#LocalNews
Published - 21 June 2022
၁၀ ရက်ကျော်ကြာပျောက်ဆုံးနေသည့် အမျိုးသမီးငယ်၏ မိဘထံ ဖုန်းဖြင့်ဆက်သွယ်၍ ငွေတောင်းခံမှုများရှိနေကြောင်း အဆိုပါ အမျိုးသမီးငယ် မကြာဖြူ၏ မိဘထံမှ သိရသည်။
နမ့်ဆန်၊ ပလောင်ရွာဇာတိ၊ မန္တလေးမြို့ မဟာအောင်မြေ မဟာမြိုင်လမ်းတွင် နေထိုင်သည့် မကြာဖြူသည် ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်တွင် မိဘများအား စိတ်ဆိုး၍ နေအိမ်မှထွက်သွားပြီး ၁၀ ရက်ကျော်ကြာသည်အထိ မရှာတွေ့သေးကြောင်း သိရသည်။
"သူကတော့ ထိုင်းကိုရောက်သွားပြီတဲ့။ သူနဲ့ Video call ပြောချင်ရင် ၅ သောင်းပေးရမယ်လို့ပြောတယ်။ အဲတိုင်းပြောတာဟုတ်ပါတယ်။ လူလိမ်လိုထင်တာပဲ။ ၁၀ ရက်နေ့ကသွားတယ်၊ ၁၃ ရက်နေ့ကျတော့ ထိုင်းကိုရောက်သွားတယ်တဲ့။ အောက်လမ်းကသွားရင် ၃ ရက်နဲ့မရဘူးလေ။ သူ့အသံကြားချင်ရင် ၂ သောင်းတဲ့ Video call ပြောချင်ရင် ၅ သောင်းတဲ့။ ခုလက်ရှိလည်းအဆက်အသွယ်မရသေးပါဘူး။ မိုင်တဲဖုန်းနံပါတ်နဲ့ဆက်တာ။ ရှာနေတာပဲ။ လူကုန်ကူးလည်းတိုင်ထားတယ်။ စစ်သားတွေရဲတွေကိုလည်းပြောထားတယ်။ အကုန်လုံးကိုပြောထားတယ်။ သတင်းပေးမယ့်သူ၊ တွေ့လိုအကြောင်းကြားပေးတယ့်သူတွေကို ကြိုဆိုထားတယ်"ဟု ၎င်း၏ အစ်မ ဖြစ်သူကပြောသည်။
အဆိုပါပျောက်ဆုံးနေသည့် မကြာဖြူသည် အသက် (၁၈)နှစ်ရှိပြီး လက်ရှိကာလတွင် အခြေအနေမကောင်းသောကြောင့် မိသားစုဝင်များမှ စိုးရိမ်ပူပန်နေကြောင်း သိရသည်။
ယင်းအပြင် မကြာဖြူကို တွေ့ရှိသူတွေအနေဖြင့် ဖုန်း 09-794 984 423 သို ဆက်သွယ်အကြောင်းကြားပေးရန် မိသားစုမှ တောင်းဆိုထားသည်။
ymg/sth
#Yangon_Media_Group
Published 21 June 2022
လက်ရှိ G20 ဥက္ကဋ္ဌ ဖြစ်တဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုဟာ ဒီလကုန်မှာ မော်စကိုကို သွားရောက်ပြီး ရုရှားသမ္မတ ဗလက်ဒီမာပူတင်နှင့် တွေ့ဆုံစကားပြောမယ်လို့ အင်ဒိုနီးရှား နိုင်ငံပိုင်သတင်းအေဂျင်စီက လုံခြုံရေးဝန်ကြီးရဲ့ ပြောကြားချက်ကို ကိုးကားပြီး သတင်းထုတ်ပြန်ပါတယ်။
ယခုနှစ် G20 ထိပ်သီးအစည်းဝေးဟာ ယူကရိန်းစစ်ပွဲအရိပ်ထိုးခံနေရပီး အချို့ အနောက်နိုင်ငံတွေက ထိပ်သီးအစည်းအဝေးကို သပိတ်မှောက်ဖို့နှင့် ရုရှားကို အစည်းအဝေးကနေ ဖယ်ထုတ်ဖို့ ခြိမ်းခြောက်နေချိန်မှာ အင်ဒိုနီးရှားဟာ အုပ်စုအတွင်းညီညွတ်မှု ရရှိအောင် ကြိုးစားနေရတာြဖစ်ပါတယ်။
ဂျိုကိုဝီလို့ အများသိကြတဲ့ အင်ဒိုနီးရှားခေါင်းဆောင်ဟာ သမ္မတပူတင်နှင် ဇွန်၃၀ရက်မှာ တွေ့ဆုံမယ်လို့ နိုင်ငံပိုင်သတင်းဌာန အင်တာရာက ပြောပါတယ်။
“မှန်ပါတယ်။ ဒါဟာ သမ္မတရဲ့ အစီအစဉ်ပါ” လို့ လုံခြုံရေးညှိနှိုင်းဆောင်ရွက်ရေးဝန်ကြီး မာဖဒ်အမ်ဒီက သမ္မတအိမ်တော်မှာ တနင်္လာနေ့က သတင်းထောက်တွေကိုပြောခဲ့ပါတယ်။
ကရင်မလင်သတင်းအရင်းအမြစ်ကို ကိုးကားပြီး ရုရှားအစိုးရသတင်းဌာန တပ်စ်ကလည်း ဒီသတင်းကို အတည်ပြုရေးသားပါတယ်။
