နိုင်သည့် အတန်းများကတော့ Business English၊Business Essential and Employability Skills၊Computing Through Logistics and Supply Chain Managementစသည့်သင်တန်းများ အပါအဝင် သင်တန်းစုစုပေါင်း (၂၂)ခုကို တက်ရောက်နိုင်မည်ဖြစ်သည်၊၊
Certificate တန်းများ တက်ရောက်လိုသူသည် အခြေခံပညာ အထက်တန်းအဆင့်ရှိသူ ဖြစ်ရမည်ဖြစ်ပြီး Diploma တန်းတက်ရောက်လိုသူသည်တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ (သို့) တက္ကသိုလ် တက်ရောက်နေသူ (သို့) ဘွဲ့ရရှိပြီးသူဖြစ်ရမည် ဖြစ်သည်၊၊
Certificate တန်းတက်ရောက်သူများအနေဖြင့် Strategy First University Extension SFUx မှ စစ်ဆေးသည့် Unit ending test များနှင့် Course ending test စာမေးပွဲများ ဖြေဆိုအောင်မြင်ပြီးလျှင် SFUx မှအသိအမှတ်ပြု ချီးမြှင့်သော Certificate ကို ရရှိမည်ဖြစ်ကြောင်း သိရသည်၊၊
ဒီပလိုမာတန်းတက်ရောက်သူများအနေဖြင့် SFUx မှ စစ်ဆေးသည့် Unit ending test များနှင့် Course ending test စာမေးပွဲများ ဖြေဆိုအောင်မြင်ပြီးလျှင် စီးပွားရေး စီမံချက်တစ်ခုကိုရေးဆွဲ၍ တင်သွင်းရမည်ဖြစ်ပြီး ၎င်းစီးပွားရေးစီမံချက်အား SFUx မှ အသိအမှတ်ပြုမှသာ SFUx မှ ချီးမြှင့်သော ဒီပလိုမာကို ရရှိမည်ဖြစ်ကြောင်း ဖော်ပြထားသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published _ 17 september 2022
ဆန်စပါးဈေးဟာ ရန်ကုန်ဈေးကွက်တွင် အရောင်းအဝယ်အေးနေပြီး အဝင်ပုံမှန်ရှိနေကြောင်း သိရသည်။ ပြီးခဲ့သည့် အပတ်နှင့် နှိုင်းယှဉ်မည်ဆိုလျှင် ဆန်ဈေးအချို့က ဆက်ပြီး ဈေးတက်လာကာ အိန္ဒိယနိုင်ငံက ဆန်တင်ပို့မှုနှင့်ပတ်သတ်၍ ကန့်သတ်လိုက်သည့် သတင်းများကြောင့် အာရှ ဆန်အရောင်းအဝယ် ဈေးကွက်တွင် လှုပ်ခတ်သွားခဲ့ပြီး ပြည်တွင်း၌လည်း ဆန်ဈေးတွေက ဆက်ပြီး တက်နိုင်ချေရှိနေကြောင်း ဆန်ကုန်သည်များက သုံးသပ်ထားသည်။
ပေါ်ဆန်းဆန်က တစ်အိတ်ကို ၆၁,၀၀၀ မှ ၆၃,၅၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၅၀၀ ကျပ်၊ ကြားပျံရှယ်ကတော့ တစ်အိတ်ကို ၆၅,၀၀၀ မှ ၆၈,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၀၀၀ ကျပ်၊ ရက် ၉၀ မှာ တစ်အိတ်ကို ၄၇,၀၀၀ ကနေ ၄၉,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၅၀၀ ကျပ်၊ သီးထပ်ရှယ်မှာ တစ်အိတ်ကို ၄၃,၀၀၀ ကနေ ၄၄,၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂,၅၀၀ ကျပ် အသီးသီးဈေးမြင့်တက်လာသည်။
နယ်ဈေးကွက်များတွင် စပါးဈေးက ၁၂သိန်း မှ ၁၅ သိန်းကြား ရှိနေကြောင်း သိရသည်။
ဆန်စပါးကုန်စည်ဒိုင်မှာ ပေါ်ဆန်းဆန်များ တစ်အိတ်လျင် ၅၂,၀၀၀ မှ ၇၇,၀၀၀ ကြား ဖြင့် ရောင်းချပေးတာတွေ ပြုလုပ်ပေးနေသော်လည်း လက်လီဈေးကွက်တွင် ပေါ်ဆန်းတစ်အိတ်ကို ငွေကျပ် ၁ သိန်းကျော်ထိ ပေါက်ဈေးရှိနေသည်ဟု သိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published - 17 September 2022
ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိသည်ဟုဆိုကာ နိုင်ငံခြားငွေလဲလှယ်ရေး လုပ်ငန်းတစ်ခုကို လိုင်စင်သုံးလဆိုင်းငံ့ထားကြောင်း ဗဟိုဘဏ်မှထုတ်ပြန်ထားသည်။
