#World_Politics
Published 18 November 2022
အမေရိကန်အောက်လွှတ်တော်ရဲ့ ပထမဆုံးအမျိုးသမီးဥက္ကဌဖြစ်သူ၊ အထင်ကရဥပဒေများကို ထိန်းသိမ်းသတ်မှတ်ခဲ့ပြီး ပြစ်တင်စွပ်စွဲချက် ၂ ခုကို ဦးဆောင်ခဲ့သူ၊ ဒီမိုကရက်တစ်ပါတီရဲ့ ရှေ့ဆောင်လမ်းပြလည်းဖြစ်သူ 'နန်စီပယ်လိုစီ'ဟာ သူ့ရဲ့ဥက္ကဌရာထူးကို လွှဲပြောင်းတော့မှာဖြစ်ကြောင်း ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။
ရီပတ်ဘလစ်ကန်များက လွှတ်တော်ကို ထိန်းချုပ်ခွင့်ရရှိပြီး နောက်တစ်ရက်အကြာမှာပဲ အခုလိုကြေညာလိုက်တာဖြစ်ပါတယ်။
'ပယ်လိုစီ'ဘက်တော်သားများက အောက်လွှတ်တော်ဥက္ကဌရာထူးကို ဆက်ခံနိုင်ချေရှိတဲ့ 'ဟာကင်မ်ဂျက်ဖရီစ်'ထံ အလျင်အမြန်စုရုံးနေကြပါတယ်။
ရီပတ်ဘလစ်ကန်တွေကတော့ သမ္မတ'ဘိုင်ဒင်'ရဲ့ ဥပဒေပြုရေးအစီအစဉ်တွေကို ဟန့်တားနိုင်မယ့် သူတို့ပါတီမှလူတစ်ဦးကို ဥက္ကဌတင်မြှောက်ရန် ပြင်ဆင်နေကြပါတယ်။
'ပယ်လိုစီ'နေရာကို ဆက်ဆံမယ့်သူကတော့ ကြားနေဝါဒီများနဲ့ လက်ဝဲခြမ်းတို့ကြား ကွဲပြားနေတဲ့ အောက်လွှတ်တော်ဒီမိုကရက်များကို ပေါင်းစည်းရမယ့်တာဝန်ရှိလာမှာဖြစ်ပါတယ်။
အသက် ၈၂ နှစ်အရွယ်'ပယ်လိုစီ' အောက်လွှတ်တော်မိန့်ခွန်းမှာ ကြေညာချက်ထုတ်ပြန်စဉ် ရီပတ်ဘလစ်ကန်အများစု မတက်ရောက်ခဲ့ပေမယ့် ဒီမိုကရက်တွေကတော့ အများအပြားအားပေးခဲ့ကြပါတယ်။
ဒါပေမဲ့ ၃၅ နှစ်ကြာအောင် တာဝန်ထမ်းဆောင်ခဲ့တဲ့ အောက်လွှတ်တော်ကနေ အပြီးအပိုင်အနားယူတာမဟုတ်ဘဲ ဆန်ဖရန်ဆစ္စကိုကို ဆက်လက်ကိုယ်စားပြုသွားဦးမှာဖြစ်ကြောင်း သိရပါတယ်။
"ကျွန်မအလွန်တန်ဖိုးထားရတဲ့ ဒီမိုကရက်တစ်ပါတီအစည်းအဝေးကို နောက်ထပ်မျိုးဆက်ဆီ လွှဲပေးဖို့အချိန်ကျပါပြီ၊ ဒီရာထူးအတွက် တာဝန်ထမ်းဆောင်ဖို့ ဆန္ဒရှိပြီး အဆင်သင့်ဖြစ်နေကြတဲ့လူတွေ အများကြီးရှိနေတာ ကျေနပ်စရာပါပဲ" လို့ 'ပယ်လိုစီ'က ပြောကြားခဲ့ပါတယ်။
'ပယ်လိုစီ'ဟာ အောက်လွှတ်တော်ဒီမိုကရက်မှာ ဆယ်စုနှစ် ၂ ခုကြာတာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၀၇ ကနေ ၂၀၁၁ အထိ ဥက္ကဌအဖြစ်တာဝန်ယူခဲ့ပြီး ၂၀၁၉ ကနေ လက်ရှိအချိန်ထိလည်း ဥက္ကဌအဖြစ် နောက်တစ်ကြိမ်တာဝန်ယူထားပါတယ်။
