Published 16 April 2022
မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံဟာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကနေတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးကို တိုးမြှင့် နိုင်မယ့် အခွင့်အလမ်းကောင်းတွေ ရှိနေတယ်လို့ ဘင်္ဂလားဒေ့ရှ်ပညာရှင်တစ်ဦးက ယူရေးရှားရီဗျူး ဂျာနယ်မှာ ဧပြီ ၁၆ရက် ယနေ့မှာ ရေးသားလိုက်ပါတယ်။
ရေးသားသူမှာ ဒါကာတက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေး မဟာဘွဲ့ရသူ အလွတ်တန်းစာရေးဆရာ ဂျူဘီဒါ ချောင်ဒရီ Jubeda Chowdhury ဆိုသူပညာရှင်တစ်ဦးဖြစ်ပြီး “ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာအကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အလားအလာများ” ဆိုတဲ့ ခေါင်းစဉ်နှင့် သူက သုံးသပ်ချက်ရေးသားခဲ့ခြင်းဖြစ်ပါတယ်။
သူက ကာကွယ်ရေးဒီပလိုမေစီဖြင့် နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်နိုင်တယ်လို့ သုံးသပ်လိုက်ပါတယ်။နှစ်နိုင်ငံနှင့် ဒေသဆိုင်ရာ ဆက်ဆံရေးတိုးမြှင့်ရာမှာ စစ်ရေးဒီပလိုမေစီဟာ နိုင်ငံတကာဆက်ဆံရေးရဲ့မရှိမဖြစ် အစိတ်အပိုင်းတွေထဲက တစ်ခုအဖြစ် ကာလရှည်ကြာကတည်းက တည်ရှိခဲ့ပြီး အဲဒါဟာ ထိရောက်တဲ့ နည်းလမ်းစဉ်လည်းဖြစ်တယ်လို့ သူကရေးပါတယ်။
မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်တို့ဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြပြီး နိုင်ငံတကာနယ်နမိတ်၂၇၁ကီလိုမီတာထိစပ်နေကြပါတယ်။ ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးရရှိပြီးနောက် မြန်မာဟာ ၁၉၇၂ခုနှစ် ဇန်နဝါရီ ၁၃ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာအကြား အထွေထွေသဘောတူစာချုပ် တစ်ရပ်လက်မှတ်ရေးထိုးကြပြီး ဘင်္ဂလားဒေ့ရှ်ကို အချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။ ၁၉၈၉ ဇွန်လမှာ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာသုံးခုလက်မှတ်ရေးထိုးခဲ့တယ်လို့လည်း ဆောင်းပါးမှာဖော်ပြထားပါတယ်။
မြန်မာနှင့်ဘင်္ဂလားဒေ့ရှင်စစ်တပ်အကြား ပူးပေါင်းဆောင်ရွက်နိုင်တဲ့ နယ်ပယ်ကျယ်ပြန့်လှပြီး စစ်တပ်က နှစ်ရှည်လများ အုပ်စိုးထားတဲ့ မြန်မာနိုင်ငံအတွက် အခြားနိုင်ငံတွေနှင့် စစ်တပ်အချင်းချင်း ဆက်ဆံရေးဟာ အရေးကြီးတယ်လို့ သူက ဆိုပါတယ်။အဲဒါကြောင့် နှစ်နိုင်ငံ စစ်တပ်တွေဟာ ဘုံအကျိုးစီးပွားအပေါ်အခြေခံပြီး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သင့်ကြတယ်လို့ သူက အကြံပြုတိုက်တွန်းထားပါတယ်။