ရုရှားကို မသွားခင်မှာ ဂျိုကိုဝီဟာ ဂျာမနီကိုသွားရောက်ပြီး ဇွန်၂၆ကနေ ၂၈ အထိ G7 ထိပ်သီးအစည်းအဝေး တက်ရောက်မှာဖြစ်ပါတယ်။ သူဟာ ရုရှားကိုမရောင်ခင် ယူကရိန်းမှာ တစ်ထောက်နားဖို့လည်း စဉ်းစာနေတယ်လို့ ပြည်တွင်းမီဒီယာတွေက ရေးသားကြပါတယ်။
နိုဝင်ဘာလမှာ ဘာလီတွင်ကျင်းပမယ့် G20ထိပ်သီးအစည်းအဝေးကို ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလင်စကီးကကိုလည်း ဖိတ်ကြားမယ်လို့ အင်ဒိုနီးရှားက ဧပြီလမှာကြေညာခဲ့ပါတယ်။ ဒါပေမယ့် ပူတင်ကိုဖိတ်ကြားတာကိုလည်း ပြန်ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ ကနေဒါသမ္မတ ဂျပ်စတင် ထရူးဒေါ နှင့် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်တို့ဟာ ရုရှားသမ္မတ တက်ရောက်မှာကို ဆန့်ကျင်သူတွေအထဲမှာ ပါဝင်နေပါတယ်။
ဘယ်လိုဖြစ်ဖြစ် တက်မယ်လို့ ဩစတြေလျဝန်ကြီးချုပ် အန်သိုနီအယ်ဘန်နီဆီက ဒီလအတွင်း ဂျာကာတာရောက်စဉ် အတည်ပြုခဲ့ပါတယ်။
Source: Reuters
#Local_News
Published_21 June 2022
ငွေသိန်းတစ်ထောင်ဝန်းကျင်နဲ့ ပြန်ပေးဆွဲခံထားရတဲ့ မြန်မာ-ဘင်္ဂလားနယ်စပ်၊ ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊တောင်ပြိုလက်ဝဲမြို့၊ သင်္ဘောလှမူလွန်ကျောင်းရဲ့ ကျောင်းအုပ်ဆရာကြီး အသက် ၃၉ နှစ်ဝန်းကျင် အရွယ် ဦးဘိုဝင်းနဲ့ သူ့ရဲ့လက်ထောက်ဆရာမ အသက် ၂၇ နှစ်ဝန်းကျင် အရွယ် ဒေါ်ဥမ္မာကျော် တို့ကို ရှာဖွေတာ ရပ်လိုက်ပြီလို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 21 June 2022
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုတဲ့ မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ် (၂) ချစ်ကြည်ရေးတံတားမှ တစ်ဆင့် ပြန်လည်ကြိုဆို လက်ခံခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ဇွန် ၂၀ ရက်တွင် ၁၃၂ ဦး ဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါဆိုင်ရာများအား အသိပညာပေးခြင်း၊ ပြန်လည်ဝင်ရောက်လာသူများ၏ အချက်အလက်များ ကောက်ယူခြင်းများကို ဆောင်ရွက်ခဲ့ကြပါတယ်။
ထိုသို့ ပြန်လာသူများတွင် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ နေရပ်ပြန်များအား မော်လမြိုင်မြို့ရှိ ဆယ်မြို့နယ်အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ပို့ဆောင်ပေးပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ နေရပ်ပြန်များအား မြဝတီကုန်သွယ်ရေးဇုန်နှင့် မဲကနယ် အသွားအလာကန့်သတ် စောင့်ကြည့် ရေးစခန်းများတွင် ၁၀ ရက်ကြာ အသွားအလာရက်ကန့်သတ် ထားရှိကာ ကိုဗစ်ရောဂါ ပိုးရှိမရှိ စစ်ဆေးပြီးမှ သက်ဆိုင်ရာ မြို့နယ်များသို့ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။