'ပယ်လိုစီ'က ဒီမိုကရက်တစ်သမ္မတနှစ်ယောက်ရဲ့ ဥပဒေပြုရေးအစီအစဉ်တွေကို ထိန်းသိမ်းရာမှာ အဓိကနေရာမှပါဝင်ခဲ့သလို ၂၀၁၀ ခုနှစ်က သမ္မတ'ဘာရက်အိုဘားမား'ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေ၊ အခြေခံအဆောက်အအုံများနဲ့ ရာသီဥတုဆိုင်ရာရင်းနှီးမြှုပ်နှံခြင်းများ၊ 'ဘိုင်ဒင်'လက်ထက် သေနတ်ဥပဒေထိန်းချုပ်ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။
သမ္မတ'ဘိုင်ဒင်'က 'ပယ်လိုစီ'နဲ့ပတ်သက်ပြီး အမေရိကန်အောက်လွှတ်တော်အစဉ်အလာထဲမှာ အထင်ရှားဆုံးဥက္ကဌဖြစ်တယ်လို့ မှတ်ချက်ပြုသွားပါတယ်။
အောက်လွှတ်တော်မှာ ဥက္ကဌတင်မြှောက်ရန်အတွက် နိုဝင်ဘာ ၃၀ ရက်နေ့မှာ ဒီမိုကရက်တစ်တွေ မဲခွဲဆုံးဖြတ်ရမှာဖြစ်ပါတယ်။
နယူးယော့ခ်မှ 'ဂျက်ဖရီစ်'က ကွန်ဂရက်လွှတ်တော်မှာ ပင်မပါတီအစည်းအဝေးတစ်ခုကို ဦးဆောင်မယ့် ပထမဆုံးလူမည်းဥပဒေအမတ် ဖြစ်လာဖွယ်ရှိပါတယ်။
အောက်လွှတ်တော်ဒီမိုကရက်တစ်တွေထဲမှာ ငယ်ရွယ်သူများကို အခွင့်အာဏာပေးဖို့ ပြီးခဲ့တဲ့နှစ်များအတွင်း 'ပယ်လိုစီ'ကို ဖိအားပေးခဲ့ကြပါတယ်။
ပါတီရဲ့ဦးဆောင်သူတွေဟာ အသက်အရွယ်ကြီးရင့်သူတွေသာဖြစ်နေတာကို မေးခွန်းထုတ်လာကြပြီး 'ဘိုင်ဒင်'ကိုယ်တိုင်ကလည်း တနင်္ဂနွေနေ့မှာ အသက် ၈၀ ပြည့်မှာဖြစ်ပါတယ်။
Source: Reuters
#Yangon_Media_Group
#World_Health
Published 18 November 2022
ကမ္ဘာပေါ်က လူ ၄ ယောက်မှာ ၁ ယောက်နှုန်းက သွေးတိုးရောဂါရှိနေပြီး ရောဂါရှိမှန်းမသိတတ်တာကြောင့် မကုသဘဲနေတတ်ကြပါတယ်။
အပေါ်သွေး ၁၄၀ ကျော်တာပဲဖြစ်ဖြစ်၊ အောက်သွေး ၉၀ ကျော်တာပဲဖြစ်ဖြစ်၊ နှစ်မျိုးစလုံးအဆိုပါပမာဏထက် ကျော်တာပဲဖြစ်ဖြစ် သွေးဖိအားများနေတယ်လို့ ယူဆပါတယ်။
လူတွေ မှားယွင်းနေတဲ့အရာက သွေးပေါင်ချိန်များနေပေမယ့် နေရထိုင်ရအဆင်ပြေနေတယ်ဆိုရင် ပြဿနာမဖြစ်ဘူးလို့ မှတ်ယူနေကြတာပါပဲ။
လူတွေက သူတို့ကိုယ်သူတို့ သွေးတိုးနေမှန်းမသိဘဲ ရောက်လာတဲ့လူနာတွေ မကြာခဏတွေ့ရတတ်ပါတယ်။
သွေးတိုးခြင်းကို မကုသဘူးဆိုရင် နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းတို့ ဖြစ်နိုင်ချေများပါတယ်။