မြန်မာတပ်မတော်နှင့် ဘင်္ဂလားဒေ့ရှ်တပ်မတော်နှစ်ရပ်အကြားမှာ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ နယ်ပယ်တွေကိုလည်း ဘင်္ဂလားဒေ့ရှ်ပညာရှင်က ဖော်ထုတ်ထားပါတယ်။ အဲဒါတွေက သောင်းကျန်းသူတိုက်ဖျက်ရေး၊အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ဘင်္ဂလီဘာသာစကားကျွမ်းကျင်မှု၊မြန်မာဘာသာစကားကျွမ်းကျင်မှု၊ ရေတပ်နှင့်လေတပ်ပူးပေါင်းစစ်ရေးလေ့ကျင့်မှုနှင့် ဘင်္ဂလားပင်လယ်အော်ဒေသအတွင်း သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော ခြိမ်းခြောက်မှုများကို တွန်းလှန်ရန် ထောက်လှမ်းရေးသတင်းအချက်အလက်ဖလှယ်ရေးတို့ပဲဖြစ်ပါတယ်။
အဲဒီအပြင် သင်တန်းတွေအပြန်အလှန်စေလွှတ်ရေး၊ ထောက်လှမ်းရေးသတင်းအချက်အလက်ဖလှယ်ခြင်း၊မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျောက် တရားမဝင်လက်နက်ရောင်းဝယ်မှု၊မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့်လူကုန်ကူးမှုစတဲ့ နယ်စပ်ဖြတ်ကျော်မှုခင်းတွေကို ဟန့်တားကာကွယ်ဖို့ နှစ်နိုင်ငံပူးတွဲ ကင်းလှည့်တာတွေကို တိုးချဲ့လုပ်ဆောင်ဖို့ သူက အကြံပြုထားပါတယ်။
စစ်တပ်ကိုယ်စားလှယ်အဖွဲ့တွေ အပြန်အလှန်စေလွှတ်ခြင်းတွေဟာ နှစ်နိုင်ငံအကြား အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ လမ်းဖွင့်ပေးတာဖြစ်တယ်လို့ သူ့အမြင်ကို ဆောင်းပါးမှာဖော်ပြထားပါတယ်။ သူက နှစ်နိုင်ငံအကြား စစ်တပ်ခေါင်းဆောင်တွေနှင့် အဆင့်မြင့်စစ်တပ်အရာရှိတွေ အပြန်အလှန်လည်ပတ်ခဲ့ကြတာတွေကို ပြန်လည်ရေးသားထားပြီး အဲဒီအလည်အပတ်ခရီးတွေက နှစ်နိုင်ငံဆက်ဆံရေးကို ဘယ်လိုအကျိုးပြုခဲ့တယ်ဆိုတာတွေကိုပါ ထည့်သွင်းသုံးသပ်ထားပါတယ်။
ဘင်္ဂလားဒေ့ရှ်ဟာ ငြိမ်းချမ်းရေးမြတ်နိုးတဲ့ ခင်မင်ဖွယ်ကောင်းတဲ့ အိမ်နီးချင်းဖြစ်တယ်ဆိုတာ မြန်မာအနေနှင့် နားလည်သင့် တယ်လို့ သူကဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှုကိုယုံကြည်တယ်။ အဲဒါကြောင့် ဘင်္ဂလားဒေ့ရှနှင့် ဆက်ဆံတဲ့အတွက် မြန်မာအတွက်လည်း အကျိုးရှိပါတယ်လို့ သူက သုံးသပ်ပြပါတယ်။