ပြန်လည်ဝင်ရောက်လာသူများ အနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ အမျိုးသား ၇၆ ဦး၊ အမျိုးသမီး ၅၆ ဦး စုစုပေါင်း ၁၃၂ ဦး ဖြစ်ပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published_21 June 2022
ပြည်တွင်း စက်သုံးဆီစျေးနှုန်း တစ်လီတာလျှင် ကျပ် ၁၀၀ ကျော် ဝန်းကျင်အထိ ကျဆင်းလာကြောင်း စက်သုံးဆီဆိုင်များ၏ ထုတ်ပြန်ထားသည့်စျေးနှုန်းများအရ သိရသည်။
ယမန်နေ့တွင် စက်သုံးဆီအရောင်းဆိုင်များ၏ ထုတ်ပြန်ထားသည့် စျေးနှုန်းမှာ ၉၂ တစ်လီတာလျှင် ၂၂၅၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၃၄၀ ကျပ်၊ ၉၇ တစ်လီတာလျှင် ၂၅၃၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၆၉၀ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၇၂၀ ကျပ် ရှိခဲ့ပြီး ယနေ့ စက်သုံးဆီစျေးနှုန်းမှာ၉၂ တစ်လီတာလျှင် ၂၁၄၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၂၅၀ ကျပ်၊ ၉၇ တစ်လီတာလျှင် ၂၄၄၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၅၉၀ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၆၂၀ ကျပ် အထိ ကျဆင်းလာကြောင်း စျေးနှုန်းများအရ သိရသည်။
ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ရည်ညွှန်းလက်ကားစျေးနှုန်းများနှင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရည်ညွှန်းလက်လီစျေးနှုန်းများဖြင့်လည်း ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီမှ သိရသည်။
ymg/sth
#Yangon_Media_Group
#DailyNews
Published - 21 June 2022
၁။ ထိုင်းနိုင်ငံသားတစ်ဦးသေဆုံးမှုတွင် လက်ဗွေရာတွေ့သည်ဆိုသော မြန်မာနိုင်ငံသားတစ်ဦးအတွက် အာမခံရရှိရေးလုပ်ဆောင်မည်
၂။ ဆရာတော်၊ သံဃာတော်များ၏ ပုံတူများကို ဆီလီကွန်ပုံတူတော်ပြုလုပ်ပြီး ပူဇော်သူများနေ
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ မက္ကဆီကိုတွင် လူအများဆုံးပါဝင်သည့် လက်ဝှေ့သင်တန်းကျင်းပပြီး ကမ္ဘာ့စံချိန်အသစ်တင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_21 June 2022
မလေးရှားနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းရေးစခန်းများသို့ ရောက်နေကြသည့် မြန်မာနိုင်ငံသားများအား နေရပ်သို့ ဆက်လက်ပို့ဆောင်နိုင်ရန် ဆွေးနွေးနေကြကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းတွင် မလေးရှားနိုင်ငံနှင့် ထိုင်းနယ်စပ်ရှိ Tanah Merah လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်းအတွင်း ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသားများအား သံရုံးဒုတိယအတွင်းဝန်နှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံခဲ့ကြောင်း အဆိုပါ မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Tanah