#LocalNews
Published - 7 March 2022
ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းအနေနဲ့ စားအုန်းဆီ တစ်ပိဿာကို အနိမ်ဆုံး ငွေကျပ် ၅,၉၄၀ မှ အမြင့်ဆုံး ၆,၅၇၅ ကျပ်ဖြစ်တယ်လို့ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ကြေညာထားပါတယ်။
ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့တဲ့နိုင်ငံတွေမှာ စားအုန်းဆီဈေးနှုန်းတွေမြင့်တက်နေပြီး တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ FOB ဈေးနှုန်းတွေအပေါ် အခြေခံတွက်ချက်မှုတွေအရ မတ်လ ၇ ရက်မှ ၁၃ ရက်အထိ ရည်ညွှန်းဈေးကို သတ်မှတ်တာလို့ဆိုပါတယ်။
မတ်လ ၇ ရက်နေ့မှာတော့ စားအုန်းဆီ တစ်ပိဿာကို ၇,၆၅၀ ကျပ်ဖြစ်ပြီး၊ ပဲဆီ တစ်ပိဿာကိုတော့ ၈,၀၀၀ ကနေ ၈,၅၀၀ ကျပ်ဖြစ်နေပြီး ပဲဆီနဲ့ စားအုန်းဆီဈေးနှုန်းမှာ ၁,၅၀၀၊ ၂,၀၀၀ ကျပ်နီးပါးသာ ကွာခြားတာကိုတွေ့ရပါတယ်။
ယခင် ၂၀၂၀ ခုနှစ်က စားအုန်းဆီ တစ်ပိဿာကို ၂,၀၀၀ ကျပ်သာ ရှိခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ ကျပ် ၄,၀၀၀ ကျော်ကနေ ယခုအခါမှာတော့ ၇,၀၀၀ ကျော်အထိ မြင့်တက်ခဲ့တာဖြစ်ပါတယ်။
စားအုန်းဆီထက် နေကြာဆီက ဈေးသက်သာနေတာကိုတွေ့ရပြီး နေကြာဆီတစ်ပိဿာကို ၆,၀၀၀ ကနေ ၆,၅၀၀ သာရှိတယ်လို့ ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း မန္တလေးမြို့ထံက သိရပါတယ်။
အခုလက်ရှိ နိုင်ငံတကာမှာ ဖြစ်ပေါ်နေတဲ့အခြေအနေအရ ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့နေတဲ့ နိုင်ငံတွေရဲ့ စားအုန်းဆီဈေးနှုန်းတွေမှာလည်း မြင့်တက်နေပါတယ်။
မြန်မာနိုင်ငံအနေနဲ့ စားအုန်းဆီထုတ်လုပ်တင်ပို့နေတဲ့ မလေးရှားနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကနေ ဝယ်ယူနေရတာဖြစ်ပြီး ယခင်ဘဏ္ဍာနှစ်တုန်းက စားအုန်ဆီ တန်ချိန် ၈ သိန်းကျော်ကို တန်ဖိုးငွေအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၈၃၀ ကျော် ဝယ်ယူခဲ့ရပါတယ်။
ymg/ei
#Yangon_Media_Group
#LocalNews
Published - 7 Mar 2022
ကချင်ပြည်နယ်၊ ပူတာအိုဒေသတွင် စစ်ဘေးရှောင်ပြည်သူတွေ တိုးလာနေပြီး လက်ရှိမှာ စစ်ဘေးရှောင်ပြည်သူအရေအတွက်က ထောင်နဲ့ချီပြီးရှိနေတယ်လို့ ပူတာအိုမြို့ဒေသခံများထံမှ သိရပါတယ်။
ဒါ့အပြင် စစ်ဘေးရှောင်ပြည်သူများအတွက် လတ်တလောမှာ အရေးပေါ်အကူအညီများကိုလည်း အပူတပြင်းလိုအပ်နေပြီး စစ်ဘေး ရှောင်ပြည်သူတွေအနေနဲ့ ကတုတ်ကျင်းတွေမှာ ပုန်းခိုနေကြရသလို နီးစပ်ရာတော၊ တောင်များထဲသို့ ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်တယ်လို့ အဆိုပါဒေသခံများက ပြောပါတယ်။
"တိုက်ပွဲတွေလည်း ဖြစ်နေသလို စစ်ဘေးရှောင်ပြည်သူတွေကလည်း တဖြေးဖြေးတိုးလာပါတယ်။ တိုက်ပွဲတွေဖြစ်နေတော့ သူတို့ရွာမှာ နေလို့မရဘူး။ နီးစပ်ရာ တောတောင်တွေထဲမှာပဲ ခိုလှုံနေကြရတယ်။ လတ်တလောမှာ သူတို့အတွက် စားစရာတွေလိုမယ်၊ နေရာ
