#DailyNews
Published - 16 August 2022
၁။ ပြည်တွင်း ရွှေဈေး ပြင်ပပေါက်ဈေး ၂၈ သိန်းနီးပါးဖြစ်နေပြီး ဒေါ်လာ ၃၀၀၀ ကျော်အထိ မြင့်တက်နေ
၂။ ဒေါ်လာဈေးကို ထိန်းချုပ်ခြင်းကြောင့် မှောင်ခိုဈေးကွက်ကြီးလာခြင်း ဖြစ်ဟုဆို
၃။ ပြည်တွင်းတွင် အိုမီခရွန်ပိုးသစ်ကူးစက်မှုရှိနေသဖြင့် ပွဲများ၊အခမ်းအနားများကို ကိုဗစ်စည်းကမ်းချက်နှင့်အညီ ကျင်းပရမည်ဟုဆို
၄။ ကမ္ဘာ့အမြင့်ဆုံး တောင်ထိပ်များတက်ရောက်သည့်စံချိန်ကို နော်ဝေးတောင်တက်အမျိုးသမီးက ထပ်ချိုးရန်ကြိုးစားနေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published - 16 August 2022
လိပ်ကျွန်းလူသတ်မှုနဲ့ ထောင်ဒဏ်တစ်သက် တစ်ကျွန်းကျခံနေရတဲ့ ဝင်းနဲ့ ဇော်ဟာ လွတ်ငြိမ်းချမ်းသာခွင့်မှာ မပါဝင်လာသေးဘူးလို့ အလုပ်သမားအရေးဆောင်ရွက်သူများဆီက နေသိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_16 August 2022
အဖမ်းခံထားရသည့် မှတ်တမ်းရိုက်ကူးသူဂျပန်နိုင်ငံသားကို အမှုအားလုံးပြတ်မှ လုပ်သင့်သည်ကိုလုပ်မည်ဟု နစက က ယနေ့ သြဂုတ်လ ၁၆ ရက်က ထုတ်ပြန်လိုက်သည်။
ယင်းမှာ အသက် ၂၆ နှစ်အရွယ်မစ္စတာ Toru Kubota ဆိုသူဖြစ်ပြီး ဇူလိုင်လ ၃၀ ရက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) City Max အနီး ဆန္ဒပြမှုတွင် အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ မစ္စတာ Toru Kubota ကို ဥပဒေအရ တရားစွဲဆိုအမှုဖွင့်ထားကြောင်း၊ သက်ဆိုင်ရာတရားရုံး၏ တရားစီရင်ချက်ကို စောင့်ရမည်ဖြစ်ပြီး အမှုအားလုံးပြီးပြတ်မှသာ လုပ်ဆောင်သင့်သည်များကို လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်က နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဂျပန်နိုင်ငံ၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အောက်လွှတ်တော် အမတ် Mr. Hiromichi Watanabe တို့ တွေ့ဆုံရာတွင် မစ္စတာ Toru Kubotaတိုရုကူဘိုတာ၏ အမှုကိစ္စကိုလည်း ပြောဆိုခဲ့ကြသေးကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 16 Aug 2022
ရုရှားနိုင်ငံမှ စက်သုံးဆီဝယ်ယူပြီး သိုလှောင်ဖြန့်ဖြူးရေး ဦးဆောင်ကော်မတီကို သြဂုတ် (၁) ရက် ရက်စွဲဖြင့် ဖွဲ့စည်းခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီးညိုစောက ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ စုစုပေါင်း (၁၀) ဦး ပါဝင်ကြောင်း သိရပါတယ်။
