#Local_News
Published _ 2 August 2022
ပြည်တွင်းစားသုံးဆီဈေးကွက်တွင် စားအုန်းဆီဈေးနှုန်းတစ်ပိဿာလျှင် ၇၅၀၀ ကျပ်ဈေးအထက်ဖြင့်ဝယ်ယူနေရပြီး စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်သည့်ရည်ညွှန်းဈေးနှုန်းနှင့် ထက်ဝက်ခန့် ကွာဟနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက သြဂုတ်လ ၁ ရက်မှ ၇ ရက်အထိ အခြေခံလက်ကားရည်ညွှန်း ရန်ကုန်ဈေးနှုန်း တစ်ပိဿာလျှင် ၃၅၂၅ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသော်လည်း ပြင်ပတွင် တစ်ပိဿာ ၇၀၀၀ ကျပ်ကျော်ဖြင့် ဝယ်ယူနေရခြင်းဖြစ်ကြောင်း အဆိုပါစျေးကွက်မှ တဆင့်သိရသည်။
ရည်ညွှန်းဈေးနှုန်းတွက်ချက်မှုမှာ စားအုန်းဆီအဓိက ထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများထည့်သွင်းတွက်ချက်၍ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည်။
ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်၍သိုလှောင်ခြင်းနှင့် မသမာသည့်လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ထားသည်။
လက်ရှိ ဈေးကွက်အတွင်းရောင်းချနေသည့် ပဲဆီဈေးနှုန်းမှာလည်း တစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်မှ ၁၃၀၀၀ ကျပ်ဈေးအထိ ရောင်းချကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published _ 2 August 2022
လူမူဖူလုံရေးအလုပ်သမားတွေ ဆေးကုသမှုခံယူနိုင်ရန် ပုဂ္ဂလိဆေးခန်း(၂၁)ခုဖြင့် ချိတ်ဆက်မှုများပြုလုပ်ထားကြောင်း လူမှုဖူလုံရေးအဖွဲက ထုတ်ပြန်ထားသည်။
လူမှုဖူလုံရေးအာမခံ အလုပ်သမားတွေအနေနှင့် ယင်းဆေးခန်းများတွင် အခမဲ့သွားရောက်ဆေးကုသမှုခံယူနိုင်ပြီး ကုန်ကျငွေကို လူမှုဖူလုံရေးအဖွဲ့မှ စိုက်ထုတ်ပေးမှာဖြစ်ကြောင်း သိရသည်။
ထိုပုဂ္ဂလိကဆေးရုံဆေးခန်းများနှင့် ပူးပေါင်းဆေးကုသမှုပေးနိုင်ရန် ၂၀၁၉ ခုနှစ် ကထဲက စတင်ကြိုးစားခဲ့တာဖြစ်ပြီး ယခုဆို ပုဂ္ဂလိကဆေးခန်း (၂၁)ခုအထိချိတ်ဆက်ထားနိုင်ပြီဖြစ်ကြောင်း ယင်းမှသိရသည်။
"မြို့နယ်အလိုက် ဖူလုံရေးဆေးခန်းတွေမှာလည်း လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုခံလို့ရတယ်။ ပိုပြီးကျန်းမာရေးစောင့်ရှောက်ပေးနိူင်ဖို့အတွက် ပုဂ္ဂလိကဆေးခန်းတွေနဲ့ထပ်ပူးပေါင်းလုပ်နေတာ"ဟု လူမှုဖူလုံရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ချိတ်ဆက်ထားသည့် ဆေးခန်းများအနက် ရန်ကုန်၊ မန္တလေး၌အများဆုံးဖြစ်ပြီး ပဲခူး၊ မြိတ်၊ မြစ်ကြီးနား၊ တောင်ကြီး၊ နေပြည်တော်စသည့် မြို့များမှ ဆေးခန်းများလည်းပါဝင်ကြောင်း တွေ့ရှိရသည်။
လူမှုဖူလုံရေးအဖွဲ့အနေနှင့် အလုပ်သမားဆေးရုံ(၃)ခု၊ ဌာနကြီးဆေးခန်း(၅၇)ခန်း၊ လူမူဖူလုံရေးဆေးခန်း (၉၆)ခုမှနေ၍ ဆေးကုသမှုများ ပြုလုပ်ပေးလျှက်ရှိကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published_2 August 2022