Merah လူဝင်မှုကြီးကြပ်ရေးဌာနထိန်းသိမ်းရေးစခန်းတွင် မြန်မာနိုင်ငံသား အမျိုးသား ၇၈ဦး၊ အမျိုးသမီး ၂၃ဦး၊ ကလေးနှစ်ဦး စုစုပေါင်း ၁၀၃ ဦး ထိန်းသိမ်းခံထားရကြောင်း၊ ယင်းတို့အား ဒုတိယအတွင်းဝန်နှင့် တာဝန်ရှိသူများက အားပေးစကားပြောကြားကာ ထိန်းသိမ်းခံထားရသည့်သူများအနက် အထောက်အထား ပြည့်စုံသူများအား မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်ပို့နိုင်ရန် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published _ 21 June 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် တရားမဝင်သွယ်တန်းထားသည့် ဖိုင်ဘာကေဘယ်ကြိုးများနှင့် ဝိုင်ဖိုင်ကြိုးများကို ဖယ်ရှားနေကြောင်း သိရသည်။
ရန်ကုန်မြို့တွင်းမြို့နယ်ဖြစ်သည့် လသာမြို့နယ်၊ ၂၄ လမ်းနှင့် ရွှေတိဂုံဘုရားလမ်းတစ်လျှောက်ရှိ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းပိုင် ဓာတ်အားလိုင်းတိုင်များပေါ်တွင် တရားမဝင်သွယ်တန်းထားသော အဆိုပါ ဖိုင်ဘာကေဘယ်ကြိုးများနှင့် ဝိုင်ဖိုင်ကြိုးများကို မြို့နယ် လျှပ်စစ်မန်နေဂျာရုံး ဝန်ထမ်းများနှင့် တရားဝင်ခွင့်ပြုထားသည့် ဆက်သွယ်ရေး ကုမ္ပဏီများမှ ပူးပေါင်းရှင်းလင်းခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
တရားမဝင် ကေဘယ်လ်ကြိုးများကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၃၀ ရက် နောက်ဆုံးထား၍ မိမိအစီအစဉ်ဖြင့် ဖယ်ရှားရန် ကြေညာထားသော်လည်း လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ တရားမဝင် ဆက်လက် သွယ်တန်းထားနေသောကြောင့် ယင်းသို့ရှင်းလင်းခဲ့ရကြောင်း အဆိုပါဌာနမှ သိရသည်။
ပြီးခဲ့တဲ့ ဇွန်လ ၁၈ရက်က အဆိုပါ ကေဘယ်ဘ်ကြိုးများကို ဌာနဆိုင်ရာမှ ဝိုင်းဝန်းရှင်းလင်းခဲ့ကြပြီး အခြားမြို့နယ်များတွင်လည်း တရားမဝင်သွယ်တန်းထားခြင်းများရှိမရှိ လိုက်လံစစ်ဆေးသွားမည် ဖြစ်ကြောင်းသိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published - 21 June 2022
ရန်ကုန်မြို့၏ ပထမဦးဆုံး Informative Digital Map မြေပုံစီမံကိန်းရေးဆွဲမှု ၈၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းဌာနက သိရသည်။
ရန်ကုန်မြို့တော် တိုးတက်ရေးအတွင် ရေးဆွဲသည့် အဆိုပါမြေပုံကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ အကူအညီဖြင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ် မတ်လထိ ရေးဆွဲခဲ့ကြခြင်း ဖြစ်သည်။
အနာဂတ်တွင် မြေတိုင်း ရည်ညွှန်းစခန်း (CORS) ငါးခု နှင့် Data Center ထွက်ပေါ်လာ ရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့သော အဆိုပါ Informative Digital Map တွင် ရန်ကုန်မြို့၏ မြေပြင်ရှိ အဆောက်အအုံများဆိုင်ရာ အချက်အလက်များကို တိကျမှန်ကန်စွာ ကောက်ခံရာတွင် အရေးပါကြောင်း သိရသည်။