ရုရှားနိုင်ငံမှ စက်သုံးဆီဝယ်ယူ သိုလှောင် ဖြန့်ဖြူးရေးဦးဆောင်ကော်မတီသည် နိုင်ငံတော်၏ မူဝါဒများ၊ စီးပွားရေးမူဝါဒ လုပ်ထုံး လုပ်နည်းများအတိုင်း နိုင်ငံတော်၏ လိုအပ်ချက် အပေါ်မူတည်၍ စက်သုံးဆီများမှာ ယူတင်သွင်း၍ သိုလှောင်ဖြန့်ဖြူးခြင်း ဆောင်ရွက်ရန်၊ အရည်အသွေးပြည့်မီ မှန်ကန်ပြီး စျေးနှုန်း သက်သာသည့် စက်သုံးဆီများ ဝယ်ယူတင် သွင်း၍ ပြည်တွင်းတွင် သိုလှောင်ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်ရန်ဟု အမိန့်ကြော်ငြာစာအမှတ် (၁၂၇/ ၂၀၂၂) တွင် ဖော်ပြထားပါတယ်။
ထို့ပြင် စက်သုံးဆီဝယ်ယူခြင်း၊ တင်သွင်းခြင်း၊ သယ်ယူခြင်းတို့အတွက် သက်ဆိုင်ရာ အစိုးရဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများဖြင့် ညှိနှိုင်းဆောင်ရွက်ရန်၊ လစဉ်လိုအပ်သည့် နိုင်ငံခြားငွေကြေး ပမာဏအား နိုင်ငံတော်သို့ တင်ပြတောင်းခံရန်၊ စက်သုံးဆီတင်ဆောင်လာသည့် သင်္ဘောများ အချိန်မီရောက်ရှိရေး ဆက်သွယ်ကြပ်မတ် ဆောင်ရွက်ရန် ဖော်ပြထားပါတယ်။
စက်သုံးဆီတင်ဆောင်လာတဲ့ သင်္ဘောများ ရောက်ရှိလာချိန်တွင် အချိန်မီ အရည် အသွေး (စံချိန်စံညွှန်း) အရေအတွက်မှန်ကန်မှုရှိ မရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စစ်ဆေးရန်နှင့် သိုလှောင်ထားသော စက်သုံးဆီများအား တပ်မတော်နှင့် ဝန်ကြီးဌာနများ အဖွဲ့အစည်းများအား ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ရန် အဆိုပါကော်မတီရဲ့ လုပ်ငန်း တာဝန်များမှာ ဖော်ပြထားပါတယ်။
တင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် စီးပွားကူးသန်းဝန်ကြီးဌာနမှ ဖွဲ့စည်းထားသော စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီ၏ သတ်မှတ်ချက်များအတိုင်းလိုက် နာဆောင်ရွက်ရေးကြပ်မတ်ရန်၊ ဦးဆောင်ကော်မတီအနေဖြင့် ရုရှားနိုင်ငံမှ ထွက်ရှိသော စက်သုံးဆီနှင့် ရေနံထွက် ဓာတုဗေဒပ စ္စည်းများအပြင် အခြားလိုအပ်ချက်များကိုလည်း နစကရဲ့ ညွှန်ကြားချက်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရန်စတဲ့ အချက်များကို ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
ဦးဆောင်ကော်မတီရဲ့ ဥက္ကဌအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ စွမ်းအင်ဝန်ကြီးဌာန ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးနှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ထုတ်ကုန်များစျေးကွက်ရှာဖွေရေးနှင့် သုတေသနဌာနမှ အထွေထွေမန်နေဂျာက တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်မှာ ဖြစ်ပါတယ်။