“ အိမ်နီးချင်းနှစ်နိုင်ငံအကြား စစ်တပ်ချင်းဆက်ဆံရေးဟာ ငြိမ်းချမ်းခြင်း၊သဟဇာတဖြစ်ခြင်း၊ဒေသတည်ငြိမ်ခြင်းနှင့် ဒေသဆိုင်ရာ အတွက်နှင့် ဒေသကြီးတစ်ခုလုံးအတွက် (တောင်အာရှနှင့် အရှေ့တောင်အာရှ)ပိုမိုကြီးမားသော အကျိုးစီးပွား တို့ကို အသေအချာဖြစ်ထွန်းစေနိုင်ပါတယ်” လို့ သူက အဆုံးသတ်ရေးသားထားပါတယ်။
Source: Eurasia Review: Prospects of Defense Cooperation Between Bangladesh-Myanmar by Jubeda Chowdhury
Published 16 April 2022
အသက်၂၅နှစ်အရွယ်ရှိမြန်မာနိုင်ငံသား အမျိုးသားတစ်ဦးကို မလေးရှားနိုင်ငံ ကာလန်းပြည်နယ်မှာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေ တဲ့ ဗွီဒီယိုနှင့် ဆက်စပ်ပြီး ရဲကဖမ်းဆီးလိုက်တယ်လို့ စတားသတင်းစာက ရေးသားပါတယ်။ အဲဒီဗွီဒီယိုထဲမှာ အမျိုးသား တစ်ဦးဟာ ယာဉ်ကြောကြားထဲ ရည်ရွယ်ချက်ရှိရှိ ဝင်ပြေးတာကို ရိုက်ကူးထားတာပါ။
သူ့ကို ဂရှာပါဒူရန်တောပန်ဂျန်းလမ်းမှာ သံယဖြစ်သူအဖြစ် ဧပြီ ၁၅ ရက်က ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ မြောက်ပိုင်းကာလန်း ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။
“ နောက်ထပ် စစ်ဆေးစရာတွေဆက်လုပ်ဖို့ သူ့ကိုဆက်ပြီးချုပ်မှာဖြစ်တယ်” လို့ ရဲကဆက်ပြောပါတယ်။
“ အန္တရာယ်ဖြစ်စေတဲ့ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၃၃၆နှင့် သူ့ကိုစစ်ဆေးနေပါတယ်” လို့ ရဲကအတည်ပြုပါတယ်။
၄၅စက္ကန့်သာရှိတဲ့ အဲဒီဗွီဒီယိုထဲမှာ လူတစ်ယောက်က ကားတွေရှိရာ ပြေးဝင်သွားတာကို ရိုက်ပြထားပြီး “ ဒီလိုလုပ်နေတဲ့လူကို သတိထားကြဖို့” သတိပေးစာသားရေးသားကာ ဆိုရှယ်မီဒီယာတွေမှာ ဖြန့်ဝေခဲ့ကြတာဖြစ်ပါတယ်။
“ ဒီဗွီဒီယိုဟာ ကာလန်းက ဂိုဟောက်ဟွပ်လမ်းပေါ်မှာ ဧပြီ(၇)ရက် မွန်းလွဲ ၁၂နာရီ ၈မိနစ်ကဖြစ်ခဲ့တာကို ပြတာပါ” လို့ ရဲအရာရှိ ဗီဂျာယာရာအိုကပြောပါတယ်။
အမည်မသိအမျိုးသားတစ်ဦးဟာ လမ်းကို ရုတ်တရက်ဖြတ်ကူးလာပြီး သူ့ကိုယ်သူ ကားရဲ့ရှေ့မှန်ပေါ် ပစ်လှဲပစ်လိုက်တယ်လို့ အဲဒီကားပိုင်ရှင် အမျိုးသားတစ်ဦးက ရဲကို တိုင်ချက်ဖွင့်ခဲ့တာဖြစ်ပါတယ်။
ကားမှာ ဝက်ဘ်ကမ် ကင်မရာတပ်ထားတယ်လို့ အဲဒီသူကိုပြောလိုက်တဲ့အခါ ဒဏ်ရာနည်းနည်းရသွားတဲ့ အဲဒီသူဟာ အဲဒီနေရာကနေ ထွက်သွားတယ်လို့ အဆိုပါ ကားပိုင်ရှင်က ပြောပါတယ်။
“ဘယ်မျက်မြင်သက်သေကမှ စစ်ဆေးမေးမြန်းတာကို လာမကူညီကြဘူး” လို့ သူကဖြည့်စွက်ပြောပါတယ်။
သတင်းရထားသူတွေဟာ နီးစပ်ရာရဲစခန်းကို ကူညီသတင်းပေးကြဖို့ ရဲအရာရှိ ဗီဂျာယာကပြောပါတယ်။