ထိုင်ခင်းအတွက် အမိုးအကာတွေလိုပါမယ်။ ကျွန်တော်သိရသလောက်ဆိုရင် စစ်ဘေးရှောင်ပြည်သူအရေအတွက်က ၃,၀၀၀ ကနေ ၄,၀၀၀ ကြားလောက် ရှိနိုင်ပါတယ်။"လို့ ပူတာအိုမြို့ဒေသခံတစ်ဦးက ပြောပြခဲ့ပါတယ်။
အဆိုပါ ပူတာအိုဒေသရှိ လုံရှာယာန်ကျေးရွာနှင့် ဖတ်မာကျေးရွာကြားတွင် တပ်မတော်နှင့် ဒေသခံကချင်လွတ်မြောက်ရေတပ်(KIA)နှင့် ဒေသခံပြည်သူလက်နက်ကိုင်(PDF) ပူးပေါင်းတပ်တို့အကြား ယခုနှစ် ဖေဖော်ဝါရီလဆန်းမှစတင်၍ ယနေ့အထိ ထိ တွေ့တိုက်ပွဲများ ဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။
လတ်တလောမှာလည်း အဆိုပါတိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေအနေနဲ့ နေရပ်စွန့်ခွာ၍ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရမှုတွေလည်း ရှိနေတာပါ။
ယင်းထိတွေတိုက်ပွဲတွေဟာ ပူတာအိုနဲ့ မြစ်ကြီးနားသွားသည့် ကားလမ်းတွေပေါ်မှာ ဖြစ်ပွားနေခြင်းဖြစ်ပြီး ပူတာအိုမြို့နဲ့ဆိုပါက (၁၀)မိုင်ကျော်ခန့်သာကွာဝေးသည့်နေရာတွင် တိုက်ပွဲများဖြစ်ပွား နေခြင်းဖြစ်တယ်လို့ ဒေသခံများထံမှ သိရပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ပြည်သူများကို အကူအညီပေးဖို့ အခက်အခဲတွေလည်းရှိနေပြီး ယခုလို ရေရှည်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက စစ်ဘေးရှောင်ပြည်သူအရေအတွက်က ထပ်မံတိုးလာနိုင်တဲ့ အနေအထားမှာရှိနိုင်မယ်လို့ စစ်ဘေးရှောင်အရေးကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးနေသူများက ဆိုပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး(UNOCHA)ရုံးက ဖေဖော်ဝါရီလ ၃ ရက်နေ့ကတည်းက ဖြစ်ပွား နေတဲ့တိုက်ပွဲတွေကြောင့် ပူတာအိုမြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာက လူဦးရေ ၆,၀၀၀ ကျော်ဟာ တိုက်ပွဲရှောင်ထွက်ပြေးနေရတယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။
Photo - CJ
ymg/kg
#Yangon_Media_Group
#LocalNews
Published - 7 Mar 2022
မြိတ်မြို့အရှေ့ဘက်ရှိ တနင်္သာရီမြစ်အတွင်းမှာ ဒီကနေ့ မတ်လ ၇ ရက်၊နံနက် ၆ နာရီ မိနစ် ၅၀ အချိန်
ခန့်က ကမ်းဝေးငါးဖမ်းလှေတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုဖြစ်ပွားခဲ့သည့် ကမ်းဝေး ငါးဖမ်းလှေသည် မြိတ်မြို့ ပထက်ကမ်းကျေးရွာအနီးရှိ မြစ်အတွင်းမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါ မီးလောင်မှုကို မြိတ်မြို့နယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၂)စီးဖြင့်ထွက်ခွာပြီး မီးလောင်ရာသို့ အပေါ့စားမီးသတ်စက်များကို ရေသမ္ပာန်ဖြင့်တင်ဆောင်၍ သွားရောက်ငြှိမ်းသတ်ခဲ့ရတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ယင်းမီးလောင်မှုကို အချိန်တစ်နာရီကျော်အကြာ ငြိမ်းသတ်ခဲ့ရပြီး နံနက် ၈ နာရီအချိန်တွင် ငြိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
Photo - MFSD
#Yangon_Media_Group
#LocalNews
#Published - March 7 2022
