#WorldHealth
Published - 14 March 2022
ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဒယ်လ်တာမျိုးဗီဇကွဲနဲ့ အိုမီခရွန်မျိုးဗီဇကွဲတို့မှ မျိုးရိုးဗီဇများပေါင်းစပ်သွားကာ ပေါ်ပေါက်လာသည့်မျိုးဗီဇကွဲအသစ်ကို 'ဒယ်လ်တာခရွန်'လို့အမည်ပေးခဲ့ကြပါတယ်။
အဆိုပါဒယ်လ်တာခရွန်မျိုးဗီဇကွဲကူးစက်မှုကို အမေရိကန်နဲ့ဥရောပမှလူနာ အနည်းဆုံး ၁၇ ဦးမှာတွေ့ရှိခဲ့ကြကြောင်း သုတေသီများထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဒယ်လ်တာခရွန်ကူးစက်ခံရသူ အလွန်နည်းပါးလွန်းသေးတာကြောင့် ဒီမျိုးဗီဇကွဲအသစ်က အလွန်ကူးစက်မြန်နိုင်လား ဒါမှမဟုတ် ရောဂါဆိုးရွားပြင်းထန်စေလားဆိုတာကို မသိရသေးကြောင်း ပြင်သစ်နိုင်ငံမာဆေးလ်မြို့ရှိ IHU Mediterranee Infection ကုမ္ပဏီမှ 'ဖီးလစ်ကော်ဆန်'က medRxiv ဝက်ဘ်ဆိုက်မှာ အင်္ဂါနေ့ကဖော်ပြခဲ့ပါတယ်။
အဆိုပါ SARS-CoV-2 ဗိုင်းရပ်စ်မျိုးဗီဇကွဲအသစ်ဟာ ဒယ်လ်တာမျိုးဗီဇကွဲရဲ့ကိုယ်ထည်နဲ့ အိုမီခရွန်မျိုးဗီဇကွဲရဲ့စပိုက်ခ်ပရိုတိန်းတို့ကို ပေါင်းစပ်ထားတာဖြစ်ပြီး ပြင်သစ်နိုင်ငံအတွင်းကူးစက်သူ အနည်းဆုံး ၃ ယောက်တွေ့ရှိထားကြောင်း ဖော်ပြထားပါတယ်။
အမေရိကန်မှာလည်း ဒယ်လ်တာခရွန်မျိုးဗီဇကွဲကူးစက်သူ ၂ ဦးတွေ့ရှိထားကြောင်းကို မျိုးရိုးဗီဇလေ့လာရေးကုမ္ပဏီ Helix က medRxiv မှာ ဖော်ပြထားပါတယ်။
ဗိုင်းရပ်စ်ရှာဖွေလေ့လာရေးသတင်းများအရ ဇန်နဝါရီလကစပြီး ဥရောပမှာ ဒယ်လ်တာခရွန်မျိုးဗီဇကွဲကူးစက်သူ ၁၂ ယောက်တိုးလာခဲ့ပါတယ်။
လူသားဆဲလ်တစ်ခုတည်းအတွင်း မျိုးဗီဇကွဲနှစ်မျိုးကူးစက်တဲ့အခါ ကိုရိုနာဗိုင်းရပ်စ်အချင်းချင်း မျိုးရိုးဗီဇပေါင်းစပ်ခြင်းတွေထွက်ပေါ်လာနိုင်ပါတယ်။
"SARS-CoV-2 ဗိုင်းရပ်စ်ကပ်ရောဂါကာလမှာ တူညီတဲ့အချိန်ကာလတစ်ခုနဲ့ တူညီတဲ့နေရာဒေသတစ်ခုအတွင်း မျိုးဗီဇကွဲ ၂ မျိုး ဒါမှမဟုတ် ၂ မျိုးထက်ပိုပြီးကူးစက်ပြီဆိုရင် အဆိုပါမျိုးဗီဇကွဲတွေအချင်းချင်း ပေါင်းစပ်သွားနိုင်ချေရှိနေပါတယ်။ အဆိုပါဗိုင်းရပ်စ်အသစ်ကို အချိန်တိုအတွင်းစမ်းသပ်စစ်ဆေးတွေ့ရှိနိုင်မယ့် PCR test ကို ဖန်တီးထုတ်လုပ်ထားပါတယ်" လို့ 'ကောလ်ဆန်'က ပြောပြသွားပါတယ်။
Source: Reuters
Published 14 March 2022