Source The Star
#LocalNews
Published - 16 Apr 2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင်၊မူဆယ်မြို့တွင် ဧပြီလ ၁၅ရက်နေ့ မွန်းလွဲ ၃ နာရီခန့် မိုးသက်လေပြင်းဝင်ရောက်တိုက်ခိုက်မှုကြောင့် သစ်ပင်များကျိုးကျကာ ဓာတ်အားတိုင်များလဲကျခြင်းဖြစ်ပေါ်ခဲ့ပြီး သစ်ပင်ပိကာ လူတစ်ဦးထိခိုက်သေဆုံးခဲ့တယ်လို့ မြို့ခံပရဟိတအသင်းတွေဆီကနေ သိရပါတယ်။
အဆိုပါ ဖြစ်စဉ်ကြောင့် မြို့နယ်ထွေအုပ်(ဟောင်း)ဝင်းအတွင်း သစ်ပင်ကျိုးကျသဖြင့် ဓာတ်အားကြိုးများ၊အင်တာနက်လိုင်းများ ပျက်ကျခြင်းနှင့် အ.ထ.က(၃) ရှေ့၌ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူတစ်ဦး(မ) သစ်ကိုင်းကျိုးကျမှုဒဏ်ရာဖြင့် သတိလစ်နေခဲ့ရာ နှလုံးလှလူမှုကူညီရေးအသင်းနှင့် ဂရုဏာလူမှုကူညီရေးအသင်းမှ ယမန်နေ့တွင် ဆေးရုံသို့ ပို့ဆောင်ခဲ့စဉ် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဟိုမွန်ရပ်ကွက်အတွင်း သစ်ပင်လဲကျခြင်းကြောင့် ဓာတ်အားဖြန့်ဖြူး ထားသော 11 KV ဓာတ်အားလိုင်းတိုင် (၉)တိုင်နှင့် 400 V ဓာတ်အားလိုင်းတိုင် (၆)တိုင် စုစုပေါင်း(၁၅)တိုင် လဲကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#Local_News
Published_ 16 April 2022
ယူနီဆက်က ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ ပေါင်းစပ်အာဟာရစီမံချက်ကို ဆက်လက်အကောင်အထည် ဖော်လျှက်ရှိကြောင်း သိရပါတယ်။
ကလေးငယ်နဲ့ အမျိုးသမီးဦးရေစုစုပေါင်း ၄၅,၀၀၀ နီးပါးကို ပြင်းထန်အာဟာရချို့တဲ့ဝေဒနာ စောင့်ကြည့်စစ်ဆေးခြင်းနဲ့ ကုသခြင်းများ ပြုလုပ်ပေးခဲ့ကာ အနုအာဟာရ ဖြည့်စွက်စာများလည်း ပံ့ပိုးပေးခဲ့တယ်လို့ ဆိုပါတယ်။
“အခုဆိုရင် ကျွန်မရဲ့ကလေးတွေအတွက် အာဟာရပြည့်ဝတဲ့ အစားအစာတွေကို စနစ်တကျ ပြင်ဆင်ပေးတတ်ပြီ” ယူနီဆက်ရဲ့ အာဟာရစီမံချက်မှာ ပါဝင်ခဲ့တဲ့ ဒေါ်ဘူးရှိန် ကဆိုပါတယ်။ သူ့မိသားစုဟာ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်တတ်နေပြီလို့လည်း ယုံကြည်မှုရှိလာပါတယ်။