အခြားဆက်စပ်ရောဂါတွေအနေနဲ့ ဆီးချို၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ အဝလွန်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။
"သွေးဖိအားက ဆက်တိုက်မြင့်မားနေမယ်ဆိုရင် နှလုံးနဲ့ကျောက်ကပ်တို့မှာ ဝန်ထုပ်ဝန်ပိုးပိလာပြီး အချိန်ကြာလာတာနဲ့အမျှ အင်္ဂါတွေပျက်စီးသွားနိုင်ပါတယ်" လို့ ဟောင်ကောင်မှဆရာဝန်'ကေသီလီ'က ဆိုပါတယ်။
သွေးတိုးရောဂါက ကာကွယ်ကုသနိုင်ပြီးတော့ သွေးတိုးနေလားဆိုတာကို အဆက်မပြတ်စောင့်ကြည့်တိုင်းတာနေသင့်ပါတယ်။
အသက်အရွယ်ကြီးလာတာနဲ့အမျှ နှလုံးကနေညှစ်ထုတ်လိုက်တဲ့ သွေးတွေကိုသယ်ဆောင်တဲ့ သွေးလွှတ်ကြောတွေ ထူထဲလာကာ သွေးဖိအားများလာတာဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ဟောင်ကောင်ကျန်းမာရေးဌာနမှ စစ်တမ်းကောက်ယူခဲ့ရာ အသက် ၁၅ နှစ်မှ ၂၄ နှစ်ကြားလူငယ်တွေထဲက ၄.၅ ရာခိုင်နှုန်းဟာ သွေးတိုးရှိခဲ့ပြီး အသက် ၆၅ နှစ်မှ ၈၄ နှစ်ကြားလူကြီးတွေကတော့ ၆၄.၈ ရာခိုင်နှုန်းရှိခဲ့ပါတယ်။
သွေးတိုးခြင်းကို ကာကွယ်လျှော့ချနိုင်ရန် တစ်ပတ်ကို ၁၅၀ မိနစ်ခန့် သာမန်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ဆေးလိပ်ရှောင်ခြင်း၊ ဆားလျှော့စားခြင်း၊ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း၊ လုံလောက်စွာအိပ်စက်ခြင်း၊ စိတ်ဖိစီးမှုလျှော့ချခြင်းတို့ ပြုလုပ်နိုင်ပါတယ်။
အနည်းငယ်မျှ သွေးတိုးခြင်းက အထက်ပါနည်းလမ်းများဖြင့် ထိန်းသိမ်းနိုင်ပေမယ့် သွေးတိုးများတယ်ဆိုရင်တော့ ဆေးကုသမှုပါ လိုအပ်လာပါပြီ။
ဆေးတွေက ချက်ချင်းလက်ငင်းမသက်သာပေမယ့် ရေရှည်ကျန်းမာရေးပြဿနာတွေကိုတော့ လျော့ကျစေနိုင်တယ်ဆိုတာကို လူနာတွေသိထားသင့်ပါတယ်။
သွေးတိုးဝေဒနာကို မကုသဘဲထားလိုက်ရင် ပိုမိုဆိုးရွားလာနိုင်ပြီး ဆရာဝန်တွေ ဆေးသောက်ခိုင်းရတဲ့ အဓိကအကြောင်းအရင်းက လူနာရဲ့ရေရှည်ကျန်းမာရေးကို စိတ်ချရစေရန်ဖြစ်ပါတယ်။
Source: SCMP
#Yangon_Media_Group
#World_Health
Published 18 November 2022
အမျိုးသားတွေ သူတို့ရဲ့ပေါင်ခြံကို ကိုင်ကိုင်နေရတဲ့အကြောင်းအရင်းကို ကျွမ်းကျင်သူများလည်း စဉ်းစားရရှုပ်ထွေးနေပါတယ်။
