#Local_News
Published _ 1 December 2022

 

အများပြည်သူကို ဖြန့်ဖြူးဆောင်ရွက်နေသောလျှပ်စစ်တာဝါတိုင်များကို လက်နက်ကိုင်အဖွဲ့က မိုင်းခွဲဖျက်ဆီးမှု အကြိမ်ကြိမ်ပြုလုပ်၍ ပြန်လည်ပြုပြင်ရန်သွားရောက်သည့် လျှပ်စစ်ဝန်ဖမ်းများကို ထပ်မံပစ်ခတ်သဖြင့် သေဆုံးသည့်လျှပ်စစ်ဝန်ထမ်း ၁၉ ဦးနှင့်ဒဏ်ရာရဝန်ထမ်း ၅၆ ဦးထိ ရှိလာပြီ ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သိရသည်။

 

"တာဝါတိုင်တွေကို အကြိမ်ကြိမ် ဖျက်ဆီးတယ်၊ ဖောက်ခွဲတယ်။ ချိုးပစ်တယ်၊ သွားပြင်တဲ့ ဝန်ထမ်းတွေကို ပစ်တယ်၊အခုဆိုရင် သေဆုံးသွားတဲ့ဝန်ထမ်း ၁၉ ယောက် ရှိပြီ၊ ထိခိုက်ဒဏ်ရာရတာ က ၅၆ ယောက် ရှိပြီ၊ ဒါပေမဲ့လည်း ကျွန်တော်တို့အနေနဲ့ အများပြည်သူကို လျှပ်စစ်မီးပေးနိုင်ဖို့ ဆက်ပြီးတော့ ဘယ်လို ပြုပြင်ရင် ရမလဲဆိုတာကို ချင့်ချိန်ပြီး လုပ်နေကြပါတယ်။သက်ဆိုင်ရာနယ်မြေတွေကလုံခြုံရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ လုပ်နေပါတယ်"ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ အရာထမ်းတစ်ဦးက ပြောသည်။

 

ယင်းအပြင် နိုဝင်ဘာလ ၂၉ ရက် ညနေပိုင်းက မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်လျှပ်စစ်ရုံး၌ တာဝန်ထမ်း‌ဆောင်လျက်ရှိသော မြို့နယ်လျှပ်စစ်အင်ဂျင်နီယာတစ်ဦးကို ပြီးခဲ့သည့်လုပ်ကြံခဲ့၍ သေဆုံးခဲ့ရသောကြောင့် ယခုအခါ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ဝန်ထမ်းများအား လုပ်ကြံပစ်ခတ်မှု(၂၄) ကြိမ် ရှိပြီ ဖြစ်ကြောင်းလည်း သိရသည်။

 

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက် ကလည်း အများပြည်သူကို ဖြန့်ဖြူးဆောင်ရွက်နေသော ၂၃၀ ကေဗွီ ညောင်ပင်ကြီး-ချောင်းကူး မဟာဓာတ်အားလိုင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် မြို့(၁၃)မြို့ ဓာတ်အားပြတ်တောက်ခဲ့သည့်အပြင် မကွေးတိုင်းဒေသကြီး၊ ကျွန်းချောင်းရှိ (၂၀ ဒသမ ၅၄)မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံးအင်ဂျင် စက်ရုံမှဝန်ထမ်းများကို ခြိမ်းခြောက်ငွေတောင်းခံခဲ့သဖြင့် နိုင်ငံခြားသားဝန်ထမ်းများ ထွက်ခွာခဲ့ရကာ ဓာတ်အားပေးစက်ရုံကို ရပ်တန့်ခဲ့ရပြီး ဓာတ်အားထုတ်လုပ်မှု လျော့နည်းခဲ့ရခြင်းများ ဖြစ်ပေါ်ခဲ့သေးကြောင်း သိရသည်။

 

၎င်းအပြင် လက်နက်ကိုင်အဖွဲ့က ဓာတ်အားပေးစက်ရုံ၊ ခွဲရုံ၊ ရုံးနှင့် ဝန်ထမ်းအိမ်ရာများသို့ ဝင်ရောက်ဖောက်ခွဲပစ်ခတ်ဖျက်ဆီးမှု (၂၀၉)ကြိမ်၊အများပြည်သူသို့ ဖြန့်ဖြူးပေးလျက်ရှိသည့် မဟာဓာတ်အားလိုင်းတာဝါ (၄၈)တိုင်နှင့် ဖြန့်ဖြူးရေးလိုင်း (၄၉)တိုင်တို့ကို ဖျက်ဆီးဖောက်ခွဲခဲ့သဖြင့် လျှပ်စစ်ဓာတ်အား (၁၆၀) မဂ္ဂါဝပ်ခန့် လျော့နည်းခဲ့ကာ အချို့သောနေရာများတွင် ပြုပြင်ဆောင်ရွက်ခြင်းမပြုလုပ်နိုင်သေးသဖြင့် ပြည်သူလူထုသို့ လျှပ်စစ်ဖြန့်ဝေပေးနိုင်မှုမရှိကြောင်းလည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သိရသည်။

 

#ymg/mt
#Yangon_Media_Group