ထိုင်းနိုင်ငံသို့ တရားမဝင်လာရောက်သည့် မြန်မာနိုင်ငံသား ၁၀ ဦးနှင့် ယင်းတိုကိုတင်ဆောင်မောင်းနှင်လာသည့် ချင်းမိုင်ခရိုင်ဒေသခံ အိုက်ဟွမ် အမည်ရှိ ယာဉ်မောင်းတစ်ဦးအား ထိုင်းနိုင်ငံ အမြန်လမ်းရဲတပ်ဖွဲ့က အယုဒ္ဓယခရိုင်အဝင် အာရှလမ်းတွင် သြဂုတ်လ (၁) ရက် ညပိုင်းက ဖမ်းဆီးလိုက်ကြောင်း သိရသည်။
အရှိန်မြှင့်မောင်းလာသော အဆိုပါယာဉ်ကို သံသယဖြစ်၍ လှည့်ကင်းပြုလုပ်နေသော အမြန်လမ်းရဲတပ်ဖွဲ့က တားစီးစစ်ဆေးစဉ် ယင်းတို့ကို ဖမ်းဆီးမိခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူတစ်ဦးက ပြောသည်။
အဲဒီအလုပ်သမားများမှာ တာချီလိတ်မြို့ဘက်မှ တောလမ်းကြောင်းသုံးပြုပြီး ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်ဘက်သို့ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း၊ ပွဲစားခအဖြစ် တစ်ယောက်လျှင် ဘတ် ၁၅၀၀၀ စီပေးဆောင်ရကြောင်းနှင့် လိုက်ပါပို့ဆောင်သည့် ယာဉ်မောင်းအား ပို့ဆောင်ခတစ်ဦးလျှင် ဘတ် ၄၅၀၀ ပေးရကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ အဖမ်းခံရသူများအား အယုဒ္ဓယခရိုင် မဟာရတ်ရဲစခန်းသို့ ပို့ဆောင်ထားကြောင်းနှင့် ထိုင်းနိုင်ငံဆိုင်ရာ ပြဌာန်းဥပဒေများနှင့်အညီ ရင်ဆိုင်ရမည် ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published -2 August 2022
ပြည်တွင်းငွေလဲစျေးနှုန်းမှာ မတည်ငြိမ်ခြင်းကြောင့် ပဲ၊ နှမ်းစျေးကွက်၌ ပုံမှန်မဟုတ်သည့် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။
ဒေါ်လာဈေးအပေါ် အခြေခံသည့် ကုန်သွယ်ရေးမူဝါဒအပြောင်းအလဲကြောင့် ပဲမျိုးစုံဈေးကွက်အတွင်း ပဲ၊ နှမ်းအားလုံး ဈေးမြင့်တက်လာသည့်အပြင် လက်ကျန်နည်းလာသည့် ပို့ကုန်ပဲများမှာ ဈေးမြင့်တက်လာကြောင်း သိရသည်။
အစိုးရမှ ဒေါ်လာငွေသတ်မှတ်ချက်အပြင် ငွေပေးချေမှု၊ တင်ပို့မှုဆိုင်ရာ လိုင်စင်လျှောက်ထားရမှုတို့ကြောင့် ပဲ၊ နှမ်းဈေးကွက်တွင် နှစ်ရက်ခန့် အရောင်းအဝယ် ရပ်ဆိုင်းလုဖြစ်သွားပြီး ပစ္စည်းလက်ဝယ်ရှိသူများမှ ပြင်ပဒေါ်လာဈေးပေါ်မူတည်၍ ဈေးချိန်ညှိကာ ကြိုက်ဈေးရမှသာ ရောင်းချသည့် ပုံစံဖြစ်လာကြောင်း သိရသည်။
ကုန်သွယ်ရေးမှုဝါဒ အပြောင်းအလဲကြောင့် နယ်စပ်ကုန်သွယ်မှုတွင် ပို့ကုန်သမားများ တင်ပို့မှုရပ်ဆိုင်းထားရကြောင်း သိရသည်။
ပဲ၊ ပြောင်း၊ နှမ်းအမျိုးမျိုးနှင့် မြေပဲတို့ကို ပင်လယ်ရေကြောင်းမှ တင်ပို့ရန် ထောက်ခံချက်ရယူလိုပါက ပို့ကုန်ကြိုတင်ရငွေ USD လက်ခံကို ပူးတွဲလျှောက်ထားရမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published -2 August 2022