တစ်နေ့ကို ဘယ်နှကြိမ်လောက်ကိုင်လဲဆိုတာကို သိချင်နေခဲ့ကြပြီး ဆွေးနွေးခဲ့ကြရာမှာ တုန့်ပြန်မှုတွေက ရောထွေးနေခဲ့ပါတယ်။
ဖြေဆိုသူတစ်ဦးကတော့ "ရေချိုးခန်းသွားတဲ့အချိန်၊ အာသာဖြေတဲ့အချိန်၊ ကုတ်တဲ့အချိန်၊ ပြန်ချိန်ညှိတဲ့အချိန်၊ အခြားတစ်ခုခုလုပ်နေရင်း အဲဒီအပေါ်ကို လက်ရောက်နေတဲ့အချိန်တွေကို ရေတွက်လို့တောင် မရနိုင်ဘူး" လို့ ဖြေဆိုခဲ့ပါတယ်။
ဆွေးနွေးမှုအပြီးမှာတော့ နောက်ဆုံးကောက်ချက်ချရာမှာ အမျိုးသားတွေဟာ သူတို့ပေါင်ကြားကအရာကို တစ်နေ့ ၂၃ ကြိမ်မှ အကြိမ် ၃၀ ကြား ထိတွေ့ကြကြောင်း သိရှိရပြီး ဒါဟာ လျစ်လျူရှုထားလို့မရတဲ့ အရေအတွက်ဖြစ်ပါတယ်။
အရွယ်အမျိုးမျိုးသောယောက်ျားတွေမှာ အခြေအနေအရပ်ရပ်ကြောင့် ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူများကဆိုပါတယ်။
ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာအခြေအနေတွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။
အမျိုးသားအင်္ဂါက ယောက်ျားပီသမှုရဲ့ သင်္ကေတတစ်ခုဖြစ်ပြီး အမျိုးသားအားလုံးက ထိုအစိတ်အပိုင်းကောင်းစွာ အလုပ်လုပ်နိုင်ဖို့ ဆန္ဒရှိကြပါတယ်။
အသာအယာထိတွေ့ခြင်းက ဦးနှောက်ကနေ အောက်ဆီတိုဆင်ထွက်ရှိစေတယ်လို့ NUI Galway မှ သုတေသီ ဒေါက်တာ'အန်ဒရာစ်ကော်လ်တို'က ပြောပြခဲ့ပါတယ်။
အောက်ဆီတိုဆင်ဟော်မုန်းက လူမှုပေါင်းသင်းရေးနဲ့ စိတ်အခြေအနေထိန်းညှိခြင်းတို့မှာ အရေးပါတဲ့အစိတ်အပိုင်းဖြစ်ပါတယ်။
အဆိုပါဟော်မုန်းဟာ မိမိချစ်ခင်သူတစ်ဦးက လာရောက်ထိတွေ့တဲ့အခါ ထွက်လာကြပါတယ်။
ဒါကြောင့် ဒီဟော်မုန်းဟာ လိင်မှုသဘာဝနဲ့လည်း ဆက်စပ်နေတယ်လို့ ဒေါက်တာက ဆက်လက်ပြောကြားပါတယ်။
နောက်ထပ်ဖြေဆိုသူတစ်ဦးကတော့ ကိုယ့်ရဲ့ယောက်ျားအင်္ဂါကို မထိရဘူးဆိုရင် ဖြတ်ပစ်ပြီးသိမ်းထားလို့လားလို့ မေးခွန်းထုတ်သွားပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#World_Ecology
Published 17 November 2022
ကလေးများအတွက် ထောက်ခံအားပေးသူဖြစ်လာတဲ့ ဂျပန်ဆယ်ကျော်သက်လူငယ်တစ်ဦးဟာ လေးစားလောက်ဖွယ် လူငယ်ထူးချွန်ဆုကို ရရှိပြီးနောက် နိုင်ငံရေးသမားတွေအနေနဲ့ ငယ်စဉ်က အားကျအတုယူခဲ့ရတဲ့အတိုင်း ခေါင်းဆောင်များဖြစ်လာစေရန် တိုက်တွန်းပြောကြားလိုက်ပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 17 November 2022
