#Local_News
Published - 14 July 2022
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနယ်နိမိတ်အတွင်း၌ မြို့နယ် (၇)မြို့နယ်ရှိ ရေသုံးစွဲသူများအနေဖြင့် ရေခွန်ပေးဆောင်ရမည့် အခွန်အခကို အွန်လိုင်းမှတဆင့် ပေးဆောင်နိုင် ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ ထုတ်ပြန်ကြေညာထားသည်။
အဆိုပါ မြို့နယ်များမှာ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်များ ပါဝင်ကြောင်း သိရသည်။
အွန်လိုင်းမှတဆင့် ရေသုံးစွဲသူပြည်သူများအနေဖြင့် ရေဖိုးရေခပြေစာများအား My City Application ကိုအသုံးပြု၍ AYA Pay, CB Pay, KBZ Pay, UAB Bank-Sai Sai Pay, AGD Bank-One Pay, Wave Money, Mytel, OK$ တို့မှ ပေးဆောင်နိုင်ကြောင်း ဖော်ပြထားသည်။
ရန်ကုန်မြို့သို့ လှော်ကား၊ ဖူးကြီး၊ ဂျိုးဖြူ ရေလှောင်ကန်၊ ငမိုးရိပ်ဆည်၊ လဂွန်းပြင် ဆည်နှင့် မြေအောက်ရေ ပေးဝေရေးစခန်းများမှ နေ့စဉ် ရေဂါလန် သန်း ၂၂ဝ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
ယင်းအပြင်တိုးတက်လာသည့် လူဦးရေနှင့်ကိုက်ညီမှုရှိစေရန်အတွက်လည်း ရေပေးဝေရေးစီမံကိန်းများကို တိုးချဲ့လုပ်ဆောင်လျက်ရှိရာ Downtown Area အပြင် မြို့နယ် ၁၄ မြို့နယ်ကိုပါ ရေအပြည့်အဝပေးဝေသွားနိုင်မည့် ကုက္ကိုဝရေပေးဝေရေးစီမံကိန်းကို JICA ODA Loan ဖြင့် အကောင်အထည်ဖော်နေပြီး လာမည့် ၂ဝ၂၅ ခုနှစ်တွင် စီမံကိန်းပြီးစီးရန်ရည်ရွယ်ထားကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#WorldPolitics
Published 14 July 2022
ယူကရိန်း အရှေ့ဘက်ဒေသရှိ ရုရှားထောက်ခံရေးသမားများ ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ဒေသ ၂ ခုကို မြောက်ကိုရီးယားက တရားဝင်အသိအမှတ်ပြုလိုက်တာကြောင့် မြောက်ကိုရီးယားတို့နဲ့ ဆက်ဆံရေးဖြတ်တောက်လိုက်ပြီလို့ ယူကရိန်းဘက်က ဇူလိုင် ၁၃ ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံက ယူကရိန်းအရှေ့ဘက်ရှိ ဒိုနက်စ်ပြည်သူ့သမ္မတနိုင်ငံနဲ့ လူဟန့်စ်ပြည်သူ့သမ္မတနိုင်ငံတို့ကို အသိအမှတ်ပြုလိုက်တာဖြစ်ပြီး နောက်ထပ်ရုရှားမဟာမိတ်ဖြစ်တဲ့ ဆီးရီးယားကလည်း ပြီးခဲ့တဲ့လက အလားတူအသိအမှတ်ပြုခဲ့ပါတယ်။
ရုရှားတို့ယာယီသိမ်းပိုက်ထားနိုင်တဲ့ ယူကရိန်းနယ်မြေတွေကို ရုရှားပိုင်အဖြစ်အသိအမှတ်ပြုလိုက်တဲ့ မြောက်ကိုရီးယားရဲ့ဆုံးဖြတ်ချက်ကို ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ "ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံနဲ့ သံတမန်ဆက်ဆံရေးကို ဖြတ်တောက်လိုက်ပြီဖြစ်ကြောင်း ယူကရိန်းကကြေညာပါတယ်၊ ရုရှားအပေါ် စီးပွားရေးနဲ့ နိုင်ငံရေးအရမှီခိုနေရတဲ့နိုင်ငံတွေကလွဲပြီး ကမ္ဘာပေါ်ကကျန်တဲ့ဘယ်နိုင်ငံကမှ ရုရှားနဲ့ အဆက်အဆံမလုပ်တော့ပါဘူး" လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး 'ဒီမီထရိုကူလ်ဘာ'က ပြောကြားခဲ့ပါတယ်။