၁၉၈၀ကျော်ကာလများက နာမည်ကျော်လူကြိုက်များခဲ့တဲ့ “Broadcast News” “Body Heat” နှင့် “The Big Chill” ရုပ်ရှင်ဇာတ်ကားတွေမှာ အဓိကသရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်မင်းသားကြီး ဝီလီယမ်ဟတ်ဟာ အသက် ၇၁နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။
ဟတ်ဟာ မတ်(၁၃)ရက် တနင်္ဂနွေနေ့က မိသားစုဝင်တွေကြားမှာပဲ ငြိမ်းအေးစွာ ကွယ်လွန်သွားပြီးဖြစ်တယ်လို့ သူ့သား ဝယ်လ်က သတင်းထုတ်ပြန်ပါတယ်။ ဟောလီဝုဒ်ရီပို့တာသတင်းဌာနကတော့ သူဟာ အော်ရီဂွန်ပြည်နယ် ပေါ့တ်လန်းက သူ့အိမ်မှာကွယ်လွန်သွားတယ်လို့ပြောပါတယ်။သူဟာ ယခင်က ဆီးကျိတ်ကင်ဆာရောဂါကို ကုသခံခံခဲ့ရပါတယ်။ ၂၀၁၈ခုနှစ်မှာ ကင်ဆာဆဲလ်တွေဟာ အရိုးအထိပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။
ဟတ်ဟာ ရုပ်ရှင်လောကမှာ နှစ်ကာလရှည်ကြာ ကျင်လည်ခဲ့သူဖြစ်ပါတယ်။ လေးကြိမ်တိုင်တိုင် အကယ်ဒမီဆုအတွက် ဆန်ကာတင်အရွေးခံခဲ့ရပြီး ၁၉၈၅ခုနှစ်မှာ ဂေးအကျဉ်းသားတစ်ဦးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ “Kiss of the Spider Woman” ဇာတ်ကားနှင့် အကောင်းဆုံးသရုပ်ဆောင်ဆုရခဲ့ပါတယ်။
သူဟာ ၁၉၈၁မှာပြသခဲ့တဲ့ လိင်အသားပေး ရုပ်ရှင်ဇာတ်ကား “Body Heat”မှာ ရှေ့နေတစ်ဦးအဖြစ် မင်းသမီးကြီး ကက်သလင်းတာနာနှင့်အတူ သရုပ်ဆောင်ခဲ့ပါတယ်။ ကတ်ဟာ ဝါရှင်တန်ဒီစီမှာ မွေးဖွာခဲ့ပြီး သူ့အဖေဟော နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အလုပ်လုပ်ခဲ့ပါတယ်။မိဘနှစ်ပါးက သူ၁၀နှစ်အရွယ်မှာ ကွဲခဲ့ပြီး မိခင်က တိုင်းမ်မဂ္ဂဇင်းတည်ထောင်သူ ရဲ့သားတစ်ဦးဖြစ်တဲ့ ဟင်နရီလုစ်-၃ နှင့် လက်ထပ်ခဲ့ပါတယ်။
ဟတ်ဟာ ၁၉၇၁ခုနှစ်ကနေ ၁၉၈၂အထိ “Big Chill” ဇာတ်ကားမှာ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်မင်းသမီး မာရီဘတ်ဟတ်ကို လက်ထပ်ခဲ့ပါတယ်။ အဲဒီနောက် ဆန်ဒရာဂျင်နင်းနှင့် ဇာတ်လမ်းဖြစ်ခဲ့ပြီး သားတစ်ဦးမွေးဖွားခဲ့ပါတယ်။ အဲဒီနောက် သူမဟာ တောင်ကာရိုလိုင်းနားဥပဒေအရ ဟတ်ရဲ့ ဇနီးဖြစ်လို့ ဟတ်ဝင်ငွေတွေ မျှဝေခံစားထိုက်တယ်လို့ ဆန်ဒရာဂျင်နင်းကတရားစွဲတဲ့အတွက် လူသိအလွန်များတဲ့ တရားစွဲဆိုမှုတစ်ခုဖြစ်ခဲ့ပါတယ်။ သို့သော်တရားရုံးက ဟတ်ဘက်နေပဲ အနိုင်ပေးခဲ့ပါတယ်။
Source AP
Published 13 March 2022
အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဘာဆာနာမြို့မှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ဟိန္ဒူတို့ရဲ့ရိုးရာ ဘာသာရေးပွဲတော် ဟိုလီရောင်စုံပွဲတော်ကို စတင်ကျင်းပနေပါတယ်။ အဲဒီပွဲဟာ ဟိန္ဒူတို့ရဲ့ ဒဏ္ဍာရီတွေကို အခြေပြုပြီး ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ပွဲတော်မှာ တစ်ဦးနှင့်တစ်ဦး ရောင်စုံအမှုန့်တွေ၊ရေတွေနှင့်ပက်ဖျန်းကြပြီး ပွဲကိုဆင်နွှဲကြပါတယ်။ အဲဒီအပြင် ဒိုင်းကာထားတဲ့ အမျိုးသားတစ်ဦးကို အမျိုးသမီးတွေက တုတ်ချောင်းတွေနှင့် ဝိုင်းရိုက်ကြတာတွေလည်းပါဝင်ပါတယ်။ တစ်နိုင်ငံလုံးအနေနှင့် မတ်၁၈ရက်နေ့မှာ ပွဲတော်ကျင်းပမှာဖြစ်ပါတယ်။
Source AFP
Published 13 March 2022
ပြင်သစ်နိုင်ငံ ပါရီမြို့တော်က စတော့အိတ်ချိန်းရပ်ကွက်မှာ လူတွေဟာ ရွှေတွေကို အပြေးအလွှားရောင်းဝယ်နေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယူကရိန်းစစ်ပွဲကြောင့် ရွှေဈေးတွေက ခေါင်ခိုက်အောင်တက်သွားခဲ့လို့ဖြစ်ပါတယ်။
တစ်ရက်တစ်ရကို ရွှေတစ်ကီလိုကို ယူရိုတစ်ထောင်လောက်တက်နေတာဖြစ်ပြီး အခုဆို စံချိန်တင်လောက်တဲ့အထိ ဈေးက မိုးကိုထောင်တက်နေပြီလို့ ပြောကြပါတယ်။
လူတွေဟာ သူတို့ စုဆောင်းထားသမျှတွေနှင့် ရွှေတွေအလုအယက်ဝယ်လာကြပါတယ်။ မသေချာမရေရာမှုတွေဖြစ်နေတဲ့ အချိန်မှာ ရွှေက စိတ်အချရဆုံးလို့ သူတို့ကပြောပါတယ်။ ရွှေဆိုင်တွေမှာလည်း လူတွေက တစ်ပြိုင်နက်လိုလို စုပြုံဝယ်လာကြလို့ မအားနိုင်ဖြစ်ကြရတယ်လို့ ဆိုင်ရှင်တစ်ဦးကပြောပါတယ်။
Source AFP
Published 13 March 2022
ဆွီဒင်နိုင်ငံ စတော့ဟုမ်းမှာ အခြေစိုက်တဲ့ အေဂျင်စီအသေးကလေးတစ်ခုဖြစ်တဲ့ Eccho Rights ဟာ အခု အတော့်ကို အလုပ်များနေခဲ့ရပါတယ်။ ယခုယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလင်စကီး သရုပ်ဆောင်ထားတဲ့ ဇာတ်မြူးရုပ်သံစီးရီးကို ရုပ်သံထုတ်လွှင့်ခွင့်လာတောင်းသူတွေများနေလို့ပါ။
ပထမတော့(၁)ဦး၊နောက်တော့(၂) အဲသလိုနှင့် (၂၀)လောက်အထိ ဖြစ်လာနေပါတယ်။
အဲဒီရုပ်သံဇာတ်လမ်းတွဲမှာ ဇီလင်စကီးဟာ သာမန်ကျောင်းဆရာကလေးတစ်ဦးကနေ မမျှော်လင့်ဘဲ ယူကရိန်းသမ္မတဖြစ်သွားရတဲ့ ဇာတ်လမ်းမှာ ပြောင်မြောက်စွာ သရုပ်ဆောင်ခဲ့တာပါ