ယင်းမြေပုံတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ် ၃၃ မြို့နယ် ဧရိယာအတွင်းရှိ အဆောက်အဦတစ်သန်းခန့်တွင် နေထိုင်ကြသည့် လူဦးရေ ခုနစ်သန်းကျော်၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်သွားလာမှု၊ ကုန်စည်စီးဆင်းမှုများ ဘေးကင်းလုံခြုံမှုအပြင် မြို့ပြပြည်သူများ၏ ယာဉ်ရပ်နားနေရာများ၊ ကိုယ်ကာယကျန်းမာရေးနေရာများနှင့် မရှိမဖြစ်လိုအပ်သော အစိမ်းရောင်မြက်ခင်းများနေရာများကို လည်း ပူးတွဲထည့်သွင်းသွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိ မြေပုံဆိုင်ရာ အချက်အလက်များကို အခြေခံ၍ ရန်ကုန်မြို့ပတ်လမ်း အတွင်းဘက် ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်ကို၊ မြေပုံစကေး ၁:၅၀၀၀ ဖြင့် လည်းကောင်း၊ ရန်ကုန် တိုင်းဒေသကြီး အနောက်တောင်ဒေသနယ်မြေကို မြေပုံစကေး ၁:၁၀၀၀၀ ဖြင့် လည်းကောင်း Digital Topographic Map ကို အခြေခံ၍ ရေးဆွဲထားခြင်းဖြစ်ကြောင်း သိရသည်။
ဇုန်များကို သတ်မှတ်ရာတွင် လူနေထိုင်မှု အလွှာလေးမျိုး၊ စီးပွားရေး နှစ်မျိုး၊ စက်မှုအလွှာနှစ်မျိုး ၊ စုစုပေါင်းအလွှာ ရှစ်ခုဖြင့် ဆောင်ရွက်ထားကြောင်း၊ အဆိုပါ အလွှာများထဲမှ Public Facility Layer အလွှာတွင် လက်လီလက်ကား ဈေး၊ မီးသဂြိုလ်စက်၊ သင်္ချိုင်း၊ သားသတ်ရုံ၊ အမျိုးသား အားကစားရုံ၊ အကျဉ်းထောင်၊ ပန်းခြံနှင့် အားကစားကွင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်ထားသော အများနှင့်သက်ဆိုင်သည့် ဧရိယာများပါဝင်ကြောင်း သိရသည်။
Technical Infrastructure Layer အလွှာတွင် အဓိကလမ်းအဆင့်တစ်နှင့် အဆင့်နှစ် မီးရထားလမ်း၊ လေဆိပ်၊ ရေဆိုး စွန့်ပစ်စနစ်၊ မြစ်ချောင်း အင်းအိုင်၊ ရေပေးဝေခြင်း၊ အမှိုက်စွန့်ပစ်မှုနေရာ၊ လျှပ်စစ်၊ ဆိပ်ကမ်းနှင့် အခြား၊ District Plan နှင့် Big Projectproposal များကို သီးခြားအလွှာဖြင့် ဖော်ပြသွားမည်ဖြစ်ကြောင်း၊ Layer အလွှာအားလုံး စုပေါင်း၍ Overview ဖြင့် ရန်ကုန် Zoning Plan တွင် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#WorldBusiness
Published 21 June 2022
ရုရှားနိုင်ငံမှ ဓာတ်ငွေ့ထောက်ပံ့မှုများလျှော့ချလာတဲ့အပြင် လောင်စာမဖြည့်ထားနိုင်ရင် ဥရောပနိုင်ငံတွေအနေနဲ့ ဆောင်းရာသီရောက်တဲ့အခါ လောင်စာအခက်အခဲဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ရုရှားဓာတ်ငွေ့ဝယ်ယူသုံးစွဲနေရတဲ့ နိုင်ငံတွေက အခြားနည်းလမ်းဖြင့်လောင်စာရရှိဖို့ကြိုးပမ်းနေကြပြီး ကျောက်မီးသွေးဖြင့် လောင်စာထုတ်လုပ်လာဖွယ်ရှိနေပါတယ်။