ထိုဒေသများကို အသိအမှတ်ပြုပေးဖို့ ရုရှားက မြောက်ကိုရီးယားကိုတောင်းဆိုခဲ့ပြီး ရုရှားတို့က မြောက်ကိုရီးယားထက် ပိုမိုကြံစည်နေကြကြောင်း 'ကူလ်ဘာ'က ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်နေ့ ယူကရိန်းကို မကျူးကျော်ခင် ရုရှားတိုက ယူကရိန်းအရှေ့ဘက်ရှိ ရုရှားထောက်ခံရေးသမားများထိန်းချုပ်ထားတဲ့ဒေသ ၂ ခုကို အသိအမှတ်ပြုခဲ့ပါတယ်။
ဒိုနက်စ်နဲ့ လူဟန့်စ်ပြည်သူ့သမ္မတနိုင်ငံတို့ရဲ့ လွတ်လပ်ခွင့်ကို အသိအမှတ်ပြုဖို့ ဆုံးဖြတ်လိုက်ပြီး ထိုနိုင်ငံများနဲ့ပတ်သက်၍ လွတ်လပ်ခွင့်၊ ငြိမ်းချမ်းရေး၊ မိတ်ဖက်ရေးတို့မှာ ဆက်ဆံရေး တိုးတက်လာဖို့ မျှော်လင့်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာ KCNA က ကြာသပတေးနေ့ နံနက်ခင်းမှာ ထုတ်လွှင့်ခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ ရုရှားနိုင်ငံဆိုင်ရာ ခွဲထွက်ရေးအဖွဲ့အထူးကိုယ်စားလှယ်'အိုလ်ဂါမာကီယယ်ဗာ'က မြောက်ကိုရီးယားသံအမတ်'ရှင်ဟောင်ချော'ထံမှ အသိအမှတ်ပြုသဝဏ်လွှာလက်ခံရရှိခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။
ယူကရိန်းအရှေ့ဘက်ရှိ ဒိုနက်စ်နဲ့ လူဟန့်စ်ပြည်နယ်များဟာ ၂၀၁၄ ခုနှစ်ကတည်းက ရုရှားထောက်ခံရေးတပ်ဖွဲ့များက တစ်စိတ်တစ်ပိုင်းထိန်းချုပ်ထားကြပြီး ၂၀၂၂ ကျူးကျော်မှုမှာလည်း ရုရှားတို့က ကျောထောက်နောက်ခံကူညီပေးခဲ့ပါတယ်။
ခွဲထွက်ရေးအဖွဲ့အရာရှိတွေက သူတို့နယ်မြေကိုရယူလိုပြီး ရုရှားနဲ့ပူးပေါင်းချင်တာကြာပြီဖြစ်ကြောင်း ပြောကြားထားပါတယ်။
Source: Reuters
#Yangon_Media_Group
#Local_News
Published - 14 July 2022
ပြည်တွင်း စက်သုံးဆီ စက်သုံးဆီ ၉၂ နှင့် ၉၅ တစ်လီတာဈေးနှုန်း၏ ယနေ့ပေါက်ဈေးမှာ တစ်လီတာလျှင် ကျပ် ၁၈၀၀ အောက်ထိ ကျဆင်းခဲ့ကြောင်း စက်သုံးဆီဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။
ဇူလိုင်လ ၁၃ ရက်က ၉၂ တစ်လီတာလျှင် ၁၈၆၀ ကျပ် ရှိခဲ့ရာမှ ယနေ့တွင် ၁၇၈၅ ကျပ် သို့လည်းကောင်း ၊ ၉၅ တစ်လီတာဈေး ၁၉၃၀ ကျပ် ရှိခဲ့ရာမှ ယနေ့တွင် ၁၈၆၀ ကျပ် သို့လည်းကောင်း ကျဆင်းခဲ့ခြင်း ဖြစ်သည်။
ယင်းအပြင် ဇူလိုင်လ ၁၃ ရက်က ၉၇ တစ်လီတာလျှင် ၂၃၃၅ ကျပ် ၊ ဒီဇယ်တစ်လီတာလျှင် ၂၂၀၀ ကျပ် ၊ ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၂၂၅၅ ကျပ် ရှိခဲ့ရာမှ ယနေ့ (ဇူလိုင်လ ၁၄ ရက်)တွင် ၉၇ တစ်လီတာလျှင် ၂၃၃၅ ကျပ် ၊ ဒီဇယ်တစ်လီတာလျှင် ၂၂၀၅ ကျပ် ၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၂၆၀ ကျပ် အထိ ကျဆင်းလာခဲ့ကြောင်း သိရသည်။
ပြည်တွင်း စက်သုံးဆီဈေးနှုန်း အတက်အကျ ရှိနေခဲ့သည့်ကာလအတွင်း ပုံမှန်ထက် တစ်လီတာလျှင် ၁၀၀ ကျပ်ခန့် ကျဆင်းလာခဲ့ရာမှ ယခုအခါ တစ်လီတာကို ၁၀၀ ကျပ်ထက်ပို၍ ကျလာသည်ကိုလည်းတွေ့ရခြင်း ဖြစ်သည်။
ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ရည်ညွှန်းလက်ကားဈေးနှုန်းများ နှင့် နေပြည်တော် ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းများဖြင့်လည်း ရောင်းချပေးနေကြောင်း စက်သုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published - 14 July 2022
အာဇာနည်နေ့ ဇူလိုင်(၁၉)ရက်တွင် အာဇာနည်ဗိမာန်၊ အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)နှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်များသို့ အများပြည်သူများလာရောက်ရာ၌ လိုက်နာရမည့်အချက်များကို ထုတ်ပြန်ထားပါသည်၊၊
အဆိုပါနေရာ(၃)နေရာစလုံးကို သက်ကြီးရွယ်အို၊ နာတာရှည်ရောဂါရှိသူများကို လုံးဝလာခွင့်မပြုထားသလို ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူခက်ခဲခြင်း၊ အားအင်ကုန်ခမ်းခြင်းစသည့်ရောဂါလက္ခဏာရှိသူများ လုံးဝလာရောက်ခြင်း မပြုရန်တားမြစ်ထားသည်၊၊
အာဇာနည်ဗိမာန်၊ အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး) နှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်များသို့ လာရောက်မည့်သူများအနေဖြင့် လက်ကိုင်ဖုန်း၊ လက်ကိုင်အိတ်၊ ကင်မရာ၊ မီးခြစ်အစရှိသည့်တားမြစ်ကန့်သတ်ထားသည့် ပစ္စည်း(၁၀)မျိုးကို ယူဆောင်ခွင့်မပြုကြောင်းသိရသည်၊၊
ယင်းနေရာများသို့လာရောက်မည့်သူများ အနေဖြင့် ကိုယ်အပူချိန်တိုင်းတာရမည်ဖြစ်ပြီး အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာများကိုစာရင်းသွင်းရမည်ဖြစ်ပြီး မှတ်ပုံတင်၊ဝန်ထမ်းကတ်(သို့မဟုတ်) အသိအမှတ်ပြုကတ်ပြားတစ်ခုခုကို ယူဆောင်လာကြရမည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်၊၊
ကိုယ်အပူချိန်မြင့်ခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခမ်းခြင်းစသည့် ရောဂါလက္ခဏာများတွေ့ရှိရပါက သက်ဆိုင်ရာ၏ အကြံပြုချက်အတိုင်းလိုက်နာဆောင်ရွက်ကြရမည် ဖြစ်ကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ချက်များအတိုင်းလိုက်နာဆောင်ရွက်ကြရမည်ဖြစ် ကြောင်းသိရသည်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published - 14 July 2022
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် (၁၉) ခုကိုခွင့်ပြုပေးခဲ့ပြီး ယင်းမှအလုပ်အကိုင်အခွင့်အလမ်း ၃၁၀၀ ကျော်ရရှိမည်ဖြစ်ကြောင်း သိရသည်။
MIC မှခွင့်ပြုထားသည့် လုပ်ငန်း ၁၉ ခုတွင် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်း (၅) ခုပါဝင်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃/ ၂ဝ၂၂) ကြိမ်မြောက်အစည်းအဝေးတွင် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍနှင့် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတို့မှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ်(၁၉) ခု ကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