ယူကရိန်းကို ရုရှားက ဝင်ရောက်ကျူးကျော်အပြီးမှာပဲ ဗြိတိန်က ချယ်နယ်လ်(၄)၊ ဂရိက အေအင်န်တီ-၁ နှင့် ရိုမေနီးယားက ပရိုတီဗွီတို့ဟာ ခပ်သွက်သွက်ရောက်လာပြီး အဲဒီ ၂၀၁၅ခုနှစ်တုန်းက ယူကရိန်းမှာပြသခဲ့တဲ့ "Servant of the People" ရုပ်သံဇာတ်မြူကို ထုတ်လွှင့်ပြသခွင့်တောင်းခဲ့ကြပါတယ်။
ထုတ်လွှင့်ပြသခွင့်တစ်ခုရဲ့ဈေးက ဘယ်လောက်လဲဆိုတာကို လျှို့ဝှက်ထားပေမယ့် ယူရိုတစ်သန်းခန့်ရှိတယ်လို့ သိရပါတယ်။
အဲဒီဇာတ်လမ်းတွဲထဲက ဇာတ်ဝင်ခန်းတစ်ချို့ကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်
Source AFP/ECCHO RIGHTS
#WorldHealth
Published - 13 March 2022
ကိုဗစ်ကပ်ရောဂါဖြစ်ပွားပြီး သေဆုံးခဲ့ရသူအရေအတွက်ဟာ တရားဝင်ခန့်မှန်းချက်တွေထက် ၃ ဆလောက်ပိုများနေနိုင်ပြီး ကမ္ဘာဒေသအနှံ့အပြားနဲ့နိုင်ငံအများအပြားမှာ လက်တွေ့သေဆုံးသူအရေအတွက်နဲ့ ခန့်မှန်းတွက်ချက်တွေအကြား ကွာဟချက်အင်မတန်ကြီးမားနေကြောင်း လေ့လာတွေ့ရှိထားပါတယ်။
ကပ်ရောဂါဖြစ်ပွားပြီး ၂ နှစ်အတွင်း ကိုဗစ်ရောဂါကြောင့်လူပေါင်း ၁၈.၂ သန်းသေဆုံးထားပြီး ခန့်မှန်းထားတာထက် ပိုများနေခဲ့ကြောင်း သုတေသီများတွေ့ရှိထားပါတယ်။
ဖြစ်နိုင်တဲ့အကြောင်းအရင်းတွေကတော့ ရောဂါပိုးစမ်းသပ်မှုနည်းပါးပြီး သေဆုံးမှုနှုန်းအချက်အလက်တွေက စိတ်ချရခြင်းမရှိတာတွေကြောင့်ဖြစ်ကာ တရားဝင်ခန့်မှန်းချက်အရ အကြမ်းဖျင်း ၅.၉ သန်းသေဆုံးနိုင်ကြောင်း ခန့်မှန်းခဲ့ကြတာဖြစ်ပါတယ်။
တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ကြည့်ရင် စပိန်တုပ်ကွေးရောဂါပြီးကတည်းက သေဆုံးမှုနှုန်းအများဆုံးရောဂါဖြစ်နေကြောင်း ဝါရှင်တန်တက္ကသိုလ်မှ ကျန်းမာရေးတွက်ချက်ခန့်မှန်းရေးရာညွှန်ကြားရေးမှူး 'ခရစ္စတိုဖာဂျေအယ်လ်မာရေး'က ပြောကြားလိုက်ပါတယ်။
၁၉၁၈ ခုနှစ်က တုပ်ကွေးကပ်ရောဂါကြောင့် အနည်းဆုံးလူသန်း ၅၀ သေဆုံးခဲ့ပြီး အခုအခါကိုဗစ်ရောဂါကြောင့် တစ်ကမ္ဘာလုံးသေဆုံးမှုနှုန်း ၁၇ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပါတယ်။
သေဆုံးသူအရေအတွက်လျှော့တွက်တာမျိုး မပြုလုပ်ဖို့နဲ့ ကပ်ရောဂါကြောင့် အများအပြားသေဆုံးမှုတို့ကို အလေးထားဖို့အရေးကြီးနေပြီဖြစ်ပါတယ်။