အဖွဲ့ဝင်များအနေဖြင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်၊ Star High Co.,Ltd မှ အမှုဆောင် အရာရှိချုပ် ဦးလှဝင်း၊ Brighter Energy မှ ဒါရိုက်တာ ဦးဆန်းနောင်၊ Best Oil Co., Ltd မှ ဥက္ကဋ္ဌ ဦးဝင်းဆွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းနှင့် Yetagon Energy Trading Co., Ltd မှ အမှုဆောင်အရာရှိချုပ် ဦးမောင်မောင်နိုင်တို့ အဖွဲ့ဝင်အဖြစ် ပါဝင်ကြောင်း သိရပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
Published - 16 August 2022
လျှောက်ထားသူဦးရေများခြင်းကြောင့် လျှောက်လွှာအရောင်း ခေတ္တရပ်နားထားခဲ့ရသည့်ဂျပန် JLPT စာမေးပွဲဖြေဆိုခွင့်လျှောက်ထားမှုကို ဩဂုတ်လ ၂၀ ရက်ကစပြီး အွန်လိုင်းစနစ်ဖြင့် ပြန်လက်ခံမည်ဖြစ်ကြောင်း စာမေးပွဲကျင်းပရေးကော်မတီက အသိပေးကြေညာထားသည်။
ဩဂုတ် ၂၀ ရက်မှ ၂၆ ရက်အထိ အွန်လိုင်းမှ လျှောက်လွှာလက်ခံမည်ဖြစ်ပြီး ပထမဆုံးရက်တွင် N-1 အဆင့်ဖြေဆိုခွင့်ကို စတင်လက်ခံမည်ဖြစ်ကြောင်း၊ အခြားအဆင့်တွေအတွက် အွန်လိုင်းလျှောက်လွှာလက်ခံမယ့်ရက်ကို ဩဂုတ်လ ၁၉ ရက်၌ ထပ်မံကြေညာပေးမယ်ဟု စာမေးပွဲကျင်းပရေးကော်မတီက အသိပေးထားသည်။
JLPT စာမေးပွဲဖြေဆိုခွင့် လျှောက်ထားမှုကို အွန်လိုင်းစနစ်ဖြင့် ပထမဆုံးအကြိမ် စတင်လက်ခံခြင်းဖြစ်ပြီး လျှောက်ထားသူများပြားပါက နည်းပညာချို့ယွင်းတာမျိုးရှိနိုင်ကြောင်းလည်း အသိပေးထားသည်။
JLPTစာ မေးပွဲလျှောက်လွှာကို ဩဂုတ်လဆန်းပိုင်းက ရန်ကုန်နှင့်မန္တလေးတွင် လူကိုယ်တိုင်ထုတ်ခွင့်ပြုခဲ့ရာမှာ လျှောက်ထားသူများပြားပြီး လူစုလူဝေးဖြစ်ပေါ်ခဲ့ခြင်းကြောင့် လျှောက်လွှာရောင်းချမှု ရပ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published _ 16 August 2022
ယခုဘဏ္ဍာနှစ် ၄ လကျော်အတွင်း ပြည်ပကို ပဲမျိုးစုံ တန်ချိန် ၅ သိန်း ၇ သောင်းကျော် တင်ပို့ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဩဂုတ်လ ၅ ရက်အထိ ပင်လယ်ရေကြောင်းမှတဆင့် ပဲမျိုးစုံတန်ချိန် ၄ သိန်း ၃ သောင်းကျော်နှင့် နယ်စပ်မှ တန် ၁ သိန်း ၄ သောင်း တင်ပို့ထားရှိပြီး ဝင်ငွေအနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၄၄၀ ကျော် ရရှိထားသည်။
ယခုဘဏ္ဍာနှစ်အတွင်း ပဲတီစိမ်းကို အများဆုံးတင်ပို့ထားပြီး တန်ချိန် ၂ သိန်း ၈ သောင်းကျော်အထိရှိနေကာ မတ်ပဲ တင်ပို့မှုအနေနှင့် တန်ချိန် ၁ သိန်း ၃ သောင်းကျော်၊ ပဲစင်းငုံ တင်ပို့မှုအနေနှင့် တန်ချိန် ၁ သောင်းခွဲကျော် ရှိကြောင်း စီးပွား၊ ကူးသန်းရဲ့ အချက်အလက်တွေအရ သိရသည်။