၂၀၂၂- ၂ဝ၂၃ ဘဏ္ဍာရေးနှစ်၏ ဇူလိုင်လတတိယပတ်အထိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှု လုပ်ငန်း (၂ဝ) ခု စုစုပေါင်း အမေရိကန်ဒေါ်လာ (၈၂၉ ဒသမ ၁၄၆) သန်းဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂၁)ခုမှ စုစုပေါင်းငွေကျပ် ၃၅ဝ ဘီလျံကျော်ဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျက်ရှိကြကြောင်း သိရသည်။ အဆိုပါလုပ်ငန်းများမှ အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁၃ဝဝဝ) ကျော်ကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published _ 14 July 2022
စီးပွားရေးကျဆင်း၍ သမ္မတ ထွက်ပြေးနေရသည့် သီရိလင်္ကာနိုင်ငံကို မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၁၀၀၀ လှူဒါန်းမည်ဖြစ်ကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
လက်ရှိ သီရိလင်္ကာနိုင်ငံတွင် စီးပွားရေးအကျပ်အတည်းများနှင့် ကြုံတွေ့နေရသည့် အတွက် မြန်မာနိုင်ငံအနေဖြင့် လူသားချင်းစာနာထောက်ထားသောအားဖြင့် နိုင်ငံတော် ရန်ပုံငွေဖြင့် ဆန်တန်ချိန် ၁၀၀၀ လှူဒါန်းနိုင်ရေးအား ကြိုးပမ်းဆောင်ရွက်နေကြောင်း ယင်းမှသိရသည်။
သီရိလင်္ကာနိုင်ငံ၏ စီးပွားရေးသည် ကြွေးမြီဝန်ထုပ်ဝန်ပိုး ဖိစီးမှု၊ ခရီးသွားလုပ်ငန်းမှ ဝင် ငွေများ ဆုံးရှုံးမှု၊ ကုန်ပစ္စည်းများ၏ ကုန်ကျစရိတ်များ မြင့်တက်မှုအပြင် ကပ်ရောဂါ၏ အခြားသော ဆိုးကျိုးများကြောင့် ထိခိုက်ပျက်စီးလျက်ရှိသည်။
ရလဒ်မှာ နိုင်ငံသည် ဒေဝါလီခံရသည်အထိ မွဲပြာကျသွားခဲ့သည်။ ဓာတ်ဆီ၊ နွားနို့၊ ချက် ပြုတ်ရန် ဓာတ်ငွေ့နှင့် အိမ်သာသုံးစက္ကူများ ဝယ်ယူတင်သွင်းရန် ငွေကြေးများ ပြတ်လပ်နေသည်အထိ ကြုံတွေ့နေရခြင်းဖြစ်ကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published _ 14 July 2022
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံပိုင်မီဒီယာများနှင့် ပြည်တွင်း ပုဂ္ဂလိကမီဒီယာများကို သတင်းများရယူရာတွင် အဆင်ပြေချောမွေ့စေရေးနှင့် သတင်းစာရှင်းလင်းပွဲများ အပါအဝင် အခမ်းအနားများဖိတ်ကြားရာတွင် လွယ်ကူလျှင်မြန်စေရေးအတွက် အသိအမှတ်ပြုကတ်ပြားများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစစ်၍ ခွင့်ပြုထုတ်ပေးလျှက်ရှိနေသည်။
သတင်းမီဒီယာအသိအမှတ်ပြုကတ်ပြားများကို ၂၀၂၁ ခုနှစ်၊ မတ်လမှစတင်၍ ထုတ်ပေးခဲ့ရာ သက်တမ်း(၁)နှစ် သတ်မှတ်ထားရှိပါသည်။ သက်တမ်းကုန်ဆုံးနေပါက သတင်းမီဒီယာသမား အသိအမှတ်ပြုကတ်ပြားများကို အသစ်လဲလှယ်ရမည်ဖြစ်သည်။
