#Local_News
Published_ 13 April 2022
မတ်လအတွင်း ပဋိပက္ခဖြစ်ပွားရာဒေသမှ လူဦးရေ ၁၀၈,၀၀၀ ကို သန့်ရှင်းသော သောက်သုံးရေများ ပံ့ပိုးပေးခဲ့တယ်လို့ ယူနီဆက်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယူနီဆက်က မြန်မာနိုင်ငံရှိ အားနည်းထိခိုက်လွယ်တဲ့ ကလေးငယ်များနဲ့ မိသားစုများကို ရေနဲ့သန့်ရှင်းရေး ဝန်ဆောင်မှုများ ပံ့ပိုးပေးနေတယ်လို့ ဆိုပါတယ်။ သန့်ရှင်းတဲ့ သောက်သုံးရေက ကလေးငယ်များ ရှင်သန်ရပ်တည်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးပါလှပါတယ်။
ယူနီဆက်နဲ့ မိတ်ဖက်အဖွဲ့အစည်းများက မတ်လအတွင်းမှာ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီးတိုရှိ လူဦးရေ ၂၃,၀၀၀ ကျော်ကို အခြေခံကျန်းမာရေးစောင့်ရှောက်မှုများလည်း ပံ့ပိုးပေးခဲ့ပါသေးတယ်။
မြန်မာနိုင်ငံရှိ ကလေးငယ်များနဲ့ အခြားထိခိုက်လွယ်သူများအတွက် အရေးပေါ် အာဟာရ၊ ကျန်းမာရေး၊ ရေ၊ ပတ်ဝန်းကျင်နဲ့တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပညာရေးနဲ့ ကလေးသူငယ် ကာကွယ်ရေးအကူအညီတွေပေးနိုင်ဖို့ ဆောင်ရွက်လျှက်ရှိတယ်လို့ ယူနီဆက်က ထုတ်ပြန်ထားပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published_ 13 April 2022
၂၀၂၂-ခုနှစ် သင်္ကြန်ပွဲတော်ကာလအတွင်း သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ရထားတချို့ ယာယီရပ်နားသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အမြန်ရထားများအနေဖြင့် ဧပြီ ၁၃ ရက်မှ ၁၆ ရက်နေ့အထိ ရန်ကုန်-မန္တလေး လမ်းပိုင်း၌ အမှတ် (၃ /၄) အဆန်/အစုန် ရထားများ၊ ရန်ကုန်-ပြည်လမ်းပိုင်း၌ အမှတ် (၇၁ /၇၂) အဆန်/အစုန်ရထားများ၊ RBE ရထားခရီးစဉ်များအားလုံး ရပ်နားထားမှာဖြစ်ပါတယ်။
ရန်ကုန်မြို့ပတ် ဆင်ခြေဖုံးလမ်းပိုင်းရထားများ ဧပြီ ၁၂ ရက်မှ ၁၆ ရက်အထိ ခ/၁ မှ ခ/၄ အထိ (၄) စီးနှင့် င/၁ မှ ၁/၆ အထိ (၆) စီး ရပ်နားထားမှာ ဖြစ်ပါတယ်။
အမှတ် ၁ အဆန် / ၂ အစုန် စာပိုရထား သည်သင်္ကြန်ကာလ ရပ်နားခြင်းမရှိဘဲ ပုံမှန်အတိုင်းနေ့စဥ် အစုန် / အဆန် ပြေးဆွဲသွားမှာဖြစ်ပြီး၊ ယာယီရပ်နားထားသော ရထားခရီးစဉ်များ ဧပြီ ၁၇ ရက်တွင် ပြန်လည်ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published_ 13 April 2022
၂၀၂၂ ခုနှစ် နှစ်မှစ၍ ချင်းရွှေဟော်နယ်စပ်ဂိတ်တွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ကြံတန်ချိန် ၁၁၃,၀၀၀ အဆင်ပြေချောမွေ့စွာ တင်ပို့နိုင်စေရေးအတွက် ဝန်ဆောင်မှုပေးခဲ့ကြောင်း တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဧပြီလ ၁ ရက်မှစတင်ပြီး အရေးပေါ်ဂိတ်ဖြတ်သန်းရေး ကြိုတင်စာရင်းပေးသွင်းကာ စတင်ဆောင်ရွက်ချိန်မှစ၍ ချင်းရွှေဟော်နယ်စပ်ဂိတ်ရှိ တရုတ်-မြန်မာနှစ်နိုင်ငံ ပျမ်းမျှ နေ့စဉ် ကုန်စည်ပို့ဆောင်မှုပမာဏသည် တန်ချိန် ၂၀၀၀ ကျော်ခဲ့ပြီဟု သံရုံးကဆိုပါတယ်။
