#DailyNews
Published - 15 August 2022
၁။ ရန်ကုန်တိုင်းက ကိုဗစ်လူနာများကို ပြည်သူ့ဆေးရုံ(၂) ရုံနှင့် ရိုးမကိုဗစ်စင်တာကို နေ့စဉ်ပို့ဆောင်ပေးနေ
၂။ ပြောင်းလဲသတ်မှတ်လိုက်သည့် ငွေဈေးနှုန်းကြောင့် ပဲဈေးနှုန်းတက်လာ
၃။ မသန်စွမ်းသူများအတွက် အခမဲ့ အသက်မွေးဝမ်းကျောင်းပညာအတတ်သင် သင်တန်းကို လာမည့်စက်တင်ဘာလတွင် ဖွင့်လှစ်သွားမည်
၄။ မိုးခေါင်ရေရှားမှုကြောင့် မော်ရိုကိုစိုက်ပျိုးရေးကဏ္ဍကြပ်တည်းလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published - 15 August 2022
ယနေ့(ဩဂုတ်လ ၁၅ ကနေ ၂၁ ရက်နေ့အထိ) ရန်ကုန်စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ ၄၁၄၀ ကျပ်ဖြစ်တယ်လို့ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သတ်မှတ်ကြေညာထားပါတယ်။
#Yangon_Media_Group
#Local_News
Published_15 August 2022
ဒေါ်အောင်ဆန်းစုကြည် တရားစွဲဆိုခံထားရသော အမှုများအနက် အဂတိအမှု ၄ မှုနှင့် ပတ်သက်၍ ထောင်ဒဏ် စုစုပေါင်း ၆ နှစ်ကို ယနေ့ ချမှတ်လိုက်သည်။
ယင်းအမှုများမှည ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပတ်သက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် စွဲဆိုခံထားရသော အမှု ၄ မှု ဖြစ်ပြီး ယနေ့ သြဂုတ်လ ၁၅ ရက်တွင် နေပြည်တော်အကျဉ်းထောင်အထူးတရားရုံးရုံးချိန်းတွင် ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။
"အမှုနံပါတ် ၃၊၄၊၅ ၊၂၅ ကို တစ်မှုကို ၃ နှစ်စီ ချတယ်။ ဒါပေမဲ့ အမှုအမှတ် ၃၊ ၄၊ ၅ က နေပြည်တော်က ကိစ္စတွေဖြစ်တာကြောင့် တစ်ပေါင်းတည်းကျခံဖို့ ဆုံးဖြတ်တာ ဆိုတော့ အမှု ၃ ခုပေါင်း ၃ နှစ် ဖြစ်တယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က အမှု နံပါတ် ၂၅ (ရန်ကုန်အမှုအတွက်) ၃ နှစ် ၊ အမှုနံပါတ် ၃၊၄၊၅ အတွက် တစ်ပေါင်းတည်း ကျခံရမှာ ဖြစ်တာကြောင့် အားလုံး စုစုပေါင်း ၆ နှစ် ကျတယ်။ သူနဲ့ အမှုတွဲမှာ ပါတဲ့ ဒေါက်တာမျိုးအောင် က အမှု နှစ်ခု တွဲတယ်။ သူက တစ်မှုကို ၃ နှစ်စီဆိုပေမဲ့ တစ်ပေါင်းတည်း ဖြစ်လို ၃ နှစ် ကျတယ်။ ဦးရဲမင်းဦးက တစ်မှု ဖြစ်တယ်၊ ဒါကြောင့် ၃ နှစ် ၊၊ ဦးရဲမင်းဦး၊ နေပြည်တော်စည်ပင်အရာရှိဟောင်း ဦးမင်းသူက ၂ နှစ်ပေါ့"တရားရုံးနှင့် နီးစပ်သူက ပြောသည်။
အဆိုပါ အမှုများအတွက် တရားစတင်စွဲဆိုခဲ့သည့်အချိန်မှစ၍ အပြီးသတ် အမိန့်ချသည်သည် တရားရင်ဆိုင်ရသည့် ကာတ တစ်နှစ်ကျော် ကြာမြင့်ခဲ့ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published - 15 August 2022