ဓာတ်ငွေ့ဈေးနှုန်းများ တဟုန်ထိုးတက်နေတဲ့ အခက်အခဲအပြင် ငွေကြေးဖောင်းပွခြင်းကို တိုက်ဖျက်နေရတဲ့ မူဝါဒချမှတ်ရေးသမားတွေရင်ဆိုင်နေရတဲ့စိန်ခေါ်မှုကိုလည်း အကူအညီဖြစ်စေရန် ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံများ အသုံးပြုဖို့ ဂျာမနီ၊ အီတလီ၊ ဩစတြီးယား၊ နယ်သာလန်နိုင်ငံတို့က အသိပေးလိုက်ပါတယ်။
နယ်သာလန်အစိုးရက ကျောက်မီးသွေးသုံးစွမ်းအင်စက်ရုံများကို စတင်အသက်သွင်းပြီး စွမ်းအင်ကျပ်တည်းမှုကို ဖြေရှင်းမယ့်အစီအစဉ် ပထမအဆင့်ကို စတင်တော့မယ်လို့ တနင်္လာနေ့ကပြောကြားခဲ့ပါတယ်။
ရုရှားဓာတ်ငွေ့ပေးပိုမှု မသေချာတာကြောင့် ဒိန်းမတ်နိုင်ငံကလည်း အရေးပေါ်ဓာတ်ငွေ့အစီအစဉ်ပထမအဆင့်ကို စတင်လိုက်ပြီဖြစ်ပါတယ်။
ရုရှားဓာတ်ငွေ့ကုမ္ပဏီကြီး Gazprom က ဓာတ်ငွေ့ထောက်ပံ့မှုအချို့တဝက်သာပေးပို့တော့မှာဖြစ်ကြောင်း အီတလီလောင်စာကုမ္ပဏီ Eni ကို တနင်္လာနေ့က အသိပေးခဲ့တာကြောင့် အီတလီနိုင်ငံကလည်း စွမ်းအင်အခြေအနေနဲ့ပတ်သက်ပြီး အရေးပေါ်ထုတ်ပြန်ရမယ့်အနေအထားနဲ့နီးကပ်လာနေပါပြီ။
ရုရှားဓာတ်ငွေ့ထောက်ပံ့မှု လျော့ကျသွားတဲ့ ဂျာမနီနိုင်ငံကလည်း ဓာတ်ငွေ့သိုလှောင်မှုပမာဏကို တိုးမြှင့်ဖို့ အစီအစဉ်ကိုကြေညာလိုက်ကာ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံများပြန်လည်စတင်ဖို့ ကြေညာလိုက်ပါတယ်။
"ဒါခက်ခဲပေမယ့် ဓာတ်ငွေ့သုံးစွဲမှုလျှော့ချဖို့ မဖြစ်မနေ လိုအပ်လာပါတယ်၊ ဒီလိုမလုပ်ဘူးဆိုရင် ဒီနှစ်ကုန်ဆောင်းရာသီကျရင် လောင်စာမလုံလောက်တဲ့ ပြဿနာကြုံတွေ့လာရနိုင်ပါတယ်" လို့ စီးပွားရေးဝန်ကြီး'ရောဘတ်ဟာဘက်ခ်'က ဆိုလိုက်ပါတယ်။
ဂျုံအဓိက တင်ပိုတဲ့နိုင်ငံဖြစ်သလို ဥရောပကိုဓာတ်ငွေ့ပေးပိုရာလမ်းကြောင်းဖြစ်တဲ့ ယူကရိန်းကို ရုရှားတို့ကျူးကျော်ခဲ့တဲ့အတွက် အနောက်နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ရာ ဥရောပအနေနဲ့ ကိုယ့်ကိုယ်ကိုသာ အပြစ်တင်ရမယ်လို့ ရုရှားတို့က အစောပိုင်းက ဝေဖန်ခဲ့ပါတယ်။
မြင့်တက်လာတဲ့ လောင်စာဆီဈေးနှုန်းတွေ ပုံမှန်အတိုင်းပြန်ဖြစ်ဖို့ ၃ နှစ်ကနေ ၅ နှစ်လောက်အထိကြာနိုင်တယ်လို့ ဂျာမနီနိုင်ငံမှ အကြီးဆုံးစွမ်းအင်ထုတ်လုပ်ရေးကုမ္ပဏီ RWE ရဲ့အမှုဆောင်အရာရှိချုပ်'မားကပ်စ်ခရက်ဘာ'က ဆိုပါတယ်။
ဥရောပရဲ့ အကြီးမားဆုံးစီးပွားရေးကို အဓိကထောက်ပံ့ပေးပြီး ဂျာမနီကနေ ရုရှားဓာတ်ငွေ့များဖြတ်သန်းလာတဲ့ Nord Stream 1 ပိုက်လိုင်းကနေ တနင်္လာနေ့အထိ ၄၀ ရာခိုင်နှုန်းလောက် ဓာတ်ငွေ့လွှတ်နေဆဲဖြစ်ပါတယ်။
ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံများ ပြန်လည်ပတ်ပါက ဓာတ်အားသိုလှောင်မှု ၁၀ ဂစ်ဂါဝက်လောက်ထားရှိနိုင်မှာဖြစ်ကြောင်း ဂျာမနီစီးပွားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ကျောက်မီးသွေးသုံးစွဲရေးအပြင် ဂျာမနီရဲ့နောက်ဆုံးဆောင်ရွက်ချက်တွေထဲမှာ ဓာတ်ငွေ့သုံးစွဲမှုလျှော့ချရေးအား ပေးဖိုနဲ့ ဓာတ်ငွေ့သိုလှောင်ရေး အလျင်အမြန်လုပ်ဆောင်နိုင်ဖို့ ငွေကြေးအကူညီများရယူဖို့ တိုင်ပင်လာကြပါတယ်။