ချင်းရွှေဟော်နယ်စပ်စစ်ဆေးရေးဂိတ်သည် အရေးပေါ်ဂိတ်ဖြတ်သန်းရေး ကြိုတင် စာရင်းပေးမှုယန္တရားကို စတင်ခဲ့ပြီးနောက် နေ့စဉ်တာဝန်ချိန်အလှည့် ၂ ကြိမ်ဖြင့် ရဲအင်အား ၃၀ ကျော် အသုံးပြု၍ နယ်စပ်ဖြတ်ကျော်ကြံသယ်ယူပို့ဆောင်ရေး အာမခံချက်ရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published -13 Apr 2022
အမ်းမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့တွင် ငွေကျပ် ၃၂ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၅ သန်း ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သိရပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၅ ရက်နေ့ ညနေ ၆ နာရီအချိန် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အမ်း(ပဲပဒုံ)ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ရန်ကုန်မှ မြောက်ဦး သို့ ဇော်မျိုးသန့်(ခ)ဖိုးထူး မောင်းနှင်ပြီး သိန်းသန်းမြင့်လိုက်ပါလာသော NISSAN DIESEL ၆ ဘီးယာဉ်ကိုရှာဖွေရာ ယာဉ်ပေါ်ရှိ အထည်ထုပ်များအတွင်း ဖုံးအုပ်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သန်း သိမ်းဆည်းရမိခဲ့ပြီး သတင်းကွင်းဆက်အရ ည ၁၁ နာရီခွဲအချိန် သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများ တာဝန်ခံသယ်ဆောင်သူ ကျော်မင်းသိန်း(ခ) သိန်းရွှေ နှင့် ထက်ဝေယံ၊ လှအောင်ဇံ၊ နန်းအောင်လင်း၊ မိုးချေ နှင့် မိုးကျော် တို့အား PROBOX ယာဉ်တစ်စီးနှင့်အတူ မြောက်ဦးမြို့တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ တယ်လို့ သိရပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ ပူးပေါင်းအဖွဲ့သည် ဧပြီလ ၆ ရက်နေ့ နံနက် ၁ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ မြတ်လေးပတ်လမ်းရှိ ဂိုဒေါင်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သန်းနှင့် MITSUBISHI CANTER မော်တော်ယာဉ်တစ်စီးတို့အား ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ဒေသကာလတန်ဖိုးငွေကျပ် ၃၂ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၂၅ သန်း ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။
သိမ်းဆည်းရမိစိတ်ကြွရူးသွပ်ဆေးပြားများအား ရန်ကုန်တိုင်းဒေသကြီး မှ ရခိုင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေး ယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published - 12 Apr 2022
လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ) ဥက္ကဌ ဦးရွှေမင်း(ခ)ဆီဖာလာလူးသည် ယနေ့မွန်းလွဲပိုင်းအချိန်တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊နိုင်ငံတကာရေးရာဌာန၊အရှေ့တောင်အာရှရေးရာညွှန်မှူး Mr. Zhao Qiang နှင့် အဖွဲ့အား Online ဖြင့်လက်ခံတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အဆိုပါ ပါတီရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