၁။ ကန်ပိုက်တီး နယ်စပ်ဂိတ်က တရုတ်သို့ တစ်သျှူးငှက်ပျောတင်ပို့မှု စတင်
၂။ မြန်မာ့ကော်ဖီ ပြည်ပဝယ်လိုအားကောင်းနေသဖြင့် ဈေးကောင်းပိုမိုရရှိနိုင်ဟုဆို
၃။ ကားဈေးကွက်အတွင်း အရောင်းအဝယ်အေးစက်နေဟုဆို
၄။ ငယ်စဉ်ကဖြစ်ချင်ခဲ့သည့်ခေါင်းဆောင်ပုဂ္ဂိုလ်များလိုဖြစ်လာဖို့ ထူးချွန်ဆုရှင် ဂျပန်ဆယ်ကျော်သက်မလေးက လူငယ်များကို တိုက်တွန်း... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_Military
Published 17 November 2022
ပိုလန်စိုက်ပျိုးရေးလုပ်ငန်းနေရာကို ကျရောက်ခဲ့ပြီး လူ ၂ ဦးသေဆုံးစေခဲ့တဲ့ ဒုံးကျည်ဟာ မရည်ရွယ်ဘဲ ကျရောက်ခဲ့ဟန်ရှိပြီး အိမ်နီးချင်းယူကရိန်းရဲ့ လေကြောင်းရန်ကာကွယ်ရေးမှ ပစ်လွှတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း နေတိုးအဖွဲ့ဝင်နိုင်ငံပိုလန်နဲ့ စစ်ဘက်မဟာမိတ်အကြီးအကဲတို့က ဗုဒ္ဓဟူးနေ့မှာပြောကြားလိုက်ပါတယ်။
ထိုအချိန်တွေမှာ ရုရှားကလည်း ယူကရိန်းရဲ့ ဓာတ်အားပေးစက်ရုံတွေကို ဗုံးကျဲတိုက်ခိုက်နေခဲ့တာဖြစ်ပါတယ်။
"ယူကရိန်းကာကွယ်ရေးတပ်က ဒုံးကျည်တွေကို နေရာအနှံ့ပစ်လွှတ်နေတာကြောင့် ဒုံးကျည်တစ်စင်းက ကံဆိုးစွာနဲ့ပဲ ပိုလန်နယ်မြေကို ကျရောက်ခဲ့တာဖြစ်နိုင်ပါတယ်၊ ဒါဟာ ပိုလန်ကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တာ လုံးဝမဟုတ်ပါဘူး" လို့ ပိုလန်သမ္မတ'အန်ဒရဇက်ဒူဒါ'က ပြောကြားလိုက်ပါတယ်။
နေတိုးအထွေထွေအတွင်းရေးမှူးချုပ် 'ယန်းစ်စတိုလ်တန်ဘာ့ဂ်'က ပိုလန်ရဲ့ ပဏာမတွေ့ရှိချက်များကို ဘရူဆဲလ်မြို့ နိုင်ငံ ၃၀ စစ်ဘက်မဟာမိတ်အစည်းအဝေးမှာ တင်ပြသွားပါတယ်။
ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'ကတော့ ငြင်းဆိုလိုက်ကာ နောက်ထပ်စုံစမ်းမှုများပြုလုပ်ရန် တောင်းဆိုလိုက်ပါတယ်။
ရုရှားသာ နေတိုးအဖွဲ့ဝင်ပိုလန်နိုင်ငံကို ပစ်မှတ်ထားတိုက်ခိုက်ပါက နေတိုးတပ်ဖွဲ့ကြီးကပါ စစ်ပွဲပဋိပက္ခထဲ ပါလာနိုင်ပါတယ်။