Source: Reuters
#Yangon_Media_Group
#Local_News
Published - 21 June 2022
ဇွန်လ(၂၁)ရက်မှ (၃၀)ရက်အတွင်း ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်အပါအဝင် မြစ်အသီးသီး၌ မြစ်ရေများအနည်းဆုံး ပေဝက်ကနေအများဆုံး(၅)ပေအထိ မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်လိုက်သည်၊၊
ဇွန်လ(၂၁)ရက်က ထုတ်ပြန်လိုက်သည့် ဇွန်လတတိယ (၁၀)ရက်ပတ်အတွက် မြစ်ရေအခြေ အနေခန့်မှန်း ချက်တွင်ဖော်ပြပါရှိခြင်းဖြစ်သည်၊၊
"ဇွန်လတတိယ (၁၀)ရက်ပတ်တာဆိုတာ ဇွန်လ(၂၁) ရက်မှ ဇွန်လကုန်(၃၀)ရက်အတွင်းကို ခန့်မှန်းထားတာပါ၊၊ အဲဒီ့အတွင်း မြစ်ရေတွေတိုးဖိုရှိပါတယ်"လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးဦးလှထွန်းက ပြောသည်၊၊


ဧရာဝတီမြစ်ရေသည် မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူနှင့် ကသာမြို့များတွင်(၁)ပေမှ(၃)ပေခန့်၊
မန္တလေး၊ သပိတ်ကျင်း၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ပြည်၊ ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်၊ သီပေါမြို့နယ်များတွင် (၂)ပေမှ(၄)ပေခန့် မြင့်တက်လာနိုင်ကြောင်းခန့်မှန်းထားသည်၊၊
ချင်းတွင်းမြစ်ရေသည် ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီနှင့် မုံရွာမြိုများတွင် (၂)ပေကနေ(၅)ပေခန့်လက်ရှိ ရေမှတ်ထက်မြင့်တက် လာမည်ဖြစ်သည်၊၊
မြစ်သာမြစ်ရေသည် ကလေးမြို့တွင်(၁)ပေခန့် ၊ ဒုဌဝတီမြစ်ရေသည် သီပေါ၊ ရွှေစာရံနှင့်မြစ်ငယ်မြို့တို့မှာ ပေဝက်မှ(၃)ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူနှင့် မဒေါက်မြို့တို့တွင်(၁)ပေမှ(၃)ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင်(၂)ပေခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင်(၁)ပေမှ (၃)ပေခန့်၊ သံလွင်မြစ်ရေသည် ဖားဆောင်းနှင့် ဘားအံမြို့တို့တွင် (၁)ပေမှ(၃)ပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင်(၁)ပေခွဲခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်း၊ သာပေါင်း၊ ပုသိမ်မြို့တို့တွင်(၁)ပေမှ(၃)ပေခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင်(၂)ပေခန့်၊ ကုလားတန်မြစ်ရေသည် ပလက်ဝနှင့်ကျောက်တော်မြို့တွင်(၂)ပေမှ (၅)ပေခန့်၊ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် (၁)ပေခန့်၊ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင်(၂)ပေခန့်လက်ရှိမြစ်ရေအမှတ်ထက် မြင့်တက်လာနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်၊၊
မြစ်ရေတိုးလာနိုင်သဖြင့် မြစ်နား၊ ကမ်းနားနေထိုင်သူများ မြေနိမ့်ပိုင်းနေထိုင်သူများ အထူးသတိပြုနေ ထိုင်ကြဖို့လိုအပ်ကြောင်း မိုး/ဇလကသတိပေးနှိုးဆော်ထားသည်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published _ 21 June 2022