ထို့ပြင် ယူနီဆက်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးရှိ အားနည်းထိခိုက်လွယ်တဲ့ ပြည်သူများကို မရှိမဖြစ်လိုအပ်တဲ့ အာဟာရဝန်ဆောင်မှုများ တိုးချဲ့ပံ့ပိုးပေးလျှက်ရှိ ပါတယ်။ အသက်ငါးနှစ်အောက် ကလေးငယ်ဦးရေ ၄,၀၀၀ နီးပါးကို စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ကာ မိခင်နဲ့ ပြုစုစောင့်ရှောက်သူ ၂,၀၀၀ ဦးခန့်ကိုလည်း နှစ်သိမ့်ဆွေးနွေးပြီး အကြံဉာဏ်များပေးခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရှိကလေးငယ်များစွာမှာ အာဟာရချို့တဲ့မှုကို တွေ့ကြုံခံစားနေကြရပြီး ဖြစ်ပါတယ်။ အခုအခါမှာ မိသားစုများအနေနဲ့ မိမိတို့သားသမီးတွေကို အာဟာရပြည့်ဝတဲ့ အစားအစာတွေ ကျွေးမွေးနိုင်ဖို့ရာ ပိုလို့ပင် ခက်ခဲလာကြတယ်လို့ သိရပါတယ်။
အားနည်းထိခိုက်လွယ်တဲ့ ရပ်ရွာအသိုက်အဝန်းများအတွက် အာဟာရစီမံချက်များ တိုးချဲ့ပံ့ပိုးပေးနိုင်ဖို့ ဒေသခံမိတ်ဖက်အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။
ယူနီဆက်အနေဖြင့် မြန်မာနိုင်ငံရှိ ကလေးငယ်များနဲ့ အခြားထိခိုက်လွယ်သူများအတွက် အရေးပေါ်အာဟာရ၊ ကျန်းမာရေး၊ ရေ၊ပတ်ဝန်းကျင်နဲ့တစ်ကိုယ်ရေသန့်ရှင်းရေး ၊ ပညာရေးနဲ့ ကလေးသူငယ် ကာကွယ်ရေးအကူအညီတွေပေးနိုင်ဖို့ ဆောင်ရွက်လျှက်ရှိကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published_15 April 2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု) မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးသို့ ယနေ့ ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့တွင် ဘုရားဖူးလာရောက်သူများပြားကြောင်း သိရသည်။
ယင်းအပြင် လာရောက်သော အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးခရီးသည်များက မန်းချောင်းအတွင်း ရေချိုး၍အပန်းဖြေကြကြောင်းလည်း သိရသည်။
မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို တပို့တွဲလဆန်း ၅ ရက်နေ့က စတင်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး မြန်မာနှစ်ဆန်းတစ်ရက်နေ့ (ဧပြီလ ၁၇ ရက်)တွင် အောက်ခြေတော်ရာ ဖန်အုပ်စောင်းတော်နှင့် အထက်ခြေတော်ရာ သံတံကားတို့ကို ပိတ်ပွဲကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 15 April 2022
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် စိတ်ရိုင်းဝင်ကုတ်ခြစ်ခဲ့၍အသက်ဆုံးရှုံးခဲ့ရသူမွေးမြူထားသည့် ကျန်ရှိဝက်ဝံများကို နေပြည်တော် တိရိစ္ဆာန်ဥယျာဉ်သို့ ရွှေ့ပြောင်းလိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၇ ရက်က ငယ်စဉ်ကပင် မွေးမြူထားခဲ့သော ဝက်ဝံများထဲမှ အိစိကွေးနှင့် ချစ်ပိုအမည်ရှိ ဝက်ဝံနှစ်ကောင်က စိတ်ရိုင်းဝင်ရန်ပြုတိုက်ခိုက်ခဲ့သည့်အတွက် သခင်ဖြစ်သူသေဆုံးပြီးနောက် အဆိုပါကျန်ရှိ ဝက်ဝံ (၅) ကောင်ကို နေပြည်တော်တိစ္ဆာန်ဥယျာဉ်သို့ ရွှေ့ပြောင်းပေးလိုက်ခြင်း ဖြစ်သည်။