ယခု သြဂုတ်လ ၈ ရက်မှစ၍ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာနှုန်းထား သတ်မှတ်ချက်နီင့် ပို့ကုန်ရငွေ လဲလှယ်မှုကို ဖြေလျော့ပေးလိုက်သည့်အတွက် ပဲတင်ပို့မှု ပို့များလာနိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်ထားသည်။
အဆိုပါ ညွှန်ကြားချက် ထွက်ရှိပြီးနောက် ပဲဈေးတွေဟာလည်း တောက်လျှောက် မြင့်တက်နေကြောင်း ဈေးကွက်မှတဆင့် သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published_16 August 2022
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Bangkok Hospital Internation Building တွင် ဆေးကုသမှုခံယူနေရသော မိုင်းဖုန်းဆရာတော်ကြီးအတွက် ယနေ့ သြဂုတ်လ ၁၆ ရက်က ဆုတောင်းမေတ္တာပို့ခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဆရာတော်ဘုရားကြီး၏ ကျန်းမာရေး လျင်မြန်စွာ ပြန်လည်ကောင်းမွန် စေရန်ရည်ရွယ်၍ တောင်ကြီးမြို့၊ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်၌ စုပေါင်း ဗောဇ္ဈင်္ဂသုတ်ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ခြင်း၊ မူဆယ်မြို လွယ်တိန်ခမ်းဘုရားကျောင်းမှ တောင်တန်းသာသနာပြု ဆရာတော် ဦးသုခမိန္ဒ (စဝ်ဆုခမ်း) နှင့် ဒကာဒကာမများကဆုတောင်းမေတ္တာပိုခြင်းတို့ကို ယနေ့ နံနက်တွင် ပြုလုပ်ခဲ့ကြခြင်းလည်းဖြစ် သည်။
ယင်းသို့ ပြုလုပ်ရာတွင် အရှည်တစ်တောင်ရှိ ဖရောင်းတိုင် ၉ တိုင်ပေါ် မိုင်းဖုန်းဆရာတော်ကြီး၏ ဘွဲ့တော်"ဉာဏသံဝရ" ဟု ရေး၍ သစ်သီး ၅ မျိုးလှူဒါန်းခြင်း၊ အမွှေးတိုင် ၁၆ တိုင် ၉ စုံ ကို ဖ ယောင်းတိုင် ၉ တိုင်နှင့်အတူတွဲလျက် ထွန်းညှိခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
လက်ရှိတွင် မိုင်းဖုန်းဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေမှာ ၈၀ ရာခိုင်နှုန်းကောင်းမွန်လာပြီ ဖြစ်ကြောင်း၊ ဆရာတော်ကြီးကလည်း ကျန်းမာရေး စောင့်ရှောက်မှု ကုန်ကျစရိတ်အားလုံး တာဝန်ယူပူဇော်လှူဒါန်းသည့် ထိုင်းဘုရင်နှင့် ဆွေတော်မျိုးတော်များ အားလုံးကို သြဂုတ်လ ၁၅ ရက် ညပိုင်းက မေတ္တာပို့ တရားဟောခဲ့ကြောင်းလည်း သိရသည်။
လက်ရှိတွင် ဆရာတော်ဘုရားအား ဖူးတွေ့ရန်အတွက် Bangkok Hospital Internation ဆေးရုံတာဝန်ခံများနှင့် နန်းတွင်းလုံခြုံရေးမှ အထူးတားမြစ်၍ ဖူးတွေ့ခွင့်မပေးသေးသော်လည်း မေတ္တာပိုနိုင်မည့်နေရာ သီးသန့်စီစဉ်ပေးထားကြောင်းနှင့် မှတ်တမ်းစာအုပ်ထားရှိပြီး ယင်းစာအုပ်တွင် သွားရောက်ဆုတောင်းမေတ္တာစာများရေးသားနိုင်ကြောင်း၊ သွားရောက်မည့်သူများအနေဖြင့် နှာခေါင်းစည်းကို မဖြစ်မနေ တပ်သွားရန်လိုကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
Page 1466 of 1863