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်၊ သိင်္ဂုတ္တရ ကုန်းတော်၌ တည်ထားတော်မူသည့် လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်ကြီး၏ (၂၆၁၀) နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကြီးကို ယနေ့ မတ်လ ၇ ရက်တွင် စတင်ပြီဖြစ်ကြောင်း သိရသည်။
မတ်လ ၁၆ ရက်ထိ ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃပူဇာ ဟုဆိုအပ်သည့် ပူဇော်မှုအမျိုးမျိုးတို့နှင့်အတူ ၁၀ ရက်ကြာကျင်းပမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က သိရသည်။
ယနေ့ မတ်လ ၇ ရက်တွင် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကို ဖွင့်ပွဲပြုလုပ်ခဲ့ပြီး မတ်လ ၁၆ ရက်ထိ သံဃာတော် ၁၈ ပါးတို့က နာရီပေါင်း ၂၁၆ နာရီတိုင် အသံမစဲပဌာန်းပွဲ ရွတ်ဖတ်ပူဇော်ကြမည်ဖြစ်ကြောင်း သိရသည်။
တပေါင်းလပြည့်နေ့ဖြစ်သော မတ် ၁၆ ရက် နံနက် ၅ နာရီခွဲအချိန်တွင် ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းခြင်း၊နံနက် ၉ နာရီအချိန်တွင် ချမ်းသာကြီးတန်ဆောင်း၌ လှူဒါန်းမှုအစုစုအတွက် ရေစက်ချ၍ နေ့ဆွမ်းကပ်လှူခြင်းများ ပြုလုပ်ကြမည်ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါပွဲတော်ကျင်းပခြင်းကို ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published-7 mar 2022
ကွန်ဟိန်းမြို့နယ်နှင့် မိုင်းပျဉ်းမြို့နယ်တို့တွင် ငွေကျပ် ၅ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတာဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သိရပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ တောင်ကြီး-တာချီလိတ် သွားကားလမ်း၊ တာကော်တံတားပူးပေါင်းစစ်ဆေးရေးစခန်းတွင် ကာလိမှ မိုင်းပျဉ်းဘက်သို့ စိုင်းပေါင်းနွံခမ်း(ခ)ခမ်းဟန်စင့် (၃၀)နှစ် မောင်းနှင်လာသည့် NISSAN DIESEL ၁၂ ဘီးယာဉ်အား သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ပြောင်းအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် အိုက်စ်(မက်သ်အဖက်တမင်း) ၁၅၀ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၉ သိန်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ထပ်မံ၍ သတင်းကွင်းဆက်အရ ၂၇ ရက်နေ့ နံနက် ၁၀ နာရီအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်၊ တောင်ကြီး-တာချီလိတ် သွားကားလမ်း၊ မိုင်တိုင်အမှတ်(၂၈၄)အနီး၊ ကားလမ်းဘေးတွင် ရပ်တန့်ထားသည့် NISSAN DIESEL ၁၂ ဘီးယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ပြောင်းအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် အိုက်စ်(မက်သ်အဖက်တမင်း) ၄၀၀ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် ၅ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ စုစုပေါင်းအိုက်စ်(မက်သ်အဖက်တမင်း) ၅၅၀ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၉ သိန်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိမူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(အရှေ့ပိုင်း) နယ်စပ်မှတစ်ဆင့် ပြည်ပသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိတယ်လို့သိရပါတယ်။