မြန်မာနိုင်ငံရှိ အလုပ်အကိုင်အခွင့်အလမ်းများသည် ၂၀၂၀ ခုနှစ်နှင့် နှိုင်းယှဉ်မည်ဆိုပါက အလုပ်အကိုင်အခွင့်အလမ်း ၁ ဒသမ ၁ သန်း လျော့နည်းသွားကြောင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) က ထုတ်ပြန်ထားသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) အနေဖြင့် မြန်မာနိုင်ငံရှိအလုပ်အကိုင်များနှင့် ပတ်သက်၍ အစီရင်ခံစာကို ဩဂုတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံအတွင်း၌ အလုပ်အကိုင်အရည်အသွေး ပိုမိုဆိုးရွားစွာကျဆင်းလာလျက်ရှိပြီး ကုန်ထုတ်စွမ်းအားများ ပိုမိုပြီးကျုံလာကာ ၂၀၂၀ ပြည့်နှစ် အချိန်ကာလ အလုပ်အကိုင်တွေထက် အဆင့်နိမ့်ကျလျက်ရှိနေဆဲဖြစ်ကြောင်း ILO မှ ခန့်မှန်းထားခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မှ ၁၈ လ ကြာကာလအတွင်းနှင့် ကိုဗစ်ကပ်ရောဂါဖြစ်ပွားသည့် တစ်နှစ်ခွဲကြာကာလအတွင်း မြန်မာနိုင်ငံတွင် အလုပ်အကိုင်ဆုံးရှုံးမှုများနှင့် အလွန်အမင်းကြုံတွေ့နေရကြောင်း သိရသည်။
ယင်းအပြင် ၂၀၂၀ ပြည့်နှစ်နှင့် နှိင်းယှဉ်ပါက အမျိုးသမီးများသည် အမျိုးသားများ၏ အလုပ်ကိုင် ၁ ဒသမ ၁ သန်း နည်းပါးသွားကြောင်း၊ ၂၀၂၂ ခုနှစ်၊ ပထမနှစ်ဝက်တွင် အလုပ်အကိုင်အခြေအနေ အနည်းငယ်ပြန်လည်ကောင်းမွန်လာကြောင်း သိရသည်။
အလားတူ ၂၀၂၁ ခုနှစ်တွင် လုပ်သားကုန်ထုတ်စွမ်းအား ၈ ရာခိုင်နှုန်း ကျုံဆင်းသွားခဲ့ပြီး၊ ၂၀၂၂ ခုနှစ်၊ ပထမနှစ်ဝက်၌ ၂ ရာခိုင်နှုန်း ထပ်မံကျုံဆင်းသွားကြောင်း ထုတ်ပြန်ခဲ့သည်။
ymg/sth
#Yangon_Media_Group
#Local_News
Published_2 August 2022
တောင်ကိုရီးယားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကြမည့် မြန်မာလုပ်သား ၁၄၇ ဦး ယနေ့ သြဂုတ်လ ၂ ရက်တွင် ထပ်မံ သွားရောက်ခဲ့ကြကြောင်း တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ဆိုးလ်မြို့မြန်မာသံရုံးက ထုတ်ပြန်လိုက်သည်။
ယင်းတွင် Re-entry လုပ်သား ၂၀ ဦးနှင့် ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ် ၁၂၇ ဦး စုစုပေါင်း ၁၄၇ ဦး ဖြစ်ပြီး ရန်ကုန်မှ အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိခဲ့ကြပြီ ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းတို့အား တောင်ကိုရီးယားနိုင်ငံဆိုင်ရာဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိကကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခြင်း၊ လိုအပ်သည်များ ကူညီပံ့ပိုးပေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်ကလည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သားအဖြစ်အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ်(၂၃)ဦးနှင့် ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ်(၁၁၉)ဦး ၊ ဇူလိုင် ၂၈ ရက်တွင် ၁၇၉ ဦး သွားရောက်ခဲ့ကြသေးကြောင်း သိရသည်။
လက်ရှိအချိန်အထိ တောင်ကိုရီးယားနိုင်ငံ၌ မြန်မာလုပ်သား ၄၀၀၀၀ ကျော်ရောက်ရှိလုပ်ကိုင်နေကြကြောင်း အလုပ်သမားရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_2 August 2022