သတင်းမီဒီယာသမား အသိအမှတ်ပြုကတ်ပြား သက်တမ်းကုန်ဆုံးပါက သတ်မှတ်ပုံစံနှင့်အတူ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူပိုင်ခွင့်နှင့်မှတ်ပုံတင် ဌာနခွဲသို အသိအမှတ်ပြုကတ်ပြား အသစ်လဲလှယ်နိုင်ရေး လာရောက်ဆောင်ရွက်နိုင်ကြောင်း ယင်းကြေညာချက်၌ ပါရှိသည်။
အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်း ၀၁-၅၄၁၄၁၃၊ ၀၁-၅၄၄၅၈၂၊ ၀၁-၅၄၄၅၈၃၊
ymg/NN
#Yangon_Media_Group
#Science
Published 14 July 2022
လူသားတစ်ယောက်ကဲ့သို့ တွေးခေါ်စဉ်းစားနိုင်တဲ့ ဉာဏ်ရည်တုစနစ်(AI)ကိုဖန်တီးနိုင်ဖို့က ကွန်ပျူတာသိပ္ပံလောကမှာ အကြီးမားဆုံးစိန်ခေါ်မှုပဲဖြစ်ပါတယ်။
အခုဆိုရင် ကမ္ဘာလောကကြီးရဲ့ ရူပဗေဒအခြေခံသဘောတရားတွေကို ကလေးတစ်ယောက်အလား သင်ယူလေ့လာနိုင်စွမ်းရှိတဲ့ AI ကို တီထွင်နိုင်ခဲ့ပြီလို့ သုတေသီများက အဆိုပြုခဲ့ကြပါတယ်။
ထိုစနစ်ဟာ အရာဝတ္ထုတွေရဲ့အခြေခံ တုံ့ပြန်လှုပ်ရှားပုံတွေကို အလိုလိုသိမြင်လာအောင် ထဲထဲဝင်ဝင် သင်ယူနိုင်စွမ်းရှိပါတယ်။
PLATO လိုအမည်ပေးထားတဲ့ AI စနစ်အသစ်ကို လျှောစောင်းပေါ်က ဘောလုံးရွေ့လျားပုံတွေနဲ့ သင်ကြားပေးခဲ့ပါတယ်။
မြင်သာအောင် အနည်းငယ်လေ့ကျင့်သင်ကြားပေးပြီးနောက် PLATO ဟာ သင်ကြားခဲ့ရပုံများကို လက်တွေ့ပြန်လည်ပြသနိုင်ခဲ့ပါတယ်။
ထိုလေ့လာမှုကို နယူးဂျာစီ ပရင့်စ်တန်တက္ကသိုလ်၊ လန်ဒန်တက္ကသိုလ်ကောလိပ်နဲ့ ဂူဂဲလ်ပိုင် ဒီ့ပ်မိုင်းကုမ္ပဏီတို့မှ ပညာရှင်များကဆောင်ရွက်ခဲ့ကြတာဖြစ်ပြီး Nature Human Behavior မှာ ဖော်ပြခဲ့ကြပါတယ်။
အရွယ်ရောက်ပြီးသား လူတစ်ယောက်ရဲ့ နားလည်မှုသဘောတရားများအတိုင်း AI ဒီဇိုင်းဖန်တီးဖိုအတွက် ထိုတွေ့ရှိချက်က အရေးပါပါတယ်။
ရူပဗေဒအခြေခံ သဘောတရားတွေကို လူအများစုက အခက်အခဲမရှိနားလည်တတ်ကြပေမယ့် ဉာဏ်ရည်တုအတွက်ကတော့ လက်တွေ့လောကထဲမှာ အထောက်အကူဖြစ်ဖို့ဆိုရင် လူသားတွေရဲ့ အလိုအလျောက်သိစိတ်အတိုင်း ဖြစ်နေဖို့လိုအပ်ကြောင်း ဒီ့ပ်မိုင်းမှစာတမ်းပြုစုသူဒေါက်တာ'လူးဝစ်ပီလိုတို'က ဖော်ပြခဲ့ပါတယ်။
၁၉၅၀ တုန်းက ဗြိတိန်မှ ဒဏ္ဍာရီကွန်ပျူတာသိပ္ပံပညာရှင်ကြီး'အလန်ကျူရင်း'က AI တစ်ခုကို ကလေးတစ်ယောက်ရဲ့ မှတ်ဉာဏ်ထည့်ပေးပြီး အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ဉာဏ်ရည်အတိုင်းဖြစ်လာဖို့ သင့်တော်တဲ့အချက်အလက်များ ထည့်ပေးရန် စမ်းသပ်လေ့ကျင့်မှုတစ်ခုကို ထုတ်ဖော်ကမ်းလှမ်းခဲ့ပါတယ်။
အသိပညာ အတတ်ပညာတွေသာထည့်ပေးနိုင်ရင် လူကြီးတစ်ယောက်ရဲ့ဦးနှောက်လို ဖြစ်လာနိုင်တယ်လို့ ဆိုခဲ့ပါတယ်။
ကလေးငယ်တွေနားလည်သလိုမျိုး အရာဝတ္ထုအစိုင်အခဲတွေက တစ်ခုနဲ့တစ်ခုဖြတ်သန်းမသွားနိုင်တာမျိုး၊ အရာဝတ္ထုတွေက သူ့ဘာသာသူချက်ချင်း မပျောက်ကွယ်သွားနိုင်တာမျိုး စတဲ့ သဘောတရားအမျိုးမျိုးကိုရော AI တွေက သင်ယူနိုင်သလားဆိုတာကို သုတေသီတွေက သိချင်နေကြပါတယ်။