ymg/hm
#Yangon_Media_Group
#Local_News
Published_ 7 March 2022
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိျင်းရေးကော်မတီ နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
တွေ့ဆုံပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းတိုက နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ကြပါတယ်။
ထို့နောက် ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင် အထည်ဖော်မှုများ (ဇယား-၂) ပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိုင်းကြပါတယ်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ကော်မတီဝင်များ၊ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းနှင့် အလုပ်အဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။
ymg_mnn
#Yangon_Media_Group
#local_news
Published_ 6 March 2022
ဓာတ်အားတိုးတက်ထုတ်လုပ်နိုင်ဖို့ ထပ်မံတူးဖော်တွေ့ရှိသော တွင်းသစ်နှစ်တွင်းမှ ရေအောက် သဘာဝဓာတ်ငွေ့ပိုက်လိုင်းအသစ်တွေ သွယ်တန်းရန်ရှိတဲ့အတွက် မဂ္ဂါဝပ် ၁၃၀၀ကျော်လျော့နည်းရရှိမယ့်အခြေအနေ ရှိပြီး အဲဒီရက်ပိုင်းအတွင်း အချို့နေရာတွေမှာ ၂၄နာရီ ဝန်အားလျှော့ချခြင်းတွေရှိလာမယ်လို့ သိရပါတယ်။
နိုင်ငံတော်ဓာတ်အားစနစ်သို ပို့လွှတ်လျက်ရှိသော လျှပ်စစ်ဓာတ်အားပမာဏ ရက်သတ္တပတ်တာအတွင်း လျော့နည်းထုတ်လုပ်ဖြန့်ဖြူးသွားမည့်အပေါ် ပြည်သူများသိရှိ နိုင်ရန် နစကရဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အသိပေးပန်ကြားချက် ထုတ်ပြန်ရာမှာ အဲဒီအချက်ကိုဖော်ပြထားခြင်းဖြစ်ပါတယ်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအနေဖြင့် ရေအားနှင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများမှ (၆၆၇.၈) မဂ္ဂါဝပ်ခန့်၊ ဓာတ်ငွေ့သုံး အပူစွမ်းအင်ဓာတ်အားပေးစက်ရုံများနှင့် ကျောက်မီးသွေးသုံးဓာတ်အားပေး စက်ရုံများမှ (၁၅၀၀.၃) မဂ္ဂါဝပ်ခန့်နှင့် ဒီဇယ်ဓာတ်အားပေးစက်များမှ (၈.၉) မဂ္ဂါဝပ်ခန့် စုစုပေါင်း (၂၁၇၇) မဂ္ဂါဝပ်ခန့်ကို ဓာတ်အားစနစ်သို့ ပို့လွှတ်လျက်ရှိကြောင်း သိရပါတယ်။
တစ်နိုင်ငံလုံးမှ တစ်ရက်တာပျှမ်းမျှ ရယူသုံးစွဲမှုအနေဖြင့် နေ့ဘက်တွင် အများဆုံး (၃၄၀၀) မဂ္ဂါဝပ်ခန့်၊ ညဘက်တွင် အများဆုံး (၃၆၀၀) မဂ္ဂါဝပ်ခန့်ရှိပြီး တစ်ရက်တာ ပျှမ်းမျှဓာတ်အား သုံးစွဲလိုမှုမှာ (၂၆၀၀) မဂ္ဂါဝပ်ခန့် သုံးစွဲလျက်ရှိပါကြောင်း သိရပါတယ်။
LNG ဓာတ်အားပေးစက်ရုံများရဲ့ ထုတ်လုပ်မှု (၇၅၀) မဂ္ဂါဝပ်ခန့်မှာ ဓာတ်ငွေ့ ဈေးနှုန်းမြင့်တက်နေသဖြင့် ရပ်တန့်ထားရပြီး ဘီလူးချောင်းရေအားလျှပ်စစ် ဓာတ်အား ပေးစက်ရုံမှ ၂၃၀ ကေဗွီ ဘီလူးချောင်း (၂)-ရွှေမြို ဓာတ်အားလိုင်း၊ ၂၃၀ ကေဗွီ ဘီလူး ချောင်း (၂)-တောင်ငူ ဓာတ်အားလိုင်းနှင့် ၁၃၂ ကေဗွီ ဘီလူးချောင်း (၂)-တီကျစ် ဓာတ်အား လိုင်းများမှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရသဖြင့် ပြင်ဆင်နိုင်ရန် ဆောင်ရွက်လျက်ရှိနေပါတယ်။