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေး အဖွဲ့အနေနှင့် လူမှုဖူလုံရေးအကျုံးဝင် အာမခံ အလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုများ အလွယ်တကူရရှိခံစားနိုင်စေရန်အတွက် လူမှုဖူလုံရေးဆေးခန်းများကို နိုင်ငံတစ်ဝန်းတွင် တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆေးခန်းများ တိုးချဲ့ဖွင့်လှစ်ရာတွင် အာမခံအလုပ်သမားများ အလွယ်တကူလက်လှမ်းမီစေရန်အတွက် စက်ရုံ၊ အလုပ်ရုံများ၊ အလုပ်သမားအဆောင်များ၊ အလုပ်သမားအများစုနေထိုင်ရာ လူနေရပ်ကွက်များနှင့် နီးစပ်သည့်နေရာများတွင် တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ လူမှုဖူလုံရေးအဖွဲ့အနေနှင့် အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို အလုပ်သမားဆေးရုံကြီး သုံးရုံ၊ လူမှုဖူလုံရေးဆေးခန်း (၉၆) ခန်း၊ ဌာနကြီးဆေးခန်း (၅၇) ခန်း၊ တိုင်းရင်းဆေးကုသခန်း တစ်ခန်းနှင့် ရွေ့လျားဆေး ကုသယာဉ်နှစ်စီးတို့ဖြင့် နေပြည်တော် ပြည်ထောင်စုနယ်မြေ အပါအဝင် တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် Capitation Payment စာချုပ်ဆေးခန်း ၂၄ ခန်း၊ Fee For Service Payment စာချုပ် ဆေးခန်း ခုနစ်ခန်းတို့ကို ဖွင့်လှစ်ကာ ဆောင်ရွက်ပေးလျက်ရှိနေကြောင်း သိရသည်။
မြန်မာတစ်နိုင်ငံလုံးတွင် လူမှုဖူလုံရေးအကျုံးဝင် အလုပ်ဌာနပေါင်း ၃၃၈၆၈ ဌာနနှင့် အာမခံအလုပ်သမားပေါင်း ၁၁၀၇၃၃၈ ဦးရှိကာ ပြီးခဲ့သည့် မီနီဘတ်ဂျက် ကာလအတွင်း လူမှုဖူလုံရေးအဖွဲ့မှ ဆေးဝါးကုသပေးခဲ့သော အလုပ်သမားအရေအတွက်သည် အတွင်းလူနာ (၂၄၆) ဦးနှင့် ပြင်ပလူနာ (၃၈၀၈၅၀) ဦးထိရှိ ကြောင်းသိရသည်။
လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်ထားသော အာမခံ အလုပ်သမားများအနေနှင့် ရရှိနိုင်သော အကျိုးခံစားခွင့်များတွင် မည်သည့်အကြောင်းကြောင့်မဆို နာမကျန်းဖြစ်ပါက အခမဲ့ ဆေးကုသခွင့်၊ မကျန်းမာမှု၊ မီးဖွားမှုနှင့် သေဆုံးမှုတို့အတွက် ငွေကြေးအကျိုးခံစားခွင့်များ၊ အာမခံအလုပ်သမားအမျိုးသမီး၏ တစ်နှစ်အောက်ကလေး ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်ခွင့်၊ လုပ်ငန်းခွင်တွင် ထိခိုက်ခြင်းကြောင့် ဒဏ်ရာရမှု၊ ယာယီမသန်စွမ်းဖြစ်မှုနှင့် သေဆုံးမှုများအတွက် ငွေကြေး အကျိုးခံစားခွင့်၊ အမြဲတမ်း မသန်စွမ်းမှုအတွက် ငွေကြေး အကျိုးခံစားခွင့်၊ အာခမံအလုပ်သမား သေဆုံးမှုအတွက် နာရေးစရိတ် အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူများအတွက် ငွေကြေးအကျိုးခံစားခွင့် စသည်တို့ ပါဝင်ကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
Page 1766 of 1995