"ဒါဟာ ယူကရိန်းရဲ့အမှားမဟုတ်ပါဘူး၊ နောက်ဆုံးမှာတော့ ရုရှားကသာ ဒီအတွက်တာဝန်ရှိပါတယ်" လို့ 'စတိုလ်တန်ဘာ့ဂ်'က ပြောကြားခဲ့ပါတယ်။
ယူကရိန်းထိပ်သီးတပ်မှူးများထံမှ အစီရင်ခံစာများအရ ဒါဟာ ယူကရိန်းဒုံးကျည်မဖြစ်နိုင်ဘူးဆိုတာ ယုံမှားစရာမရှိကြောင်း၊ ယူကရိန်းအရာရှိများလည်း ဒုံးကျည်ကျရောက်ရာနေရာကို သွားပြီးစစ်ဆေးခွင့်ရသင့်ကြောင်း 'ဇယ်လန်စကီ'က သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။
"ပွင့်ပွင့်လင်းလင်းပြောရရင် ယူကရိန်းလေကြောင်းကာကွယ်ရေးကြောင့် လူသေဆုံးခဲ့တယ်ဆိုရင် ကျွန်တော်တို့တောင်းပန်စကားပြောကြားသွားမှာပါ၊ အရင်ဆုံးတော့ စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး အဲဒီမှာရှိနေတဲ့ အချက်အလက်တွေကို ကြည့်ရှုချင်ပါသေးတယ်" လို့ ဆိုပါတယ်။
ပိုလန်နဲ့ နေတိုးတို့မှ အကဲဖြတ်သုံးသပ်ချက်မထွက်ခင် အမေရိကန်သမ္မတ'ဘိုင်ဒင်'ကပြောကြားခဲ့ရာမှာ "ရုရှားက ဒုံးကျည်ပစ်ခတ်လိုက်တာ မဖြစ်နိုင်ပါဘူး၊ ဒါပေမဲ့ ဘာလိုဖြစ်တာလဲဆိုတာကို တိတိကျကျသိရအောင် ဆောင်ရွက်သွားမှာပါ" လို့ ဆိုပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရုရှားပစ်တဲ့ဒုံးကျည်တွေဟာ ယူကရိန်း-ပိုလန်နယ်စပ်နဲ့ ၃၅ ကီလိုမီတာအကွာအဝေးအတွင်း ရောက်ရှိခဲ့ခြင်းလုံးဝမရှိကြောင်း ဆိုလိုက်ကာ ပိုလန်နဲ့ အခြားနိုင်ငံများမှ ကနဦးတုန့်ပြန်စွပ်စွဲချက်တွေကို ရှုတ်ချလိုက်ပါတယ်။
"တကယ့်လက်တွေ့အထောက်အထားတွေကို အခြေမခံဘဲ ရုရှားမုန်းတီးရေးစိတ်တစ်ခုတည်းနဲ့ စွပ်စွဲနေတာကို မြင်တွေ့ခဲ့ရတယ်" လို့ ရုရှားစစ်ရုံးချုပ်ခရမ်လင်မှ 'ဒီမစ်ထရီပက်စ်ကော့ဗ်'က ပြောကြားခဲ့ပါတယ်။
ကျရောက်ခဲ့တဲ့ဒုံးကျည်ဟာ ဆိုဗီယက်ခေတ်က ရုရှားနိုင်ငံလုပ် S-300 ဒုံးကျည်ဖြစ်ပါတယ်။
ဆိုဗီယက်ပြည်ထောင်စုနိုင်ငံဟောင်းဖြစ်ခဲ့တဲ့ ယူကရိန်းဟာ ရုရှားနိုင်ငံလုပ်လက်နက်များ ရရှိထားသလို ကျူးကျော်ရုရှားတပ်တွေကို ပြန်လည်တိုက်ခိုက်စဉ်ကလည်း ရုရှားလက်နက်အများအပြားရရှိထားတယ်လို့ ပိုလန်သမ္မတကဆိုပါတယ်။
Source: AP News
#Yangon_Media_Group
#World_Health
Published 17 November 2022