ရန်ကုန်မြို့ရှိ နေရာငါးခုတွင် နိုင်ငံခြားငွေလဲလှယ်ရေး ကောင်တာ (၅) ခုဖွင့်လှစ်ထားသည့် Family Moe Paing Co.,Ltd ကို စက်တင်ဘာ ၁၉ ရက်မှ စတင်၍ သုံးလ လိုင်စင်ဆိုင်းငံ့လိုက်ကြောင်း ဖော်ပြထားသည်။
အဆိုပါ ကုမ္ပဏီသည် ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၂ ကို ဖောက်ဖျက်ခဲ့ကြောင်း၊ ယင်းကြောင့်စက်တင်ဘာ လ ၁၉ ရက်မှစပြီး နိုင်ငံခြားငွေ ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ လဲလှယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခွင့်မရှိကြောင်း ဗဟိုဘဏ်က အသိပေးထားသည်။
#Ymg/STH
#Yangon_Media_Group
#Local_News
Published_ 17 September 2022
(၁၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် စီပွားရေးနှင့် ရင်းနှီးမြုပ်နှံမှုပွဲတော်ဖွင့်ပွဲကို တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ရှိ Nanning International Exhibition and Convention Center ၌ စက်တင်ဘာ ၁၆ ရက်တွင် Hybrid စနစ်ဖြင့် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံမှ ပြခန်း ၃၀ ပါဝင်ပြသနေပါတယ်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက ဗီဒီယိုအမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားသို့ တရုတ်ပြည်နိုင်ငံ၊ ဒုတိယဝန်ကြီးချုပ် မစ္စတာဟန်ကျန့်၊ ကွမ့်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအုပ်ချုပ်ရေးမှူး၊ အာဆီယံနိုင်ငံများမှသံအမတ်ကြီးများ၊ ကောင်စစ်ဝန်ချုပ်များနှင့် အာဆီယံ-တရုတ်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ပြီး အာဆီယံနိုင်ငံများမှ အကြီးအကဲများကလည်း ဗီဒီယိုအမှာ စကားများပြောကြားခဲ့ပါတယ်။
(၁၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်မှ ၁၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် မြန်မာအမျိုးသားပြခန်းဆောင်နှင့် ဒေသတွင်း ဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) နိုင်ငံများ ပြခန်းဧရိယာတွင် မြန်မာနိုင်ငံကိုယ်စားပြု ပြခန်းများပါဝင်ပါတယ်။
မြန်မာ့ပို့ကုန်ပစ္စည်းများ တိုးမြှင့်တင်ပို့နိုင်ရန်အတွက် ကုန်စည်ပြခန်းဆောင်တွင် ကျောက်မျက်ရတနာများ၊ သစ်သားပရိဘောဂများ၊ လယ်ယာထွက်ကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများစသည့် ကုန်စည်ပြခန်းများကို ပြခန်း (၃၀) ပါဝင်ပြသလျက် ရှိကြောင်း သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published-17 Setember 2022
ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ ဆက်တိုက်ကျဆင်းလာခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။
စက်တင်ဘာလ ၁၆ ရက်နေ့တွင် 92 တစ်လီတာ ၂၃၆၅ ကျပ်၊ 95 တစ်လီတာ ၂၄၅၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၆၁၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၇၀၀ ကျပ်ဖြစ်ပြီး ယနေ့တွင် 92 တစ်လီတာ ၂၁၈၀ ကျပ်၊ 95 တစ်လီတာ ၂၂၇၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၅၈၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာကို ၂၆၆၅ ကျပ်အထိ ကျဆင်းခဲ့ကြောင်း သိရသည်။
ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ စက်တင်ဘာလ ၁၅ ရက်မှစတင်ကျဆင်းလာခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင်လည်း စက်သုံးဆီကို ရှရှားနိုင်ငံမှ မှာယူထားပြီး ပြည်တွင်း၌ စက်သုံးဆီပြတ်လပ်ခြင်းမရှိအောင် စီမံဆောင်ရွက်ပေးထားကြောင်း သိရသည်။
ယင်းအပြင် စက်သုံးဆီဈေးနှုန်းကြီးမြင့်လာခြင်းကြောင့် ကုန်ဈေးနှုန်းမြင့်တက်လာမှုကို သက်သာစေရန် ဗဟိုဘဏ်မှ ဈေးကွက်ထဲတွင် ကန်ဒေါ်လာ သန်း၂၀၀ ထောက်ပံ့သွားမည်ဖြစ်ကြောင်းလည်း အသိပေးကြေညာထားသည်။
ရန်ကုန်၊ မန္တလေးအပါအဝင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းဖြင့် ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှု ကော်မတီမှ သိရသည်။
#Ymg/STH
#Yangon_Media_Group
#Local_News
Published-17 Setember 2022
မိုဘိုင်းငွေပေးချေမှုအသုံးပြုသူများအနေဖြင့် ငွေလွှဲအကောင့်များအား Level 2 အဆင့်မြှင့်တင်ထားရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီအဆင့်မမြှင့်တင်နိုင်သော အကောင့်များကိုဖျက်သိမ်းသည်အထိ ဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးကြေညာထားသည်။
မသမာသူများမှ အချက်အလက်များ မှန်ကန်စွာဖြည့်စွက်ခြင်းမရှိဘဲ မိုဘိုင်းငွေပေးချေမှုအချို့အား အသုံးချ၍ မသမာသည့် နည်းလမ်းဖြင့်တရားမဝင် ငွေလွှဲပြောင်းမှုများနှင့် ငွေကြေးလိမ်လည်မှုများ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ယင်းအပြင် ငွေကြေးလိမ်လည်မှုများကြောင့် အများပြည်သူများ၏ နစ်နာဆုံးရှုံးမှုများကို ဖြေရှင်းဆောင်ရွက်ရာတွင်လည်း ဆောင်ရွက်သူများအနေဖြင့် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များအား မှန်ကန်ပြည့်စုံစွာ ဖြည့်သွင်းဆောင်ရွက်ထားမှသာလျှင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းအပြင် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုများဆောင်ရွက်ရာတွင်လည်း ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများတွင် ဆောင်ရွက်ရသည့် အီလက်ထရောနစ်စနစ်ဖြင့် ဆက်သွယ်ဆောင်ရွက်သူများအား ကောင်းစွာသိရှိခြင်းလုပ်ငန်းစဉ်ကို နိုင်ငံတကာစံနှုန်းများနှင့်အညီ မိုဘိုင်းငွေကြေးစာရင်းများတွင် ဖြည့်စွက်ထားသည့်အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်နှင့် ဆင်းမ်ကတ်နံပါတို့အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဝန်ကြီးဌာနမှ အီလက်ထရောနစ် မှတ်ပုံတင်ခြင်းဒေတာဘေ့စ်နှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဒေတာဘေ့စ်ရှိ အချက်အလက်များဖြင့် တိုက်ဆိုင်စစ်ဆေးခြင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။