အဆိုပါ ဓာတ်အားလိုင်းသုံးလိုင်းမှ နိုင်ငံတော်ဓာတ်အားစနစ်သို ပုံမှန်ပို့လွှတ် လျက်ရှိသည့် (၂၂၀) မဂ္ဂါဝပ်ခန့်မှာ ပို့လွှတ်နိုင်ခြင်းမရှိဘဲ ဓာတ်အားပြတ်တောက်လျက်ရှိ ရာ စုစုပေါင်းဓာတ်အား ထုတ်လုပ်နိုင်မှု (၉၇၀) မဂ္ဂါဝပ်ခန့်မှာ ဆက်လက်လျော့နည်းနေ သဖြင့် အလှည့်ကျဓာတ်အားဖြန့်ဖြူးခြင်းများ ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။
ကမ်းလွန်ဓာတ်ငွေ့စီမံကိန်းများဖြစ်သော ရတနာ၊ ဇောတိကနှင့် ရွှေကမ်းလွန် စီမံကိန်းများနှင့် ကုန်တွင်းဓာတ်ငွေ့တွင်းများမှ သဘာဝဓာတ်ငွေ့ကို အသုံးပြု၍ ဓာတ်အား (၁၄၅၅) မဂ္ဂါဝပ်ခန့်ကို ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပြီး လက်ရှိအချိန်တွင် ရွှေကမ်းလွန် စီမံကိန်း မှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ကုဗပေသန်းပေါင်း (၁၃၀) သန်းကို အသုံးပြု၍ ဓာတ်အား (၆၆၈) မဂ္ဂါဝပ်ခန့်ကို ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပါတယ်။
ရွှေကမ်းလွန်စီမံကိန်းတွင် ထပ်မံတူးဖော်တွေ့ရှိသော တွင်းသစ်နှစ်တွင်းမှ သဘာဝ ဓာတ်ငွေ့များကို လက်ရှိပိုက်လိုင်းအတွင်းသို ထည့်သွင်းပို့လွှတ်နိုင်ရန်အတွက် ရေအောက် ပိုက်လိုင်း ဆက်သွယ်ခြင်းလုပ်ငန်းများကို မတ် ၁၂ ရက်မှ ၁၈ ရက်နေ့ထိ ဆောင်ရွက်မည် ဖြစ်သောကြောင့် ဓာတ်အား (၃၃၄) မဂ္ဂါဝပ်ခန့်သာ ပိုလွှတ်ဖြန့်ဖြူးနိုင်မှာ ဖြစ်ပါတယ်။
အဲဒါကြောင့် ပိုက်လိုင်းအသစ်ချိတ်ဆက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း လျော့နည်း သွားမယ့် ဓာတ်အားထုတ်လုပ်မှု (၃၃၄) မဂ္ဂါဝပ်ခန့်အပါအဝင် စုစုပေါင်းလျော့နည်းမယ့် (၁၃၀၄) မဂ္ဂါဝပ်ခန့်အတွက် ဝန်အားထိန်းညှိမှုအရ အချို့သောနေရာများတွင် (၂၄) နာရီ ဝန်အားလျှော့ချရခြင်းများ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် ဓာတ်အားလိုင်းများကိုလည်း အမြန်ဆုံးပြင်ဆင်၍ ဘီလူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် (၂၂၀) မဂ္ဂါဝပ်ကို ဓာတ်အားစနစ်သို့ ပြန်လည်ပို့လွှတ်နိုင်ရေး စီမံဆောင်ရွက်နေကြောင်း သိရပါတယ်။
လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်နိုင်ကိုလည်း စီမံဆောင်ရွက်လျက်ရှိရာ ကျောက်ဖြူ (၁၅၀) မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့ သုံးဓာတ်အားပေးစက်ရုံသစ်မှ ဓာတ်အား (၆၀) မဂ္ဂါဝပ်ခန့်ကို ဖေဖော်ဝါရီ ၁၀ ရက်မှစတင်၍ ထပ်တိုးဖြန့်ဖြူးနိုင်ခဲ့ကာ၊ ဇွန်လမှ စတင်၍ အဆိုပါဓာတ်အားပေးစက်ရုံမှ (၁၅၀) မဂ္ဂါဝပ်ထိ ဓာတ်အားတိုးမြှင့် ထုတ်လုပ် နိုင်မှာဖြစ်ကြောင်း နစက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
#ymg_mnn
Yangon_Media_Group
Page 1885 of 1946