သေဆုံးသူအရေအတွက် အလွန်များပြားနေခြင်းက ကိုဗစ်ကပ်ရောဂါနဲ့တိုက်ရိုက်သက်ဆိုင်နေပြီး အချို့သေဆုံးမှုတွေက ကိုဗစ်ရောဂါနဲ့သွယ်ဝိုက်ပတ်သက်လျက်ရှိပါတယ်။
ကျန်းမာရေးအသိနည်းပါးခြင်း၊ ကပ်ရောဂါကာလအတွင်း ကျန်းမာရေးဝန်ဆောင်မှုမရှိခြင်း၊ မိမိကိုယ်ကိုအဆုံးစီရင်ခြင်းနဲ့ ဆေးစွဲခြင်းတို့ဖြစ်လာနိုင်တဲ့ အပြုအမူပြောင်းလဲခြင်းတွေနဲ့လည်း သက်ဆိုင်နေပါတယ်။
ကိုဗစ်ရောဂါကြောင့်သေဆုံးမှုအချက်အလက်တွေကို မှန်မှန်ကန်ကန်ရှာဖွေနိုင်မှ အစိုးရအနေနဲ့ ပြည်သူတွေကိုကာကွယ်ဖို့ မှန်ကန်တဲ့ကျန်းမာရေးဆောင်ရွက်ချက်တွေကို ဆုံးဖြတ်ချက်ချနိုင်မှာဖြစ်ကြောင်း Bloomberg မှ ကျန်းမာရေးအချက်အလက်ပြုစုချက်တွေကို ဦးဆောင်ပြုလုပ်နေတဲ့ 'ဂျန်နီဖာအဲလစ်'က တိုက်တွန်းလိုက်ပါတယ်။
နိုင်ငံ ၃၆ နိုင်ငံကသာ ၂၀၂၀ အတွင်း အသက်သေဆုံးခဲ့သူတွေရဲ့ သေဆုံးရသည့်အကြောင်းအရင်းများကို ဖော်ပြခဲ့ကြပါတယ်။အချက်အလက်မတင်ပြတဲ့နိုင်ငံတွေရဲ့ သေဆုံးသူအရေအတွက်တွေကိုတော့ ခန့်မှန်းတွက်ချက်ခဲ့ကြပါတယ်။
တောင်အာရှဒေသမှာ တင်ပြချက်ထဲကထက် သေဆုံးသူအရေအတွက် ၉ ဆခွဲပိုများနေပြီး ဆာဟာရာအာဖရိကအပိုင်းမှာတော့ ၁၄.၂ ဆပိုများနေခဲ့ပါတယ်။
နှာခေါင်းစည်းတပ်ဆင်ခြင်း၊ ခပ်ခွာခွာနေထိုင်ခြင်း၊ အခြားကာကွယ်ရေးအတိုင်းအတာများဆောင်ရွက်ခြင်းဖြင့် ရောဂါကူးစက်မှုကိုလျှော့ချနိုင်ပြီး သေဆုံးမှုနှုန်းလျော့နည်းစေနိုင်မှာဖြစ်ပါတယ်။
ခန့်မှန်းသေဆုံးမှုနှုန်းအနည်းဆုံးနိုင်ငံတွေကတော့ အိုက်စ်လန်၊ ဩစတြေးလျ၊ စင်္ကာပူ၊ နယူးဇီလန်တို့ဖြစ်ပါတယ်။အဝလွန်ရောဂါရှိခြင်းနဲ့ အသက်အရွယ်ကြီးခြင်းတို့ကလည်း အသက်သေဆုံးမှုဖြစ်နိုင်တဲ့ အဓိကအချက်တွေဖြစ်ပါတယ်။
Source: Bloomberg
#WorldHealth
Published - 13 March 2022
ကိုဗစ်ရောဂါကုသရာမှာအသုံးပြုတဲ့ ဆိုထရိုဗီမက်(Sotrovimab)ဆေးဟာ ကိုရိုနာဗိုင်းရပ်စ်မှာ ဆေးယဉ်ပါးနိုင်သည့်သန္ဓေပြောင်းလဲခြင်းမျိုး ဖြစ်ပေါ်နိုင်ပြီး ကူးစက်ပျံ့ပွားနိုင်ကြောင်း ဩစတြေးလျဗိုင်းရပ်စ်ကျွမ်းကျင်ပညာရှင်တွေက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဒီအကြောင်းအရာကို ပထမဆုံးတွေ့ရှိခဲ့တာဖြစ်ပြီး နယူးအင်္ဂလန်ဆေးဘက်ဆိုင်ရာဂျာနယ်မှာ ကြာသပတေးနေ့က ဖော်ပြခဲ့ပါတယ်။ ဒီလေ့လာချက်ကို ၂၀၂၁ ခုနှစ် ဒယ်လ်တာမျိုးဗီဇကွဲကူးစက်ပျံ့ပွားမှုလွှမ်းမိုးချိန်မှာ ဆစ်ဒနီအနောက်ပိုင်းရှိ ဆိုထရိုဗီမက်ဆေးပေးထားတဲ့လူနာပေါင်း ၁၀၀ နဲ့ စမ်းသပ်ခဲ့တာဖြစ်ပါတယ်။