ကြက်သွန်ဖြူဟာ သဘာဝအတိုင်း ကျန်းမာရေးကိုအထောက်အကူပြုတဲ့ အစားအစာအဖြစ် နှစ်ထောင်ပေါင်းများစွာကတည်းက သတ်မှတ်လာခဲ့ပါတယ်။
နောက်ပိုင်းလေ့လာမှုများအရလည်း ကြက်သွန်ဖြူဟာ သွေးပေါင်ချိန်၊ ကိုလက်စ်ထရောပမာဏတို့ကို ထိန်းညှိပေးပြီး ကိုယ်ခံအားကို ကောင်းမွန်စေပါတယ်။
ကြက်သွန်ဖြူကရရှိတဲ့ အကျိုးကျေးဇူးတွေဟာ သူ့မှာပါဝင်တဲ့ သဘာဝဒြပ်ပေါင်းအယ်လီဆင်ကနေရရှိတာဖြစ်ပြီး အဲဒီပစ္စည်းကြောင့် စူးရှတဲ့အနံ့ထွက်ပေါ်တာလည်းဖြစ်ပါတယ်။
ဆာလ်ဖာပြိုကွဲရာကထွက်လာတဲ့ ဒြပ်ပေါင်းတွေဟာ ခန္ဓာကိုယ်က အချက်ပြမော်လီကျူးများထွက်ရှိမှုကို မြှင့်တင်ပေးပြီး ဆဲလ်ဆက်သွယ်မှုအတွက် အဓိကကျပါတယ်။
အဆိုပါမော်လီကျူးများနည်းပါးတဲ့အခါ နှလုံးရောဂါလို အခြေအနေများဖြစ်ပွားနိုင်ပါတယ်။
၂၀၂၀ ခုနှစ်က ဆေးပညာဂျာနယ်တစ်ခုမှာ ဖော်ပြခဲ့ရာ သွေးတိုးနေတဲ့လူနာတွေကို ကြက်သွန်ဖြူ ၆၀၀-၉၀၀ မီလီဂရမ်ပါဝင်တဲ့ ဖြည့်စွက်စာများ ၃ လတိုင်သုံးစွဲစေခဲ့ကာ သွေးပေါင်ချိန်ကျဆင်းသွားခဲ့ကြောင်း သိရပါတယ်။
အယ်လီဆင်ဒြပ်ပေါင်းက သွေးကြောတွေကိုကျယ်စေပြီး သွေးဖိအားကို လျော့ကျစေတာဖြစ်ပါတယ်။
ဒါ့အပြင် ကြက်သွန်ဖြူမှာ ရောဂါပိုးသေစေနိုင်တဲ့ အစွမ်းသတ္တိလည်း ရှိနေပါတယ်။
အယ်လီဆင် ၁၈၀ မီလီဂရမ်ကို ၃ လတိုင် လူသားတွေနဲ့ စမ်းသပ်ချက် ၂ ရပ်ပြုလုပ်ရာမှာ သာမန်လူတွေထက် အအေးမိဖျားနာဝေဒနာ ဖြစ်နိုင်ချေပိုနည်းသွားကြောင်း ဆက်ဆပ်စ်တက္ကသိုလ်မှ ဒေါက်တာ'ဂျန်နာမက်စီယိုချီ'က ပြောကြားခဲ့ပါတယ်။
ကြက်သွန်ဖြူအရည် ၂.၅၆ ဂရမ်ဖြင့် နောက်ထပ်စမ်းသပ်ရာမှာလည်း ကိုယ်ခံအားဆဲလ်လုပ်ဆောင်ချက်တွေကို မြှင့်တင်ပေးကာ အအေးမိဖျာနာလက္ခဏာများပြင်းထန်မှုကို လျှော့ချပေးနိုင်ခဲ့ပါတယ်။
သင့်တော်တဲ့ အယ်လီဆင်ပမာဏအတိုင်းရဖို့ တစ်နေ့ကို ကြက်သွန်ဖြူအစိမ်း ၁ မွှာစားပေးသင့်ပါတယ်။
သတိထားရမှာက ကြက်သွန်ဖြူကို လှီးခြင်း၊ ထောင်းခြင်းပြုလုပ်မှသာ အယ်လီဆင် ထွက်ပေါ်လာတာဖြစ်ပါတယ်။
ကြက်သွန်ဖြူကို ချက်ပြုတ်ကြော်လှော်တဲ့အခါမှာတော့ ကြက်သွန်ဖြူအစိမ်းလောက် အယ်လီဆင်ပါဝင်မှုလျော့နည်းသွားပါတယ်။
Source: Daily Mail
#Yangon_Media_Group
Page 694 of 982