"ကိုအောင်မွေးမြူခဲ့တဲ့ ဝက်ဝံတွေ တောင်ငူမြို့ နာရေးကူညီမှုအသင်း (တောင်ငူ) နဲ့ ၁၁၅ မိုင်မှ ပိုင်အိုးနီးယား က ကိုဇော်တို့နဲ့ နေပြည်တော် တိရိစ္ဆာန် ဥယျာဉ်ကို ဧပြီလ ၁၂ ရက်နေ့က ရွှေ့ပြောင်းပေးခဲ့တယ်"ဟု လူမှုကူညီရေးအသင်းသား တစ်ဦးက ဆိုသည်။
ဝက်ဝံမွေးမြူထားသော ကိုအောင် ဟု အများက ခင်မင်စွာ ခေါ်ကြသည့် ဦးစိုးမိုးအောင်မှာ တိရိစ္ဆာန်များကို ချစ်မြတ်နိုးသူ ဖြစ်ပြီး "အနှိုင်းမဲ့အကြင်နာပရဟိတ" အမည်ဖြင့်လည်း ဝက်ဝံများအပါအဝင် အခြားတိရိစ္ဆာန်များကို ထိန်းသိမ်းမွေးမြူထားသူ ဖြစ်သောကြောင့် လူသိများသူတစ်ဦးလည်း ဖြစ်သည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published -15 Apr 2022
ရခိုင်ပြည်နယ်၊ ဂွမြို့၊ မြို့မရပ်ကွက်တွင် ဧပြီလ ၁၄ ရက်ညပိုင်းက အသက်(၁၃)နှစ်အရွယ် မိန်းကလေးတစ်ဦးအား မုန့်ဝယ်ကျွေးမယ်ဟု အပြင်သို့ခေါ်ဆောင်သွားကာ အလိုမတူပဲသားမယားအဖြစ်ပြုကျင့်သည့် ဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့တယ်လို့ ဂွမြို့ရဲတပ်ဖွဲ့စခန်းက သိရပါတယ်။
ဖြစ်စဥ်မှာ မြို့မရပ်ကွက်တွင်နေထိုင်သူ ရဲနိုင်(ခ)မျိုးမင်းမောင် (၄၃)နှစ် စျေးရောင်းလုပ်ကိုင်သူက တစ်လမ်းနေသူ မ---(၁၃)နှစ်အား အပြင်သို့ မုန့်ဝယ်စားရန် ဆိုင်ကယ်ဖြင့်ခေါ်ဆောင်သွားပြီး မြို့ပြင်ရှိ မြို့အဝင်အထွက်ဂိတ်အကျော် တောင်ကြားလမ်းအတွင်းသို့ ခေါ်ဆောင်သွားပြီး သားမယားအဖြစ် (၁)ကြိမ် ပြုကျင့်ခဲ့ကြောင်း၊ ထို့နောက် မ------အား ပြန်လည်ခေါ်ဆောင်လာပြီး သစ်သီးဆိုင်မှ ပန်းသီးနှစ်လုံးဝယ်ပေးကာ နေအိမ်အနီးသို့ ပြန်ပို့ပေးခဲ့ကြောင်း၊ ဘုန်းကြီးကျောင်းတွင် ကျောင်းဝေယျာဝစ္စလုပ်ကိုင်နေသူ မ-----၏ မိခင်ဖြစ်သူအား ၎င်း၏ ယောက်မဖြစ်သူက သမီးဖြစ်သူ၏ ဖြစ်စဥ်ကို သွားရောက်ပြောကြားခဲ့သောကြောင့် မ------၏ မိခင်ဖြစ်သူသည် မြို့မရဲစခန်းသို့ တရားလိုပြုလာရောက် တိုင်တန်းသဖြင့် ရဲနိုင်(ခ)မျိုးမင်းမောင် (၄၃)နှစ်အား ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃အရ အမှုရေးဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
Page 1879 of 2010