#Local_News
Published_ 24 May 2023


ပဲခူးတိုင်း၊ညောင်လေးပင်မြို့နယ်တွင် မေလ(၂၄)ရက်က လေပြင်းတိုက်ခတ်ခြင်းနှင့်မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခြင်းကြောင့် လူနေအိမ်များထိခိုက်ပျက်စီးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်၊၊

 

မေလ(၂၄)ရက် မနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် မြို့မ(၁)ရပ်ကွက်၊ ကန်တော်ဦး(၆)လမ်းတွင် လူနေအိမ်များ အမိုးလန်ခြင်းနှင့် ပြိုကျပျက်စီးခြင်းများဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ညောင်လေးပင်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ညောင်လေးပင်ပရဟိတအသင်းဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်ဟုဆိုသည်၊၊

 

မေလ(၂၄)ရက်၊ ၀၅ ၃၀ အချိန်ခန့်၊ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာအုပ်စု၊ ရသေ့တောင်ကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ်များ အမိုးလန်ပျက်စီးသွားကြောင်းသတင်းရရှိသဖြင့် သံဖြူဇရပ်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်၊၊

 

ယင်းအပြင် မေလ(၂၃)ရက်ညနေပိုင်းအချိန်က မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် မလွန်ကျေးရွာ၊ ညောင်ပင်ကျင်းရွာ၊ ကဒကျေးရွာနှင့် ရေခါးကျေးရွာများရှိ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် လူနေအိမ်များ အမိုးလန်ပျက်စီးမှုများ၊ သစ်ပင်လဲကျမှုများဖြစ်ပွားသဖြင့် ၂၄.၅.၂၀၂၃ ရက်နေ့၊ ၀၇ ၃၀ အချိန်တွင် မင်းလှမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပြန်လည်ထူထောင်ရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းဖော်ပြထားသည်၊၊

 

#ymg/tthl #Local_News #ပဲခူးတိုင်း၊မကွေးတိုင်းနှင့်မွန်ပြည်နယ် #လေဆင်နှာမောင်းတိုက်ခတ်
#YMG #Yangon_Media_Group