PLATO AI မှာတော့ အရာဝတ္ထုမြင်တွေ့ရခြင်းနဲ့ ထိုအရာဝတ္ထုတွေကြား အပြန်အလှန်သက်ရောက်နေကြပုံတွေကို ထည့်သွင်းဖန်တီးထားပါတယ်။
နောက်ထပ်ကြုံတွေ့လာနိုင်တဲ့ အရာဝတ္ထုပုံပန်းသဏ္ဍာန်တွေကို PLATO က ခန့်မှန်းနိုင်ပြီး တကယ်လည်း ခန့်မှန်းထားတဲ့ပုံစံအတိုင်းဖြစ်လာပါတယ်။
စာတမ်းပြုစုသူများက PLATO ဟာ လူသားတွေရဲ့ အခြေခံသဘောတရားအလိုအလျောက်သိစိတ်ကို ဖော်ထုတ်နိုင်မယ့် အဆင့်မြင့်စနစ်ဖြစ်လာနိုင်တယ်လို့ ကောက်ချက်ချထားပါတယ်။
Source: DailyMail
#Yangon_Media_Group
#Local_News
Published_14 July 2022
မလေးရှားနိုင်ငံတွင် အလုပ်လုပ်ရန် တရားမဝင်သွားရောက်ကြသည့် တရားမဝင်မြန်မာနိုင်ငံသား ၄၅ ဦးကို ဇူလိုင်လ ၁၂ ရက် ညပိုင်းက ထိုင်းနိုင်ငံ ပရာ့ကျွပ်ခရိုင်အတွင်း ဖမ်းဆီးမိကြောင်း သိရသည်။
ထိုင်းနိုင်ငံ တောင်ပိုင်းကို ဖြတ်၍ စွန်ခရာခရိုင်ကတစ်ဆင့် မလေးရှားနိုင်ငံအတွင်း သဘာဝလမ်းအပါအဝင် အခြားလမ်းများက ဝင်ရောက်ကြသူများ ရှိနေကြောင်း၊ အများစုမှာ မြန်မာရွှေ့ပြောင်းလုပ်သားများ ဖြစ်ကြောင်း၊အမြဲတမ်း အဖမ်းခံရသော်လည်း သွားရောက်မြဲသွားရောက်နေကြကြောင်းလည်း သိရသည်။
ထိုင်းနိုင်ငံ ပရာ့ကျွပ်ခရိုင်ရှိ ထိုင်းလုံခြုံရေးတပ်ဖွဲ့ကလည်း တရားမဝင် လာရောက်သူများအား လိုက်လံစစ်ဆေးကြောင့်ကြပ်နေခြင်းဖြစ်သောကြောင့် တရားမဝင်လမ်းကြောင်းက တစ်ဆင့် သွားရောက်ကြသူများအနေဖြင့် အဖမ်းခံရရန် ရာနှုန်းပြည့်သေချာသည့်အတွက် မလာရောက်ကြရန် မလေးရှားနိုင်ငံရွှေ့ပြောင်းအလုပ်သမားများအရေး လုပ်နေသူတစ်ဦးက ပြောသည်။
"မလေးရှားမှာ အထောက်အထားမဲ့ နေထိုင်သူတွေကို ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးနေတာပါ။ ဇွန်လ ၃၀ ရက်နေ့ကတည်းက တရားမဝင်လာရောက်သူတွေ နေလို့မရတော့ဘူးလေ။ စီမံချက်နဲ့လုပ်နေတာကို မကြောက်ကြဘူး။ ငွေလည်းကုန်တယ်။ လူလည်းအဖမ်းခံရတယ်။ ဒီလောက်ထိ ဖမ်းနေပါတယ်ပြောလည်းလာနေကြသေးတာ၊ တော်တော် စိတ်မကောင်း ဖြစ်ရပါတယ် ဗျာ" ဟု အဆိုပါရွှေ့ပြောင်းအလုပ်သမားအရေး လုပ်ဆောင်နေသူက ဆိုသည်။
အဆိုပါ အဖမ်းခံရသူများမှာ အမျိုးသမီး ခြောက်ဦး ၊ အမျိုးသား ၃၉ ဦး ဖြစ်ကြောင်း၊မကွေး၊ ရန်ကုန်၊ မြိတ်၊ ရခိုင်နှင့်ချင်းပြည်နယ်များမှ ပွဲစားခ ဘတ် သုံးသောင်းကနေ ဘတ်သုံးသောင်းခွဲထိပေးကာ လာရောက်ကြသူများ ဖြစ်ကြောင်း၊ ယခုအခါခရွန်ဝမ်ရဲစခန်း၌ ထိန်းသိမ်းထားကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published _ 14 July 2022