တွေ့ဆုံဆွေးနွေးရာ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် တရုတ်ကွန်မြူနှစ်ပါတီကြားကောင်းမွန်သည့် ဆက်ဆံရေး၊တရုတ်-မြန်မာအိမ်နီးချင်းကောင်းဆက်ဆံရေးဆိုင်ရာများ၊တရုတ်နိုင်ငံတွင် လူဝင်မှုအက်ဖြင့် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသားများအရေး၊ပြည်တွင်းတည်ငြိမ်အေးချမ်းရေးဆိုင်ရာများနှင့် ဒေသတွင်းအခြေအနေများ၊နယ်စပ်ကုန်သွယ်ရေးဆိုင်ရာအခက်အခဲများအရေးနှင့် အထွေထွေကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#Local_News
Published_ 12 April 2022
မြန်မာအလုပ်သမား ၉၁ ဦး တောင်ကိုရီးယားက ထပ်မံခေါ်ယူခဲ့ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
ဒီကနေ့ ဧပြီ ၁၂ ရက်တွင် Re-entry လုပ်သား ၁၇ ဦး၊ ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ် ၁၃ ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် ၁၉ ဦး နှင့် စိုက်ပျိုးရေးလုပ်သားသစ် ၄၂ ဦး စုစုပေါင်း ၉၁ ဦးကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ မြန်မာအလုပ်သမားများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမား သံအရာရှိကကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့်အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ပါတယ်။
ဧပြီ ၄ ရက်နေ့ကလည်း မြန်မာအလုပ်သမား ၉၈ ဦးကို တောင်ကိုရီးယားက ခေါ်ယူခဲ့ပါသေးတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published_12 April 2022
သင်္ကြန်ရုံးပိတ်ရက်ကာလ ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်များကို ပုံမှန်အတိုင်း နေ့စဉ်ပြေးဆွဲ သွားမှာဖြစ်ကြောင်း သိရပါတယ်။
သင်္ကြန်ရုံးပိတ်ရက်ကာလဖြစ်သော်လည်း အမှတ် (၈၉) အဆန်နှင့် အမှတ် (၉၀) အစုန် ရန်ကုန်-မော်လမြိုင် ရထားကို ရပ်နားသွားမှာမဟုတ်ဘဲ ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
အမှတ် (၉၀) အစုန် မော်လမြိုင်-ရန်ကုန် ရထားသည် မော်လမြိုင်ဘူတာမှ နံနက် ၈ နာရီ တွင်စတင်ထွက်ခွာပြီး ရန်ကုန်ဘူတာကြီးသို ည ၈ နာရီ ရောက်ရှိကာ နေ့စဉ် ပြေးဆွဲပေးနေပါတယ်။ ထို့ပြင် ရထားလက်မှတ်ခနှုန်းထားတွေလည်း အပြောင်းအလဲမရှိဘူးလို့ ဆိုပါတယ်။
ရန်ကုန်မှ မော်လမြိုင်သို့ သွားလိုသူများအနေဖြင့် အမှတ် (၈၉) အဆန်ရထားသည် ရန်ကုန် ဘူတာကြီးမှ နေ့စဉ် နံ နက် ၆ နာရီခွဲတွင် ရထားစတင်ထွက်ခွာပြီး မော်လမြိုင်သို့ ည ၆ နာရီခွဲခန့်တွင် ရထားဆိုက်ရောက်မှာ ဖြစ်ပါတယ်။
ခရီးသွားများအနေဖြင့် ရထားလက်မှတ်ဝယ်ယူရာတွင် နိုင်ငံသားမှတ်ပုံတင် (မူရင်း) ဖြင့်သာ လက်မှတ်ဝယ်ယူနိုင်မည်ဖြစ်ပြီး ယခင်ကဲ့သို့ ထောက်ခံစာများ/ ဝန်ထမ်းကဒ် များဖြင့် လက်မှတ် ဝယ်ယူရရှိနိုင်မည်မဟုတ်ကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group
Page 1882 of 2010