ထိုင်းဘတ်ငွေလဲလှယ်နှုန်းမြင့်တက်နေပြီး တစ်ဘတ်ကို မြန်မာကျပ်ငွေ ၈၀ ကျပ်နီးပါးထိ မြင့်တက်လာကြောင်းငွေကြေးဈေးကွက်မှ သိရသည်။
ထိုင်းဘတ်ငွေလဲလှယ်နှုန်းသည် ပြီးခဲ့သည့် တစ်ပတ်အတွင်း၌ ထိုင်းတစ်ဘတ်ကို မြန်မာ ငွေကျပ် ၆၉ ကျပ်ဝန်းကျင်ရှိခဲ့ပြီး ယခုရက်ပိုင်းတွင် ထိုင်းတစ်ဘတ်ကို မြန်မာကျပ်ငွေ ၈၀ ဝန်းကျင်အထိရှိလာကြောင်း သိရသည်။
လက်ရှိတွင် ထိုင်းဘတ်ငွေလဲလှယ်နှုန်းမြင့်တက်နေခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေအနေဖြင့် အခက်အခဲတွေ ရှိလာကြောင်း သိရသည်။
ထိုင်းဘတ်ငွေဈေး စံချိန်တင်မြင့်တက်လာခြင်းကြောင့် ကုန်သည်တွေအနေဖြင့် အခက်တွေ့နေပြီး ကုန်စည်ဈေးနှုန်းတွေသည်လည်း အချိန်နှင့်အမျှ ပြောင်းလဲနေကြောင်း သိရသည်။
လက်ရှိအခြေအနေတွင် ဒေါ်လာငွေ၊ ထိုင်းဘတ်ငွေ၊ တရုတ်ယွမ်ငွေ စသည့် ငွေလဲလှယ်နှုန်းအားလုံး မြင့်တက်လျက်ရှိနေပြီး မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာနေကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published_15 August 2022
လူမှုကွန်ရက်ပေါ်တွင် စက်သုံးဆီဝယ်ယူရန် စောင့်ဆိုင်းနေရခြင်းနှင့် စက်သုံးဆီများ ပြတ်လပ်နေခြင်းများ ဖြစ်ပေါ်နေကြောင်း သတင်းများထွက်ပေါ်မှုမှာ ကောလဟာလသာဖြစ်ပြီး လက်ရှိတွင် စက်သုံးဆီ ဂါလန် သိန်းနှင့်ချီရှိကာ မကြာမီရက်ပိုင်းအတွင်း ဆီသင်္ဘော ၁၂ စင်း ထပ်မံဝင်ရောက်ရန်လည်းရှိနေသေးကြောင်းပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများအား သြဂုတ်လ ၁၅ ရက်က ပြောသည်။
“မနေ့က(သြဂုတ်လ ၁၄ရက်)ဆိုရင် သင်္ဘောတစ်စီးပေါ့၊ စက်သုံးဆီ သီလဝါဆိပ်ကမ်းမှာ ချပါတယ်။ ဒီနေ့(သြဂုတ်လ ၁၅ ရက်) ဆိုရင် သင်္ဘော လေးစီး သီလဝါဆိပ်ကမ်းမှာ စက်သုံးဆီချလျက်ရှိတယ်။ 92၊ 95၊ Premium Desel၊ Diesel အားလုံးပေါင်း တန် ၆ဝဝဝဝ လောက် ရှိပါတယ်။ ဂါလံ တစ်ဆယ့်သုံးသိန်းလောက် ရှိတာပေါ့။ 92 ဆိုရင် ၂၇ဝဝဝ တန်လောက် ဒီနေ့ ((သြဂုတ်လ ၁၅ ရက်)ရောက်ရှိနေပြီ ဖြစ်တယ်။ 95 ဆိုရင် တန် ၃ဝဝဝ ကျော် ရှိပါတယ်။ Diesel တန် ၆ဝဝဝ ရှိတယ်။ Premium Diesel ၂၂၆ဝဝ တန်ကျော် ရှိပါတယ်။ အဲ့တာတွေ ဒီနေ့ (သြဂုတ်လ ၁၅ ရက်)ချလျက်ရှိပါတယ်။ နောက်တစ်ခုက သြဂုတ် ၁၈ ရက်နေ့ဆိုရင် နောက်ထပ် တန်ချိန် ၂ဝဝဝဝ သင်္ဘော ထပ်ဝင်ဖို ရှိတယ်။ သြဂုတ်၁၉ ရက်နေ့မှာလည်း တန်ချိန် ၂၃ဝဝဝ လောက် သင်္ဘောထပ်ဝင်ဖို့ရှိတယ်။ နောက်ထပ် သင်္ဘော ၁၂ စင်းလည်း ထပ်ဝင်ဖို့ ရှိပါတယ်။ ပြည်သူလူထုကို အသိပေးချင်တာက