ရန်ကုန်တိုင်းအတွင်းရှိ ကျေးရွာပေါင်း ၂၁၃၉ ရွာမှ ပြည်သူများကို ၁၈ လ အတွင်း နိုင်ငံသားစိစစ်ရေးကတ် ၇ သိန်းကျော် ထုတ်ပေးနိုင်ခဲ့သည့်အတွက် သတ်မှတ်လျာထားချက် အောင်မြင်ပြီးစီးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုင်းလုံးကျွတ်လျာထားချက် ရာ နှုန်းပြည့်ပြီးမြောက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ယင်းစီမံကိန်း တိုင်းလုံးကျွတ် အောင်မြင်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၃ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံးအဖွဲ့မင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
"နိုင်ငံသားကတ်ပြားသည် လူတစ်ဦးချင်းအတွက် လူမှုဘဝဆောင်ရွက်မှုတိုင်းတွင် မရှိမဖြစ်လိုအပ်သည့် နိုင်ငံသားအထောက် အထားတစ်ခုဖြစ်ပါတယ်" ဟု ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ပြောကြားခဲ့သည်။
နစကအနေဖြင့် ပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်မှ ၂၀၂၂ ခုနှစ် နိုဝင် ဘာလ ၃ ရက်အထိ ၁၈လကြာ သတ်မှတ်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းပမာဏ လျာထားသတ်မှတ် ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း ဝန်ကြီးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၁၄ခု၊ မြို့နယ် ၄၅ မြို့နယ်၊ ရပ်ကွက် ၇၄၃ခု၊ ကျေး ရွာအုပ်စု ၆၂၁ အုပ်စု၊ ကျေးရွာပေါင်း ၂၁၃၉ ရွာမှ ပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ၇၁၄၈၂၁ ကတ်ထုတ်ပေးရန် လျာထားခဲ့ရာ ယခုအခါ သတ်မှတ်ကာလအတွင်း လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ယခုကဲ့သို့ သတ်မှတ်ကာလအတွင်း ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၉ ခုမြောက် တိုင်းလုံးကျွတ်လျာထားချက်ရာနှုန်းပြည့် ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ နေပြည်တော်၊ မန္တလေး၊ တနင်္သာရီ၊ မကွေး၊ ရခိုင်၊ မွန် စသည့်တိုင်းဒေသကြီး၊ ပြည်နယ် ၈ခုတွင် တိုင်းလုံးကျွတ် လျာထားချက်ရာနှုန်းပြည့် ပြီးမြောက် အောင်မြင်အောင် ဆောင်ရွက်ပြီးဖြစ်ကြောင်းလည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရသည်။
ymg/NN
#Yangon_Media_Group
#WorldHealth
Published 14 July 2022
မနက်အစောကြီးအိပ်ရာထဖို့လုပ်တိုင်း မနည်းရုန်းကန်ထကြရတာကို ကြုံဖူးကြမှာပါ။
အစာကြီးထလိုက်ရရင် အားအင်မရှိသလိုလည်း ခံစားကြဖူးမှာပါ။
အိုင်ယာလန်အဟာရပညာရှင်'အစ္စလင်းကိမ်းဘရစ်ချ်'က မနက်ခင်းမှာ ရေတစ်ခွက်သောက်လိုက်ခြင်းက မထင်မှတ်ထားတဲ့အားအင်တွေပေးစွမ်းနိုင်ပြီး မနက်တိုင်းအကောင်းဆုံးလုပ်ကိုင်ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ အဆိုပြုလိုက်ပါတယ်။
ဒီနည်းလမ်းက အကုန်အကျသက်သာသလို အလွယ်တကူနဲ့ ကျင့်သုံးလို့ရတဲ့ နည်းလမ်းတစ်ခုပါ။
ရေများများသောက်ခြင်းဖြင့် ခန္ဓာကိုယ်ကျန်းမာသန်စွမ်းနိုင်တယ်ဆိုတာ သိထားပြီးသားဖြစ်ပေမယ့် 'ကိမ်းဘရစ်ချ်'ရဲ့အကြံပြုချက်ကတော့ သံပရာသီးတခြမ်းကို ရေနွေးတစ်ဖန်ခွက်ထဲညှစ်ထည့်ရတာပါပဲ။