တရုတ်-မြန်မာနိုင်ငံတကာလမ်းကြောင်းရှိ အဓိကအစိတ်အပိုင်းဖြစ်သော ယူနန်ပြည်နယ် တာလီ-ရွှေလီရထားလမ်း၏ တာ့လီ-ပေါင်စန်းလမ်းပိုင်းဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်လိုက်သည်။
အဆိုပါ ရထားလမ်း ဖွင့်လှစ်ပြေးဆွဲပြီးနောက် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများအကြား ကုန်စည်စီးဆင်းမှုလမ်းကြောင်းသစ်များကို ကုန်းလမ်းနှင့် ရထားလမ်း၊ ရေကြောင်းနှင့် ရထားလမ်းပေါင်းစပ် ပို့ဆောင်သည့်နည်းလမ်းဖြင့် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။
ယူနန်ပြည်နယ် ပေါင်စန်းဘူတာမှ C296 Fuxing EMU ရထားထွက်ခွာဖွင့်လှစ်ခဲ့ပြီးအရှေ့ဘက် တာ့လီသို့ ဦးတည်ခုတ်မောင်းခဲ့ကြောင်း၊ ယင်းရထားလမ်းမှာ ၁၄ နှစ်ကြာမြင့်ခဲ့ပြီး ယခုအခါ တာ့လီ-ရွှေလီရထားလမ်း၏ တာ့လီ-ပေါင်စန်းလမ်းပိုင်းကို တရားဝင် ဖွင့်လှစ်ပြေးဆွဲနိုင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ယင်းရထားလမ်းပိုင်းတွင်ပါသည့် ပေါင်စန်းလိုဏ်ခေါင်းကို (၆)နှစ်ကြာ ဖောက်လုပ်ခဲ့ရကာ ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်တွင် ဖောက်လုပ်ပြီးစီးခဲ့ကြောင်း ၊တရုတ်-မြန်မာ နိုင်ငံတကာလမ်းကြောင်းကြီးဖြစ်သော ယူနန်ပြည်နယ် တာလီ-ရွှေလီရထားလမ်း၏ ဖူဖျောင်းမြို့နယ်မှ နုကျန်းမြစ် အရှေ့ဘက်ကမ်းထိ အလွန်ရှည်လျားသော ဥမင်လိုဏ်ခေါင်းအုပ်စု အဖြစ် တည် ဆောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားခဲ့သည်။
တာလီ-ရွှေလီရထားလမ်းမှာ စုစုပေါင်း (၃၃၀) ကီလိုမီတာ ရှည်လျားပြီး တံတားနှင့် ဥမင်လိုဏ်ခေါင်း (၇၆)ရာခိုင်နှုန်း ထိ ပါဝင်ကြောင်း၊တာလီ-ရွှေလီရထားလမ်းတစ်လျှောက် လိုဏ်ခေါင်း ၄၄ ခုတွင် လိုဏ်ခေါင်း ၂ ခုသာကျန်ရှိတော့ကြောင်း၊ တာလီမှ ပေါင်စန်း၊ ပေါင်စန်းမှ ရွှေလီ အပိုင်းခွဲဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံနှင့် တောတောင်ရေမြေထိစပ်လျက်ရှိသော ပေါင်စန်းမြို့မှာ ယူနန်ပြည်နယ် အနောက်တောင်ပိုင်းတွင် တည်ရှိသော မြို့ ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် တာ့လီ-ရွှေလီရထားလမ်း၏ ပေါင်စန်း-ရွှေလီလမ်းပိုင်းဖောက်လုပ်မှုကို စနစ်တကျ မြှင့်တင်လျက်ရှိပြီးလမ်းကြောင်း တစ်ခုလုံးဖွင့်လှစ်နိုင်ပါကတရုတ်-မြန်မာနိုင်ငံတကာ ရထားလမ်းကြောင်း၏ တရုတ်နိုင်ငံတွင်းလမ်းပိုင်းကို ဘက်စုံတည်ဆောက်ပြီးစီးမည်ဖြစ်ကာ “Belt and Road” နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ တည်ဆောက်ရေးအတွက် တာ့လီ-ရွှေလီရထားလမ်းမှ ဝန်ဆောင်မှုပေးသည့် အခန်းကဏ္ဍကို ပိုမိုသိသာထင်ရှားစေမည် ဖြစ်ကြောင်း သိရသည်။
ဓါတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး
ymg/mt
#Yangon_Media_Group
Page 1510 of 1877