ဗဟိုဘဏ်၏ တရားဝင်ခွင့်ပြုချက်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ဘဏ်ဦးဆောင်မှုပုံစံဖြင့် ဆောင်ရွက်လျက်ရှိသည့် မိုဘိုင်းပေးဝန်ဆောင်မှုလုပ်ငန်းများ၊ မိုဘိုင်းဘဏ်လုပ်ငန်းဆောင်ရွက်ခွင့် ရရှိထားသောဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်သည့်လုပ်ငန်းများ၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ၊ ရောင်းချသူကိုယ်စားငွေကောက်ခံရှင်းလင်းသည့်စနစ် ဝန်ဆောင်မှုလုပ်ငန်းစသည့် မိုဘိုင်းငွေပေးချေမှုအသုံးပြုသူများအနေဖြင့် နီးစပ်ရာကိုယ်စားလှယ်များ၊ ဘဏ်များသို့သွားရောက်၍ မိမိတို့၏ကိုယ်ရေးအချက်အလက်များအား အဆင့် (၂) သို့အချိန်မီမြှင့်တင်ရန် လိုအပ်ကြောင်းနှင့် အဆင့် (၂) သို့တိုးမြှင့်လိုခြင်းမရှိသော မိုဘိုင်းငွေကြေးစာရင်းပိုင်ရှင်များအနေဖြင့် မိမိတို့လက်ကျန်ငွေများအား အသုံးပြုနိုင်မည့်နည်းလမ်းများကို ဘဏ်များ၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆက်သွယ်ဆောင်ရွက်ရန်လည်း အသိပေးထားသည်။
#Ymg/STH
#Yangon_Media_Group
#Local_News
Published_ 17 September 2022
အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့၊ အပြည်ပြည်ဆိုင်ရာစာရင်းရှင်းလင်းရေးဘဏ်နှင့် ဗီယက်နမ်နိုင်ငံဗဟိုဘဏ်တို့မှ ကြီးမှူးကျင်းပသည့် အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့- အပြည်ပြည်ဆိုင်ရာ စာရင်းရှင်းလင်းရေးဘဏ်တို့၏ အဆင့်မြင့် အရာရှိများဆွေးနွေးပွဲကို စက်တင်ဘာ ၁၅ ရက်နှင့် (၂၁) ကြိမ်မြောက် အရှေ့တောင် အာရှဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများအစည်းအဝေးကို စက်တင်ဘာ ၁၆ ရက်တို့တွင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင် တက်ရောက်ခဲ့ပါတယ်။
အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့-အပြည်ပြည်ဆိုင်ရာ စာရင်းရှင်းလင်းရေးဘဏ်တို့၏ အဆင့်မြင့်အရာရှိများ ဆွေးနွေးပွဲတွင် ဗီယက်နမ်ဗဟိုဘဏ်၏ ဒုတိယဥက္ကဋ္ဌ Mr. Pham Thanh Ha ၊ SEACEN Centre ရဲ့ အမှုဆောင်ဒါရိုက်တာဖြစ်သူ Dr. Mangal Goswami နှင့် အပြည်ပြည်ဆိုင်ရာ စာရင်းရှင်းလင်းရေးဘဏ်၏ Chief Representative ဖြစ်သူ Mr. Tao Zhang တို့က နှုတ်ခွန်းဆက်စကားများ ပြောခဲ့ကြပါတယ်။
ဆွေးနွေးပွဲတွင် SEACEN အဖွဲ့ဝင်ဗဟိုဘဏ်(၁၉)ဘဏ်တို့မှ ဒုတိယဥက္ကဋ္ဌများ၊ SEACEN အမှုဆောင်ဒါရိုက်တာနှင့် အစည်းအဝေးတက်ရောက်လာသူများက ၎င်းတို့၏ အတွေ့အကြုံ အသိအမြင်များကို အမြင်ချင်းဖလှယ်ဆွေးနွေးကြပါတယ်။
စက်တင်ဘာ ၁၆ ရက်တွင် (၂၁) ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ အစည်းအဝေးကို ဆက်လက်ကျင်းပရာ အစည်းအဝေးတွင် လာမည့် ၂၀၂၃ ခုနှစ်တွင်ဆောင်ရွက်မည့် ဦးစားပေးလုပ်ငန်းများ၊ ၂၀၂၃ ခုနှစ်အတွက် ဘတ်ဂျက် လျာထားမှု၊ SEACEN စင်တာမှ ကြီးမှူးဆောင်ရွက်လျက်ရှိတဲ့ မဟာဗျူဟာမြောက် စီမံကိန်းများဆောင်ရွက်မှု၊ SEACEN စင်တာတွင် ဒါရိုက်တာများ ခန့်အပ်မှု၊ SEACEN အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ၊ ၂၀၂၃-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် External Auditor ခန့်အပ်မှုနှင့်စပ်လျဉ်း၍ SEACEN အမှုဆောင်ဒါရိုက်တာ Dr. Mangal Goswami နှင့် ဗီယက်နမ်နိုင်ငံဗဟိုဘဏ်၏ ဒုတိယဥက္ကဋ္ဌ Mr. Pham Thanh Ha တို့က တင်ပြဆွေးနွေးခဲ့ ပါတယ်။
ထို့နောက် SEACEN အဖွဲ့ဝင်ဗဟိုဘဏ် (၁၉) ဘဏ်တို့မှ ဒုတိယဥက္ကဋ္ဌများက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အကြုံပြုဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group
Page 1568 of 2036