"ကျွန်မတို့အိပ်ရာထပြီဆိုတာနဲ့ ရေသောက်ဖို့လိုအပ်ပါတယ်၊ ခန္ဓာကိုယ်ကိုနှိုးဆွပေးပြီး သွေးပေါင်ချိန်ကျစေပါတယ်၊ အားအင်ပိုရချင်တယ်ဆိုရင်တော့ ရေနွေးထဲကို သံပရာသီးညှစ်ပြီး သောက်လိုက်ပါ၊ မှော်အစွမ်းနဲ့လုပ်လိုက်သလိုပါပဲ" လို ရှင်းပြသွားပါတယ်။
နောက်ထပ်အကြံပြုသွားတာကတော့ အိပ်ရာမဝင်ခင် အနည်းဆုံး ၃ နာရီခြားပြီး အစာစားဖို့ပါပဲ။
ဒါမှ မအိပ်ခင်မှာ ခန္ဓာကိုယ်က အစာကိုချေဖျက်ဖို့ အချိန်ရမှာဖြစ်ပါတယ်။
"ညစာစားပြီး ၁ နာရီ ၂ နာရီလောက်မှာ အိပ်မယ်ဆိုရင် ခန္ဓာကိုယ်ကို ထိခိုက်စေပါတယ်၊ အစာချေစနစ်က အိပ်စက်ခြင်းနဲ့ စိတ်အခြေအနေကို ဆိုးရွားစွာထိခိုက်စေပါတယ်၊ ဒါကြောင့် အိပ်ရာမဝင်ခင် ၃ နာရီ ၄ နာရီလောက်စောပြီး နောက်ဆုံးစားသင့်ပါတယ်" လို့ ရှင်းပြခဲ့ပါတယ်။
နောက်တစ်ချက်ကတော့ အချိုဓာတ်ပါတဲ့ အမှုန့်တွေကိုရှောင်ရှားဖို့ပါ။
အချို့လူတွေက ဒီလိုအမှုန့်တွေနဲ့ ပြုလုပ်တဲ့ကွတ်ကီးတွေကို စားသုံးခြင်းက ဘေးကင်းတယ်ထင်ကြပေမယ့် သာမန်သကြားနဲ့ ပြုလုပ်တဲ့အရာတွေထက် ပိုဆိုးစေပါတယ်။
အဆီချဖျော်ရည်တွေမှာပါတဲ့ အရာတွေကို ခန္ဓာကိုယ်က ဘယ်လိုချေဖျက်ရမလဲ မသိတာကြောင့် သူတို့က ပိုမိုအန္တရာယ်ဖြစ်စေပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#Local_News
Published_14 July 2022
စီးပွားရေးလုပ်ငန်းရှင်ဦးမောင်ဝိတ်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသော အဂတိနှစ်မှု ချေဖျက်ခွင့်အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံတင်ထားကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
"ဦးမောင်ဝိတ်နဲ့ ပတ်သက်တဲ့ အမှုနှစ်မှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို အမှုတွဲစိစစ်ဖို့တင်တာပါ။ အမှုကို ချေဖျက်ဖို့ ဇူလိုင်လ ၁၃ ရက်မှာ တင်လိုက်တာပါ။ ချေဖျက်ဖို့တင်တာကို လက်ခံဖို့ သင့်မသင့်ဆိုတာ လိုပါသေးတယ်"ဟု ယင်းကပြောသည်။
အဆိုပါ အဂတိအမှု နှစ်မှုကို ပြီးခဲ့သည့် ဇွန်လက စတင်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ယခုအခါ တရားလိုပြသက်သေများအား စစ်ဆေးနေသည့်အဆင့်ကို ရောက်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိတွင် နေပြည်တော်အကျဉ်းထောင်တွင်း၌ ပြောင်းရွှေ့ချုပ်နှောင်ခံထားရခြင်းဖြစ်ကြောင်းနှင့် ကျန်းမာရေးကောင်းမွန်ကြောင်း သိရသည်။
နစက က ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ တစ်ရက်မှ ယခုအချိန်ထိ အမှုပေါင်း ၂၀ ထက်မနည်း တရားစွဲဆိုခံထားရသော ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမှု ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ကျခံရန် အမိန့်ချထားရပြီးလည်း ဖြစ်ကြောင်းသိရသည်။
ymg/mt
#Yangon_Media_Group
Page 1722 of 1996