ဒီကောလဟာလတွေကို တမင်သက်သက်ကို ထုတ်လွှင့်နေတဲ့သူတွေ ရှိပါတယ်။ ဒီကောလဟာလတွေကို မယုံကြည်ကြဖို့ ပြောချင်တယ်။ ဒီဟာနဲ့ပတ်သက်ပြီး လှုံ့ဆော်မှုပေါ့၊ မငြိမ်သက်မှုဖြစ်အောင် လှုံ့ဆော်နေတာတွေရှိတယ်၊ ဒါတွေကို မယုံကြည်ကြဖို့ ပြောချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ကမ္ဘာမှာ စက်သုံးဆီဈေးနှုန်းတွေကတော့ သူ့ရဲ့ဈေးနှုန်းတွေအတိုင်းပဲ တက်နေတာတွေ ရှိတယ်။ နိုင်ငံတော် အစိုးရအနေနဲ့ကတော့ ပြည်သူလူထုကို ကျွန်တော်တို့ စက်သုံးဆီနဲ့ပတ်သက်ပြီး သက်သာစွာ ဝယ်ယူသုံးစွဲနိုင်အောင် စီစဉ်ပေးလျက်ရှိတယ်။
ကျွန်တော်တို့ တတ်နိုင်တဲ့အပိုင်းဖြစ်တဲ့ အခွန်လျော့ပေါ့တာတို့၊ စက်သုံးဆီ တင်သွင်းနိုင်ဖို့အတွက် နိုင်ငံခြားငွေ ရောင်းချပေးတာတွေ ကျွန်တော်တို့ ဒါအဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိတယ်”ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ယင်းအပြင် ဆီဆိုင်များ၌ မူလသိုလှောင်သည့် ပမာဏအပြင် အရန်ဆီများလည်း သိုလှောင်ထားရှိကြောင်း၊ စက်သုံးဆီ စုပြုံဝယ်ယူမှုကြောင့် မူလသိုလှောင်သည့် ပမာဏသို့အရန်စက်သုံးဆီမှ ပြန်ဖြည့်ချိန်တွင် စက်သုံးဆီ အချိန်ပိုင်း ပြတ်လပ်မှု ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းကဆိုသည်။
“ကုမ္ပဏီကြီးတွေရဲ့ ဆီဆိုင်တွေမှာလည်း သူ့ရဲ့ သိုလှောင်တဲ့ပမာဏရှိပါတယ်။ အရန်လည်း ရှိပြီးသားပါ။ အဲအချိန်မှာ စုပြုံပြီး ဝယ်ယူတဲ့အတွက်ကြောင့် မလို သိုလှောင်ထားတဲ့ ပမာဏက ပြန်ပြီးတော့ အရန်ထဲကနေ ပြန်ဖြည့်ရတာရှိတယ်။ အဲဒီ ဖြည့်တဲ့အချိန်မှာ အချိန်ပိုင်း စက်သုံးဆီ ပြတ်လပ်မှုဖြစ်ခဲ့တယ်။ ဒီအပေါ်မူတည်ပြီး ထပ်ဖွတော့ စက်သုံးဆီဆိုင် အငယ်တွေကပါ ချွေရောင်းတာတို၊ သူတို သတင်းမသိရတာအတွက် လုပ်တာတို့ ဖြစ်ပေါ်ခဲ့ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_15 August 2022
ထိုင်းနိုင်ငံအတွင်းအကျဉ်းကျခံနေရသည့် "ဝင်း"နှင့် "ဇော်" အပါအဝင်မြန်မာရွေ့ပြောင်းအလုပ်သမားများ အကျိုးခံစားခွင့် ရရှိနိုင်မည်ဟု မျှော်လင့်ရကြောင်း ထိုင်းနိုင်ငံ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED) အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်ထံမှ သိရသည်။