ဆိုထရိုဗီမက်ဆေးဟာ monoclonal antibody အခြေပြုကိုဗစ်ကုသဆေးဖြစ်ပြီး နိုင်ငံအများအပြားမှာရရှိနိုင်ပါတယ်။ ဒီဆေးကို ကိုဗစ်ရောဂါကြောင့်အသက်အန္တရာယ်ရှိနေတဲ့လူနာတွေမှာ အသုံးပြုနိုင်ပါတယ်။
ကိုဗစ်ရောဂါပိုးကူးစက်ခံရပြီး ပထမဆုံး ၅ ရက်အတွင်း အဆိုပါဆေးကိုကိုယ်ခန္ဓာထဲထိုးသွင်းရတာဖြစ်ပြီး ရောဂါလက္ခဏာဆိုးရွားလာခြင်းမှ တားဆီးကာကွယ်ပေးနိုင်ပါတယ်။
အိုမီခရွန်မျိုးဗီဇကွဲကိုကုသကာကွယ်နိုင်တဲ့ monoclonal antibody ဆေးအမျိုးအစားအနည်းငယ်ထဲက တစ်မျိုးလည်းဖြစ်ပါတယ်။
ဆေးကုသမှုခံယူပြီး ၆ ရက်မှ ၁၃ ရက်အတွင်း ဆိုထရိုဗီမက်ဆေးယဉ်ပါးခြင်းကို ကြုံတွေ့ရတဲ့လူနာ ၄ ဦးရှိခဲ့ကြောင်း ဦးဆောင်လေ့လာမှုပြုသူ ဒေါက်တာ'ရေဗက်ကာရော့ကက်'က ပြောကြားခဲ့ပါတယ်။ကိုဗစ်လူနာတွေကို ဆေးကုသမှုပေးပြီး နောက်ထပ်စစ်ဆေးမှုတွေတော့ ပြုလုပ်နိုင်ခဲ့ခြင်းမရှိခဲ့ကြပါဘူး။
လူနာတွေကိုစောင့်ကြည့်လေ့လာနေဖိုက အရေးကြီးပါပြီး ဗိုင်းရပ်စ်သန္ဓေပြောင်းလဲခြင်းဖြစ်ပေါ်နေတဲ့လူနာတွေကိုတွေ့ရှိပါက 'ရော့ကက်'နဲ့အဖွဲ့မှပညာရှင်တွေဟာ အဆိုပါသန္ဓေပြောင်းဗိုင်းရပ်စ်ကိုရယူပြီး စမ်းသပ်လေ့လာလို့ရပါတယ်။
ဆေးယဉ်ပါးဗိုင်းရပ်စ်ပေါ်ပေါက်လာရင် လူတွေကြားမှာရောဂါကူးစက်ပျံ့ပွားမှုဖြစ်လာပြီး ဒီဆေးကိုအသုံးပြုနိုင်တော့မှာမဟုတ်ပါဘူး။ဆေးယဉ်ပါးဗိုင်းရပ်စ်ရှိနေတဲ့လူနာတွေကို သီးခြားခွဲနေထိုင်ခိုင်းရာမှာ ပိုမိုအချိန်ကြာရှည်လာမှာဖြစ်ပြီး အိမ်သားတွေနဲ့လည်း ခွဲခွာနေထိုင်နေရမှာဖြစ်ပါတယ်။
ဒီလိုသန္ဓေပြောင်းလဲခြင်းက အလွန်ရှားပါးလှပြီး သေချာစောင့်ကြည့်နေမှ သိရှိနိုင်မှာဖြစ်ပါတယ်။ဆေးယဉ်ပါးလာတဲ့သန္ဓေပြောင်းလဲခြင်းကို လူနာအများအပြားနဲ့စမ်းသပ်ရာမှာလည်း ဆက်လက်မြင်တွေ့နေရကြောင်း ဒီဆေးကိုထုတ်လုပ်တဲ့ GSK ကုမ္ပဏီက ပြောကြားလိုက်ပါတယ်။
ဒီလိုတွေ့ရှိချက်တွေပေါ်လာပေမယ့်လည်း ရောဂါဆိုးရွားလာနိုင်တဲ့သူတွေမှာ ဆိုထရိုဗီမက်ဆေးအသုံးပြုခြင်းကြောင့် ရလာနိုင်တဲ့အကျိုးကျေးဇူးတွေကို ပြောင်းလဲပစ်နိုင်မှာမဟုတ်ပါဘူး။
Source: The Guardian.
Page 900 of 943