ထိုင်းနိုင်ငံတောင်ပိုင်း၊ လိပ်ကျွန်းလူသတ်မှုတွင် ပါဝင်ကျူးလွန်းခဲ့သည်ဟု စွတ်စွဲချက်ဖြင့် လွန်ခဲ့သော ၂၀၁၄ ခုနှစ် ကတည်းက အကျဉ်းကျခံနေသည့် မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်းတို့အနေဖြင့် အဆိုပါလွတ်ငြိမ်းချမ်းသားခွင့် အကျိုးခံစားခွင့် ရမရကို ရှင်းရှင်းလင်းမသိရသေးသော်လည်း၊ တစ်စုံတစ်ရာ လျှော့ရက်များအကျိုးခံစားရလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၂၈) ရက်တွင်ကျရောက်ခဲ့သည့် ထိုင်းနိုင်ငံဘုရင်မင်းမြတ်၏ နှစ်(၇၀)ပြည့် အထိမ်းအမှတ်နှင့် သြဂုတ်လ (၁၂)ရက်တွင်ကျရောက်ခဲ့သည့်ဘုရင်ကြီး၏ မယ်တော်မွေးနေ့အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံအတွင်း အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသည့် အကျဉ်းသားတစ်သိန်းကျော်ကို ထိုင်းနိုင်ငံ၏ ဘုရင့်အမိန့်တော်အရ စောလျင်စွာလွှတ်ပေးခြင်းနှင့် ပြစ်ဒဏ်များ လျှော့ပေါ့ပေးခြင်းများကို ပြုလုပ်မည်ဟု ဘန်ကောက်ပို့စ်သတင်းစာတွင် ရေးသားထားခြင်းအပေါ် ယင်းက ကိုးကားပြောဆိုခြင်း ဖြစ်သည်။
အဆိုပါလွတ်မြောက်မည့်အကျဉ်းသားများထဲတွင် ထိုင်းအကျဉ်းထောင်များက ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာခဲ့သည့် မြန်မာရွေ့ပြောင်းအလုပ်သမားအကျဉ်းသားများလည်း ပါဝင်မည်ဟု မျော်လင့်ရကြောင်း သိရသည်။
ymg/mt
#Yangon_Media_group
#Local_News
Published - 15 August 2022
တရုတ် ယွမ်လဲလှယ်နှုန်းသည် စံချိန်တင်မြင့်တက်နေပြီး ယွမ် ၁၀၀ ကို ကျပ် ၄၀,၀၀၀ ကျော်အထိ မြင့်တက်လျက်ရှိကြောင်း တရုတ်-မြန်မာနယ်စပ် မူဆယ်ကုန်သည်ဈေးကွက်မှ သိရသည်။
အဆိုပါ ယွမ်ဈေးနှုန်းသည့် ပြီးခဲ့သည့် ရက်ပိုင်းကစပြီး ဆက်တိုက်မြင့်တက်နေ ခြင်းဖြစ်ကာ ငွေလဲနှုန်းမြင့်တက်နေခြင်းကြောင့် ကုန်ပစ္စည်းများလည်း ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း မူဆယ်ကုန်သည်တစ်ဦး၏ ပြောပြချက်အရ သိရသည်။
ပုံမှန်အားဖြင့် တရုတ်ယွမ်ငွေ ၁၀၀ ကို ကျပ် ၂၀,၀၀၀ ဝန်းကျင်သာရှိသော်လည်း ယခုအခါ ကျပ် ၄၀,၀၀၀ ကျော်အထိမြင့်တက်လာခြင်းသည် ယခုနှစ်အတွင်း စံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ငွေကြေးစျေးကွက်မှ သိရသည်။
လက်ရှိတွင် ယွမ်ကျပ် တိုက်ရိုက်လဲလှယ်ပြီး တရုတ်ယွမ်ငွေလဲနှုန်းသည့် ယခု (ဩဂုတ်) လဆန်းပိုင်းက စတင်ပြီး တရိပ်ရိပ် မြင့်တက်လာကာ ယွမ် ၁၀၀ ကိုကျပ် ၃၀,၀၀၀ ကျော်အထိ စတင်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်နေသည့် ကုန်သည်များသည် မြန်မာငွေမကိုင်ဘဲ တရုတ်ငွေများနှင့် လဲလှယ်နေခြင်းကြောင့် ပြည်တွင်းစျေးကွက်တွင်ယွမ်ငွေလဲလှယ်နှုန်း မြင့်တက်သွားခြင်းဖြစ်ကြောင်း သိရသည်။
ymg/sth
##Yangon_Media_Group
Page 1469 of 1863